ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးရှဉ့်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့
ဘိုကလေး ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးရှဉ့်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည် က ပြောပြ၍ သိရသည်။
ဘိုကလေးမြို့နယ်သည် ငါးရှဉ့်များထွက်သောဒေသဖြစ်ပြီး ထွက်ရှိလာသည့် ငါးရှဉ့်များကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ငါးရှဉ့်ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်းက ငါးရှဉ့်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ဘိုကလေးမြို့နယ်က တောင်သူတွေက လယ်ယာထွက်ကုန်တွေအပြင် ငါးရှဉ့်နဲ့ အခြားရေထွက်ကုန်တွေ တင်ပို့ရောင်းချနေပါတယ်။ ရေလုပ်ငန်းကတော့ ဒေသခံတွေအတွက် စီးပွားရေးလုပ်ငန်းတစ်ခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာ ရန်ကုန်ဈေးကွက်က ငါးရှဉ့်ဝယ်ယူမှု အားကောင်းခဲ့ပါတယ်။ ဝယ်ယူမှုအားကောင်းခဲ့တဲ့အတွက် ငါးရှဉ့်မွေးမြူသူတွေနဲ့ ရေလုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းလာတာတွေ့ရပါတယ်” ဟု ဘိုကလေးမြို့နယ် ငါးရှဉ့် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြသည်။
ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀ ထိ ပေါက်ဈေးရှိကြောင်းသိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ