သံအမတ်ကြီးများ ပြန်လည်စေလွှတ်ရန် အိန္ဒိယနှင့် ကနေဒါခေါင်းဆောင်များသဘောတူ

News Image

  • သံအမတ်ကြီးများ ပြန်လည်စေလွှတ်ရန် အိန္ဒိယနှင့် ကနေဒါခေါင်းဆောင်များသဘောတူ

အော့တဝါ ဇွန် ၁၈ 
အပြန်အလှန် နှင်ထုတ်ထားသည့် သက်ဆိုင်ရာသံအမတ်ကြီးများကို ပြန်လည်စေလွှတ်ကြရန် အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့က ဇွန် ၁၇ ရက်တွင် သဘောတူခဲ့ကြကြောင်း သိရသည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနှင့် ဂျီ-၇ ထိပ်သီးညီလာခံတက်ရောက်ရန် ကနေဒါနိုင်ငံသို့ရောက်ရှိနေသော အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ ဇွန် ၁၇ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဆစ်ခ် လူမျိုး ခွဲထွက်ရေးခေါင်းဆောင် တစ်ဦး လုပ်ကြံခံရမှုပြဿနာကို အကြောင်းပြု၍ နှစ်နိုင်ငံဆက်ဆံ ရေးတင်းမာနေစဉ် အပြန်အလှန် နှင်ထုတ်ထားသည့် သံအမတ်ကြီးများကို ပြန်လည်စေလွှတ်ရန် အိန္ဒိယနှင့် ကနေဒါခေါင်းဆောင်များက သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ကနေဒါနိုင်ငံ၌ ဆစ်ခ်လူမျိုး ခွဲထွက်ရေး ဝါဒီခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှုတွင် အိန္ဒိယနိုင်ငံပါဝင် ပတ်သက်နေကြောင်း ကနေဒါ အစိုးရက ၂၀၂၄ ခုနှစ်တွင် စွပ်စွဲခဲ့ပြီး ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို နှင်ထုတ်ခဲ့သည်။

အိန္ဒိယနိုင်ငံက ကနေဒါအစိုးရ၏အဆိုပါစွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီးကို ပြန်လည်နှင်ထုတ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး အကြီးအကျယ် တင်းမာခဲ့ရကြောင်း သိရသည်။

ဇွန် ၁၇ ရက် ဆွေးနွေးပွဲသည် အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့ကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ကနေဒါဝန်ကြီးချုပ်ကပြော ကြားထားသည်။

Ref: Xinhua

Trs: KKO