အိန္ဒိယက ပါကစ္စတန် နှင့်ဆက်ဆံရေး ပြေလည်စေရန် တတိယနိုင်ငံ၏ ကြားဝင်မှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်

News Image

  • အိန္ဒိယက ပါကစ္စတန် နှင့်ဆက်ဆံရေး ပြေလည်စေရန် တတိယနိုင်ငံ၏ ကြားဝင်မှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးပြေလည်စေရန် တတိယနိုင်ငံ ၏ကြားဝင်ဖျန်ဖြေမှုကို မည်သည့်အခါမျှ လက်ခံမည် မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောသည်။

ထရမ့်က ကနေဒါနိုင်ငံ၌ ကျင်းပသော G-7 ထိပ်သီး အစည်းအဝေးမှ အချိန်မတိုင်မီ ထွက်ခွာလာပြီးနောက် ဇွန်လ ၁၇ ရက်တွင် မိုဒီနှင့် ၃၅ မိနစ်ကြာ ဖုန်းပြောစဉ် မိုဒီက၎င်း၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ပိုမို ခိုင်မာအောင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်မိုဒီက ကြားဝင်ဖျန်ဖြေမှုကို ဘယ်တော့မှလက်မခံဖူးသလို လက်ရှိ မှာလည်း လက်မခံဘဲ နောင်တွင်လည်း လက်ခံသွားမည် မဟုတ်ကြောင်းကို အခိုင် အမာပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးစည်းလုံးမှုက အပြည့်အဝရှိပြီးသားပါ” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ်မစ်စရီက ဇွန်လ ၁၈ ရက်တွင်ပြောသည်။

ထရမ့်နှင့်မိုဒီတို့ကြား ဖုန်းဆက်စကားပြောရန် အမေရိကန်ဘက်က စတင်ဖုန်း ခေါ်ခြင်းဖြစ်ကြောင်း၊ ထရမ့်က မိုဒီကို အမေရိကန်နိုင်ငံသို့လာရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ သို့သော် လက်ရှိဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှိနေသေးသည့်အတွက် မိုဒီက ထရမ့်၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်ကြောင်း ဗစ်ကရမ်မစ်စရီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ကြား ပြီးခဲ့သည့်လတွင် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေစဉ် မိုဒီကယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။ အဆိုပါနှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲသွားသည့်အချိန်တွင် ထရမ့်က၎င်း၏ ကြားဝင်မှုကြောင့်သာ အပစ်အခတ်ရပ်စဲခြင်း ဖြစ်သည်ဟု ပြောထားသော်လည်း မိုဒီဘက်က ငြင်းဆိုထားကြောင်း သိရသည်။

MWD Portal