ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း
ဗီယက်နမ်နိုင်ငံသည် နိုင်ငံအတွင်းပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲရေးကို မြှင့်တင်သည့်အနေဖြင့် လျှပ်စစ်ကားထုတ်လုပ်ရေး အားပေးဆောင်ရွက်နေသည်ကိုတွေ့ရှိရသည်။
ဗီယက်နမ်ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံအတွင်းရှိ ကားများ၏ ၃၀ ရာခိုင်နှုန်းနှင့် ဆိုင်ကယ်များ၏ ၂၂ ရာခိုင်နှုန်းကို လျှပ်စစ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရန် ရည်မှန်း ချက်ထားရှိဆောင်ရွက်နေသည်။ လျှပ်စစ်ကား အားသွင်းရုံဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ ရေရှည်ဆောင်ရွက်မည့် အစီအမံကို ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေသည်။ ဗီယက်နမ်နိုင်ငံသား ကားဝယ်ယူသူ ၃၀ ရာခိုင်နှုန်းကျော်သည် လျှပ်စစ်ကားဝယ်ယူရန် စိတ်အားထက်သန်ကြကြောင်း မကြာသေးမီက ဆောင်ရွက်သည့် လေ့လာမှုအရ သိရသည်။ ထိုသို့ လျှပ်စစ်ကားအသုံးပြုရန် စိတ်ဝင်စားမှုများပြားလာရခြင်းမှာ လျှပ်စစ်ကားများသည် ရာသီဥတု ပြောင်းလဲမှုကိုဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းနှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားရာမှ ဖြစ်လာနိုင်သည့်ရောဂါများကို တားဆီးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း လျှပ်စစ်ကားသုံးစွဲ သူများ၏ ၄၈ ရာခိုင်နှုန်းမှာ နေအိမ်တွင် လျှပ်စစ်ဓာတ်အားဖြည့်သွင်းနေကာ ၃၂ ရာခိုင်နှုန်းမှာ လမ်းများပေါ်ရှိ လျှပ်စစ်ကားအားသွင်းရုံများတွင် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေကြသည်။
ယမန်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော "Vietnam: National Roadmap and Recommendations to the Electric Mobility Transition for the Action Plan" အစီရင်ခံစာတွင် လျှပ်စစ်ကားထုတ်လုပ်ရေးဆိုင်ရာ ထောက်ပံ့မှုကို မြှင့်တင်ရန် ဝယ်ယူသုံးစွဲသူများအား မက်လုံးပေးခြင်း၊ လျှပ်စစ်ကားအားသွင်းရုံဆိုင်ရာ အခြေခံ အဆောက်အအုံများ မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာမှုအတွက် လျှပ်စစ်ဓာတ်အားပေးမှုကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်သားများ၏ စွမ်းရည်မြှင့်တင်ခြင်းတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/biiyknmniungngne-lpcckaathuttluprelupngn