အမေရိကန် ရေတပ်မှ လိင်တူချစ်သူ အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှင့် ရေတပ်အရာရှိဟောင်း Harvey Milk အမည်ရှိ စစ်သင်္ဘောကို အမည် ပြန်မှည့်ရန် ညွှန်ကြား

News Image

  • အမေရိကန် ရေတပ်မှ လိင်တူချစ်သူ အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှင့် ရေတပ်အရာရှိဟောင်း Harvey Milk အမည်ရှိ စစ်သင်္ဘောကို အမည် ပြန်မှည့်ရန် ညွှန်ကြား

အမေရိကန် ရေတပ်သည် USNS Harvey Milk ဟုအမည်ပေးထားသော လောင်စာဆီဖြည့် စစ်သင်္ဘောကို အမည်ပြန်မှည့်ရန် ညွှန်ကြားခံရသည်။ ယင်းသင်္ဘောကို လိင်တူချစ်သူ အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် ရေတပ်အရာရှိဟောင်း Harvey Milk ၏ အမည်ကို ဂုဏ်ပြုမှည့်ခေါ် ထားခြင်းဖြစ်သည်။ ယခုအခါ သမ္မတ Donald Trump ၏ စစ်တပ်အတွင်း မတူကွဲပြားမှု၊ တရားမျှတမှုနှင့် ပါဝင်မှု (DEI) ဆိုင်ရာ ကိုးကားချက် များကို ဖယ်ရှားရန် စီမံချက်၏တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါ ပြောင်းလဲမှု ကို ဆောင်ရွက်ခြင်းဖြစ်သည်။

ထိုအမည်ပြောင်းလဲမှုကို တရားဝင်အတည်မပြုရသေးသော်လည်း ကာကွယ်ရေးဆိုင်ရာ အရင်းအမြစ်များက Military.com နှင့် အခြား အမေရိကန် မီဒီယာများအား အတွင်းရေးမှတ်တမ်းတစ်ခုတွင် ဖော်ပြ ထားကြောင်း အင်္ဂါနေ့ (ဇွန် ၃) က ပြောကြားခဲ့သည်။

USNS Harvey Milk ကို ၂၀၁၆ ခုနှစ်တွင် ထိုစဉ်က ရေတပ် အတွင်းရေးမှူး Ray Mabus မှ Milk ၏ ရေတပ်တာဝန်ထမ်းဆောင်မှုနှင့် တက်ကြွ လှုပ်ရှားမှုအား ဂုဏ်ပြုသောအားဖြင့် အမည်ပေးခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် လိင်ပြောင်းစစ်မှုထမ်းဟောင်းတစ်ဦးမှ အမည်မှည့်ခဲ့သည်။

Milk သည် ၁၉၅၀ ပြည့်လွန်နှစ်များတွင် အမေရိကန် ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၎င်း၏ လိင်စိတ်တိမ်းညွှတ်မှုကြောင့် ရေတပ်မှ ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက် California ပြည်နယ်တွင် ပထမဆုံးသော လူသိရှင်ကြား လိင်တူချစ်သူ အရာရှိအဖြစ် အမေရိကန် LGBT လှုပ်ရှားမှု၏ သင်္ကေတတစ်ခုဖြစ်လာခဲ့သည်။ San Francisco မြို့တော်ကောင်စီသို့ အရွေးခံပြီး တစ်နှစ်မပြည့်မီ ၁၉၇၈ ခုနှစ်တွင် မြို့တော်မူဝါဒကြောင့် ၎င်းနှင့် အချင်းများခဲ့သော အဖွဲ့ဝင်တစ်ဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

Pride Month အတွင်း ချမှတ်လိုက်သော အဆိုပါဆုံးဖြတ်ချက်သည် ဒီမိုကရက်များထံမှ အပြင်းအထန် ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်လွှတ်တော်အကြီးအကဲဟောင်း Nancy Pelosi က အဆိုပါ လုပ်ရပ်ကို “အရှက်ရဖွယ်၊ လက်စားချေမှုသဘောဆောင်သော နိုင်ငံသား အခွင့်အရေး ပုဂ္ဂိုလ်များ၏ အမွေအနှစ်များကို ဖျက်ဆီးခြင်း” ဟု ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့သည်။ California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကလည်း အဆိုပါ ဆုံးဖြတ်ချက်ကို “မိမိတို့၏ စစ်မှုထမ်း ဟောင်းများ ကာကွယ်ရန် တိုက်ပွဲဝင်ခဲ့သော တန်ဖိုးများအပေါ် Trump ၏ မထီမဲ့မြင်ပြုမှု၏ လက္ခဏာ” ဟု ဝေဖန်ခဲ့သည်။

Harvey Milk သည် လိင်တူချစ်သူများ၏ အခွင့်အရေးအတွက် သမိုင်းဝင် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး ၎င်း၏အမည်ဖြင့် သင်္ဘောအမည်ပေးခံရခြင်းသည် LGBT အသိုင်းအဝိုင်း၏ အောင်ပွဲတစ်ခုအဖြစ် မှတ်ယူခံခဲ့ရသည်။ ထရမ့် အစိုးရက DEI အစီအစဉ်များကို “စစ်တပ်အား နိုင်ငံရေးအရ အားနည်း စေသည့် အစီအမံများ” ဟု စွပ်စွဲပယ်ဖျက်လျက်ရှိသည်။ အဆိုပါ အမည် ပြောင်းလဲမှုသည် လိင်တူချစ်သူ စစ်မှုထမ်းဟောင်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု LGBT အခွင့်အရေးအဖွဲ့များက စိုးရိမ်ပူပန်လျက် ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂