မလေးရှားကို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ၂၀ ရာခိုင်နှုန်း မြင့်တက်

News Image

  • မလေးရှားကို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ၂၀ ရာခိုင်နှုန်း မြင့်တက်

မလေးရှားနိုင်ငံသို့ ယခုနှစ်ဇန်နဝါရီလမှ မေလအတွင်း ကမ္ဘာလှည့်ခရီးသွား ၁၆ ဒဿမ ၉ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ခရီးသွားဝန်ကြီးဌာနက ပြောကြားခဲ့သည်။
          
ယခုနှစ်၏ ပထမငါးလတာကာလအတွင်း မလေးရှားနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု၏ ထက်ဝက်ခန့်တွင် အိမ်နီးချင်း စင်ကာပူနိုင်ငံမှ ၈ ဒဿမ ၃၄ သန်းဖြင့် အများဆုံးဖြစ်ကာ ယင်းနောက်တွင် အင်ဒိုနီးရှား ၁ ဒဿမ ၈၂ သန်း၊ တရုတ် ၁ ဒဿမ ၈၁ သန်းနှင့် ထိုင်း ၁ ဒဿမ ၀၆ သန်းတို့ပါဝင်ကြောင်း ဇူလိုင်လ ၂၁ ရက်တွင် ခရီးသွားဝန်ကြီးဌာနက လွှတ်တော်သို့ ဖြေကြားခဲ့သည်။
            
သြစတြေးလျနှင့် ယူကေကဲ့သို့ ရပ်ဝေးမြေခြား ခရီးသွားဈေးကွက်များမှ ဝင်ရောက်မှုသည်လည်း ၁၆ ဒဿမ ၆ ရာခိုင်နှုန်းနှင့် ၈ ဒဿမ ၇ ရာခိုင်နှုန်းစီဖြင့် ၂၀၂၄ ခုနှစ် ကာလတူကထက်နှိုင်းယှဉ်ပါက အသီးသီး မြင့်တက်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောဆိုသည်။
         
“ဒီလိုနိုင်ငံခြားခရီးသွားအရေအတွက် တိုးတက်လာတာဟာ အစိုးရရဲ့ ကောင်းမွန်တဲ့ ချဉ်းကပ်မှု နည်းလမ်း၊ ဗီဇာစည်းမျဥ်းများကိုဖြေလျှော့ပေးခြင်းအစီအစဉ်တွေလို မူဝါဒတွေနဲ့ စက်မှုလုပ်ငန်းရှင်တွေကို ပံ့ပိုးပေးတဲ့ ဆွဲဆောင်တဲ့ အစီအစဉ်တွေကနေတဆင့် အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ဆောင်ချက်တွေရဲ့ ထိရောက်မှုကို ထင်ထင်ရှားရှား ဖေါ်ပြနေပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
        
မလေးရှားသို့ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂၅ သန်းကျော်ဝင်ရောက်ခဲ့ပြီး သတ်မှတ်လျာထားသည့် ၂၇ ဒဿမ ၃ သန်းထက်လျော့နည်းခဲ့သည်။      
           
မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ၄၇ သန်းဝင်ရောက်ရန် ရည်မှန်းချက်ထားကာဆောင်ရွက်နေပြီး ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ ဥရောပနှင့် သမုဒ္ဒရာပိုင်းဇုန်ကဲ့သို့သော အဓိကဈေးကွက်များကို ပစ်မှတ်ထားသည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Popular Myanmar