လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရေဘဝဲပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့
လပွတ္တာ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရေဘဝဲပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဌေး က ပြောပြ၍ သိရသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ရေဘဝဲပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်း ရေဘဝဲပိဿာချိန် ၆၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။
“ဒေသထွက်ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ဇွန်လအတွင်း ရေဘဝဲပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့ လတ်ဆတ်မှုနဲ့ အရွယ်အစား၊ အလေးချိန်ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိပါတယ်။ လက်ရှိမှာလဲ ရေဘဝဲတွေ အဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေထွက်တဲ့ ရေဘဝဲတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကိုလဲ တင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဌေး က ပြောပြသည်။
လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲလက်ရှည် တစ်ကီလိုလျှင် ငွေကျပ် ၂၇၀၀၀၊ ရေဘဝဲ လက်တို တစ်ကီလိုလျှင် ငွေကျပ် ၂၄၅၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများ တင်ပို့မှုအားကောင်းလာသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းနေကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံသတင်းစာ