ထရမ့်သည် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တူရကီသို့ သွားရောက်ရန် အသင့်ရှိဟုဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနှင့် ရုရှားတို့ ၂၀၂၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမည့် အချိန်နှင့်တိုက်ဆိုင်ကာ သောကြာနေ့ (မေ ၁၆) တွင် တူရကီသို့ သွားရောက်ရန် စဉ်းစားနေကြောင်းဆိုသည်။
ယူကရိန်းပဋိပက္ခတွင် အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်စေရန် ကြိုးပမ်းနေသည့် အမေရိကန်ခေါင်းဆောင်က အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ခရီးလမ်းကြောင်းများကို ပြောင်းလဲနိုင်ကြောင်း ပြောကြားခဲ့သည်။ “အကြောင်းတစ်စုံတစ်ရာထူးခြား၍ လိုအပ်ပါက သောကြာနေ့ (မေ ၁၆) တွင် သွားမည်” ဟု ကြာသပတေးနေ့ (မေ ၁၅) ကာတာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထရမ့်သည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်လိုကြောင်း ထပ်လောင်း ပြောကြားကာ “ရုရှားနှင့် ယူကရိန်းတို့ တစ်ခုခုလုပ်နိုင်မည်ဟု မျှော်လင့်ပါသည်၊ စစ်ပွဲက ရပ်တန့်ရန် လိုပါသည်” ဟု ဆိုခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းက ၂၀၂၂ ခုနှစ်၊ ဧပြီတွင် ဖျက်သိမ်းခဲ့သည့် ဆွေးနွေးပွဲညှိနှိုင်းမှုများကို ပြန်လည်စတင်ရန်လွန်ခဲ့သည့်သီတင်းပတ်က အဆိုပြုခဲ့သည်။ ယူကရိန်းခေါင်းဆောင်ဗလာဒီမာ ဇီလန်စကီးက ၎င်းကိုယ်တိုင် တူရကီသို့ သွားရောက်မည်ဖြစ်ပြီး ပူတင်လည်း အလားတူလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ကြေညာခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂