မြောက်ကိုရီးယားကလည်း နယ်စပ်ရှိ အသံချဲ့စက်များမှ ထုတ်လွှင့်မှုများကို ရပ်ဆိုင်း
မြောက်ကိုရီးယားသည် ကြာသပတေးနေ့ (ဇွန် ၁၂) နံနက်ပိုင်းမှစ၍ နယ်စပ်အသံချဲ့စက်ထုတ်လွှင့်မှုများကို ရပ်ဆိုင်းလိုက်သည်ဟု တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆိုးလ်မှ ၎င်း၏ အိမ်နီးချင်းကို ဦးတည်ထုတ်လွှင့်နေသော အသံချဲ့စက်ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်သည့် တစ်ရက်အကြာတွင် ဖြစ်သည်။
ယခုသီတင်းပတ်အတွင်း ရာထူးတက်လာသော တောင်ကိုရီးယားသမ္မတ Lee Jae-myung က ဗိုလ်ချုပ်ကြီးများအား ပြုံယမ်းနှင့် တင်းမာမှု လျှော့ချရန်နှင့် ပြန်လည်ဆွေးနွေးရန် ရည်ရွယ်၍ ကြာသပတေးနေ့ (ဇွန် ၁၂) တွင် အသံချဲ့စက်ထုတ်လွှင့်မှုများကို ခေတ္တရပ်ဆိုင်းရန် အမိန့်ပေး ခဲ့သည်။
တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လီဆုန်ဂျွန်က “ယနေ့နံနက်ပိုင်းတွင် မြောက်ကိုရီးယား၏ တောင်ကိုရီးယားဘက်သို့ ထုတ်လွှင့်သော အသံဆူညံမှုများကို မကြားရတော့ပါ” ဟု ပြောကြားခဲ့သည်။ ၎င်းက ယမန်နေ့ည ၁၁ နာရီအထိ အဆိုပါအသံများ ကြားရသေးသော်လည်း “ယခုအချိန်တွင် အသံထုတ်လွှင့်မှုကို ကြားရသည့် နေရာ မရှိတော့ပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ မြောက်ကိုရီးယား ဘက်မှ တရားဝင်ထုတ်ပြန်ကြေညာချက် မရှိသေးပေ။
ဒေသခံအရာရှိတစ်ဦးက NK News သို့ ပြောကြားရာတွင် မြောက် ကိုရီးယား၏ အသံထုတ်လွှင့်မှုများသည် ဗုဒ္ဓဟူး (ဇွန် ၁၁) ညပိုင်းတွင် ဆူညံသံများမှ အေးချမ်းသောသီချင်းများသို့ ပြောင်းလဲခဲ့ပြီး ကြာသပတေးနေ့ (ဇွန် ၁၂) နံနက်ပိုင်းတွင် လုံးဝရပ်တန့်သွားခဲ့သည်ဟု ဆိုသည်။ “ထိုသီချင်း အမျိုးအစားကို အတိအကျမသိရသေးပါ။ ဒေသခံများက အေးချမ်းပြီး စိတ်သက်သာရာရစေသည့် အသံမျိုးဟု ပြောကြသည်။ ယနေ့တွင် ဆူညံသံလုံးဝမကြားရတော့ပါ” ဟု ၎င်းက မီဒီယာသို့ ပြောကြားခဲ့သည်။
ယခင်တောင်ကိုရီးယားသမ္မတ Yoon Suk Yeol လက်ထက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး သိသိသာသာ ဆိုးရွားလာခဲ့ပြီး ၎င်းအား ဒီဇင်ဘာလတွင် ရာထူးမှရပ်ဆိုင်းခဲ့ပြီး လွန်ခဲ့သည့်သီတင်းပတ်က ကြားဖြတ် ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သော သမ္မတ Lee Jae-myung က အသံချဲ့စက် ထုတ်လွှင့်မှုများ၊ လေကြောင်းဖြင့် ကြွေးကျော်စာစသည့် စာရွက်များ ပစ်ချမှုကဲ့သို့သော စိန်ခေါ်မှုများကို ရပ်တန့်ရန် နှင့် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် ကတိပြုခဲ့သည်။
မြောက်ကိုရီးယားသည် ကာလရှည်ကြာစွာကပင် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကိုခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ကာ ကန့်ကွက်ခဲ့သည်။ ကိုရီးယား နှစ်နိုင်ငံ သည် ၁၉၅၃ ခုနှစ်က စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုသော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးသဖြင့် လက်ရှိအနေအထားအရ တင်းမာမှုများ ရှိနေဆဲဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂