နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် နိုင်ငံများစွာနှင့် ရုရှားဆွေးနွေးနေ
ရုရှားနိုင်ငံသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် နိုင်ငံအများအပြားနှင့် ဆွေးနွေးလျက်ရှိကြောင်း ရုရှား၏ လေကြောင်းသယ်ယူပို့ဆောင်ရေး ဖက်ဒရယ်အေဂျင်စီ ဥက္ကဋ္ဌ ဒီမီထရီ ယာဒရော့ဗ် က သတင်းထောက်များအား ပြောကြားလိုက်ပါသည်။
“မိမိတို့အနေဖြင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များနှင့်ပတ်သက်၍နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့နှင့် အဆက်မပြတ် ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်၊ နိုင်ငံများစွာက လေကြောင်းအာဏာပိုင်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေပါသည်၊ လေကြောင်းခရီးစဉ်များကို ယာယီ ရပ်ဆိုင်းထားသည့် နိုင်ငံများကလည်း ပြန်လည်စတင်ရန် အဆင်သင့် ဖြစ်နေကြပါပြီ” ဟု ၎င်းက ရှင်းပြခဲ့ပါသည်။
ယာဒရော့ဗ်၏ ပြောကြားချက်အရ ရုရှားလေကြောင်းလိုင်းများသည် အချို့နိုင်ငံများသို့ ပျံသန်းရန် အဆင်သင့်ဖြစ်နေသော်လည်း ၎င်းတို့၏ လေယာဉ်များအား လိုအပ်သော ထိန်းသိမ်းမှုများနှင့် ပိတ်ဆို့မှုဆိုင်ရာ ကန့်သတ်ချက်များ မခံရစေရေးအတွက် အာမခံချက်လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။
လက်ရှိတွင် ရုရှားသည် တစ်ဆင့်ခံ မလိုဘဲ နိုင်ငံပေါင်း ၃၈ နိုင်ငံသို့ တိုက်ရိုက်ပျံသန်းနိုင်သော်လည်း ၎င်းတို့အနက် ၁၇ နိုင်ငံသို့ ရုရှားနှင့် နိုင်ငံခြားလေကြောင်းလိုင်းများက ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃