US သည် AUKUS ရေငုပ်သင်္ဘောသဘောတူညီချက်ကို ပြန်လည် သုံးသပ်နေ

News Image

  • US သည် AUKUS ရေငုပ်သင်္ဘောသဘောတူညီချက်ကို ပြန်လည် သုံးသပ်နေ

အမေရိကန်အစိုးရသည် ယခင်သမ္မတ Joe Biden လက်ထက်တွင် သဘောတူညီခဲ့သော AUKUS ရေငုပ်သင်္ဘောသဘောတူညီချက်ကို ဗြိတိန် ၊ ဩစတြေးလျတို့နှင့်အတူ ပြန်လည်သုံးသပ်လျက်ရှိသည်။

“ယခင်အစိုးရအဖွဲ့၏ AUKUS စီမံကိန်းသည် လက်ရှိသမ္မတ၏ 'America First' မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ သေချာစေရန် မိမိတို့ ပြန်လည် သုံးသပ် နေပါသည်။ AUKUS ဆိုင်ရာ အစိုးရ၏ ချဉ်းကပ်မှုတွင် မည်သည့် ပြောင်းလဲမှုမဆို သင့်တော်သောအချိန်တွင် တရားဝင် လမ်းကြောင်းမှ တစ်ဆင့် ဆက်သွယ်ပြောကြားသွားမည်ဖြစ်သည်” ဟု အမေရိကန် အရာရှိ တစ်ဦးက ဇွန်လ ၁၂ ရက်တွင် CNN သို့ ပြောကြားခဲ့သည်။

ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်သည် AUKUS သဘောတူညီချက်ကို ပြန်လည်သုံးသပ် နေကြောင်း Trump အစိုးရအဖွဲ့မှ ဩစတြေးလျနှင့် ဗြိတိန်တို့အား အသိပေးထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles က အဆိုပါ ကြေညာချက်သည် မျှော်လင့်ထားပြီးသောအရာဖြစ်သည်ဟု ပြောကြား ခဲ့သည်။

“မိမိတို့သည် ယခုကိစ္စကို အတန်ကြာသိရှိထားပြီး ကြိုဆိုပါသည်။ အစိုးရအသစ်က ဤကဲ့သို့ပြုလုပ်ခြင်းသည် ပုံမှန်ကိစ္စဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပြီး သဘောတူညီချက်အတိုင်း ဩစတြေးလျ အနေဖြင့် အမေရိကန်ရေငုပ်သင်္ဘောများ ရရှိဦးမည်ကို ယုံကြည်ကြောင်း ဖော်ပြ ခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျတို့သည် ၂၀၂၁ ခုနှစ်က Joe Biden လက်ထက်တွင် AUKUS သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ အဆိုပါစီမံကိန်းအရ ဩစတြေးလျသည် ၂၀၃၂ ခုနှစ်မှစ၍ အမေရိကန်ထံမှ Virginia-class နျူကလီးယား ရေငုပ်သင်္ဘောအစီး ၅ စီး အထိ ဝယ်ယူမည်ဖြစ်ပြီး၊ ထို့နောက် အမေရိကန်၏ပံ့ပိုးမှုဖြင့် ဗြိတိန်နှင့် ပူးပေါင်း၍ ရေငုပ်သင်္ဘောအသစ်တစ်မျိုးကို ဒီဇိုင်းဆွဲတည်ဆောက်မည် ဖြစ်သည်။ ဗြိတိန်အနေဖြင့် ၂၀၃၀ နှောင်းပိုင်းတွင် ပထမဆုံး ရေငုပ် သင်္ဘောကို ရရှိမည်ဖြစ်ပြီး ဩစတြေးလျမှာ ၂၀၄၀ အစောပိုင်းတွင် ရရှိမည်ဖြစ်သည်။

ထို့အပြင် အမေရိကန်နှင့် ဗြိတိန်တို့သည် သြစတြေးလျအနောက်ပိုင်းရှိ အခြေစိုက်စခန်းတစ်ခုတွင် ရေငုပ်သင်္ဘောများ ဖြန့်ကြက်ချထားခြင်းကို ၂၀၂၇ ခုနှစ်မှ စတင်မည်ဖြစ်သည်။

ဤသည်မှာ ဩစတြေးလျ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး ကာကွယ်ရေးစီမံကိန်းဖြစ်ပြီး တိုင်းပြည်အနေဖြင့် ထိုအစီအစဉ်အတွက် နှစ် ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံ အား ရင်းနှီးမြှုပ်နှံ မည်ဖြစ်သည်။ ဩစတြေးလျသည် ရေငုပ်သင်္ဘောများကို ၎င်း၏ အမျိုးသား ကာကွယ်ရေးဗျူဟာတွင် အရေးပါသော လက်နက်တစ်ခုအဖြစ် မှတ်ယူ ထားသည်။

အမေရိကန်၏ AUKUS ပြန်လည်သုံးသပ်မှုသည် ဗြိတိန်၏ ကာကွယ်ရေး စီမံချက်များကိုပါ သက်ရောက်မှုရှိနိုင်သည်။ အကြောင်းမှာ အဆိုပါ သဘောတူညီချက်သည် ဗြိတိန်၏ ရေငုပ်သင်္ဘောတပ်ဖွဲ့ ချဲ့ထွင်ရေး အတွက် အဓိကအရေးပါသောကြောင့်ဖြစ်သည်။

ဝါရှင်တန်အခြေစိုက် Hudson Institute မှ AUKUS ကျွမ်းကျင်သူ John Lee ၏ အဆိုအရ ပင်တဂွန်သည် ၎င်း၏ထုတ်လုပ်မှုပန်းတိုင်ကို မပြည့်မီ သေးသည့်ကြားထဲမှ ဩစတြေးလျသို့ ရေငုပ်သင်္ဘော ၅ စီး ရောင်းချနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အဆိုပါသဘောတူညီချက်ကို ပြန်လည်သုံးသပ် နေခြင်း ဖြစ်သည်။

ပင်တဂွန်၏ အကြီးတန်း မူဝါဒအကြံပေး Elbridge Colby အပါအဝင် အမေရိကန်အရာရှိအချို့သည် အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ သံသယများရှိကြောင်း ဖော်ပြခဲ့သည်။ ၎င်းသည် ယခုနှစ်အတွင်း “ရေငုပ်သင်္ဘောများသည် ရှားပါးပြီး အရေးကြီးသော လိုအပ်ချက်ဖြစ်ကာ အမေရိကန်ကာကွယ်ရေးစက်မှုလုပ်ငန်းသည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လုံလောက်သော ထုတ်လုပ်မှုမရှိသေးကြောင်း” သတိပေးခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂