ဥရောပနှင့်ယုံကြည်မှုပြန်လည်တည်ဆောက်ရန် အဆင်သင့်ဖြစ်နေပြီဟု အီရန်အစိုးရပြော
ဥရောပအင်အားကြီးနိုင်ငံများနှင့် ယုံကြည်မှုပြန်လည်တည်ဆောက်ရန် အီရန်က အဆင်သင့်ရှိသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာဂရာချီက ပြောကြားခဲ့ပါသည်။ အာဘတ်စ်အာဂရာချီက “ဥရောပနှင့် ဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ခုစတင်ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရန်အတွက် အီရန်က အဆင်သင့်ဖြစ်နေပါပြီ။ ဥရောပက အဆိုပါလမ်းကြောင်းကို ပြုပြင်ရန်အတွက် ဆန္ဒရှိသည်ဆိုပါက ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်နှင့် ဆက်ဆံရေးများ တိုးချဲ့ရန် အီရန်က တုံ့ဆိုင်းနေမည်မဟုတ်ပါ” ဟု ပြောခဲ့ပါသည်။ လွန်ခဲ့သောရက်ပိုင်းက အီရန်အကြီးတန်းသံတမန်များသည် အီရန်-အမေရိကန် နျူကလီးယားဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု အခြေအနေများ ဆွေးနွေးရန်အတွက် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့၏ အကြီးတန်းသံတမန်များနှင့် တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။ အီရန်သည် အမေရိကန်နှင့် လေးကြိမ်မြောက် နျူကလီးယားဆိုင်ရာဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ သိသာထင်ရှားသည့်တိုးတက်မှုများ မရှိသေးကြောင်း သိရပါသည်။ အဆိုပါဆွေးနွေးမှုများသည် အမေရိကန် က (၂၀၁၅)ခုနှစ် နျူကလီးယားသဘောတူစာချုပ်မှ နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အီရန်နှင့် အမေရိကန်ကြားလုပ်ဆောင်သည့် အဆင့်မြင့် ဆက်သွယ်မှုတစ်ခုဖြစ်ကြောင်းလည်း သိရပါသည်။
ကိုးကား- NP News