ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားသည့် လေယာဉ်ပျက်ကျမှု အတွင်း သေဆုံးသူဦးရေ ၃၁ ဦးအထိ မြင့်တက်၊ ၁၆၅ ဦးဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားသည့် လေတပ်ပိုင် လေ့ကျင့်ရေး လေယာဉ်တစ်စင်း ပျက်ကျမှုအတွင်း သေဆုံးသူဦးရေမှာ ဇူလိုင်လ ၂၂ ရက်တွင် ၃၁ ဦးအထိမြင့်တက်လာကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ ပြည်သူ့ ဆက်ဆံရေး အဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် ဒဏ်ရာရရှိသူ ၁၆၅ ဦးအနက် အများစုမှာ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး ၎င်းတို့ကိုဆေးရုံများ၌ ဆက်လက်၍ ဆေးကုသမှုများ ပေးအပ်လျက်ရှိသည်ဟု ပြည်သူ့ဆက်ဆံရေးအဖွဲ့က ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
အဆိုပါလေယာဉ်သည် ဒါကာမြို့တော်ရှိ Milestone ကောလိပ်ကျောင်းဝင်းအတွင်းသို့ ဇူလိုင်လ ၂၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၀၆ မိနစ်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် လေယာဉ်မှူးနှင့် ကောလိပ်မှ ကျောင်းဆရာမတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်လေတပ်ပိုင် အဆိုပါ လေ့ကျင့်ရေး လေယာဉ်သည် ပုံမှန်ပြုလုပ်မြဲဖြစ်သည့် လေ့ကျင့်ပျံသန်းမှုကို လုပ်ဆောင်နေစဉ် နှစ်ထပ်စာသင်ကျောင်းနှင့် ကျောင်းဝင်းအတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။