တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် စိုက်ပျိုးသင့်တဲ့ ပဲပုပ်သီးနှံ

Posted_Date

Image

တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် စိုက်ပျိုးသင့်တဲ့ ပဲပုပ်သီးနှံ

Body

ပဲပုပ်သီးနှံကို   ပဲပုပ်ဖြင့်ပြုလုပ်သောပဲငါးပိကို စားသုံးခြင်းမှ စတင်သိခဲ့ရသည်။  ပဲငါးပိသည်  ပဲပုပ်သီးနှံ၏ တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးဖြစ်သည်။  ပဲပုပ်သည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများထဲတွင်ပါဝင်ပြီး ကမ္ဘာ့အရေးကြီးဆုံးသီးနှံ (၁၀)မျိုးအနက် အမှတ်စဉ်(၆)နေရာတွင် ရပ်တည်နေသည်။ ပဲပုပ်တွင် အသားဓာတ် ၄၀ ရာခိုင်နှုန်းမှ ၄၅ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ ၁၉ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်  ရပ်တည်နေသောဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်သည်။ ပဲအမျိုးအစားများစွာရှိသည့်အနက် ပဲပုပ်သည် အာဟာရဓာတ်အပြည့်ဝဆုံးသောပဲသီးနှံဖြစ်သည်။

သီးနှံများကို  စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးထွက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်ဟူ၍ နှစ်မျိုးရှိသည်။  စိုက်ပျိုးရေးထွက်ကုန်ဆိုသည်မှာ သီးနှံကိုစိုက်ပျိုး၍ ရိတ်သိမ်းပြီးနောက် ထွက်ရှိလာသော သီးနှံထွက်ကုန်များကိုဆိုလိုပြီး စိုက်ပျိုးရေးထုတ်ကုန်ဆိုသည်မှာ သီးနှံထွက်ကုန်များကို ပြုပြင်မွမ်းမံပြင်ဆင်၍ ထုတ်လုပ်ခြင်းအားဖြင့် ထွက်ရှိလာသော တန်ဖိုးမြှင့်ထုတ်ကုန်များကိုဆိုလိုသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလတွင် သီးနှံထွက်ကုန်များထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းတို့အတွက် ရည်မှန်းချက်ထား၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းကို ဆောင်ရွက်လာကြသည်။

တန်ဖိုးမြှင့်ထုတ်ကုန်ဆိုသည်မှာ

တန်ဖိုးမြှင့်ထုတ်ကုန်ဆိုသည်မှာစိုက်ပျိုးထုတ်လုပ်ရာမှ ထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုကို ရုပ်ပိုင်းဆိုင်ရာအခြေအနေ  ပြောင်းလဲပေးခြင်း ဥပမာ- ဂျုံစေ့မှ ဂျုံမှုန့် (သို့) ထုတ်ကုန်၏ပုံစံကို ပြောင်းလဲပေးခြင်း ဥပမာဂျုံမှုန့်မှ ပေါင်မုန့်ကိုဆိုလိုသည်။  ဤနည်းလမ်းနှစ်မျိုးဖြင့်   မည်သည့်သီးနှံထွက်ကုန်ကိုမဆို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းအားဖြင့် အဆင့်သုံးဆင့်ရှိသည်။

ပထမအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင် စိုက်ပျိုးထုတ်လုပ်ရာမှ ထွက်ရှိလာသော သီးနှံထွက်ကုန်များကို မူရင်းအတိုင်း ပုံစံမပျက်စေဘဲ ဆောင်ရွက်ရသောလုပ်ငန်းများဖြစ်သည်။  သီးနှံထွက်ကုန်များကို ရေဆေးခြင်း၊ သန့်ရှင်းခြင်း၊ အဆင့်ခွဲခြင်း၊ အမျိုးအစားခွဲခြင်းစသည်တို့ပါဝင်သည်။

ဒုတိယအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင် ပထမအဆင့်မှထွက်ရှိလာသော သီးနှံထုတ်ကုန်များကို ပမာဏများရာမှ နည်းသွားခြင်း၊ ပုံစံကိုလျှော့ချခြင်းတို့ကို ဖြစ်ပေါ်စေရန် ဆောင်ရွက်ရသောလုပ်ငန်းဖြစ်သည်။ ထိုလုပ်ငန်းများတွင် ထုပ်ပိုးခြင်း၊ ဖယောင်းတင်ခြင်း၊ အသားအနှစ်ထုတ်ခြင်း၊ အခွံခွာခြင်း၊ အရည်ထုတ်ခြင်း၊ တစ်ပိုင်းတစ်စကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ကြာရှည်ခံအောင်ထိန်းသိမ်းခြင်းတို့ပါဝင်သည်။

တတိယအဆင့် ပြုပြင်မွမ်းမံပြင်ဆင်ထုတ်လုပ်ခြင်းတွင်  စားသုံးရန်အဆင်သင့်ဖြစ်အောင် ပြုလုပ်ရသော လုပ်ငန်းများပါဝင်သည်။   ထုတ်ကုန်သည် သက်တမ်းရှည်ပြီး   အရည်အသွေးမြင့်မားသည်။ ထို့ကြောင့် ဤအဆင့်တွင် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် ထုတ်လုပ်သည့်ကုန်ပစ္စည်းအပေါ်မူတည်ပြီး အဆင့်မြင့်နည်းပညာလိုအပ်သည်။

ပဲပုပ်သီးနှံသည်  အခြားသီးနှံများနှင့်နှိုင်းယှဉ်လျှင် တန်ဖိုးမြှင့်ထုတ်ကုန်များစွာထုတ်လုပ်နိုင်သောသီးနှံတစ်မျိုးဖြစ်သည်။ ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး   စီးပွားရေးတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်လျှင် အလွန်စိုက်ပျိုး ရန်သင့်တော်သော သီးနှံတစ်မျိုးဖြစ်သည်။

ပဲပုပ်သီးနှံထွက်ကုန်အစားအစာများ

ပဲပုပ်သီးနှံကို   စိုက်ပျိုးထုတ်လုပ်၍ ထွက်ရှိလာသော ပဲပုပ်စေ့များကို သရေစာ အဖြစ်   အစိမ်းလိုက်ကြော်၍ စားခြင်း၊ ပြုတ်၍သုပ်စားခြင်းနှင့် ဟင်းလျာတစ်မျိုးအဖြစ် ချက်၍စားခြင်းတို့အပြင် ပဲပုပ်ထောင်းကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်မြေပဲကြော်၊ ပဲပုပ်ဂျူးမြစ်ကြော်၊ ပဲပုပ်ကြော်ချက်၊ ပဲပုပ်မြေပဲချက်၊ပဲပုပ်စေ့ဟင်းချို၊ ပဲပုပ်မီးကင်၊ ပဲပုပ်ချဉ် စသည်ဖြင့် နှစ်သက်ရာပုံစံအမျိုးမျိုးကို ပြုလုပ်ဖန်တီး၍စားသောက်ကြသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်များမှာ “မိရိုးဖလာ အစားအစာ ပဲပုပ်ဟင်းလေးတစ်ခွက်ပါ”ဟူသော စကားရပ်တစ်ရပ်ရှိသည့်အတိုင်းပဲပုပ်ဟင်းလျာကို      ခုံမင်နှစ်ခြိုက်စွာ စားသုံးကြသည်။ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများသည်ပဲပုပ်စေ့ကို ရေစိမ်ပြုတ်၍ ပဲပုပ်အစိုအဖြစ်ပြုလုပ်ကာ   မိမိကြိုက်နှစ်သက်သော အရသာထည့်သွင်းပြီး    ဟင်းတစ်မယ်အဖြစ် ရှေးယခင်ကတည်းကပင် ချက်ပြုတ်စားသောက်ကြသည့်  အလေ့အထရှိကြ သည်။

ပဲပုပ်စေ့ကို  တိုက်ရိုက်ချက်ပြုတ်စားသောက်ကြခြင်းအပြင်   ပဲပုပ်စေ့များကိုထောင်း၍ ပဲပုပ်ထောင်းမှုန့်များကို ဟင်းချိုထဲတွင် ခပ်ခြင်း၊ ခရမ်းသီးမီးဖုတ်သုပ်နှင့် ခရမ်းချဉ်သီးမီးဖုတ်သုပ်ထဲတွင် ထည့်ခြင်းတို့အပြင်  ကိတ်မုန့်များပြုလုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။

ပဲပုပ်သီးနှံ တန်ဖိုးမြှင့်ထုတ်ကုန်အစားအစာများ

ပဲပုပ်သီးနှံသည်သီးနှံထွက်ကုန်အဖြစ် အသုံးပြုနိုင်ရုံသာမက  တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်ရန်အတွက် အလွန်အသုံးဝင်သော သီးနှံတစ်မျိုးဖြစ်သည်။ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးအစားများစွာကို ထုတ်လုပ်နိုင်သည်။  ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများသည်  ပဲပုပ်ကို ဂျူးမြစ်၊ ငရုတ်သီးတို့ဖြင့်ရောနှောပြီး အရသာမျိုးစုံရှိသောပဲပုပ်ချပ်အခြောက်ပြုလုပ်၍ တာရှည်ခံအောင်ပြုလုပ်ခြင်း၊  ပဲပုပ်ပြား၊ ပဲပုပ်အတုံး၊ ပဲငါးပိချဉ်စပ်၊ ပဲငါးပိဆီစိမ်၊ ပဲပုပ်တိုဟူးနှော၊ ပဲပုပ်စေ့လှော်၊ ပဲနို့ရည်၊ ပဲငံပြာရည် စသည်ဖြင့် စားဖွယ်စုံစွာ ပြုပြင်ဖန်တီးပြီး စားသုံးကြသည်။ ရှမ်းတိုင်းရင်းသားများသည်   ပဲပုပ်ကို နှစ်သက်စွာစားသုံးကြပြီး    ရှမ်းရိုးရာအစားအစာ “ရှမ်းပဲပုပ်”အဖြစ် မြန်မာပြည်တစ်လွှား နာမည်ကျော်ကြားသည်။

မြန်မာလူမျိုးများသည် ပဲငါးပိကို အစို၊ အခြောက်နှစ်မျိုးစားသုံးကြ၍ ပဲပုပ်စေ့မှ ပဲငါးပိပြုလုပ်၍  ရောင်းချသောလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာ့ရိုးရာ ပဲငါးပိလုပ်ငန်းတစ်ခုဖြစ်လာသည်။ ထို့ပြင် ပဲပုပ်မှ ပဲနို့ရည်၊ ပဲနို့ဒိန်ခဲ၊ ဆော့စ်၊ ကော်ဖီ၊ ကိတ်၊ စည်သွတ်ဘူး၊ကြာညို့ စသည်တို့ ပြုလုပ်နိုင်ပြီး ပဲပုပ်စေ့ကိုကြိတ်၍ ပဲပုပ်ဆီကိုလည်း  ထုတ်လုပ်နိုင်သည်။

ပဲပုပ်သီးနှံ   လူသုံးကုန်တန်ဖိုးမြှင့်ထုတ်ကုန်များ

ပဲပုပ်သီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်သည်။ ပဲပုပ်ဆီမှ စာရေးမင်၊ ပုံနှိပ်မင်၊ ဆပ်ပြာ၊ ရော်ဘာတု၊ ဓာတ်ဆီ၊ ဇီဝဒီဇယ်၊ ပလတ်စတစ်၊ ခဲတံ၊  အရောင်တင်ဆီ၊ အိမ်သုတ်ဆေး၊ ပိုးမွှားသတ်ဆေး၊ ကြွေဆေး၊   ဆီစိမ်စက္ကူ၊ သားရေတု၊ ဖယောင်းတိုင်၊ သိုးမွှေးတု၊ သုတ်ဆေး၊ အလှကုန်ပစ္စည်းအမျိုးမျိုး စသည့်လူ့အသုံးအဆောင်ပစ္စည်းအမျိုးအစားပေါင်း၂၀၀၀ ခန့်ကို ထုတ်လုပ်နိုင်သည်။

ပဲပုပ်သီးနှံပင် ကြွင်းကျန်ပင်များ၏ အသုံးဝင်မှု

ပဲပုပ်သီးနှံကို အဓိကစိုက်ပျိုးကြခြင်းမှာ ပဲပုပ်စေ့ကို   ထုတ်လုပ်ရန်ဖြစ်သည်။ပဲပုပ်စေ့ကိုထုတ်လုပ်ပြီးနောက် ကျန်ရစ်ခဲ့သော ပဲပုပ်ပင်၏ အမြစ်၊   အရိုးများ၊ အရွက်များကိုလည်း လူသားတို့အကျိုးအတွက် အသုံးချနိုင်သည်။  ပဲပုပ်ပင်၏အမြစ်နှင့်အရိုးများကို ထင်းအဖြစ်အသုံးပြုနိုင်သည်။ အမြစ်၊ အရိုး၊ အရွက်အပါအဝင်အပင်အကြွင်းအကျန်အားလုံးကို  မြေဆွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ် ပြုလုပ်အသုံးပြုနိုင်သည်။ ပဲပုပ်စေ့ကို ကြိတ်၍ ဆီထုတ်လုပ်ရာမှကျန်ရစ်ခဲ့သော ပဲပုပ်ဆီကြိတ်ဖတ်များကို   တိရစ္ဆာန်အစားအစာအဖြစ်အသုံးပြုနိုင်သည်။

ပဲပုပ်ဇီဝဒီဇယ်ထုတ်လုပ်ခြင်း

တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းလမ်းများတွင် လယ်ယာအခြေခံ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနည်းလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။   ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ နေရောင်ခြည်(သို့)လေကဲ့သို့  အမြဲတမ်းပြန်လည်ဖြည့်ပေးသော သဘာဝနှင့်ပြန်လည်ပြည့်ဖြိုးသော အရင်း အမြစ်မှ ထုတ်လုပ်သော စွမ်းအင်ကိုခေါ်သည်။ ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးမျိုးကို ကျေးလက်ဒေသများတွင် နည်းလမ်းမျိုးစုံဖြင့် ထုတ်လုပ်လျက်ရှိရာ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်မှစ၍   ဇီဝစွမ်းအင်များအထိ ထုတ်လုပ်ကြသည်။ ပြည့်ဖြိုးမြဲစွမ်းအင်များသည် မြေမှထုတ်ယူရရှိသော သဘာဝလောင်စာများကို  အစားထိုးသုံးစွဲနိုင်ပြီး ရေရှည်ကာလတွင်  စွမ်းအင်ဖူလုံမှုကို ဖြစ်စေသည်။

ရေနံထုတ်ကုန်များပြတ်လပ်မှုကြောင့်ဇီဝဒီဇယ်များသည် လောင်စာဆီအရင်း အမြစ်တစ်ခုအဖြစ် လူအများပိုမိုစိတ်ဝင်စားလာကြသည်။ ဇီဝဒီဇယ်၏ ကောင်းကျိုးများမှာ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ခြင်း၊  ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုဖြစ်ခြင်း၊ ကာဗွန်ထုတ်လုပ်မှုနည်းခြင်းနှင့်  အဆိပ်အတောက်ကင်းမဲ့ခြင်းတို့ဖြစ်ပြီး  ဇီဝဒီဇယ်ကို  သာမန်ဒီဇယ်အင်ဂျင်များတွင်    အသုံးပြုနိုင်သည်။ ဇီဝဒီဇယ်ကို ယေဘုယျအားဖြင့် ဆီပါဝင်မှု မြင့်မားသော သီးနှံများမှ ထုတ်လုပ်နိုင်သည်။ ဇီဝဒီဇယ်ထုတ်လုပ်ရန် အဓိကအသုံးပြုသော သီးနှံများမှာ အမေရိကန်နိုင်ငံတွင် ပဲပုပ်၊ ဥရောပတိုက်တွင် ဆီမုန်ညင်း၊ အရှေ့တောင်အာရှဒေသရှိ အပူပိုင်းဒေသများတွင် အုန်းထန်း၊ အပူပိုင်းဇုန်နှင့်အပူလျော့ပိုင်းဇုန်များတွင် ကြက်ဆူ စသည်ဖြင့် နိုင်ငံအလိုက်သုံးကြပြီး အခြားသီးနှံများအနေဖြင့် နေကြာ၊ ဝါစေ့၊ မှော်ပင်ရေညှိ၊ ပြောင်း၊ မြေပဲတို့ဖြစ်သည်။

အမေရိကန်နိုင်ငံတွင်  ၂၀၁၈ ခုနှစ်စာရင်းအရ ဇီဝဒီဇယ်ကို ပဲပုပ်ဆီမှ အများဆုံး ထုတ်လုပ်ပြီး စုစုပေါင်းထုတ်လုပ်မှု၏၅၄ ရာခိုင်နှုန်းရှိသည်။ ယေဘုယျအားဖြင့် ပေါင် ၆၀ ရှိသော ပဲပုပ်တစ်တင်းသည် ဇီဝဒီဇယ် ၁ ဒသမ ၅ ဂါလန်ကို ထုတ်လုပ်နိုင်ပြီး ပဲပုပ်တစ်ဧကမှာ ပဲပုပ်စေ့ တင်း ၄၀ ထွက် လျှင် ဇီဝဒီဇယ် ဂါလန် ၆၀ ထွက်နိုင်သည်။

အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သင့်

စိုက်ပျိုးရေးသည်     နိုင်ငံတစ်နိုင်ငံအတွက်   အလုံးစုံဖွံ့ဖြိုးတိုးတက်မှု၏အခြေခံဖြစ်သည်။ ပဲပုပ်သီးနှံသည် တန်ဖိုးမြှင့်ထုတ်ကုန်များစွာကို ထုတ်လုပ်နိုင်သောကြောင့်  ပဲပုပ်သီးနှံစိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်သင့်သည်။ သို့သော် ပဲပုပ်သီးနှံမှတန်ဖိုးမြှင့်ထုတ်ကုန်    ထုတ်လုပ်ရန်နည်းပညာလိုအပ်သည်ကိုတော့  မမေ့သင့်ပေ။  ထိုလိုအပ်သောနည်းပညာကိုကောင်းစွာ ကျွမ်းကျင်တတ်မြောက်လျှင်ပဲပုပ်သီးနှံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်သည့်အတွက် အသေးစား၊ အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ်များစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက်စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ် စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းများမှ  ထွက်ရှိလာသည့် သီးနှံထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ပဲပုပ်သီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်သကဲ့သို့တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်နည်းပညာများကိုလည်း ရှာဖွေဖော်ထုတ်ရန်လိုအပ်သည်။ ထို့ကြောင့်  စိုက်ပျိုးရေးသုတေသနပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊  စိုက်ပျိုးပညာပေးရေးပညာရှင်များအပါအဝင်စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးတွင်     ပါဝင်ပတ်သက်သူများအားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သင့်ပါကြောင်းအကြံပြုတင်ပြလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

 

အမိနိုင်ငံ၏စစ်မှန်သောအား

Posted_Date

Image

အမိနိုင်ငံ၏စစ်မှန်သောအား

Body

နိုင်ငံ၏အားဆိုသည်မှာ

နိုင်ငံ၏အားသည် ပြည်တွင်းမှာသာရှိသည်ဟုအဆိုရှိသည်။  နိုင်ငံ၏အားဆိုသည်မှာ နိုင်ငံအတွင်းမှီတင်းနေထိုင်သောနိုင်ငံသားများကို  ဆိုလိုခြင်းဖြစ်သည်။  သို့သော်  နိုင်ငံသားတိုင်းသည်နိုင်ငံ၏အားများမဟုတ်ကြ။ အမိနိုင်ငံအပေါ်   မှန်ကန်သောယုံကြည်ချက်၊ခံယူချက်များဖြင့် ရပ်တည်နေကြသူများကသာ နိုင်ငံ၏အားများဖြစ်ကြသည်။ အမိနိုင်ငံအပေါ် မှားယွင်းသောယုံကြည်ချက်၊ ခံယူချက်များဖြင့်ရပ်တည်နေကြသူများသည်  နိုင်ငံ၏အားများမဟုတ်ကြပါ။ နိုင်ငံအားပျက်စီးအောင် ဖျက်ဆီးမည့် အဖျက်သမားများသာဖြစ်ကြသည်။ နိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊  ခံယူချက်ဖြင့် ရပ်တည်နေသော နိုင်ငံသားများသည် အမိနိုင်ငံအတွက် ကောင်းကျိုးအဖြာဖြာကိုဆောင်ရွက်ပြီး ဆိုးကျိုးအဖြာဖြာကို ကာကွယ်တားဆီးပေးသည်။ ဤသို့မှန်ကန်မွန်မြတ်စွာ ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့်နိုင်ငံ၏အားကြံ့ခိုင်လာသည်။ ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး ကျွန်ုပ်တို့သည် အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊  ခံယူချက်များဖြင့် အစဉ်ရပ်တည်နေကြရမည်။ ဤသို့ရပ်တည်ပြီး အမိနိုင်ငံအတွက် ကောင်းကျိုးအဖြာဖြာကိုဆောင် ရွက်ပြီး ဆိုးကျိုးအဖြာဖြာကို ကာကွယ်တားဆီးပေးနေရမည်။  ဤသို့မှန်ကန်မွန်မြတ်စွာ  အစဉ်ကြိုးပမ်းဆောင်ရွက်နေပါက ကျွန်ုပ်တို့သည် အမိနိုင်ငံ၏အားများအဖြစ်သို့  ရောက်ရှိလာကြမည်ဖြစ် သည်။

ယုံကြည်ချက်၊  ခံယူချက်မှန်ကန်ခြင်း၏အကျိုးတရား

မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်သည် မှန်ကန်သောအသိ၊ မှန်ကန်သောအယူအဆ၊ မှန်ကန်သောစဉ်းစားဆင်ခြင်မှုတို့ကိုအခြေခံ၍  ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ်  မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်နေခြင်းသည် အမိနိုင်ငံအပေါ် မှန်ကန်သော အသိ၊ မှန်ကန်သောအယူအဆ၊  မှန်ကန်သောစဉ်းစားဆင်ခြင်မှုတို့ဖြင့် ရပ်တည်နေခြင်းသဘောပင်ဖြစ်သည်။    ဤသို့ ရပ်တည်နေမှုကြောင့် အမိနိုင်ငံအတွက် အမှားဟူသမျှကိုရှောင်၍ အမှန်ဟူသမျှကို ဆောင်ရွက်သည်။ မကောင်းမှုဟူသမျှကိုရှောင်၍ ကောင်းမှုဟူသမျှကိုဆောင်ရွက်သည်။  ထို့ကြောင့်  အမိနိုင်ငံအနေဖြင့် ကောင်းကျိုးအဖြာဖြာကို   ရရှိခံစားရသည်။ မိမိနိုင်ငံအပေါ်   မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါကဖြစ်ပေါ်လာမည့် ကောင်းကျိုးတရားများစွာရှိသည်။ ယင်းတို့အနက်မှ အဓိကအချက်များကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုသည်။

နိုင်ငံ၏အား ကြံ့ခိုင်မြင့်မားလာခြင်း

အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့် ကောင်းကျိုးတစ်ခုမှာ အမိနိုင်ငံ၏အား ကြံ့ခိုင်မြင့်မားလာခြင်းဖြစ်သည်။ မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် တညီတညွတ်တည်းရပ်တည်နေမှုကြောင့် တစ်ဦးနှင့်တစ်ဦး အသိ၊ အယူအဆ၊ စဉ်းစားဆင်ခြင်မှုခြင်း ခြားနားမှုမရှိတော့ဘဲ တူညီလာကြသည်။ ဤသို့ အသိ၊ အယူအဆ၊ စဉ်းစားဆင်ခြင်မှုခြင်းတူညီမှုရှိခြင်းကြောင့်  တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှုရှိလာကြသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိနေခြင်းကို အကြောင်းပြု၍တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အားကိုးလာကြသည်။  တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အားကိုးနေမှုကို အကြောင်းပြု၍ အချင်းချင်းစည်းလုံးလာကြသည်။ အချင်းချင်းစည်းလုံးမှုကိုအကြောင်းပြု၍  နိုင်ငံ ၏အား ကြံ့ခိုင်မြင့်မားလာသည်။ ဤသို့ နိုင်ငံ၏အား  ကြံ့ခိုင်မြင့်မားလာခြင်း၏မူလပင်မအကြောင်းအရာမှာ အမိနိုင်ငံအပေါ်မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ်မှန်ကန်သော ယုံကြည်ချက်၊  ခံယူချက်များဖြင့်    ကျွန်ုပ်တို့ခိုင်မာ ပြတ်သားစွာ ရပ်တည်နေသည်နှင့်အမျှ   အမိနိုင်ငံ၏အားသည် ကြံ့ခိုင်မြင့်မား၍နေမည်ဖြစ်သည်။

နိုင်ငံတည်ငြိမ်အေးချမ်းလာခြင်း

အမိနိုင်ငံအပေါ်  ကျွန်ုပ်တို့မှန်ကန်သော   ယုံကြည်ချက်၊   ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့်ကောင်းကျိုးတစ်ခုမှာ   အမိနိုင်ငံတည်ငြိမ်အေးချမ်းလာခြင်းဖြစ်သည်။  အမိနိုင်ငံအပေါ်မှန်ကန်သော  ယုံကြည်ချက်၊ ခံယူချက်များဖြင့် တညီတညွတ်တည်း ကျွန်ုပ်တို့ရပ်တည်နေမှုကြောင့် စိတ်ဝမ်းကွဲပြားမှုမရှိတော့ဘဲ တစ်စိတ်တစ်ဝမ်းတည်းဖြစ်လာကြသည်။ တစ်စိတ်တစ်ဝမ်းတည်းရှိနေမှုကြောင့် အချင်းချင်းညီညွတ်ချစ်ခင်လာကြသည်။ အချင်းချင်းညီညွတ်ချစ်ခင်နေမှုကြောင့် အချင်းချင်းအပြန်အလှန်ကူညီပေးမှု၊  ကာကွယ်စောင့်ရှောက်မှု၊ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လာကြသည်။ အမိနိုင်ငံ ကြုံတွေ့နေရသော ပြဿနာအခက်အခဲ၊  အကျပ်အတည်း အန္တရာယ်များကို   တက်ညီလက်ညီစုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းကြသည်။ဤသို့အသိတရားကြီးမားစွာ  ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် အမိနိုင်ငံတည်ငြိမ်အေးချမ်းလာသည်။   ဤသို့ အမိနိုင်ငံတည်ငြိမ်အေးချမ်းလာခြင်း၏ မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ်မှန်ကန်သောယုံကြည်ချက်၊   ခံယူချက်များဖြင့်  ကျွန်ုပ်တို့ခိုင်မာပြတ်သားစွာရပ်တည်နေသည်နှင့်အမျှ   အမိနိုင်ငံတည်ငြိမ်အေးချမ်းနေမည်ဖြစ်သည်။ 

နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်း

အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့်  ကောင်းကျိုးတစ်ခုမှာ အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊   ခံယူချက်များဖြင့်ရပ်တည်နေမှုကြောင့် အမိနိုင်ငံအား မိမိတို့၏အသက်ထက် ပိုမိုလေးစားတန်ဖိုးထားမြတ်နိုးသည်။ မိမိတို့ယခုကဲ့သို့ တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ခြင်းသည် အမိနိုင်ငံတည်ရှိနေသောကြောင့်ဖြစ်သည်ဟု  ယုံကြည်သည်။ အမိနိုင်ငံသည် မိမိတို့နိုင်ငံသားများ၏ဘဝ၊ အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်လျှင် မိမိတို့၏ဘဝလည်း ဖွံ့ဖြိုးတိုးတက်မည်။ အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံသားတိုင်းက အစဉ်ကြိုးပမ်းဆောင်ရွက်ပေးနေရမည်ဟု ခံယူသည်။ ဤသို့ ယုံကြည်ချက်၊ ခံယူချက်အတိုင်း မိမိတို့၏ဘဝအချိန်နှင့်ကာလများကို အမိနိုင်ငံအကျိုးအတွက် အပြည့်အဝအသုံးချသည်။   အမိနိုင်ငံကောင်းကျိုးအတွက် စွန့်လွှတ်စွန့်စားမှုအမျိုးမျိုး၊ ပေးဆပ်အနစ်နာခံမှုအမျိုးမျိုးကို ပြုလုပ်ကြသည်။  ဤသို့စိတ်ဓာတ်မြင့်မားစွာ စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် အမိနိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်။ ဤသို့အမိနိုင်ငံဖွံ့ဖြိုးတိုးတက်လာရခြင်း၏   မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ ခိုင်မာပြတ်သားစွာရပ်တည်နေသည်နှင့်အမျှ   အမိနိုင်ငံဖွံ့ဖြိုးတိုးတက်နေမည် ဖြစ်သည်။

နိုင်ငံနှင့်လူမျိုး၏  စိတ်ဓာတ်ကြံ့ခိုင်လာခြင်း

အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့် ကောင်းကျိုးတစ်ခုမှာ နိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ်ကြံ့ခိုင်မြင့်မားလာခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊  ခံယူချက်များဖြင့် ရပ်တည်နေမှုကြောင့် လောကနှင့်ပတ်ဝန်းကျင်ကြီး၏ ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊ အတားအဆီးအနှောင့်အယှက်အမျိုးမျိုးပေးမှု စသည်တို့ကို အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ပြီး အမိန့်၊ တာဝန်၊ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာဆောင်ရွက်သည်။ လောကနှင့်ပတ်ဝန်းကျင်ကြီးက မည်သို့ပင်စည်းရုံးသိမ်းသွင်းမက်လုံးပေးနေစေကာမူ အမိနိုင်ငံအပေါ်စောင့်သိရမည့်သစ္စာ၊ ထိန်းသိမ်းရမည့်ကျင့်ဝတ်၊ ပေးဆပ်ရမည့်   ကျေးဇူးတရားများကို အကျေပေးဆပ်သည်။ မည်သို့သောအခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့နေရစေကာမူ တာဝန်နှင့်ဂုဏ်သိက္ခာကို မစွန့်လွှတ်ဘဲ   အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်သည်။  အသက်ရှင်သန်ရေးအတွက်   မိမိ၏မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်ကို စွန့်လွှတ်ပစ်ပယ်သူအဖြစ်   ရှက်ဖွယ်ကောင်းစွာမရပ်တည်ဘဲ   မိမိ၏မှန်ကန်သောယုံကြည်ချက်၊  ခံယူချက်အတွက်အသက်ကိုစွန့်လွှတ်သူအဖြစ် ဂုဏ်ယူဖွယ်ကောင်းစွာ ရပ်တည်သည်။ ဤသို့ခိုင်မာပြတ်သားသောစိတ်ဓာတ်များဖြင့်အစဉ်ရပ်တည်နေမှုကြောင့် နိုင်ငံနှင့်လူမျိုးစိတ်ဓာတ်   ကြံ့ခိုင်မြင့်မားလာသည်။ ဤသို့နိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ် ကြံ့ခိုင်မြင့်မားလာရခြင်း၏ မူလပင်မအကြောင်းတရားမှာ  အမိနိုင်ငံအပေါ်မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။   အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့်  ကျွန်ုပ်တို့ ခိုင်မာပြတ်သားစွာရပ်နေသည်နှင့်အမျှ  အမိနိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ်သည် ကြံ့ခိုင်မြင့်မားနေမည်ဖြစ်သည်။

နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာမြင့်မားလာခြင်း

အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့်ကောင်းကျိုးတစ်ခုမှာနိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာ မြင့်မားလာခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော  ယုံကြည်ချက်၊ ခံယူချက်များဖြင့် ရပ်တည်နေမှုကြောင့်  မည်သည့်အမှားကိုမျှ  မကျူးလွန်ဘဲ  အမှန်ဟူသမျှကိုရွေးချယ်ပြုမူဆောင်ရွက်သည်။  ဤသို့မှန်ကန်စွာအမှားဟူသမျှကို   ရှောင်၍ အမှန်ဟူသမျှကို ဆောင်ရွက်နေမှုကြောင့် အသိပညာမြင့်မားသော နိုင်ငံနှင့်လူမျိုးအဖြစ်  အသိအမှတ်ပြုခြင်းခံရသည်။ထို့အတူ ချမှတ်ပေးထားသော ရည်မှန်းချက်ပန်းတိုင်၊ လုပ်ငန်းတာဝန်ဟူသမျှကိုအခက်အခဲအမျိုးမျိုးကြားမှ သတ်မှတ်လျာထားချက်ထက် များစွာကျော်လွန်အောင်ဆောင်ရွက်သည်။ ဤသို့ စွမ်းစွမ်းတမံအောင်မြင်စွာ ဆောင်ရွက်နေမှုများကြောင့် စွမ်းရည်မြင့်မားသောနိုင်ငံနှင့်လူမျိုးအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ထို့အတူ အဆုံးအမတရားများနှင့်အညီ မကောင်းမှုမှန်သမျှကိုရှောင်၍ကောင်းမှုမှန်သမျှကို  မပျက်မကွက်ဆောင်ရွက်သည်။   မိမိစောင့်သိရမည့်သစ္စာ၊ မိမိပေးထားသော နှုတ်ကတိများကို  မည်သည့်အခါမှ မဖောက်ဖျက်ဘဲတိကျစွာလိုက်နာပြုမူသည်။ ဤသို့ပြုမူနေခြင်းကြောင့် ရိုးသားတည်ကြည်ဖြောင့်မတ်သော နိုင်ငံနှင့်လူမျိုးအဖြစ်အသိအမှတ်ပြုခြင်းခံရသည်။ ဤကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာမြင့်မားလာခြင်းဖြစ်သည်။           

ဤသို့ နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာ မြင့်မားလာရခြင်း၏မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့်  ကျွန်ုပ်တို့ခိုင်မာပြတ်သားစွာရပ်တည်နေသည်နှင့်အမျှ နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာသည် မြင့်မား၍နေမည်ဖြစ်သည်။

အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့် ကောင်းကျိုးတစ်ခုမှာ နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်မပျက်ဘဲ ဆက်လက်တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ရပ်တည်နေမှုကြောင့် မိမိတို့၏ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကို အသက်တမျှ လေးစားတန်ဖိုးထားမြတ်နိုးသည်။ မိမိတို့   ယခုကဲ့သို့ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ခြင်းသည် မိမိတို့နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကြောင့်ဖြစ်သည်ဟု အလေးအနက်ယုံကြည်သည်။ယဉ်ကျေးမှုနှင့်   အမျိုးသားရေးစရိုက်လက္ခဏာများ တဖြည်းဖြည်းတိမ်ကောပပျောက်နေခြင်းသည် နိုင်ငံနှင့်လူမျိုး တိမ်ကောပပျောက်မည့်  ရှေ့ပြေးနိမိတ်ဖြစ်သည်။  ထို့ကြောင့်  မပျက်မကွက်ထိန်းသိမ်းနေရမည်ဟုခံယူသည်။ ဤသို့ယုံကြည်ချက်၊ ခံယူချက်အတိုင်း မိမိတို့၏အမျိုးသားရေး  စရိုက်လက္ခဏာများကိုစွမ်းအားကုန် ကာကွယ်စောင့်ရှောက်သည်။ တိုင်းတစ်ပါးယဉ်ကျေးမှုများ၏လွှမ်းမိုးမှုမှန်သမျှကို   အသိသတိကြီးစွာကာကွယ်တားဆီးသည်။ ဤသို့ကာကွယ်တားဆီးနေမှုကြောင့် နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့်  အမျိုးသားရေးစရိုက်လက္ခဏာများ  ပျောက်ပျက်မသွားဘဲ ဆက်လက်တည်တံ့ခိုင်မြဲနေသည်။ ဤသို့ဆက်လက်တည်တံခိုင်မြဲနေရခြင်း၏မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သော  ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသော ကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ ခိုင်မာပြတ်သားစွာ ရပ်တည်နေသည်နှင့်အမျှ    နိုင်ငံနှင့်လူမျိုး၏ယဉ်ကျေးမှုနှင့်   အမျိုးသားရေးစရိုက်လက္ခဏာများ   ပျောက်ပျက်မသွားဘဲဆက်လက်တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် ဖော်ပြလိုသည်မှာ ကျွန်ုပ်တို့အားလုံး အမိနိုင်ငံအပေါ် မှန်ကန်သော  ယုံကြည်ချက်၊  ခံယူချက်များဖြင့် ခိုင်မာပြတ်သားစွာ အစဉ်ရပ်တည်နေကြပါက အမိနိုင်ငံအနေဖြင့် နိုင်ငံ၏အားကြံ့ခိုင်မြင့်မားလာခြင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းလာခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ်ကြံ့ခိုင်လာခြင်း၊ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာမြင့်မားလာခြင်း၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေး   တည်တံ့ခိုင်မြဲခြင်းဟူသောအားများကို  ပိုင်ဆိုင်လာသည်။  ဤသို့အားအမျိုးမျိုးကို ပိုင်ဆိုင်လာမှုကြောင့် အမိနိုင်ငံအနေဖြင့် အင်အားကြံ့ခိုင်မြင့်မားလာသည်။ ဤသို့အင်အားကြံ့ခိုင်မြင့်မားသောနိုင်ငံအဖြစ် အစဉ်ထာဝရရပ်တည်သွားနိုင်ရန်အတွက်  ကျွန်ုပ်တို့သည် အမိနိုင်ငံ၏အားများအဖြစ် အစဉ်ရပ်တည်ပေးနေရမည်။   အမိနိုင်ငံ၏အားအဖြစ် ရပ်တည်သွားနိုင်ရန်အတွက် ကျွန်ုပ်တို့အစဉ်လိုက်နာကျင့်ကြံနေရမည့် နည်းလမ်းမှာ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊  ခံယူချက်များဖြင့်  အစဉ်ထာဝရ  ရပ်တည်ပေးနေခြင်းပင်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ခံယူချက်များဖြင့် အစဉ်ထာဝရ ရပ်တည်နေသည်နှင့်အမျှ ကျွန်ုပ်တို့သည် အမိနိုင်ငံ၏အားဟူသောဘဝကို   ဂုဏ်ယူဖွယ်ကောင်းစွာ ပိုင်ဆိုင်ထားနိုင်မည်ဖြစ်ပါကြောင်း  ဖော်ပြအပ်ပါသည်။   ။

Source: https://myawady.net.mm/stories

 

ကိုယ့်ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာတွေ သင်သတိထားမိရဲ့လား

Posted_Date

Image

ကိုယ့်ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာတွေ သင်သတိထားမိရဲ့လား

Body

သင်သိပါသလား။ သင့်ခန္ဓာကိုယ်မှာသွေးကြောတွေရဲ့အရှည်က မိုင်ပေါင်း ၆၀,၀၀၀လောက်ရှိတယ်ဆိုတာ။ နှလုံးနဲ့ တခြားကြွက်သားတွေကြားမှာ ဒီသွေးကြောတွေနဲ့သွေးလည်ပတ်မှုစနစ်ဖြစ်ပေါ်နေတာပါ။ အဲဒီသွေးကြောကွန်ရက် ကြီးက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အစွန်အဖျားတိုင်းအထိ သွေးပို့လွှတ်လည်ပတ်နေတာမို့ သွေးလည်ပတ်မှု မကောင်းရင် သွေးအရောက်နှေးတာ၊ ပိတ်ဆို့တာတွေဖြစ်လာနိုင်တယ်။ ဒီလိုဆို ခန္ဓာကိုယ်ထဲကဆဲလ်တွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ အလုံအလောက်မရနိုင်တော့ပါဘူး။

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အရမ်းနေထိုင်မကောင်းလောက်အောင် သိသာတဲ့လက္ခဏာမပြပါဘူး။ ဟို နည်းနည်း၊ ဒီနည်းနည်းနဲ့ဖြစ်နေတာ သိပ်ပြီးသတိမထားမိကြပါဘူး။ အရေးကြီးတာက လက္ခဏာ သိသာတာ ဖြစ်ဖြစ်၊ မသိသာတာဖြစ်ဖြစ် သွေးလည်ပတ်မှုမကောင်းတာ အန္တရာယ်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်ပြပြီး အကြံပြုချက်အတိုင်းလိုက်နာနေထိုင်ပါ။

သွေးလည်ပတ်မှုမကောင်းရင် ဘာလက္ခဏာတွေပြတတ်လဲ

ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အဖြစ်များဆုံးလက္ခဏာကတော့ လက်ဖျားခြေဖျားတွေမှာ ထုံတာ၊ ကျဉ်တာပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကို တစုံတခုကြောင့် အဟန့်အတားဖြစ်စေတဲ့အခါ ခြေဖျားလက်ဖျားတွေဆီကို အလုံအလောက်သွေးမရောက်နိုင်တော့ပါဘူး။ အဲဒီမှာ ထုံကျဉ်မှုကိုခံစားရတော့တာပါပဲ။

ခြေဖျားလက်ဖျားအေးတာ

ခြေထောက်နဲ့လက်ကိုသွေးရောက်ရှိမှုနည်းနေတဲ့အခါ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပိုအေးနေတတ် ပါတယ်။ ရှိသင့်တဲ့နှုန်းနဲ့သွေးမရောက်ရှိနိုင်တာကြောင့် ခြေနဲ့လက်အဖျားက အရေပြားနဲ့အာရုံကြောအစွန်းတွေမှာ အပူချိန်အတက်အကျရှိစေနိုင်ပါတယ်။

ဖောရောင်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတချို့မှာ အရည်တွေစုလာစေနိုင်ပါတယ်။ အဲဒီအခါ ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်တို့မှာ edema လို့ခေါ်တဲ့ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။

Edema က နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓာကိုယ်အနှံ့ကို သွေးအလုံအလောက် လည်ပတ်မပို့လွှတ်နိုင်တဲ့အခါ ဒီလိုဖြစ်လာနိုင်တာပါ။ ခန္ဓာကိုယ်အောက်ပိုင်းဧရိယာတွေမှာ သွေးတွေစုလာတဲ့အခါ ဖောရောင်ခြင်းတွေဖြစ်လာတာပါ။ ဖိအားတွေဖြစ်လာပြီးသွေးကြောထဲက အရည်တွေကို ဘေးတဝိုက်က တစ်ရှူးတွေဆီရောက်ရှိစေပါတယ်။

ဖောရောင်ခြင်းလက္ခဏာတွေက –

လေးလံပြီးရောင်ရမ်းတာ၊

အရေပြားတင်းပြီး ပူနေတာ၊

အဆစ်အမြစ်တောင့်တင်းတာ၊

နာကျင်တာ တို့ပါဝင်ပါတယ်။

တချို့မှာဆို အဝတ်အစားကျပ်နေတာ(ဝလာတာမဟုတ်ဘဲ)၊ လက်ဝတ်လက်စားတွေ ကျပ်နေတာမျိုး သတိထားမိ တတ်ပါတယ်။

ဦးနှောက်မှတ်ဉာဏ်ပြဿနာဖြစ်လာတာ

သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်ပြီး မေ့လျော့လွယ်တာ၊ အာရုံစူးစိုက်ရ ခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက –

ဦးနှောက်ကိုသွေးအရောက်နည်းတာ၊

ခန္ဓာကိုယ်အနှံ့ကို ပို့ထုတ်ပေးလိုက်တဲ့သွေးပမာဏမလုံလောက်တာ၊

သွေးဖိအားအပြောင်းအလဲဖြစ်တာတွေကြောင့်လည်း ပါဝင်ပါတယ်။

အစာခြေစနစ်ပြဿနာရှိလာတာ

အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်ကသွေးလည်ပတ်မှုကို အားထားရတာမို့ သွေးလည်ပတ်မှုမကောင်းရင် ဝမ်းဗိုက်ရဲ့ သွေးကြောတွေရဲ့ အမြှေးပါးနံရံအတွင်း အဆီတွေစုလာနိုင်တယ်။ သွေးရောက်ရှိမှုနည်းခြင်းနဲ့ဆိုင်တဲ့ အစာခြေ ပြဿနာတွေက –

ဗိုက်အောင့်တာ၊

ဝမ်းပျက်ဝမ်းလျှောတာ၊

ဝမ်းမှာသွေးပါတာ၊ ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။

မောပန်းနုံးချိနေတာ

သွေးလည်ပတ်မှုမကောင်းရင် နှလုံးက ပိုညှစ်ရတယ်၊ ပိုအလုပ်လုပ်ရတဲ့အတွက် ဘာမှမလုပ်ဘဲတောင် ပိုပြီး မောပန်းအားကုန်ရပါတယ်။

အရိုးအဆစ်နဲ့ကြွက်သား နာကျင်ကိုက်ခဲတာ

ခြေထောက်နဲ့လက်မှာသွေးလည်ပတ်မှုမကောင်းရင် နာကျင်ကိုက်ခဲမှုတွေဖြစ်စေနိုင်တယ်။ ထိုင်တာ၊ မတ်တပ် ရပ်တာ ကြာသွားတယ်ဆို နာကျင်တောင့်တင်းမှုက ပိုဆိုးတတ်ပါတယ်။

အသားအရောင်ပြောင်းလဲတာ

ခန္ဓာကိုယ်တစ်ရှူးတွေဆီကို သွေးအလုံအလောက်မရောက်ရှိနိုင်တဲ့အခါ အသားအရေကဖြူဖျော့တာ ဒါမှမဟုတ် ပြာတာတာဖြစ်လာနိုင်တယ်။ ဆံချည်မျှင်သွေးကြောတွေကနေ သွေးတွေယိုလာတဲ့အခါ အဲဒီဧရိယာလေးတွေမှာ ပြာနှမ်းသလိုဖြစ်လာနိုင်တယ်။ အသားအရောင်ပြောင်းလဲနိုင်တဲ့ အပိုင်းတွေက –

နှာခေါင်း၊

နှုတ်ခမ်း၊

နားရွက်၊

ရင်သားထိပ်၊

လက်ဖျား၊

ခြေဖျား တို့ဖြစ်ပါတယ်။

ခြေထောက်အနာလေးတွေဖြစ်တာ

ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးတွေစုအိုင်လာတဲ့အခါ အရေပြားအောက်မှာရောင်ရမ်းတာနဲ့ အနာလေးတွေ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

သွေးကြောထုံးတာ

သွေးလည်ပတ်မှုမကောင်းလို့သွေးကြောထုံးတာကမြင်သာပါတယ်။ သွေးကြောထုံးခြင်းကြောင့် နှလုံးကို သွေးပြန် ပို့ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်စေနိုင်ပါတယ် –

ခြေထောက်မှာလေးလံနေတာ၊

ခြေထောက်မှာ နာကျင်တာ၊

ယားယံတာ၊

ရောင်ရမ်းတာ၊

အရေပြားမှာသွေးကြောထုံးတဲ့အရာလေးတွေမြင်နေရတာ စတာတွေပါဝင်ပါတယ်။

ဒီလိုဖြစ်တာကတော့ အချိန်ကြာရှည် မတ်တပ်ရပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှု ကောင်းချင်ရင် အကောင်းဆုံးက ကိုယ်လက်လှုပ်ရှားမှုအတွက်အချိန်ပေးပါ။ လမ်းမလျှောက်နိုင်၊ အားကစား မလုပ်နိုင်ရင်တောင်မှခြေထောက်လေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်းလေးတွေ၊သွေးပူလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးဖို့လိုပါမယ်။

ကိုးကား- Hello ဆရာဝန်

 

သွေးလည်ပတ်မှုကောင်းစေမယ့် နည်းလမ်း (၅) သွယ်

Posted_Date

Image

သွေးလည်ပတ်မှုကောင်းစေမယ့် နည်းလမ်း (၅) သွယ်

Body

လူ့ခန္ဓာကိုယ်အနှံ့ကို သွေးကြောတွေနဲ့ ကွန်ရက်ဖြန့်ကြက်လွှမ်းခြုံထားတဲ့ သွေးလည်ပတ်မှုစနစ်က ကျန်းမာရေး အတွက် သိပ်ကိုအရေးကြီးပါတယ်။သွေးလည်ပတ်မှုမကောင်းခြင်းက အဝလွန်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုရောဂါတို့လို တခြားကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေ နိုင်ပါတယ်။

ဒါတွေမဖြစ်အောင် သွေးလည်ပတ်မှုကောင်းချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမယ့် (၃) ချက်ရှိတယ် –

(၁) ဆေးလိပ်မသောက်ပါနဲ့။

(၂) အဆီများတာတွေလျှော့စားပါ။

(၃) အချိန်အကြာကြီး ထိုင်မနေပါနဲ့။

နေ့စဉ်သွားလာနေထိုင်မှုပုံစံတွေထဲ ဒီအချက်တွေကို ဂရုစိုက်ပေးရင်သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

(၁) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်သိပ်မများ၊ သိပ်မနည်းဘဲ ပုံမှန်ထိန်းထားနိုင်တယ်ဆိုရင် သွေးလည်ပတ်မှုပိုကောင်းစေနိုင်တယ်။ လူတစ်ယောက်က ကိုယ်အလေးချိန်များနေတယ်ဆိုရင်သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

(၂) လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားမှုတော့ ပုံမှန်ရှိသင့်ပါတယ်။ အားကစားတွေ၊ workout တွေမလုပ်နိုင်ရင်တောင် ခပ်ဖွဖွ ပြေးတာ၊ သွေးပူလေ့ကျင့်ခန်းလုပ်တာလောက်တော့ လုပ်သင့်ပါတယ်။ ယောဂ ကစားတာကလည်း လှုပ်ရှားမှု မျိုးစုံ ပါဝင်တာမို့ ခပ်ပျော့ပျော့နဲ့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သွေးပြန်ကြောတွေကို ဖိလိုက် လွှတ်လိုက် လုပ်ရင် လှုပ်ရှားမှုတွေဖြစ်စေတာမို့ သွေးလည်ပတ်မှုကိုလည်း ပိုကောင်းစေပါတယ်။ သုတေသနတွေ အရယော ဂကစားခြင်းက နှလုံးသွေးကြောစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်တို့အတွက် အကျိုးရှိတယ်လို့တွေ့ရှိထားပါတယ်။

(၃) အဆီများတဲ့ငါး စားပါ

အကျိုးပြုအဆီဓါတ် omega-3fatty acidsတွေများတဲ့ ငါးတွေကို စားရင် နှလုံးသွေးကြော ကျန်းမာရေးနဲ့ သွေး လည်ပတ်မှုကို ပိုကောင်းစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အဆီများတဲ့ငါးတွေက – ဆယ်လ်မွန်ငါး၊ မက်ခရယ်ငါး၊ ဆာဒင်း၊ တူနာ တို့ပါဝင်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေအတွက်တော့ ကိုက်လန်၊ ပင်ပွားစေ့၊ အခွံမာသီးနဲ့အစေ့အဆန်တွေကို စားလို့ရပါတယ်။

(၄) နှိပ်နယ်ပါ

ခပ်ကြမ်းကြမ်းအနှိပ်ခံဖို့မဟုတ်ပါဘူးနော်။ Spa သွားပြီးတော့လည်း ငွေကုန်စရာမလိုပါဘူး။ ကိုယ့်ရဲ့ခြေထောက်၊ ခြေမျက်စိ၊ ခြေဖဝါးတို့ကို သံလွင်ဆီလေးနဲ့ အသာအယာနှိပ်နယ်ပေးလို့ရပါတယ်။ လက်ချောင်းထိပ်လေးနဲ့ ခပ်ဖွဖွ နှိပ်နယ်ပေးတာက သွေးကြောတွေကိုကျယ်စေပြီး ကြွက်သားတွေကို ပြေလျော့စေတယ်၊ ရောင်ရမ်းမှုတွေကို သက်သာစေတယ်။

(၅) သံဓါတ်ပမာဏကို ထိန်းပါ

သံဓါတ်ဟာသွေးလည်ပတ်မှုစနစ်အတွက် မရှိမဖြစ်အရေးပါတဲ့သတ္တုဓါတ်ဖြစ်ပါတယ်။ သူက သွေးနီဥဆဲလ်တွေမှာ အဓိကပါဝင်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်ဖို့ကို သံဓါတ်လိုအပ်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ဟင်းနုနွယ်၊ ပဲနဲ့ အသည်း စတာတွေကနေ ရရှိနိုင်ပါတယ်။

ဒါပေမယ့် အားဆေးတွေသောက်၊ သံဓါတ်ကြွယ်ဝတာတွေစားလွန်းရင် သံဓါတ်လွန်ကဲတတ်တာ သတိပြုပါ။ သံဓါတ်လွန်ကဲတဲ့အခါ နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်နော်။ ၂၀၁၃ ခုနှစ်က သုတေသနအရ ခန္ဓါကိုယ်ထဲ သံဓါတ်လွန်ကဲနေခြင်းက ကိုလက်စထရောများခြင်း၊ ခါးပတ်လည်အဆီများခြင်းတို့နဲ့ ဆက်နွှယ်နေတာ တွေ့ရပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက် အဓိကကျတဲ့ သွေးလည်ပတ်မှုစနစ်ကို ကောင်းအောင် ဂရုစိုက်ပေးလိုက်ပါ။ နေရတာ ထူးခြားလာပါလိမ့်မယ်နော်။

ကိုးကား- Hello ဆရာဝန်