ရုရှားနှင့် ယူကရိန်းတို့ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် သဘောတူညီခဲ့ကြသည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး ကြေညာ
တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်က ရုရှားနှင့် ယူကရိန်းတို့သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ရေး နောက်ထပ်ဆွေးနွေးပွဲများပြုလုပ်ရန် အခြေခံသဘောတူညီချက်များ ရရှိထားကြောင်း ကြေညာ ခဲ့သည်။ ၎င်းသည် ထိုဆွေးနွေးပွဲများတွင် လေ့လာသူအနေဖြင့် ပါဝင် ခဲ့သည်။
အဆိုပါကြေညာချက်သည် သောကြာနေ့ (မေ ၁၆) က တူရကီ၏ ပံ့ပိုး မှုဖြင့် အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သော ကိုယ်စားလှယ်အဖွဲ့များ၏ အစည်းအဝေးအပြီး ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းသည် ရုရှားနှင့် ယူကရိန်းတို့ကြား သုံးနှစ်အတွင်း ပထမဆုံးတိုက်ရိုက် ဆွေးနွေးမှု ဖြစ်သည်။
ဖီဒန်က နှစ်ဖက်စလုံးသည် တစ်ဖက်လျှင် စစ်သုံ့ပန်း ၁၀၀၀ စီ လဲလှယ်ရန် သဘောတူညီခဲ့ကြောင်း၊ ယင်းသည် ၂၀၂၂ ခုနှစ်က ပဋိပက္ခစတင်ချိန်မှစ၍ အကြီးမားဆုံးသော စစ်သုံ့ပန်းလဲလှယ်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗလာဒီမာ မက်ဒင်စကီးနှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ် အူမီ ရို့ဗ် တို့ကလည်း အဆိုပါသဘောတူညီချက်ကို အတည်ပြုခဲ့သည်။
ထို့အပြင် နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ချေရှိသည့် အခြေအနေများကို အသေးစိတ်ရေးသားထားသော အဆိုပြုချက်များကိုလည်း မျှဝေရန်သဘောတူညီခဲ့ကြကြောင်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။
ထိုဆွေးနွေးပွဲများသည် လွန်ခဲ့သည့် သီတင်းပတ်က ရုရှားသမ္မတ ဗလာ ဒီမာပူတင်မှ ပဋိပက္ခကိုဖြေရှင်းရန် ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် မထင်မှတ်ဘဲ ဖိတ်ခေါ်ခဲ့ခြင်းနောက်ပိုင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အဆိုပြုချက် များကို ဖလှယ်ရန် အချိန်ကာလသတ်မှတ်ချက် မရှိသေးသော်လည်း ယင်းသို့ ပြုလုပ်ရန် အခြေခံသဘောတူညီချက် ရရှိထားကြောင်း TASS ၏ အရင်း အမြစ်တစ်ခုက ဖော်ပြခဲ့သည်။
တူရကီသည် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံနှင့် သံတမန်ရေးဆက်ဆံရေးကို အသုံးပြုကာ ကြားနေညှိနှိုင်းသူအဖြစ် အစဉ်ရပ်တည်လျက်ရှိပြီး ဆွေးနွေးမှုများကို ဖြစ်မြောက်စေရန် အကူအညီပေးလျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂