ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

News Image

  • ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ   ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြိုု့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ မြေပဲ၊ နှမ်း၊ နေကြာစတဲ့ ဆီထွက်သီးနှံစုံ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆီထွက်သီးနှံအလိုက် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံစိုက် တောင်သူများကို တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသောမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆီထွက်သီးနှံများကို အထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဆီးထွက်သီးနှံများကို ဒေသမရွေးတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ရဲဝင်းနိုင် (ညောင်ဦး)

ရတနာပုံသတင်းစာ