အမေရိကန်က အရှေ့အလယ်ပိုင်းရှိ သံရုံးများမှ ဝန်ထမ်းအချို့ ထွက်ခွာ ခွင့်ပြု

News Image

  • အမေရိကန်က အရှေ့အလယ်ပိုင်းရှိ သံရုံးများမှ ဝန်ထမ်းအချို့ ထွက်ခွာ ခွင့်ပြု

အမေရိကန်နိုင်ငံသည် အီရန်နှင့်တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် အရှေ့အလယ်ပိုင်းရှိ သံရုံးများနှင့် စစ်စခန်းများမှ သာမန်ဝန်ထမ်းများနှင့် မိသားစုဝင်များကို စတင် ရွှေ့ပြောင်းနေပါသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်က တီဟီရန်သည် ညှိနှိုင်းမှုများကို “တမင်နှေးကွေးစေသည်” ဟု စွပ်စွဲပြောဆိုပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရဌာနက ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် မီဒီယာများထံ အီးမေးလ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် “မိမိတို့၏ နောက်ဆုံး ဆန်းစစ်ချက်များအရ အီရတ်ရှိ သံရုံးဝန်ထမ်းအရေအတွက်ကို လျှော့ချရန် ဆုံးဖြတ်ခဲ့ပါသည်” ဟု ဖော်ပြထားသည်။ Reuters သတင်းဌာနက အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ကူဝိတ်နှင့် ဘာရိန်းရှိ သံရုံးများတွင်လည်း စေတနာ့ဝန်ထမ်းများ ပြန်ခွင့်ရရှိကြောင်း ဖော်ပြခဲ့သည်။

ပင်တဂွန်ကလည်း ဒေသတွင်းရှိ စစ်စခန်းများမှ မိသားစုဝင်များ ပြန်ခွင့်ပြုရန် သဘောတူညီခဲ့သည်။ ကာကွယ်ရေးအရာရှိတစ်ဦးက သတင်းထောက်များအား “CENTCOM (United States Central Command) သည် ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်တာဝန်ကိုမဆို အချိန်မရွေး ထောက်ပံ့နိုင်ရန် အဆင်သင့်ဖြစ်နေစေရေးအတွက် ပြည်ထောင်စုအစိုးရဌာနနှင့် ဒေသတွင်းရှိ မဟာမိတ်များ၊ မိတ်ဖက်များနှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်” ဟု ပြောကြားခဲ့သည်။

Washington Post ၏ ဖော်ပြချက်အရ အမေရိကန် ထောက်လှမ်းရေး အရာရှိများသည် အစ္စရေးနိုင်ငံက အမေရိကန်၏ သဘောတူညီချက် မရှိဘဲ အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်နိုင်သည်ကို စိုးရိမ် နေကြသည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ရုံးက လွန်ခဲ့သည့် လက အစ္စရေးသည် ထရမ့်နှင့် တိုက်ခိုက်ရေးအလားအလာများကို ဆွေးနွေးနေကြောင်း သတင်းများကို “သတင်းမှားများ” ဟု ငြင်းဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) က New York Post နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ဒေါ်နယ်ထရမ့်က အိုမန်မှညှိနှိုင်းပေးခဲ့သည့် ငါးကြိမ်တိုင် ညှိနှိုင်းမှုများ အောင်မြင်မှု မရရှိခဲ့ပြီးနောက် အီရန်နှင့် သဘောတူညီချက်ရရန် “ယခင်ထက် ယုံကြည်မှုနည်းလာကြောင်း” ပြောကြားခဲ့သည်။ သမ္မတ ထရမ့်သည် ယခင်က အီရန်၏ နျူကလီးယားအစီအစဉ်ကို အပြီးအပိုင် ဖျက်သိမ်းလိုကြောင်း ဖော်ပြခဲ့ဖူးသော်လည်း တီဟီရန်က ထိုအဆိုကို အခိုင်အမာ ငြင်းဆိုခဲ့သည်။

အီရန်၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က X (တွစ်တာ) တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် “အီရန်သည် နျူကလီးယားလက်နက် မလိုလားပါ၊ အမေရိကန်၏ စစ်အာဏာရှင်စနစ်သည် မတည်ငြိမ်မှုကိုသာ မီးထိုးပေးနေသည်” ဟု ဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Aziz Nasirzadeh ကလည်း အကယ်၍ အီရန်အား တိုက်ခိုက်ပါက “ဒေသ တစ်ဝှမ်းရှိ အမေရိကန်စခန်းအားလုံးကို မတွန့်မဆုတ် ပစ်မှတ်ထားမည်” ဟု သတိပေးခဲ့သည်။

ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂ ထောက်ခံခဲ့သည့် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ကို နုတ်ထွက်စေခဲ့ပြီး အီရန်က လျှို့ဝှက်စွာ စည်းမျဉ်းချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့သည်။ တီဟီရန်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သော်လည်း ယခု အခါ ၎င်း၏ ကတိကဝတ်များကို လျှော့ချလိုက်ပြီး သန့်စင်ပြီး ယူရေနီယမ် သိုလှောင်မှုပမာဏကို တိုးချဲ့လာနေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂