ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ ၁၀ နှစ်အတွင်း အမြင့်ဆုံး အဆင့်သို့ရောက်ရှိ
ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏသည် ယခုနှစ် ပထမခြောက်လ အတွင်းမှာပင် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၄၈ ဒသမ ၇ ဘီလီယံအထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းကြောင့် ယခုနှစ်အစပိုင်းမှစတင်၍ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။
ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ မြင့်တက်လာခြင်းတွင် အကြောင်းရင်းနှစ်မျိုး ပါဝင်လျက်ရှိပြီး ပထမအကြောင်းရင်းမှာ ဗဟိုဘဏ်က ရွှေတုံးများနှင့် ရွှေချောင်းများကို ဝယ်ယူ၍ အရန်ရွှေပမာဏအတွင်းသို့ ထပ်မံ ပေါင်းထည့်ခြင်း ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ရုရှားဗဟိုဘဏ်ရှိ အရန်ရွှေများ၏ ဈေးနှုန်းမှာလည်း တန်ဖိုးအားဖြင့်လိုက်ပါ မြင့်တက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံ ပလီခါနော့ဗ် စီးပွားရေး တက္ကသိုလ်ရှိ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာနည်းပညာဌာနမှ ယာယီအကြီးအကဲဖြစ်သူ ဆဗက်လာနာဖရူမီနာက ပြောကြားသည်။
၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်းမှာပင် ငွေဖြစ်လွယ်သည့်သတ္တု သို့မဟုတ် ရွှေ၏ဈေးနှုန်းသည် တစ်အောင်စလျှင် ဒေါ်လာ ၃၃၀၀ အထိ မြင့်တက်လာခြင်းကြောင့် တန်ဖိုးအားဖြင့် ၂၄ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ကြောင်း TradingView တွင် ဖော်ပြထားသည်။
အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ၎င်းတို့နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံမှပိုင်ဆိုင်သည့် ဘဏ္ဍာရေးအရင်းအမြစ်များနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီးချိန်မှစ၍ ရုရှားနိုင်ငံသည် နိုင်ငံခြား အရန်ငွေ အတွက် ထားရှိသည့် အရန်ရွှေပမာဏနှင့် နိုင်ငံအတွက် ထိန်းသိမ်းထားသည့် အရန်ရွှေပမာဏ ပိုမိုတိုးမြင့်လာစေရန်အတွက် ရွှေဝယ်ယူမှုကို တိုးမြှင့်ခဲ့သည့် အပြင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးများအစား တရုတ်ယွမ်ငွေ အမြောက်အမြားကိုပါ ဝယ်ယူခဲ့ကြောင်း Freedom Finance Global မှ ကျွမ်းကျင်သူနှင့် အကဲဖြတ်သူတစ်ဦးဖြစ်သူ ဗလာဒီမာချာနော့ဗ်က ပြောကြားထားသည်။
ထို့ပြင် ရုရှားအစိုးရသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်၊ ပြည်တွင်းကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အကာအကွယ်ပေးရန်နှင့် နိုင်ငံ့ငွေကြေးဖြစ်သည့် ရူဘယ်တန်ဖိုးမြင့်တက် လာစေရန်အတွက် ရွှေကိုအဓိကထား၍ အရန်ငွေကြေးအဖြစ် စုဆောင်းလာခြင်းဖြစ်သည်။ ထို့ပြင် ဗလာဒီမာပူတင်အစိုးရ၏ ငွေကြေးဆိုင်ရာ မူဝါဒများကြောင့် ရူဘယ်ငွေကြေးတန်ဖိုးသည် ယခုနှစ် ဇူလိုင်လအတွင်း၌ ယူရိုငွေကြေးနှင့် လဲလှယ်ရာတွင် ၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။
MWD Web Portal