အမေရိကန်က ဂါဇာစစ်ပွဲရပ်တန့်ရေး တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးကာ ပယ်ချ
အမေရိကန်ပြည်ထောင်စုသည် ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် အစ္စရေးနှင့် ဟားမက်အကြမ်းဖက်အဖွဲ့ကြား ဂါဇာတွင် ချက်ချင်း ကန့်သတ်ချက်မရှိ အမြဲတမ်း စစ်ပြေငြိမ်းရေး တောင်းဆိုသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်။
အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သည့် တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန်ဖြစ်ပြီး ယူကေအပါအဝင် အခြားနိုင်ငံ ၁၄ နိုင်ငံက ထောက်ခံ မဲပေးခဲ့ကြပြီး ပျက်ကွက်သူမရှိခဲ့ပေ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dorothy Camille Shea က အမေရိကန်က အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်ရခြင်းမှာ ဟားမက် ကို လက်နက်ဖြုတ်ချပြီး ဂါဇာမှ ထွက်ခွာရန် တောင်းဆိုမှု မပါဝင် သောကြောင့်ဟု ပြောကြားခဲ့သည်။
မဲပေးမှုမတိုင်မီ သူမက “အဆိုပါဆုံးဖြတ်ချက်သည် ၎င်းတွင် ပါဝင်သည့် အချက်များ၊ မပါဝင်သည့်အချက်များနှင့် ၎င်းကို တင်သွင်းခဲ့ပုံတို့ကြောင့် လက်မခံနိုင်ပါ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် “အမေရိကန်သည် ယင်းပဋိပက္ခစတင်ကတည်းက အစ္စရေး တွင် မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်ရှိပြီး ဟားမက်ကိုနှိမ်နင်းကာ ၎င်းတို့အနေဖြင့် အစ္စရေးကို ထပ်မံခြိမ်းခြောက်နိုင်စွမ်းမရှိစေရန် လုပ်ဆောင်ပိုင်ခွင့်ရှိသည် ဟူသော ရပ်တည်ချက်ကို ရှင်းလင်းစွာထားရှိခဲ့သည်။ ထို့ကြောင့် မိမိတို့၏ မဟာမိတ်နိုင်ငံ အစ္စရေး၏ လုံခြုံရေးကို ထိခိုက်စေသည့် မည်သည့် အဆိုပြုချက်ကိုမဆို လက်မခံနိုင်ပါ” ဟု သူမက ဖြည့်စွက် ပြောကြား ခဲ့သည်။
ဤသည်မှာ အမေရိကန်က ဂါဇာဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်မူကြမ်းကို ပထမဆုံးအကြိမ် ဗီတိုအာဏာသုံးခြင်း မဟုတ်ပေ။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာတွင် အမေရိကန်က ချက်ချင်းနှင့် ကန့်သတ်ချက်မရှိ စစ်ပြေငြိမ်းရေးတောင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ပစ်မှတ်များကို လွတ်မြောက်စေရန် အာမမခံနိုင် ဟူသော အကြောင်းပြချက်ဖြင့် ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ဖူးသည်။
UK က လတ်တလော ဆုံးဖြတ်ချက်သည် သဘောတူညီမှုရရှိရန် မစွမ်းဆောင်နိုင်ခဲ့မှုနှင့်ပတ်သက်၍ “ဝမ်းနည်းကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ ယူကေ၏ အမြဲတမ်း ကိုယ်စားလှယ် Barbara Woodward က မဲပေးပြီးနောက် “ယူနိုက်တက် ကင်းဒမ်းသည် ဂါဇာရှိ လက်မခံနိုင်ဖွယ်အခြေအနေများကြောင့် ယနေ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သည်”" ဟု ပြောကြားခဲ့သည်။
သူမက “မိမိတို့သည် အဆိုပါစစ်ပွဲအဆုံးသတ်ရန်၊ ဟားမက်မှ ဖမ်းဆီးထားသည့် အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ဂါဇာရှိ ပါလက်စတိုင်း လူမျိုးများ၏ ကြီးမားလှသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို သက်သာရာရစေရန် ဆုံးဖြတ်ထားသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂