တရုတ်နိုင်ငံသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများကို အကြီးစား ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်နေ
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် ကမ္ဘာ့အဓိကအာဏာရှိသူနိုင်ငံများကြား ရွေးချယ်မှုပြုရသည့်အခါ မလေးရှားနိုင်ငံသား ၇၁ ရာခိုင်နှုန်းက အမေရိကန်ထက် တရုတ်ကို ပိုနှစ်သက်ကြောင်း စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ လွန်ခဲ့သည့်လထုတ်ဝေခဲ့သော “State of Southeast Asia 2025” စစ်တမ်းအရ သိရှိရသည်။
မလေးရှား၏ ယခင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး Ong Kian Ming က အမေရိကန်သမ္မတ Donald Trump ၏ ကုန်သွယ်မှုအတားအဆီးများကို ဘေးဖယ် ထားလျှင် မလေးရှားနိုင်ငံသားများသည် ကမ္ဘာ့အဓိကအာဏာရှိသူနိုင်ငံများကြား တရုတ်နှင့်နီးစပ်ရန် ထောက်ခံမှု အကြောင်းရင်းများထဲမှ တစ်ခုမှာ ဒေသတွင်း၌ တရုတ်၏ စီးပွားရေးအရအရေးပါမှု တိုးပွားလာခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ခရီးသွားလုပ်ငန်း ၊ ကဏ္ဍအသီးသီးရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI)နှင့် မလေးရှား တွင် စီးပွားရေးလုပ်ငန်းများ တည်ထောင်ရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများ ပိုမိုများပြား လာခြင်းတို့ကလည်း အဆိုပါအချက်ကို အထောက်အကူဖြစ်စေနိုင်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုခဲ့သည်။
မလေးရှား၏ အမျိုးသား ကားအမှတ်တံဆိပ်ဖြစ်သော Proton ၏ အသွင်ပြောင်းလဲမှုနှင့် မကြာမီ စတင်ဆောက်လုပ်တော့မည့် အရှေ့ဘက်ကမ်းရိုးတန်း ရထားလမ်း (ECRL) စီမံကိန်းနှစ်ခုလုံးတွင် ပေကျင်း၏ အဓိကပါဝင်မှုရှိခြင်းသည် မလေးရှားနိုင်ငံသားများ တရုတ်နှင့်ပူးပေါင်းဆောင်ရွက်ရန် အပြုသဘောဆောင်သည့် ခံယူချက်များရှိရခြင်း၏ ဥပမာနှစ်ခု ဖြစ်သည်။
အင်ဒိုနီးရှားဘက်တွင် လွန်ခဲ့သည့်နှစ် မတ်လက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ အင်ဒိုနီးရှား နိုင်ငံသား ၇၃% ခန့်က တောင်တရုတ်ပင်လယ်ရှိ တရုတ်၏လုပ်ဆောင်မှုများကို ၎င်းတို့နိုင်ငံ၏ အချုပ်အခြာအာဏာအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ဖော်ပြခဲ့သည်။သို့သော် State of Southeast Asia 2025 စစ်တမ်းတွင် တရုတ်နှင့်နီးစပ်ရန် ထောက်ခံမှုသည် အင်ဒိုနီးရှား တွင် အမြင့်ဆုံး (၇၂%) ဖြစ်ခဲ့သည်။အင်ဒိုနီးရှားနိုင်ငံသားများက တရုတ်ကို စစ်ရေးပြိုင်ဘက်တစ်ဦး သို့မဟုတ် စိတ်ချရသော စီးပွားရေးမိတ်ဖက်တစ်ဦးအဖြစ် ရှုမြင်သည်ဖြစ်စေ၊ ၎င်းတို့နိုင်ငံသည် တရုတ် အစိုးရအတွက် နိုင်ငံရေးနှင့်ဘူမိရေးရာဗျူဟာအရ အလွန်အရေးပါသော နိုင်ငံတစ်ခုဖြစ်နေ သည်။
Centre for China and Globalisation ၏ ဒုတိယဥက္ကဋ္ဌ Victor Gao က ပထမအကြောင်းရင်းမှာ အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး မူဆလင်အများစုနေထိုင်သော နိုင်ငံဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဒုတိယအကြောင်းရင်းမှာ ၎င်း၏ ဘူမိရေးရာအချက်အချာကျသော တည်နေရာဖြစ်ပြီး အရှေ့မှ အနောက်သို့ ကျွန်းပေါင်းများစွာဖြင့် ကျယ်ပြန့်စွာတည်ရှိခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကြီးမားသော စီးပွားရေးအလားအလာ ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့ပြီး ၊ မြို့တော်ကို ဂျကာတာမှ အရှေ့ကာလီမန်တန်ရှိ နူဆန်တာရာသို့ ရွှေ့ပြောင်းရန် အစီအစဉ် ကိုလည်း ထောက်ပြခဲ့သည်။ “အဆိုပါအစီအစဉ်အတွက် လုပ်ဆောင်မှုများစွာ ပြုလုပ်ရမည်ဖြစ်ပြီး အင်ဂျင်နီယာနည်းပညာဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုများ လိုအပ်မည်ဖြစ်သည် ၊ ထို့အပြင် မြောက်မြားစွာသော အရင်းအနှီးများလည်း ရင်းနှီးမြှုပ်နှံရမည်” ဟု ၎င်းက ရှင်းပြခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်လူမျိုးများ အများဆုံးနေထိုင်ရာ နိုင်ငံလည်းဖြစ်ပြီး လူဦးရေ ၁၁ သန်း ကျော် ရှိသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် လူဦးရေအများစုမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ် သည့်တိုင် တရုတ်၏ရှုထောင့်မှကြည့်လျှင်အင်ဒိုနီးရှားသည် အထူးခြားဆုံးနိုင်ငံတစ်ခု ဖြစ်နေသည်။
မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသည် တရုတ်နိုင်ငံက စီးပွားရေးအခြေစိုက်စခန်းများ၊ ဆိပ်ကမ်း များ၊ နီကယ်သန့်စင်စက်ရုံများ၊ ကားစက်ရုံများ အစရှိသည့် စီမံကိန်းများဖြင့် စီးပွားရေးလွှမ်းမိုးမှု ပြုလုပ်နေသည့် အဓိကနိုင်ငံများဖြစ်သည်။
တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများ ဆက်လက်ရှိနေစဉ် တရုတ်အစိုးရသည် ၎င်း၏ဈေးကွက် အား Global South (တောင်ကမ္ဘာခြမ်းနိုင်ငံများ) အပေါ်တွင် အာရုံစိုက်လျက်ရှိသည်။ အဆိုပါ ဒေသသည် ကမ္ဘာ့လူဦးရေ၏ ၈၅% ကို ကိုယ်စားပြုပြီး တရုတ်၏အိမ်နီးချင်း ဖြစ်သော အာဆီယံဒေသသည် Global South အတွင်း အကြီးဆုံးစီးပွားရေးဖြစ်ကာ၊ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း GDP အမေရိကန် ဒေါ်လာ ၃.၈ ထရီလီယံ (ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး) ရှိခဲ့သည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက -၂