မစ္စတာကင်ချုံအီအား မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ
နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာကင်ချုံအီအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။
မစ္စတာကင်ချုံအီသည် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းအနေဖြင့် ၁၉၈၄ ခုနှစ်တွင် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာ ဆက်ဆံရေးတက္ကသိုလ်မှ လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ပါကစ္စတန် အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ ခေတ်သစ်ဘာသာ စကားဆိုင်ရာ အမျိုးသား တက္ကသိုလ်မှ လည်းကောင်း ဘွဲ့ရရှိခဲ့သည်။ မစ္စတာကင်ချုံအီသည် ၁၉၈၇ ခုနှစ်တွင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတွင် အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့်ပြည်ပတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ပါကစ္စတန်အစ္စလာမ်မစ် သမ္မတနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်၊ အနောက်တောင်နှင့် သမုဒ္ဒရာနိုင်ငံများ ဌာနတွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆက်လက်၍ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယခင်ဌာနတွင်ပင် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မစ္စတာကင်ချုံအီအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ရုံးတွင် ဒေသဆိုင်ရာ တာဝန်ခံအရာရှိအဖြစ် တာဝန်ထမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပါကစ္စတန်အစ္စလာမ်မစ် သမ္မတနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မူဝါဒရေးရာဌာနတွင် အကြီးတန်းအရာရှိအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန-၂ တွင် အကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှ ယနေ့ အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန-၂ တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ဦးရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်။