DOGE ဝန်ထမ်းများ အလုပ်ထုတ်ခံရမည်ကို စိုးရိမ်နေ

News Image

  • DOGE ဝန်ထမ်းများ အလုပ်ထုတ်ခံရမည်ကို စိုးရိမ်နေ

Wall Street ဂျာနယ် (WSJ) ၏ ဖော်ပြချက်အရ အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) ဝန်ထမ်းများသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် DOGE ၏ ယခင်အကြီးအကဲ အီလွန်မက် အကြား ဆက်ဆံရေး ကတောက်ကဆ ဖြစ်ပွားမှုအပြီး ၎င်းတို့ကိုယ်တိုင် အကောင်အထည်ဖော်ခဲ့သော ကုန်ကျ စရိတ် လျှော့ချရေး လုပ်ငန်းစဉ်၏ နောက်ထပ်သားကောင် ဖြစ်လာ နိုင်သည်ကို စိုးရိမ်နေကြသည်။

ဖက်ဒရယ်အသုံးစရိတ်များကိုလျှော့ချရန် ထရမ့်က စတင် တည်ထောင် ခဲ့သော DOGE သည် သာမန်အစိုးရဌာနတစ်ခုထက် ပုဂ္ဂလိကအဖွဲ့တစ်ခုနှင့် ပိုတူသည်။ မက်၏ ဦးဆောင်မှုအောက်တွင် ၎င်းဌာနသည် အစီအစဉ် များကို ဖြတ်တောက်ခဲ့ပြီး အစိုးရအလုပ်များကို ရပ်စဲခဲ့သည်။ ထို့အပြင် ပညာရေးဌာနနှင့် USAID (အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ) တို့ကိုဖျက်သိမ်းရာတွင် ပါဝင်ခဲ့သည်။ သို့သော် မက်သည် လွန်ခဲ့သည့်လက နုတ်ထွက်ပြီးနောက်၊ ထရမ့်နှင့် အခွန်နှင့်အသုံးစရိတ်ဆိုင်ရာ အကြီးစား အစီအစဉ်တစ်ခုအပေါ် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည့်အခါ DOGE ၏ အနာဂတ်သည် မရေရာဖြစ်လာခဲ့သည်။

“အီလွန်မက် မရှိတော့ပါက DOGE ကို မည်သူမျှ ပူးပေါင်းမည်မဟုတ်ပါ၊ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိပါသည်” ဟု စစ်မှုထမ်း ဟောင်းရေးရာဌာနမှ DOGE ဆော့ဖ်ဝဲအင်ဂျင်နီယာဟောင်း Sahil Lavingia က WSJ သို့ ပြောကြားခဲ့သည်။ “DOGE ၌ လုပ်ငန်း လုပ်ကိုင် ရခြင်းသည် တောင်ပေါ်ကို ကျောက်တုံးများ တွန်းတင်ရသလိုဖြစ်ကာ အလုပ်ကို ဆက်မလုပ်ပါက ပြန်လည်လိမ့်ကျသွားမည်ဖြစ်ပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မက်၏ ထွက်ခွာမှုနှင့်အတူ DOGE ၏ နေ့စဉ်လုပ်ငန်းများကို စီမံခဲ့သူ Steve Davis အပါအဝင် မိတ်ဖက်များ၏ ထွက်ခွာမှုများကြောင့် ဝန်ထမ်း များအတွင်း စိုးရိမ်မှုများ ပိုမိုများပြားလာခဲ့သည်။ DOGE နှင့်သက်ဆိုင် သည့် ဝန်ထမ်းများ၏ရေးသားမှုများတွင် ထရမ့်နှင့် မက်တို့၏ အခြေအနေ တင်းမာလာသည်နှင့်အမျှ အလုပ်ဖြုတ်ခံရနိုင်ခြေကို စိုးရိမ်ပူပန်မှုများ များပြားလာခဲ့သည်။

ထရမ့်၏ “Big Beautiful” ဘဏ္ဍာရေးအစီအစဉ်နှင့်ပတ်သက်သည့် အငြင်းပွားမှုသည် ကြမ်းတမ်းလာခဲ့ပြီး နှစ်ဦးစလုံးသည် လူမှုကွန်ရက် ပေါ်တွင် တစ်ဦးကိုတစ်ဦး ဝေဖန်ခဲ့ကြသည်။ ထရမ့်က မက်အား “စိတ်ပျက် စရာ” ဟု ပြောကြားခဲ့ပြီး မက်ကလည်း သမ္မတအား “ကျေးဇူးမသိတတ်သူ” ဟု စွပ်စွဲကာ ၎င်း၏တာဝန်မှ ရပ်စဲရန် တောင်းဆိုသူများကို ထောက်ခံ ခဲ့သည်။ ထို့အပြင် Dragon အာကာသယာဉ်ကို ရပ်စဲခြင်းဖြင့် အမေရိကန် ၏ အာကာသအစီအစဉ်ကိုပါ ရပ်တန့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

အဆိုပါ အခြေအနေများကြားမှာပင် ထရမ့်အစိုးရအဖွဲ့သည် DOGE ကို ဆက်လက်ထောက်ခံကြောင်း WSJ က ရေးသားခဲ့သည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Harrison Fields က အစီအစဉ်ကို ကာကွယ် ပြောဆိုရင်း “DOGE မှတစ်ဆင့် ထရမ့်၏အောင်မြင်မှုမှာ အငြင်းပွားဖွယ်မရှိပါ” နှင့် “သမ္မတ၏ လုပ်ဆောင်ချက်များသည် သမိုင်းဝင်ရလဒ်များကို ဆက်လက်ရရှိစေမည်” ဟု ပြောကြားခဲ့သည်။

DOGE သည် အခွန်ထမ်းငွေ အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံခန့် ချွေတာနိုင်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း ဘဏ္ဍာရေး ကျွမ်းကျင်သူများ က ထိုကိန်းဂဏန်းကို မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂