ဆားဘီးယားနိုင်ငံတွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွား

News Image

  • ဆားဘီးယားနိုင်ငံတွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွား

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တွင် စနေနေ့ (ဇွန် ၂၈) က လုပ်ဆောင် ခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြပွဲကြီးအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ များ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။

ဆန္ဒပြသူများ၏ လွှတ်တော်ဖျက်သိမ်းရန်နှင့် အထွေထွေ ရွေးကောက်ပွဲ အသစ်ကျင်းပရန် တောင်းဆိုချက်အား ဆားဘီးယားအစိုးရက ငြင်းဆန် ခဲ့ပြီးနောက် မကြာမီ အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြ သူများသတ်မှတ်ထားသော အချိန်ကာလအကန့်အသတ်သည် ည ၉ နာရီတွင် ကုန်ဆုံးသွားခဲ့သည်။

မျက်နှာဖုံးစွပ်ထားသော ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများ၊ မီးခိုးဗုံးများနှင့် အခြားလက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့က ဘဲလ်ဂရိတ်မြို့လမ်းများပေါ်သို့ သံချပ်ကာ ကားများ စေလွှတ်ခဲ့ပြီး အကြမ်းဖက်နေသော လူအုပ်ကို ဖြိုခွင်းနေသည် ကို တွေ့မြင်ရသည်။

ဒိုင်းနှင့် နံပါတ်တုတ်များ ကိုင်စွဲထားသည့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို အစိုးရရုံးတည်ရှိရာဇုံမှ ဖယ်ရှားနေပြီး လွှတ်တော်အဆောက်အဦအနီးတဝိုက် လုံခြုံရေးအတွက် အလေးထား လုပ်ဆောင်နေခဲ့ကြသည်။

ရဲအရာရှိချုပ် ဒရာဂန်း ဗာဆီလ်ဂျီဗစ်က “ရဲတပ်ဖွဲ့ဝင်များသည် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ကြပြီး အဓိကရုဏ်းမဖြစ်စေရန် အနည်းဆုံး အင်အားသာ အသုံးပြုခဲ့ကြောင်း” ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင် ၆ ဦး နှင့် အရပ်သား ၂ ဦး ဒဏ်ရာရခဲ့ပြီး ဆန္ဒပြသူအချို့ကို ဖမ်းဆီးထားကြောင်း ၎င်းက ထုတ်ပြန်ခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ဆားဘီးယားသမ္မတ အလက်ဇန်ဒါ ဗူချစ်က “နိုင်ငံ ကို ကာကွယ်မည်” ဟု ကတိပြုကာ ဆန္ဒပြမှုများကို “ပြည်ပ အင်အားစု များက လှုံ့ဆော်ခြင်း” ဖြစ်ကြောင်း အစိုးရ၏ ပြောဆိုချက်ကို ထပ်လောင်း အတည်ပြုခဲ့သည်။ ၎င်းက အကြမ်းဖက်မှုလုပ်ဆောင်ရန် ကြိုးပမ်းမည့် ဆန္ဒပြသူများကိုလည်း သတိပေးခဲ့သည်။

အဆိုပါဆန္ဒပြပွဲသည် လွန်ခဲ့သည့် နိုဝင်ဘာလက နိုဗီဆက်မြို့ရှိ ရထားဘူတာတစ်ခုတွင် ကွန်ကရစ်မိုးကာ ပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့သည့် အဖြစ်အပျက်နှင့်အတူ စတင်ခဲ့သော လပေါင်းများစွာက ကျောင်းသားဦးဆောင်ဆန္ဒပြမှုများ၏ အဆက်ဖြစ်သည်။ ထိုဖြစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျက်ထွက်ခဲ့ကြပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရန် တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂