အစ္စရေးနှင့် အီရန်ရှိ ဂျပန်နိုင်ငံသားများကို ကယ်တင်ရန်အတွက် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ပိုင် သယ်ယူပို့ဆောင်ရေး လေယာဉ်များအား အသင့်ပြင်ဆင်ထားရန် ကာကွယ်ရေးဝန်ကြီး ညွှန်ကြား

News Image

  • အစ္စရေးနှင့် အီရန်ရှိ ဂျပန်နိုင်ငံသားများကို ကယ်တင်ရန်အတွက် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ပိုင် သယ်ယူပို့ဆောင်ရေး လေယာဉ်များအား အသင့်ပြင်ဆင်ထားရန် ကာကွယ်ရေးဝန်ကြီး ညွှန်ကြား

အစ္စရေးနှင့်အီရန်ရှိ ဂျပန်နိုင်ငံသားများကို ကယ်တင်ရန်အတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ပိုင် C-2 အမျိုး အစား သယ်ယူပို့ဆောင်ရေးလေယာဉ် (၂) စီးအား အာဖရိကဦးချိုဒေသရှိ Djibouti မြို့၌ အသင့် စောင့်ဆိုင်း ထားရှိရန် ဂျပန်ကာကွယ်ရေးဝန်ကြီးက ဇွန်လ ၁၈ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။ 

အစ္စရေးနိုင်ငံတွင် ဂျပန်နိုင်ငံသား ၁၀၀၀ ခန့်နှင့် အီရန်နိုင်ငံတွင် ၂၈၀ ခန့်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။

အစ္စရေးနှင့် အီရန်နိုင်ငံတို့ရှိ လေကြောင်းခရီးစဉ်များမှာ လက်ရှိတွင် ရပ်နားထားလျက်ရှိသဖြင့် အဆိုပါဒေသများမှ ပြန်လည်ထွက်ခွာလိုကြသည့် ဂျပန်နိုင်ငံသားများအား ကယ်ဆယ်နိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် ပြင်ဆင် လျက်ရှိပါသည်။

ထို့အပြင် အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် လေဆိပ်များ ပြန်လည်ဖွင့်လှစ်သည်နှင့် ဂျပန်နိုင်ငံသားများအား လေကြောင်းမှ ပြန်လည်ကယ်တင်နိုင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ဂျပန်လေကြောင်းကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၂၀ ခန့်သည်လည်း အဆင်သင့်ဖြစ်လျှင်ဖြစ်ခြင်း Djibouti သို့ ထွက်ခွာမည်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့သည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အနီးကပ် ပူးပေါင်းလျက် ပြည်ပနိုင်ငံများရှိ ဂျပန်နိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် တတ်စွမ်းသရွေ့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး Nakatani ကပြောကြားခဲ့သည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက(၄)