မော်စကိုမှ စစ်သုံ့ပန်းများ ထပ်မံလဲလှယ်မည့် ရက်စွဲများကို ကြေညာ
ရုရှားနှင့် ယူကရိန်းတို့သည် ယခုသီတင်းပတ်အကုန်တွင် စစ်သုံ့ပန်း အမြောက်အမြား ထပ်မံလဲလှယ်မည်ဖြစ်ကြောင်း မော်စကို၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဦးဆောင်ညှိနှိုင်းသူ Vladimir Medinsky က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ကြေညာခဲ့သည်။
ယင်းကြေညာချက်သည် တနင်္လာနေ့ (ဇွန် ၂) က အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သော ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲ ဒုတိယအကြိမ် အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များသည် ဒဏ်ရာရသူများ၊ နာမကျန်းသူများနှင့် အသက် ၂၅ နှစ်အောက်များကို ဦးစားပေး၍ တစ်ဖက်လျှင် အနည်းဆုံး စစ်သုံ့ပန်း ၁,၀၀၀ စီ လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ရုရှားသမ္မတ Vladimir Putin ထံ ဆွေးနွေးပွဲ ရလဒ်များကို တင်ပြရာတွင် Medinsky က လဲလှယ်မည့် စစ်သုံ့ပန်း အရေအတွက် အပြီးသတ်မဆုံးဖြတ်ရသေးသော်လည်း တစ်ဖက်လျှင် ၁,၂၀၀ ခန့်ရှိမည်ဟု မျှော်မှန်းကြောင်း ပြောကြားခဲ့သည်။
“၎င်းသည် နောက်တစ်ကြိမ် အကြီးမားဆုံး စစ်သုံ့ပန်းလဲလှယ်ရေး ဖြစ်လာမည်” ဟု Medinsky က မှတ်ချက်ပြုကာ ရုရှားဘက်မှ ဇွန် ၇၊ ၈ နှင့် ၉ ရက်နေ့များတွင် လဲလှယ်ရန် အဆင်သင့်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ “မိမိတို့ဘက်မှ အဆိုပါကိစ္စအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
Medinsky က ရုရှားနှင့် ယူကရိန်း ညှိနှိုင်းသူများသည် အလွန် ပြင်းထန်စွာ ဒဏ်ရာရထားသော စစ်သည်များအား သာမန်စစ်သုံ့ပန်းလဲလှယ်မှုများ ပြင်ပ၌ အမြန်ဆုံးလဲလှယ်နိုင်ရန် အထူးဆက်သွယ်ရေးကွန်ယက်တစ်ခု ထူထောင်ရန် သဘောတူညီခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
မော်စကိုဘက်မှ ယူကရိန်းဘက်မှ ကျဆုံးစစ်သည် ၆,၀၀၀ ကျော်၏ အလောင်းများကို တစ်ဖက်သတ် ပြန်လည်အပ်နှင်းမည်ဟု အဆိုပြု ထားကြောင်းလည်း ၎င်းက ဖော်ပြခဲ့သည်။ ၎င်းကိစ္စကို အထူးအအေးခန်း စနစ်တပ်ဆင်ထားသော ကားများနှင့် ရထားများဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ရုရှားဘက်မှ လာမည့်ရက်အနည်းငယ်အတွင်း စတင်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်း Medinsky က ပြောကြားခဲ့သည်။
“၎င်းတို့ဘက်တွင်လည်း မိမိတို့၏ စစ်သည်များ၏ အလောင်းအချို့ ရှိနိုင်သည်ကို နားလည်ပါသည်။ သို့သော် အလွန်နည်းပါးနိုင်ပါသည်။ သို့သော် ရှိပါက လက်ခံရန် အဆင်သင့်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် မော်စကိုဘက်မှ စစ်မြေပြင်အတွင်း အထူးနယ်မြေများတွင် ၂ - ၃ ရက်ကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီရပ်နားထားမှု များ (Humanitarian Pause) လုပ်ဆောင်ရန် အဆိုပြုခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်စလုံးသည် ၎င်းတို့၏ စစ်သည်အလောင်း များကို စုဆောင်းနိုင်မည်ဖြစ်သည်။ Medinsky က ကိယက်ဗ်၏ ညှိနှိုင်း သူများသည် ကနဦးတွင် အဆိုပါအကြံပြုချက်ကို ထောက်ခံခဲ့ပြီး ဆက်လက် လုပ်ဆောင်ခဲ့သော်လည်း နှစ်နာရီအကြာတွင် ယူကရိန်းသမ္မတ Zelensky က လူသိရှင်ကြား ပယ်ချခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂