ကယ်လီဖိုးနီးယားပြည်နယ်က ထရမ့်အစိုးရကိုတရားစွဲ
ဆာခရာမန်တို၊ ပြည်တွင်းရေး
အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယားပြည်နယ်က သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့ကို ဇွန်လ ၉ ရက်တွင် တရားစွဲဆိုလိုက်ကြောင်းသိရသည်။ လော့ အိန်ဂျလိမြို့၌ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှုများကိုထိန်းသိမ်းရန် ထရမ့်အစိုးရအဖွဲ့က အမျိုးသားအစောင့်တပ်ဖွဲ့ကိုစေလွှတ်မှုနှင့်ပတ်သက်၍ ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆိုခြင်းဖြစ်သည်။
ထရမ့်အစိုးရအဖွဲ့က နိုင်ငံအတွင်းရှိတရားမဝင်နေထိုင်သူများကို ဖမ်းဆီးနှင်ထုတ်ရန်လုပ်ဆောင်နေစဉ်လော့အိန်ဂျလိမြို့၌ ဆန္ဒပြမှုများဖြစ်ပွားရာမှ ဆူပူမှုအထိရောက်ရှိလာသည့်အတွက် ထိုပဋိပက္ခကို ထိန်းသိမ်းရန် အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ်လိုက်ခြင်းဖြစ်သည်။
သို့သော် အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ်ခြင်းသည် တရားမဝင်ကြောင်းနှင့် မလိုအပ်သည့်ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ ယင်းကြောင့်မလိုလားအပ်သည့် ပဋိပက္ခအခြေအနေများကို ပိုမိုမြင့်တက်လာစေခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ရှေ့နေချုပ်တို့ ကပြောထားသည်။
အဆိုပါတရားစွဲဆိုမှုတွင် သမ္မတ ဒေါ် နယ်ထရမ့်၊ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်မှု၊ အခန်း(၁၀) တွင်ပါဝင်သော သမ္မတ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်မှုတို့ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
Ref: Xinhua
Photo - AP News