ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါလျှင်

Posted_Date

Image

ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါလျှင်

Body

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် နိုင်ငံ့စီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းသိရသည်။  စိုက်ပျိုးရေး၊ မွေးမြူရေးဌာနအနေဖြင့်လည်း ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံနှင့်စက်မှုကုန်ကြမ်းကဏ္ဍဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံဖူလုံရေး   စသည်ဖြင့် ကဏ္ဍအလိုက်ထုတ်လုပ်တင်ပို့နိုင်ရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။   ဂျုံ၊ ပြောင်း၊ ဆန်စပါးသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံ   ပန်းတိုင်အထွက်နှုန်းကောင်းစေရေးကိုလည်း အားပေးလျက်ရှိသည်။ ဆီထွက်သီးနှံမြေပဲကို တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း တင်း  ၇၀ ထွက်ရှိရေး၊စနစ်တကျစိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မြင့်မားရေး၊   မြေပဲသီးနှံထုတ်လုပ်မှုမှ ဝင်ငွေပိုမိုရရှိရေးအတွက် ရည်ရွယ်စိုက်ပျိုးရန်ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ကြောင့်စာရေးသူအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲကို  ပန်းတိုင်အထွက်နှုန်းရရှိအောင်စိုက်ပျိုးမည်ဆိုပါက စနစ်တကျစိုက်ပျိုးရန်လိုအပ်သဖြင့် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါက  သိသင့်၊  သိထိုက်သည်များကို  လေ့လာတင်ပြပေးမည်ဖြစ်သည်။

မြေပဲအမျိုးအစားနှင့်မျိုးရွေးချယ်ခြင်း

မြေပဲမှာ အမျိုးအစားအားဖြင့် ပင်ထောင်မြေပဲနှင့်ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိသည်။  ပင်ထောင်မြေပဲကိုမိုးဦးကျကျခြင်းစိုက်ပျိုးနိုင်အောင် သဲဆန်သောမြေများကို မတ်လလောက်ကတည်းကထယ်ရေးကြိုခံထားရသည်။ အနည်းငယ်စေးသောမြေမျိုးဖြစ်ပါက မတ်လနှင့်ဧပြီလလောက်တွင်  ထယ်ရေးကြိုခံထားရသည်။ ထယ်ထိုးပြီးပြီဆိုလျှင် ထွန်ဖြင့်နှစ်စပ် (ခါ)၊  သုံးစပ် (ခါ) အထိ  မွှေပေးရသည်။ 

ထို့နောက်   စိုက်ကွင်းအတွင်းရှိ   အမှိုက်များကို ရှင်းလင်းထားရသည်။ ပင်ထောင်မြေပဲကို မိုးဦးကျစိုက်ရာတွင် မိုးနည်းသောဒေသများမှာသာစိုက်ပျိုးကြသည်။ မြေပဲသည် ဥကိုအသုံးပြုရသဖြင့် မိုးများသောဒေသများ၌စိုက်ပျိုးပါက မြေကျပ်၍   ဥနှုန်းကောင်းမည်မဟုတ်ပါ။ စာရေးသူတို့ဒေသတွင် မိုးရာသီမှလွဲ၍ ကျန်ရာသီများတွင်စိုက်ပျိုးကြသည်။  မိုးဦးကျတွင်    မိုးရေချိန်   လက်မဝက်ခန့်တစ်ကြိမ်ရွာပါက စတင်စိုက်ပျိုးနိုင်သည်။ သို့သော် သတ်မှတ်မိုးရေချိန်ပြည့်မီခြင်းမရှိသေးပါက ပေါင်းမြက်ကလေးများရှင်းလင်းနေစေရန်၊ ထွန်ရေးပိုမိုကောင်းမွန်စေရန် ထွန်ရေး  နှစ်စပ်(ခါ)၊ သုံးစပ်(ခါ)ခန့်ထပ်မွှေပေးရသည်။ မြေပဲကို ပင်ထောင်မြေပဲစိုက်ပျိုးခြင်း၊ ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ်စိုက်ပျိုးခြင်း  စသည်ဖြင့်စိုက်ပျိုးလေ့ရှိကြသည်။  မြေပဲမျိုးကိုရွေးချယ်ရာတွင် ပန်းတိုင်အထွက်နှုန်းကို လျာထားရွေးချယ်သင့်သည်။ မြေပဲမျိုးရွေးချယ်ရာတွင် လုံးပိန်လုံးညှက်များကိုဖယ်ပစ်ရမည်။  လက်ရှိ  စာရေးသူတို့မြန်မာနိုင်ငံတွင်စိုက်ပျိုးလျက်ရှိသော    မြေပဲမျိုးများမှာ ဆင်းပဒေသာ ၇၊ ဆင်းပဒေသာ ၁၁၊ SP 121၊ တွန်တာနီ၊ မကွေး ၁၀၊ ၁၁၊ ၁၂ နှင့်ကျောင်းကုန်းပင်ပြန့်မျိုးတို့ဖြစ်သည်။

ရေမြေနှင့်ရာသီဥတု

မြေပဲစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေ၏မြေချဉ်ငန်ကိန်းသည် ၅ ဒသမ ၅ မှ ၇  အတွင်းရှိရမည်ဖြစ်သည်။ မြေပဲအကောင်းဆုံးဖြစ်ထွန်းသောမြေမှာ     နုန်းမြေ၊    သဲမြေတို့ဖြစ်သည်။  အကောင်းဆုံးမြေမှာ မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားဖြစ်သည်။ ရွှံ့စေးမြေ၊   မြေနီမြေစေးနှင့် မြေနီကျောက်စရစ်တို့တွင် ဖြစ်ထွန်းမှုမရှိပေ။မြေပဲစိုက်ပျိုးရာတွင်  စိုက်ပျိုးမြေသည်  မှုန့်ညက်နေသည်။  အကောင်းဆုံးမြေမှုန့်ပေါင်းစပ်မှုနှုန်းမှာ သဲ၊  နုန်း၊  မြေစေး ၇၅: ၁၅:၁၀ နှုန်းဖြစ်သည်။  အပူချိန်အားဖြင်၂၅ မှ ၃၅  ဒီဂရီဖာရင်ဟိုက်နှင့်  မိုးရေချိန် ၂၅ မှ ၃၅ လက်မအတွင်းရွာသွန်းပါက ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းသည်။ သို့သော်လည်း မိုးရေချိန် လက်မ ၄၀ကျော်လွန်ပြီး လက်မ၂၀ အောက်ကျပါက ဖြစ်ထွန်းမှုမရှိဘဲ အထွက်နှုန်းကျဆင်းစေသည်။ နွားထိုးကြီးမြို့နယ်တွင်မူ ၂၀၂၄-၂၀၂၅   ခုနှစ်မှာ မြေပဲသီးနှံကို ရေသွင်း၊ ရေထုတ်လွယ်ကူသော မြေနီသဲဝန်းမြေမျိုးများမှာစိုက်ပျိုးကြသည်။မြေပဲစိုက်ပျိုးရာမှာလည်း သတ်မှတ်အရေအတွက်ရရှိရေး အတွက် တစ်ဧကကို အပင်အရေအတွက် ၁၀၄၅၄၄ ဝင်ဆံ့အောင်   တန်းကြား ၁၅ လက်မနှင့်   ပင်ကြား ၄ လက်မစနစ်ဖြင့်   စိုက်ပျိုးကြောင်း  သိရသည်။  ထိုကဲ့သို့စိုက်ပျိုးခြင်းက    ပန်းတိုင်အထွက်နှုန်းရရှိအောင် စနစ်တကျစိုက်ပျိုးခြင်းဖြစ်သည်။

မြေပဲစိုက်ပျိုးနည်း

မြေပဲစိုက်ပျိုးရာတွင် ပင်ထောင်စိုက်ပျိုးခြင်း၊    ပင်ပြန့်စိုက်ပျိုးခြင်းနှင့်  သီးထပ်စိုက်ပျိုးခြင်းစသည်ဖြင့်ရှိသည်။  မြေပဲသည်  ပဲမျိုးရင်းဝင်ဖြစ်သဖြင့် ပဲမြစ်ဖုများထွက်ရှိပြီး လေထုအတွင်းမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်စေရန်အတွက်  မြေပဲမျိုးကောင်းများကိုပဲမြစ်ဖုဇီဝမြေဩဇာနှင့်လူးနယ်ပြီးမှစိုက်ပျိုးသင့်သည်။

(၁) ပင်ထောင်စိုက်ပျိုးခြင်း-  အများအားဖြင့်  ပင်ထောင်မြေပဲကို  မြစ်၊   ချောင်း၊ အင်း၊ အိုင်များဘေးရှိနေရာများမှာ ရေကျချိန်၌  စိုက်ပျိုးလေ့ရှိကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်မူ ဧရာဝတီမြစ်ဘေးတွင်စိုက်ပျိုးကြသည်ကိုတွေ့ဖူးသည်။ မြစ်ရေခန်းချိန်တွင် ထယ်ထိုးပေးရသည်။ ထယ်ထိုးခြင်း၊ ထယ်စာခဲခြေခြင်းကို သုံးကြိမ်ခန့်ပြုလုပ်ပေးရသည်။ ထယ်စာခဲများကိုခြေပြီး ကျမ်းတုံးဖြင့်အုပ်ထား(မြေပြန်ညှိ)ပေးရသည်။ မြေမှုန်ရရှိအောင် အနည်းဆုံး ထယ် ၁၀ စပ်(ခါ)မှ ၁၂ စပ်(ခါ)အထိထွန်ပေးရသည်။

မြေမှုန်ရသောအခါ ကျမ်းတုံးရိုက်(မြေပြန်ညှိ)ပေးပြီး ၁၅ လက်မအကွာ  လေးသွားထွန်ဖြင့်အကြောင်းဆွဲပြီးမျိုးစေ့ချရသည်။ ပင်ထောင်မြေပဲကို  စိုက်ပျိုးပြီး ၁၁၅ ရက်မှ ၁၂၀ ရက်အတွင်းနုတ်သိမ်းနိုင်သည်။  

ထိုရက်များထက်နောက်ကျပါက မြေပဲများ   အပင်ပြန်ပေါက်လာတတ်သည်။ မြေပဲများကို နုတ်ယူပြီးနှစ်ရက်ခန့်နေလှန်းကာ ဆွတ်ယူရသည်။ မြေပဲတောင့်များကိုမူ ငါးရက်ခန့်နေလှန်းပေးရသည်။

(၂) သီးထပ်စိုက်ပျိုးခြင်း-  မြေပဲသီးထပ်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ စိုက်ပျိုးကြသည်။ မိုးစပါးအပြီးတွင်  စိုက်ပျိုးကြသည်။   အထူးသတိပြုရမည့်အချက်မှာ မြေပဲစိုက်ပျိုးမည့် လယ်မြေသည်  ကောက်ကြီးစပါးစိုက်ပျိုးသောလယ်မြေမျိုးမဖြစ်စေရန်  သတိပြုရမည်။    ကောက်လတ်နှင့်ကောက်လျင်စိုက်ပျိုးသောမြေမျိုးမှာစိုက်ပျိုးရမည်။ မြေပဲသီးထပ်စိုက်ပျိုးရန်   လယ်မြေရှိစပါးကိုရိတ်သိမ်းရာတွင် အပင်ရင်းမှကပ်ရိတ်ပေးရမည်။ တချို့က  ရိုးပြတ်များကိုမီးရှို့ပစ်ရမည်။ မီးရှို့ခြင်းကြောင့်  မြေဆီလွှာပေါ်ရှိ အပင်အကျိုးပြုဗက်တီးရီးယားများသေကျေပျက်စီးသွားကြသည်။ ထို့ကြောင့် ရိုးပြတ်များကို  အောက်ခံမြေဆွေးအဖြစ်  မြေကြီးအတွင်းထည့်၍အသုံးပြုသင့်သည်။ ထို့နောက် မြေအစိုအခြောက်ပေါ်မူတည်၍ ထွန်လေးစပ်(ခါ)မှရှစ်စပ်(ခါ)အထိ မွှေပေးရသည်။ 

သီးထပ်စိုက်မြေသည် အထူးသဖြင့် မြေစေးဆန်သဖြင့်မြေမှုန့်ရရှိအောင်အထူးပြုလုပ်ပြီး ထယ်ကြောင်းနက်နက်ဆွဲပေးရမည်။ မြေမှုန့်ရရှိပါက သီးထပ်မြေပဲကို ခရုပတ်ပုံစံစိုက်ရသည်။   ထို့နောက် မြေဖုံးပေးရသည်။

(၃) ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း - ပင်ပြန့်မြေပဲကိုအများအားဖြင့်ယာမြေနှင့်သဲအနည်းငယ်ဆန်သည့်ကုန်းမြေများတွင်စိုက်ပျိုးကြသည်။  သဲဆန်သောမြေမျိုးတွင် ၁၈ လက်မခြားစိုက်ရသည်။  ပင်ပြန့်မြေပဲကိုပေါင်တင်မစိုက်ရပေ။ မိုးဦးကျ မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးရပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် ရိတ်သိမ်းရသည်။ ပင်ပြန့်မြေပဲကိုရိတ်သိမ်းရာတွင် အရင့်လွန်မှ နုတ်သိမ်းရသည်ကများသည်။

သတိပြုရမည့်အချက်မှာ နုတ်သိမ်းချိန်နောက်ကျပါက   အပင်မပေါက်နိုင်ပါ။

အပင်ပြုစုထိန်းသိမ်းခြင်း

မြေပဲသီးနှံအပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပေါင်းမြက်ရှင်းလင်းပါက မြေပဲပွင့်များကိုထိခိုက်စေနိုင်သည်။

ထို့ကြောင့် ပေါင်းရှင်းပြီဆိုပါက စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ မှ ၃၅ ရက်အတွင်း  ပေါင်းမြက်များကိုရှင်းလင်းပေးရမည်။   ထို့ပြင်  အပင်သက်တမ်း ၄၅ ရက်နှင့် ၇၅ရက်သားတွင် အစိုဓာတ်လုံလောက်စွာရရှိရန်လိုသည်။ ထိုအချိန်သည် မြေပဲပင်ပန်းပွင့်ချိန်၊ အဆန်ဖြည့်တင်းချိန်များဖြစ်သောကြောင့်ဖြစ်သည်။

မြေဩဇာကျွေးခြင်း

မြေပဲစိုက်ပျိုးမည်ဆိုလျှင် မြေပြင်ချိန်မှာပင် အောက်ခံအဖြစ် သဘာဝမြေဩဇာဖြစ်သောနွားချေးမြေဆွေးကို တစ်ဧကလျှင် လှည်းခုနစ်စီး၊ ကွန်ပေါင်းတစ်အိတ်၊ ကျောက်မှုန့် ၂၅ ကီလိုနှစ်အိတ်ကိုထယ်ရေးပြင်ချိန်တွင် ထည့်ပေးရသည်။ ပင်ထောင်မြေပဲအတွက်မြေဩဇာချရန်မလိုပေ။ သီးထပ်မြေပဲမှာလည်းမြေဩဇာအသုံးမပြုကြဟုသိရသည်။ ပင်ထောင်မြေပဲကိုမူ မိုးကျခါနီးတစ်ဧကလျှင် နွားချေးလှည်းရှစ်စီးနှုန်းအထိချပေးပြီး ထွန်ဖြင့်မွှေပေးရသည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း

မြေပဲစိုက်ခင်းများတွင် အပင်ငယ်စဉ်အချိန်မှာ စုပ်စားပိုး၊   ရွက်လိပ်ပိုး၊ ကပ်ပိုးများကျရောက်တတ်သည်။ ထိုအခါ ပင်လုံးပြန့်ထိသေပိုးသတ်ဆေးကိုအသုံးပြုပေးရမည်။ ဖိုးလမင်းကျိုင်းနှင့်ခြများကျရောက်တတ်သောမြေမျိုးဖြစ်ပါက စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း   ပင်လုံးပြန့်ထိသေပိုးသတ်ဆေး

တစ်မျိုးမျိုးထည့်ပေးရမည်။ ထို့ပြင်ရာသီဥတုကြောင့်လည်း  ပိုးကျတတ်သည်ကိုသတိပြုသင့်သည်။

မိုးခေါင်ပါက ပျပိုးကျရောက်တတ်သည်။  အရွက်ပေါ်တွင်လည်းကောင်း၊   ခေါင်ညွန့်တွင်လည်းကောင်း၊အရွက်ကိုင်းခွနေရာများတွင်လည်းကောင်း တွေ့ရတတ်သည်။ ထို့ပြင် မြေပဲပင်ခြေနှင့်မြေပဲတောင့်များကို   ကိုက်ဖြတ်စားသောက်တတ်သော ပိုးတီကောင်မျိုးလည်းကျရောက်တတ်သည်။ ထိုသို့မဖြစ်အောင်အော်ဒရင်ဆေးရည်ကိုမြေပဲမစိုက်မီ   ကြိုတင်ချထားရမည်။ရွက်ပြောက်ရောဂါလည်းကျရောက်တတ်သည်။  ရွက်ပြောက်ရောဂါကျရောက်ပါက အရွက်များမှာ အမဲစက်၊   အမဲကွက်များဖြစ်နေတတ်သည်။ ယင်းကိုကာကွယ်ရန်အတွက်ရောဂါမကျရောက်မီ တစ်ဧကလျှင် ကျောက်မှုန့်ငါးပြည်ကို ၁၅ ရက်ခြား   လေးကြိမ်ထည့်ပေးရမည်။ထို့ပြင်မြေပဲစိုက်ပျိုးပြီး တစ်လအကြာ၌ဖြစ်တတ်သော ပင်ရင်းပုပ်ရောဂါကိုလည်း  မြေပဲစိုက်တောင်သူများအနေဖြင့် အထူးသတိပြုသင့်သည်။ အထူးသတိပြုရမည့်အချက်မှာမြေပဲရောဂါကျရောက်တတ်သဖြင့်မှိုနှင့်ပိုးမွှားရောဂါကင်းစင်စေရန်အတွက် မြေပဲမျိုးဆန်အား မျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်စိုက်ပျိုးရန်လိုသည်။

မြေပဲပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရမည့်အချက်များ

ယခုအခါ နိုင်ငံတော်အနေဖြင့် မြေပဲကို တစ်ဧက တင်း ၇၀ ရရှိအောင် ပန်းတိုင်ထားစိုက်ပျိုးရန်ရည်ရွယ်ပြီး စိုက်ပျိုးသူများကို အားပေးဆောင်ရွက်လျက်ရှိသည်။ တစ်ဧကကို တင်း   ၇၀ ရရှိအောင်လုပ်ဆောင်သင့်သည့်လုပ်ငန်းများမှာ မိုးခေါင်သည့်ဒဏ်ကိုခံနိုင်သည့် မြေပဲစိုက်ခင်းမှမြေပဲကိုမျိုးအဖြစ်အသုံးမပြုရန်၊ မြေပဲမျိုးစေ့အဆန်သည် မနုလွန်း၊ မရင့်လွန်းသောအဆန်မဖြစ်စေရန်၊ အစေ့အခွံထိခိုက်သောအစေ့များအားဖယ်ရှားပြီးမျိုးစေ့ကိုအပင်ပေါက်နှုန်းစမ်းသပ်ပြီးမှစိုက်ပျိုးရန်၊ မြေပဲစိုက်ပျိုးမည့်အချိန်ကိုမှန်ကန်စွာရွေးချယ်ရန်၊ စိုက်ပျိုးမြေအမျိုးအစားရွေးချယ်ခြင်းနှင့်စနစ်တကျ   မြေပြင်ရန်၊ ကယ်စီယမ်ဓာတ်အပြည့်အဝပါစေရန် အပင်သက်တမ်း ၄၅ ရက်သား၌ကျောက်မှုန့်သုံးထားသောစိုက်ကွက်မှမြေပဲကိုသာ မျိုးအဖြစ်အသုံးပြုရန်၊ မျိုးအဖြစ်ထားရှိမည့် စိုက်ခင်းအား ရိတ်သိမ်းချိန်နီးပါက ရေမသွင်းရန်၊ ရိတ်သိမ်းချိန်သည် စောလွန်း၊  နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်သတ်မှတ်ချက်များအတိုင်း  တိကျစွာလိုက်နာစိုက်ပျိုးမည်ဆိုပါက လျာထားသည့်အတိုင်း တစ်ဧက တင်း ၇၀ ပန်းတိုင်အထွက်နှုန်းကိုရရှိနိုင်မည်ဖြစ်သည်။

ရိတ်သိမ်းခြင်း သို့မဟုတ် မြေပဲဆွတ်ခြင်း

မြေပဲသည် ဥဥပြီး ရိတ်သိမ်းချိန် သို့မဟုတ် ဆွတ်ယူချိန်သက်တမ်းရောက်ပါက အရွက်များရင့်ဝါလာသည်။ ထိုအခါ စနစ်တကျရိတ်သိမ်းဖို့လိုသည်။  အထူးသဖြင့်မြေကျပ်သောအနေအထားမျိုးဖြစ်နေပါက အလေအလွင့်နည်းအောင်ဂရုစိုက်ရိတ်သိမ်းရမည်။မြေပဲကိုရိတ်သိမ်းခြွေယူပြီးနောက် စနစ်တကျနေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်သာကျန်သည်အထိ  နေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်ထက်များနေပါက မြေပဲဆန်တွင်အယ်ဖာတောက်စင်မှိုတစ်မျိုးဖြစ်တတ်သည်။ထိုမှိုသည်ကင်ဆာဖြစ်စေနိုင်သည်။ ထိုမှိုဆိပ်မဖြစ်စေရန်နှင့်ကာကွယ်ရန် မြေပဲရိတ်သိမ်း၍ဆွတ်ယူရာတွင် အောက်ပါအချက်များကိုလိုက်နာရန်လိုသည်။ မြေပဲတောင့်များကိုမထိခိုက်အောင်ဆွတ်ယူရမည်။ ခြွေယူပြီးသီးတောင့်များကို တာပေါ်လင်စ သို့မဟုတ် ပလတ်စတစ်ခံ၍နေလှန်းရမည်။ နေလှန်းနေစဉ် မှိုတတ်နေသောသီးတောင့်များမပါအောင်ပြုလုပ်ရမည်။ပါလျှင်ဖယ်ပစ်ရမည်။မြေပဲဆန်များကိုသိုလှောင်ရာတွင် အရည်အသွေးမမီသောအဆန်များ၊ အမှိုက်သရိုက်များနှင့်ဖုန်သဲကင်းစင်ရမည်။ သတ်မှတ်အစိုဓာတ်ဖြစ်သော ခုနစ်ရာခိုင်နှုန်းအောက်မှာသာထားရှိပြီးသိုလှောင်ရမည်။ ဤအချက်များသည် မှိုဆိပ်မရှိအောင်စနစ်တကျရိတ်သိမ်းသိုလှောင်ရမည့်အချက်များပင်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြေပဲသည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအပြင် ပြည်ပတင်ပို့နိုင်သည်အထိ မျှော်မှန်းစိုက်ပျိုးသင့်သော ဆီထွက်သီးနှံဖြစ်သည်။   မြေပဲမှမြေပဲဆီ၊ မြေပဲယို၊မြေပဲလှော်၊ ပဲဖတ်တို့ထုတ်လုပ်ရရှိသည်။   မြေပဲဆီသည် စျေးကွက်ဝင်ပြီး  စျေးကောင်းလှသည်။မြေပဲဆီ ၁၀ ပိဿာတစ်ပုံးကို ယနေ့ကာလပေါက်စျေး ၁၉၀၀၀၀-၂၀၀၀၀၀ ခန့်ရှိသည်။ထို့ကြောင့်နိုင်ငံတော်ကမျှော်မှန်းထားသလို ပန်းတိုင်အထွက်နှုန်းရရှိပြီး မြေပဲစိုက်တောင်သူများအနေဖြင့်အကျိုးအမြတ်ရရှိစေရန်ရည်ရွယ်လျက် မြေပဲစိုက်ပျိုးရာတွင် သိထားသင့်သည်များကို လေ့လာတင်ပြလိုက်ပါသည်။  မြေပဲစိုက်ပျိုးဝင်ငွေတိုးကြပါစေ။       ။

Source: https://myawady.net.mm/stories

 

ငလျင်ဘေးကြုံ သတိခြုံ သက်လုံကောင်းစွာ ကျော်နိုင်ကြပါစေ

Posted_Date

Image

ငလျင်ဘေးကြုံ သတိခြုံ သက်လုံကောင်းစွာ ကျော်နိုင်ကြပါစေ

Body

ကျွန်တော်၏အသက် ၉၄ နှစ်ပြည့်ခါနီးအရွယ်အတွက် ငလျင်ဘေး၊ ရေဘေး၊ လေဘေး စသည့်သဘာဝဘေးအန္တရာယ်မျိုးစုံကြုံရဖူးသည်။ ၂၈-၃-၂ဝ၂၅ ရက် မွန်းတည့်အချိန်တွင် လှုပ်သောငလျင်ကား အသိသာဆုံး၊ အပြင်းထန်ဆုံးလှုပ်သောငလျင်ဖြစ်သည်။ လေးလွှာတိုက်၏ အပေါ်ဆုံးထပ် ခုံရှည်ပေါ်လှဲအိပ်ကာ စာဖတ်နေရင်း ဘယ်မှညာသို့လေးကြိမ်ခန့်၊ အရှေ့မှအနောက်သို့ သုံးကြိမ်ခန့်လှုပ်ခါမှုမှာသိသာပြင်းထန်လွန်း၍ တိုက်အောက်ဆင်းပြေးခဲ့ရသေးသည်။   

ထိုသို့ပြင်းထန်သောငလျင်ဒဏ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်   ပဲခူးတိုင်းဒေသကြီးတို့၌ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရသိရသည်။

လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများစွာ ထိခိုက်ပျက်စီး၍ လျှပ်စစ်ဝန်ထမ်းများ ငလျင်ဒဏ်ခံဒေသများတွင် လုပ်အားရှင်တစ်ရာကျော် နှစ်ရာခန့်သုံး၍ ပြင်ဆင်နေကြောင်းသိရသည်။ ထိုသို့ ပြုပြင်ဆဲကာလ လျှပ်စစ်ဓာတ်အားမှန်မှန်မရသည့် ကျွန်တော်တို့ ဒေါပုံမြို့နယ်ရန်ကုန်တွင် ရုပ်မြင်သံကြားသတင်း၊ ရေဒီယိုသတင်းများနားမထောင်နိုင်ကြ၍ သတင်းသိမှုအားနည်းခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည်ပင်လျှင် ယနေ့ ၆-၄- ၂ဝ၂၅  ရက်တွင်မှ ဤဆောင်းပါးကိုပီပီပြင်ပြင်ရေးနိုင်ပါတော့သည်။ အစောပိုင်းကရေးသောဆောင်းပါးများသည်လည်း မစုံမလင်၊ မတိမကျနှင့်ဖြစ်ခဲ့ရသည်။ ငလျင်ဘေးဒဏ်ခံ  မြန်မာပြည်သူပြည်သားများအတွက်ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ (ဘုရင်၊သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစသည်) တို့ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းစာနာကြောင်း၊ ၎င်းတို့အနေဖြင့်လိုအပ်သည်များကူညီမည်ဖြစ်ကြောင်းဖြင့်သဝဏ်လွှာများပေးပို့သည်ကို ထရန်စစ္စတာရေဒီယိုငယ်မှကြားသိနေခဲ့ရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်   အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ကလည်း နိုင်ငံတော်အကြီးအကဲထံငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍  ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတကြီး၊ ရုရှားသမ္မတကြီး၊ဘီလာရုစ်သမ္မတကြီးတို့က သဝဏ်လွှာများပို့သကဲ့သို့(မှတ်မိသရွေ့) အာဆီယံ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊သီရိလင်္ကာ၊ နီပေါ၊ ကိုရီးယား  စသည့်နိုင်ငံ့အကြီးအကဲများ၏ သဝဏ်လွှာများပို့ကြသည်။ (များပြားလွန်း၍အပြည့်အစုံမဖော်ပြနိုင်သည်ကို ခွင့်လွှတ်ကြပါရန်။)ကုလသမဂ္ဂအဖွဲ့ကြီး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်  လခြမ်းနီအသင်းများကသဝဏ်လွှာများပါး၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးရန် သဝဏ်လွှာပို့ကြသည်။

ထိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှကူညီကယ်ဆယ်ရေးလုပ်အားပေးအဖွဲ့များ၊ ဆရာဝန်များအဖွဲ့(ဆေးကုသရေး)များလည်း ဖြိုင်ဖြိုင်ရောက်လာကြသည်။ ထိုနိုင်ငံ၊ ဤနိုင်ငံစသည်တို့မှ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများ၊အလှူငွေများပေးပို့လာကြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးသင့်ဒေသများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ချက်ချင်းဆိုသလိုသွားရောက်ကြည့်ရှုခဲ့ပေသည်။ နောက်နေ့များတွင်လည်း ငလျင်ဒဏ်သင့်ဒေသများသို့ဆက်တိုက်ဆိုသလို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်သင့်လုပ်ထိုက်သည်များကိုညွှန်ကြားခဲ့ကြောင်းသိရှိရသည်။

မတ်လ ၂၈ ရက်မှာပင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို  အရေးပေါ်အခြေအနေအဖြစ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှကြေညာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းမတ်လ ၃၁ ရက်တွင် “၂ဝ၂၅ ခုနှစ် မတ်လ ၂၈ ရက်မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ဝ၂ စက္ကန့်တွင်ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃-၂ဝ၂၅ရက်မှ ၆-၄-၂ဝ၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်။ ထိုရက်များအတွင်း နိုင်ငံတော်အလံတိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည်”ဟူ၍ ကြေညာသည်။ ဆုတောင်းမေတ္တာပို့ခြင်းများ၊ကုသိုလ်ဒါနပြု၍ အမျှအတမ်းပေးဝေခြင်းများကိုလည်း ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများကပြုလုပ်ကြသည်။

ပျက်စီးဆုံးရှုံးရသမျှ အိုးအိမ်အဆောက်အအုံ၊လမ်း၊ တံတားများ၊ စေတီပုထိုးဘုရားကျောင်းကန်များကို အန္တရာယ်ကင်းအောင်ရှင်းလင်းပြီး စနစ်တကျအင်တိုက်အားတိုက် နောင်ငလျင်ဒဏ်ခံနိုင်သည်အထိဂရုပြုတည်ဆောက်ထားကြရန်လိုအပ်သည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ   တာဝန်ရှိသူအားလုံးတို့သည် ငလျင်ဒဏ်ခံဒေသများသို့  ပိုက်စိပ်တိုက်သွားရောက်ကာ ငလျင်ဒဏ်ခံဝန်ထမ်းများ၊ ပြည်သူများ၊  ရဟန်းသံဃာ၊ သာသနာ့ဝန်ထမ်းများအားတွေ့ဆုံအားပေးကြ၊  ပြန်လည်တည်ဆောက်ရေးစီမံကြ၊  ကူညီကယ်ဆယ်ရေးလုပ်ကြဖြင့် မနားကြရပေ။

အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာ၊ ပြည်သူများနှင့်ပရဟိတအဖွဲ့များသည် မိုခါမုန်တိုင်းကို ကြိုတင်ကာကွယ်ရန်ပြင်ဆင်ခဲ့ကြသဖြင့် မုန်တိုင်းကာလမုန်တိုင်းခိုအဆောက်အအုံများတည်ဆောက်ခဲ့ကြပြီးမုန်တိုင်းလွန်ကာလတွင် အားသွန်ခွန်စိုက်ပြန်လည်ထူထောင်ပေးကြသော အတွေ့အကြုံများ၊ ၂ဝ၂၃ ခုနှစ်မိုးသည်းထန်လွန်းရာမှရေကြီးရေလျှံဖြစ်ကာရေဘေးသင့်ခဲ့ရာ၌ ဝန်ထမ်းများ၊ ပြည်သူများကိုကူညီကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေးအားသွန်ခွန်စိုက်လုပ်နိုင်ခဲ့သည့် အတွေ့အကြုံများရှိခဲ့ကြသည်။ ယခုငလျင်ဘေးတွင်လည်း  အလားတူနေ့မဆိုင်းညမဆိုင်း၊   နာရီမလပ်၊    မိနစ်မလပ်ငလျင်ဘေးဒဏ်ခံ လူသူ၊  အဆောက်အအုံ၊  လမ်း၊တံတားပျက်စီးမှုများကို  ကျွမ်းကျင်စွာစီမံဆောင်ရွက်နိုင်ကြသည်ကိုတွေ့ရသည်။

ပြည်ပမှလာရောက်ကူညီကြသော ပရဟိတသမားများ၊ ပြည်တွင်းမှစေတနာရှင်၊  မေတ္တာရှင်၊ ကရုဏာရှင်(ပရဟိတ) ပုဂ္ဂိုလ်များ၏ ငွေလှူ၊ ပစ္စည်းလှူမှုများကလည်း အံ့မခန်းပါပဲ။   ပြည်ပမှအလှူများ၊ငွေကြေးပစ္စည်းအကူများကလည်း ယနေ့ထိအောင်ရောက်ရှိနေဆဲပင်ဖြစ်၍    များပြားလှပေသည်။အားလုံးကိုကျေးဇူးတင်ရပါသည်။ ကျွန်တော့်အနေဖြင့်မူ ဤကလောင်တစ်ချောင်းဖြင့်ရေးသားသောစာမူကိုသာအလှူအဖြစ် သဘောထားရပါသည်။

ယခုအချိန် ၁၇-၅-၂ဝ၂၅ ရက်အထိ သေဆုံးသူ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ပျောက်ဆုံးနေသူ ၈၁  ဦး စုစုပေါင်း ၈၉၁၁ ဦး၊  အဆောက်အအုံပေါင်း  ၅၂၂၃ လုံး၊  စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်  ၂၇၅၂ ကျောင်းထိခိုက်၍ စေတီပေါင်း ၄၈၁၇ ခုထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း၊ ရန်ကုန် -နေပြည်တော်- မန္တလေးသွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်း၊ ဘူတာများတွင်ပျက်စီးခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းများ ၁၉၈ ခုထိခိုက်ပျက်စီးခဲ့သည်။ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ပျက်စီးဆုံးရှုံးခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရတို့က  ယခုငလျင်ဘေးဖြင့် သေဆုံးရသူများအတွက်တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းစီထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊  အဆောက်အအုံထိခိုက်ပျက်စီးမှုများကိုလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်ပြီး နိုင်ငံတော်မှထောက်ပံ့သွားမည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားသည်ကို    ကြားသိရသဖြင့်လည်း ဝမ်းမြောက်လှပါသည်။

ငလျင်လှုပ်ခတ်ရသည့်  အကြောင်းရင်းကိုသိရှိနားလည်သူများက သတင်းစာများတွင် ဆောင်းပါးများရေးသားတင်ပြခြင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက်များဖြင့် အသိပေးထားကြရာ  ဖတ်ထားသင့်ပေသည်။ ပြည်ပမှလာရောက်ကူညီကယ်ဆယ်လုပ်အားပေးကြသူများ၏ ကြိုးစားအားထုတ်မှုကြောင့် ပြိုကျအဆောက်အအုံများတွင် ပိတ်မိနေသော လူကြီး၊ ကလေးများကို ကယ်ထုတ်ပေးသည့် သတင်းများကလည်း ပြည်သူတို့၏ ပူပင်သောကကို လျှော့ချပေးနိုင်ခဲ့သည်။ ထိုသို့ကယ်ထုတ်ပေးမှုများ၊ ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများသည် စေတနာရှင်တို့ နှလုံးသားနှင့်ငလျင်ဒဏ်ခံရသူတို့၏ နှလုံးသားများအကြား စေတနာ၊ မေတ္တာ၊ ကရုဏာတရားများ  ပေါင်းကူးမိသောကြောင့်ဟုဆိုရပါသည်။ Heart to Heart ပါပဲ။

 ၃ဝ-၃-၂ဝ၂၅ ရက်ထုတ်သတင်းစာပါ ကိုကျော်စွာ(ကျိုက်ပိ)၏  ငလျင်ဆောင်းပါး၊  အမျိုးသမီးကလောင်ရှင်တစ်ဦး၏ဆောင်းပါးတို့ကို ဖတ်ကြည့်လျှင် မြေအောက်မှကျောက်လွှာချပ်ကြီးများတစ်ခုနှင့်တစ်ခု ထိတွေ့ပွတ်တိုက်ခြင်းကြောင့်  အပေါ်မှမြေလွှာအရှိန်အဟုန်ပြင်းစွာ ရွေ့လျားတုန်ခါခြင်းကိုငလျင်လှုပ်သည်ဟု သိနိုင်ကြပါသည်။  ဖတ်တော်မူကြပါ။ သိထားနှင့်တော်မူကြပါ။

ကျွန်တော်တို့ငယ်ငယ်က   လူကြီးသူမများက ငလျင်အကြောင်းမေးလာသော ကလေးသူငယ်များအပေါ်စိတ်မရှည်တာလား၊ နောက်ပြောင်တာလားမသိ။ ငလျင်လှုပ်ရခြင်းမှာ ဤကမ္ဘာလုံးကြီးကိုထမ်းထားရသော ပုဂံငကျွဲကြီး   ဘယ်ဘက်ပခုံးညောင်း၍ ကမ္ဘာလုံးကြီးက  ညာဘက်ပခုံးပေါ်ပြောင်းတင်သောကြောင့် ကမ္ဘာကြီးလှုပ်ရသည်ဟုသာ သိခဲ့ကြသည်။ စာဖတ်မှလည်း စာကပေးသောအသိရပါမည်။ 

ဤကမ္ဘာတွင်ငလျင်ဆိုသည်မှာ မြန်မာနိုင်ငံထဲမှာသာ လှုပ်ခတ်ဒုက္ခပေးသည်မဟုတ်။ ကမ္ဘာ့နိုင်ငံများစွာ အမေရိက၊ ဥရောပ၊ အာရှ၊ နယူးဇီလန်၊ ဩစတြေးလျ၊ အာဖရိကတိုက်များ၊ ပင်လယ်သမုဒ္ဒရာတွင်းကျွန်းနိုင်ငံများတွင်လည်း  အခါအားလျော်စွာလှုပ်ခတ်ကြသည်။

၅၂၆ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ငလျင်ဒဏ်ခံနိုင်ငံပေါင်းတစ်ထောင်ကျော်ရှိခဲ့သည်။ သေဆုံးသူသိန်းဂဏန်း၊ သောင်းဂဏန်းအထိရှိသော ငလျင်နှင့်နိုင်ငံများကိုဖော်ပြပါမည်။ သေဆုံးသူတစ်ထောင်ဂဏန်း၊ ရာဂဏန်း၊ ဆယ်ဂဏန်းမျှသာသေသောစာရင်းကိုမတင်ပြတော့ပါ။ အသေးစိတ်သိလိုပါမူ နယူးယောက်တိုင်း(မ်)သတင်းစာတိုက်မှနှစ်စဉ်ထုတ်ဝေသော  ကမ္ဘာ့သတင်းနှစ်ချုပ်စာအုပ် The World ALMANACမှ Disaster သဘာဝဘေးအန္တရာယ်အခန်းစဉ်တွင်ကြည့်ပါကုန်။

၅၂၆ ခုနှစ် မေလ ၂ဝ ရက် ဆီးရီးယားနိုင်ငံ အန်တီအုချ်မြို့ ငလျင်သေဆုံးသူ ၂၅ဝဝဝဝ၊ ၈၂၆ ခုနှစ် ဂရိနိုင်ငံ ကိုရင့်သ်မြို့ ၄၅ဝဝဝ၊ ၈၅၆ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက် အီရန်နိုင်ငံ ဒမ်ဂန်မြို့၂ဝဝဝဝဝ၊ ၈၉၃ ခုနှစ် မတ်လ၂၃ ရက် အာဒါဘီရ်မြို့ အီရန် ၁၅ဝဝဝဝ၊ ၁ဝ၅၇ ခုနှစ် တရုတ်နိုင်ငံချီလှီမြို့ ၂၅ဝဝဝ၊ ၁၁၃၈ ခုနှစ် ဩဂုတ်လ ၉ ရက် အလက်ပိုမြို့ ဆီးရီးယား၂၃ဝဝဝဝ၊ ၁၁၆၉ ခုနှစ်  ဖေဖော်ဝါရီလ ၁၁ ရက် စစ္စလီနိုင်ငံ အက်တနာတောင်အနီး ၁၅ဝဝဝ၊ ၁၂၆၈ ခုနှစ် အာရှမိုင်းနားဒေသ ဆီလီကာကျွန်း၆ဝဝဝဝ၊ ၁၂၉ဝ ပြည့်နှစ်  စက်တင်ဘာလ ၂၇ ရက် တရုတ်နိုင်ငံချီလှီဒေသ၁ဝဝဝဝဝ၊ ၁၂၉၃ ခုနှစ် မေလ ၂၁ ရက် ဂျပန်နိုင်ငံ ကာမကုရဒေသ၃ဝဝဝဝ၊ ၁၉၃၁ ခုနှစ်ဇန်နဝါရီလ ၂၆ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်း ၃ဝဝဝဝ၊၁၅၅၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် တရုတ်နိုင်ငံ ရှန်စီမြို့ ၈၃ဝဝဝဝ၊၁၆၈၇ ခုနှစ် ရှိန်းမခကော့ကေရှား(ယခု အဇာဘိုင်ဂျန်) ၈ဝဝဝဝ၊ ၁၆၉၃ခုနှစ် ဇန်နဝါရီလ ၁၁ ရက် အီတလီနိုင်ငံ ကာတာနီးယား ၆ဝဝဝဝ၊ ၁၉၃၇ခုနှစ် အောက်တိုဘာလ ၁၁ ရက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ၃ဝဝဝဝဝ၊၁၇၅၅ ခုနှစ် ဇွန်လ ၇ ရက် ပါရှားမြောက်ပိုင်း(ယခု အီရန်) ၄ဝဝဝဝ၊ ၁၇၅၅ ခုနှစ်နိုဝင်ဘာလ ၁ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ ၆ဝဝဝဝ၊ ၁၇၈၃ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီတလီနိုင်ငံ ကာတာနီးယား ၃ဝဝဝဝ၊ ၁၇၉၇ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီကွေဒေါနိုင်ငံ ကီတိုမြို့ ၄၁ဝဝဝ၊ ၁၈၂၂ ခုနှစ်စက်တင်ဘာလ ၅ ရက် အာရှမိုင်းနားဒေသ အလက်ပို ၂၂ဝဝဝ၊ ၁၈၂၈ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ဂျပန်နိုင်ငံ အိချိဂို ၃ဝဝဝဝ၊ ၁၈၆၆ ခုနှစ်ဩဂုတ်လ ၁၃-၁၆ ရက် ပီရူးနိုင်ငံ အီကွေဒေါနိုင်ငံ ၄ဝဝဝဝ၊ ၁၈၇၅ ခုနှစ်မေလ ၁၆ ရက် ဗင်နီဇွဲလား ကိုလံဘီယာနိုင်ငံများ ၁၆ဝဝဝ၊ ၁၈၉၆ ခုနှစ်ဇွန်လ ၁၅ ရက် ဂျပန်နိုင်ငံ ဆန်ရီကုမြို့ ဆူနာမီရေလှိုင်းဒဏ် ၂၇၁၂ဝ၊၁၉၁၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် အီတလီနိုင်ငံ အဗက်ဇန်နို ၃၂၆ဝဝ၊၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ်၂ဝဝဝဝဝ၊ ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက် ဂျပန်နိုင်ငံ ယိုကိုဟားမား၁၄၂၈ဝဝ၊ ၁၉၂၇ ခုနှစ် မေလ ၂၇ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ၄ဝ၉ဝဝ၊ ၁၉၃၁ ခုနှစ် ဩဂုတ်လ ၁ဝ ရက် တရုတ်နိုင်ငံ စင်ကျန်(ရှင်ကျန်) ၁ဝဝဝဝ၊ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် နီပေါနှင့်အိန္ဒိယကြား ဘီဟာ ၁ဝ၇ဝဝ၊ ၁၉၃၅ ခုနှစ်  မေလ ၃ဝ ရက်  ပါကစ္စတန်နိုင်ငံကွက်တားမြို့ ၃ဝဝဝဝ၊ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် ချီလီနိုင်ငံချီလီယံမြို့ ၂၈ဝဝဝ၊ ၁၉၃၉ ခုနှစ်  ဒီဇင်ဘာလ ၂၈ ရက် တူကီယဲနိုင်ငံအာဇင်ကန် ၃၂၇ဝဝ၊ ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၅ ရက် တာ့ခ်မင်နစ္စတန် အက်ရှ်ဂဘလ ၁၁ဝဝဝဝ၊ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်မော်ရိုကိုနိုင်ငံ အဂါဒီရ်  ၁၂ဝဝဝ၊ ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၁ ရက်အီရန်အနောက်မြောက်ပိုင်း ၁၂၂၅၅၊ ၁၉၇ဝ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၁ဝဝဝဝ၊ ၁၉၇ဝ ပြည့်နှစ် မေလ ၃၁ ရက်ပီရူးနိုင်ငံ အန်ကတ်ရှ် ၇ဝဝဝဝ၊ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ဂွါတီမာလာနိုင်ငံ ၂၃ဝဝဝ၊ ၁၉၇၆ ခုနှစ် တရုတ်နိုင်ငံ အန်ရှန်းပြည်နယ်၂၄၂၇၆၉၊ ၁၉၉ဝ ပြည့်နှစ် ဇွန်လ ၂ဝ ရက် အီရန်အနောက်ပိုင်း ၄ဝဝဝဝ၊၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၂၂၇၉၈၃၊ ၂ဝဝ၅ ခုနှစ် အောက်တိုဘာလ ၈ ရက် အိန္ဒိယနှင့်ပါကစ္စတန်ကက်ရှ်မီးယားဒေသ ၈၆ဝဝဝ၊ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်ဟေတီနိုင်ငံ ၃၁၆ဝဝဝ၊ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်မြောက်ပိုင်း၂ဝ၈၉၆၊ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် တူကီယဲမြောက်ပိုင်း ၅၃၂၂၇တို့ဖြစ်သည်။ သေဆုံးမှုများသောဒေသများတွင် ငလျင်သည် ရစ်ချ်တာစကေး ၇ ကျော်မှ ၈ ကျော်အထိ လှုပ်ခတ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ငလျင်ဘေးသတိပြုဖွယ်ရာ  အသိပေးချက်များဖတ်သင့်ပါသည်။ သတင်းနားမထောင်ဘူးဆိုပြီး ဘာသိဘာသာမနေသင့်ပါ။ မြန်မာနိုင်ငံတွင် ငလျင်နှင့်ပတ်သက်သော ပညာပေးစာစောင်များဖတ်ပေးပါ။ နေအိမ်နံရံတွင် အသိပေးစာစောင်များကို ကပ်ထားပါ။  နာဂစ်မုန်တိုင်းကြီးတိုက်မည့်အန္တရာယ်ကို မိုးလေဝသနှင့်ဇလဗေဒဌာနတို့က ထုတ်ပြန်ခဲ့ပါသည်။ မုန်တိုင်းဝင်ခါနီးမှာပင် ဧရာဝတီတိုင်းဒေသကြီးမှ မြို့များစွာ၌ အစိုးရအုပ်ချုပ်ရေးဘက်မှ အသံချဲ့စက်များဖြင့်လှည့်လည်သတိပေးခဲ့ပါသည်။

“တို့ဒေသက မုန်တိုင်းနဲ့တစ်သက်လုံးနေလာတာ မဆန်းဘူး”ဟုဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ကမ်းရိုးတန်းနေလူအချို့က ဂရုမစိုက်ခဲ့၍ နာဂစ်မုန်တိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးက အသေအပျောက်အပျက်အစီးအလွန်များခဲ့သည်။

မိုခါမုန်တိုင်းတွင်လည်း  သတင်းကိုတမင်မျက်ကွယ်ပြုသူများ ဒုက္ခရောက်ခဲ့ရဖူးပါပြီ။

သတင်းဆိုသည်မှာ အများပြည်သူတို့အနေဖြင့် ကိုယ့်ရွာ၊ ကိုယ့်မြို့၊ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ(မြန်မာနိုင်ငံ) ဘာတွေဖြစ်နေသည်၊ ဘာတွေသတိပြုသင့်သည်ကိုဆင်ခြင်ရန် တင်ပြနေကြခြင်းဖြစ်သည်။ သူတစ်ပါးနိုင်ငံမှ ဖျက်လိုဖျက်ဆီးသောနည်းနှင့် ငွေအသပြာပေးခိုင်း၍ သတင်းမှားများတမင်လွှင့်နေသော ပြည်တွင်းပြည်ပ ပြည်ဖျက်မီဒီယာများကိုကမ္ဘာက မီဒီညာများဟု ကင်ပွန်းတပ်ထားသည်။ ကိုယ့်ကိုယ်ကိုယ်ချစ်လျှင်၊ မိသားစုဆွေမျိုး၊ တစ်မြို့တည်းသားချင်း၊ တစ်နိုင်ငံတည်းသားချင်း၊သွေးချင်းသားချင်းစိတ်ဖြင့် ချစ်တတ်ခင်တတ်ပါလျှင်၊ သူတို့ကို ဒုက္ခမရောက်စေချင်လျှင် မည်သူ့ကိုမုန်းမုန်း၊ မည်သူ့ကိုချစ်ချစ် သတင်းမှန်များသိအောင် သတင်းစာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကလည်း  အခါအားလျော်စွာ သတင်းမှန်သိရန် ထုတ်ပြန်တင်ပြလျက်ရှိသည်။  သတင်းဟူသည် လူတို့၏ သက်တော်စောင့်ဟုပင်ဆိုနိုင်ပါသည်။ ရေဒီယို၊ ရုပ်သံသတင်းနားစွင့်ပါ။ လွှင့်ချင်ရာလွှင့်၊ သတင်းမှားများ တင်ချင်သလိုတင်နေသည်များကို နားယောင်မိသူများ အရာရာတွင် ဒုက္ခကြုံတွေ့နေရသည်။

ထို့ကြောင့် ကိုယ့်အသက်ကိုတန်ဖိုးမထားဘဲ သတင်းမမှန်၊ သတင်းရှောင်၊ သတင်းမှားဆောင်နေမှုများဆင်ခြင်သင့်ပါပြီ။ မည်သူ့အတွက်မှ မဟုတ်လျှင်ပင် မိမိကိုယ်တိုင်အတွက် မိမိကိုယ်မိမိသနားသောအားဖြင့်သတင်းများသိကြပါစေ။  မိမိတို့ကို သတင်းမဖတ်၊ သတင်းမကြည့်၊ သတင်းနားမထောင်ပါနဲ့ဟု ပြောနေသူများကိုယ်တိုင် သင်တို့မသိအောင် တီဗွီဖွင့် သတင်းတိုးတိုးကြည့်ကြသည်။ သတင်းစာကိုတိတ်တိတ်ခိုးဖတ်နေသည်။ ထို့ကြောင့် သတင်းဖတ်ပါ၊ နားစွင့်ပါ။ ဖြစ်နိုင်လျှင် စာကောင်းပေမွန်များဖတ်ကြပါဟု ၉၄ နှစ်ဘဝအတွေ့အကြုံများနှင့်ယှဉ်ပြီး ကျွန်တော်ပြောပါရစေခင်ဗျာ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ငလျင်များ၏ အပြင်းအပျော့နှင့် အန္တရာယ်အနည်းအများကိုသိနိုင်ရန် ကျွန်တော့်ဆောင်းပါး၏နောက်ဆက်တွဲအဖြစ် လက်ဆောင်ဆင့်ကမ်းလိုက်ပါရစေခင်ဗျာ။   ။

Source: https://myawady.net.mm/stories

 

အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Posted_Date

Image

အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Body

ယမန်နေ့မှအဆက်

အသားစားနွားမွေးမြူရေးနှင့် အစာကျွေးမွေးနည်းစနစ်အသားစားနွားမွေးမြူရာတွင် အစာကျွေးမွေးနည်းသည် လွန်စွာအရေးကြီးသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှုကို   အဓိကရည်ရွယ်သောကြောင့် စားကျက်တွင် သာမန်လွှတ်ကျောင်းခြင်း၊  ကောက်ရိုး၊မြက်ခြောက်များကိုသာ  အားပြုကျွေးမွေးခြင်းနှင့် အာဟာရဓာတ်မစုံလင်ဘဲကျွေးမွေးခြင်းသည် ထုတ်လုပ်မှုနှုန်းကိုကျဆင်းစေသဖြင့် ဈေးကွက်ပို့ချိန် ရောက်သည့်တိုင် ဈေးကွက်ဝင်ထုတ်ကုန်အဆင့်သို့ မရောက်ရှိ၍ စီးပွားရေးအရ ဆုံးရှုံးမှုကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။

အာဟာရဓာတ်ဆိုသည်မှာ အသက်ရှင်ရပ်တည်မှုအတွက် ဇီဝကမ္မဖြစ်စဉ် လည်ပတ်နိုင်ရေးနှင့် အသား၊ နို့စသည့်မျှော်မှန်းထုတ်ကုန်ရရှိရေးတို့အတွက် စားသုံးသည့် အစာတစ်မျိုး(ဝါ) အစာအမျိုးမျိုးတွင် ပါဝင်သော အကျိုးပြုအရာများဖြစ်သည်။

ဒေသထွက်အစာအမျိုးအစားနှင့် အာဟာရတန်ဖိုးများယေဘုယျအားဖြင့် အာဟာရတန်ဖိုးအကြောင်းနားလည်သိရှိနိုင်ရန်အတွက် အစာကြေချက်ရခက်သောအရာများနှင့် အမျှင်များစွာပါဝင်သောအစာများ ဖြစ်သည့် အစာကြမ်းနှင့်   အမျှင်ပါဝင်မှုနည်းပြီး အစာကြေချက်ရန်လွယ်ကူသော အစာမျိုးဖြစ်သည့် အစာနုတို့တွင် ပါဝင်သော အာဟာရတန်ဖိုးများကို  ဒေသထွက်အစာကုန်ကြမ်းတချို့ဖြင့် ဖော်ပြလိုပါသည်။

အစာကြမ်းကျွေးမွေးရာတွင်  ရိတ်သိမ်းချိန်၌ အာဟာရပြည့်ဝနေမှသာ  ကြီးထွားနှုန်းကောင်း ပါမည်။ အာဟာရအပြည့်ဝဆုံးအချိန်မှာ နွားစာပင်၏ အောက်ဆုံးရှိအရွက် အဝါရောင်သို့ စတင်ပြောင်းချိန်ဟု အကြမ်းအားဖြင့်  သတ်မှတ်နိုင်သည်။  အာဟာရနည်းပါးသည့် ရင့်မှည့်ခြောက်သွေ့ချိန်တွင် ကျွေးပါက အစာစားနှုန်း ထိခိုက်စေမည့်အပြင် ကြီးထွားနှုန်းကိုပါ လျော့နည်းစေပါသည်။ အစာကြမ်းတွင် ပါရှိသည့်အသားဓာတ်ပါဝင်နှုန်း ၈  ရာခိုင်နှုန်းအောက်ကျပါက စပ်စာဖြည့်စွက်ကျွေးမွေးရမည်။   

စပ်စာပြုလုပ်ကျွေးမွေးခြင်း

အသားစားနွားမွေးမြူထုတ်လုပ်ရာတွင် ကျွေးသောအစာသည် နွားတစ်ကောင်အတွက်  တစ်နေ့တာလိုအပ်သော  စွမ်းအင်ပမာဏနှင့်   အသားဓာတ်ပရိုတင်းရာခိုင်နှုန်းတို့ မှန်ကန်ရန် လိုအပ်ပါသည်။ တိရစ္ဆာန်စားသုံးရန်အတွက် လိုအပ်သောအာဟာရနှင့် အညီ အချိုးကျပေါင်းစပ်ထားသောအစာကို စပ်စာဟုခေါ်ပါသည်။  အစာကြမ်းတွင် အာဟာရဓာတ်မပြည့်ဝသည့်အခါ လိုအပ်သောအသားဓာတ်နှင့် စွမ်းအင်ဓာတ်ကိုရရှိရန် အစာနုတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပို၍ ရောစပ်ပြီး အစာကြမ်းနှင့် ရောနှောကျွေးမွေးနိုင်ပါသည်။ စပ်စာ၏ အရည်အချင်းကောင်းများမှာ-

(၁)     အစာများကိုဒေသအတွင်းအလွယ်တကူရှာဖွေစုဆောင်းနိုင်ခြင်း

(၂)     ဈေးနှုန်းချိုသာခြင်း

(၃)     အရသာရှိခြင်း

(၄)     အရည်အသွေးကောင်းခြင်းနှင့်

(၅)     စီးပွားရေးတွက်ခြေကိုက်ခြင်း စသော အရည်အချင်းများပါဝင်ရပါမည်။

ပြုပြင်ပြောင်းလဲထားသောအစာများ ပြုလုပ်နည်းနှင့် ကျွေးမွေးနည်းပြုပြင်ပြောင်းလဲထားသော အစာများဆိုသည်မှာ အစာကြမ်းအုပ်စုနှင့် အစာနုအုပ်စုနှစ်မျိုးကို ပိုလျှံနေသဖြင့်  အချိန်ကာလတစ်ခုအထိ  အာဟာရရှိစွာ သိုလှောင်ထိန်းသိမ်း၍  လိုအပ်ချိန်မှ  ထုတ်ယူ ကျွေးမွေးရန်၊ အာဟာရမပြည့်သော အစာခြောက်ကို အာဟာရပြည့်   အစာဖြစ်စေရန်နှင့်  အာဟာရ လိုအပ်ချက်အရ ဖြည့်စွက်စာအနေဖြင့် အသုံးပြုရန် စသည့်  လိုအပ်သောအာဟာရကို လိုအပ်ချိန်တွင် ရရှိသုံးစွဲရန် ရည်ရွယ်၍ လိုအပ်သောအထောက်အကူပစ္စည်းနှင့်  နည်းပညာများဖြင့်  ပြုပြင်ထားသည့် အစာအမျိုးအစားသစ်ဖြစ်ပါသည်။  ယင်းတို့အနက်  မြက်နှင့် ပြောင်းကို ချဉ်ဖတ်ပြုလုပ်ခြင်းမှာ ပိုလျှံနေသဖြင့်   အချိန်ကာလတစ်ခုအထိ   အာဟာရရှိစွာ သိုလှောင်ထိန်းသိမ်း၍   လိုအပ်ချိန်မှ  ထုတ်ယူ ကျွေးမွေးရန်ဖြစ်ပါသည်။ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းမှာ အာဟာရမပြည့်သော အစာခြောက်ကို  အာဟာရပြည့်အစာဖြစ်စေရန်ဖြစ်ပြီး ယူရီးယားသကာတုံးမှာ အာဟာရလိုအပ်ချက် အရ ဖြည့်စွက်စာအနေဖြင့် အသုံးပြုရန်ဖြစ်သည်။

(ယခုဆောင်းပါးတွင် ပြုလုပ်နည်းစနစ်များကို မဖော်ပြတော့ဘဲ ကျွေးမွေးနည်းနှင့် အကျိုးကျေးဇူးတချို့ကိုသာ   ဖော်ပြလိုပါသည်။   ပြုလုပ်နည်းအသေးစိတ်ကို နီးစပ်ရာမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် ဆက်သွယ်အကြံဉာဏ်ရယူနိုင်ပါသည်)

(က) နွားစာချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်းနွားစာချဉ်ဖတ်ပြုလုပ်နိုင်သောသီးနှံများမှာ ဖူးစားပြောင်း၊  နှံစားပြောင်းနှင့် မြက်တို့ဖြစ်ပြီး ပြုလုပ်မည့်အချိန်တွင် အစိုဓာတ် ၇၅ ရာခိုင်နှုန်းရှိရန်လိုအပ်ပါသည်။ ပိဿာ ၁၀၀ အခြောက်လှန်းလျှင် အခြောက်၂၅  ပိဿာရသော အခြေအနေဖြစ်ပါမည်။ ဖူးစားပြောင်း၊ နှံစားပြောင်းပင်နှင့် မြက်နွယ်မျိုးအပင်များတွင် အစေ့အဆန်နို့ရည်သမ်းချိန် ရိတ်ဖြတ်ပြုလုပ်ပါက အာဟာရပြည့်စုံသော   ကြာရှည်အထားခံ နွားစာချဉ်ဖတ်ကောင်းရရှိမည်။

သကာရည်/ဖွဲ/ဆန်မှုန့်/ သကြားစသည့် အချဉ်ပေါက်မှုကိုအားပေးသောပစ္စည်း  တစ်မျိုးမျိုးကို ရောထည့်သုံးပါက ချဉ်ဖတ်အရည်အသွေးကောင်းပြီး အစာစားနှုန်းကောင်းသော ချဉ်ဖတ်ရရှိနိုင်သည်။ ပြုပြင်ပြောင်းလဲထားသော အစာတစ်မျိုးဖြစ်သည့် နွားစာချဉ်ဖတ်ကို အသုံးချသင့်သည့် အကောင်းဆုံးအချိန်မှာ စိုက်ပျိုးရေးဘေးထွက်ပစ္စည်း သို့မဟုတ် စားကျက်ခြောက်ခန်းသည့်  အစာစိုရှားပါးသောအချိန်ဖြစ်သည်။ ယင်းအချိန်ကာလတွင် အစာနုကို အားပြုကျွေးမွေးပါက   အစာနုသည် အာဟာရတန်ဖိုးမြင့်သော်လည်း  ဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ကျစရိတ်မြင့်တက်ခြင်းဆိုးကျိုးအပြင် မိမိတို့မျှော်မှန်းသည့်ဈေးကွက်ပို့ချိန် ကိုယ်အလေးချိန်ရရှိရန် ခက်ခဲသည်ကို ကြုံတွေ့ရမည်ဖြစ်သည်။

(ခ) ကောက်ရိုးပြုပြင်ကျွေးမွေးခြင်းသာမန်ကောက်ရိုးတွင်  အာဟာရဓာတ်လွန်စွာနည်းပါးသဖြင့် မူလအတိုင်းကျွေးမွေးလျှင်  ထုတ်လုပ်မှု စွမ်းရည်မတိုးတက်ပါ။  ထို့ကြောင့် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးသင့်ပါသည်။ ကောက်ရိုးကို ယူရီးယားပုလဲဓာတ်မြေသြဇာဖြင့် ပြုပြင်ကျွေးမွေးပါက ရရှိမည့်အကျိုးကျေးဇူးများ-

          (၁)     ပိုမိုနှစ်ခြိုက်စွာ စားသုံးလာခြင်း၊ အစာခြေနိုင်စွမ်းရည်တိုးတက်လာခြင်း

          (၂)     အသားဓာတ်ပိုမိုများပြားလာပြီး အာဟာရတန်ဖိုးမြင့်လာခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာခြင်း

          (၃)     ကျန်းမာသန်စွမ်းလာသဖြင့် မျိုးပွားမှုဆိုင်ရာကောင်းမွန်ခြင်း

          (၄)  နို့ထုတ်လုပ်မှုတိုးလာပြီး နို့တွင် အဆီပါဝင်မှုများလာခြင်း

          (၅)  ဖြည့်စွက်စာကို လျှော့ချကျွေးမွေးနိုင်သဖြင့် ကုန်ကျစရိတ်သက်သာခြင်း

(ဂ)  ယူရီးယားသကာတုံးပြုလုပ်ကျွေးမွေးခြင်းယူရီးယားသကာတုံးကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့ စားမြုံ့ပြန် သတ္တဝါများအား ဖြည့်စွက်ကျွေးမွေးခြင်းဖြင့် ကြီးထွားမှု၊ ထုတ်လုပ်မှုကိုပိုမိုကောင်းမွန်စေပါသည်။ ယူရီးယားသကာတုံးသည် အရည်အသွေး နိမ့်သော အစာကြမ်းများကိုသာစားရသော တိရစ္ဆာန်များ သို့မဟုတ် အထွက်နှုန်းညံ့ဖျင်းသောစားကျက်တွင် လွှတ်ကျောင်းမွေးထားသော တိရစ္ဆာန်များအတွက် အထူးလိုအပ်ပြီး ယင်းမှအသားဓာတ်၊ စွမ်းအင်နှင့် သတ္တုဓာတ်များကို    ဖြည့်စွက်ရရှိစေပါသည်။

ယူရီးယားသကာတုံးကို ကျွေးမွေးခြင်းဖြင့် သုံးစွဲသူတိရစ္ဆာန်သာမက  အစာအိမ်အတွင်းရှိ  အကျိုးပြု အဏုဇီဝပိုးများအတွက် လိုအပ်သော အာဟာရနှင့်စွမ်းအင်ကိုပါ   ရရှိစေသည်။   တစ်ရက်လျှင် ကိုယ်အလေးချိန်  သုည ဒသမ ၂ မှ  သုည ဒသမ ၄၅ ကီလိုဂရမ်အထိ တိုးစေနိုင်ပါသည်။

သတိပြုရမည့်အချက်မှာ အာဟာရပြည့်အစာစိုပေါများစွာကျွေးမွေးနိုင်ချိန်တွင်  ယူရီးယားသကာတုံးပြုလုပ်ဖြည့်စွက်ကျွေးမွေးရန်မလိုပါ။  နွားအားလုံး အလွယ်တကူလျက်နိုင်အောင် စီမံပေးထားရမည်ဖြစ်ပါသည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ

ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်မှာ အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ပါသည်။  ပြည့်စုံစွာ ရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သော မွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျ ကာကွယ်ထိန်းချုပ်ရန်   လုပ်ငန်းစဉ်များသတ်မှတ်

ထားပြီးဖြစ်၍  GAHP  လက်မှတ်ရခြံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြပါသည်။ လေ့လာသူများ သိရှိ နိုင်ရန် အသားစားနွားမွေးမြူ ထုတ်လုပ်ရေးခြံများတွင် မဖြစ်မနေထိုးနှံပေးရမည့် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများကို ဖော်ပြလိုပါသည်။ ယင်းတို့မှာ-

          (၁)     ခွာနာလျှာနာရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်

          (၂)     ထောင့်သန်းရောဂါကာကွယ်ဆေး -တစ်နှစ် တစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်

          (၃)     ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်

          (၄)     လည်ချောင်းကွဲရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်

ခြံစီမံခန့်ခွဲမှုနည်းစနစ်ဖြင့် မဖြစ်မနေကာကွယ်ဆေးထိုးနှံပေးရန်မလိုအပ်ဘဲ   ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မွေးမြူရေးခြံနှင့်  ဦးစီးဌာနတို့ ချိတ်ဆက်ဆောင်ရွက်ပေးရမည့် ရောဂါတချို့ရှိပါသည်။ အဆိုပါရောဂါများမှာလည်း ကာကွယ်ဆေးပုံမှန်ထိုးနှံပေးရသည့်   ကူးစက်ရောဂါများကဲ့သို့ ပြည်တွင်းစားသုံးသူသာမက ပြည်ပစားသုံးသူအတွက်ပါ လွှမ်းခြုံကာကွယ်ပေးထားသော ရောဂါများဖြစ်၍ ပြည်ပပို့ကုန်အတွက်  အရေးကြီး၍  လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပေးရပါမည်။ ယင်းရောဂါများမှာ -

          (၁)     အရေပြားအကျိတ်နာ-မှက်၊ ခြင်၊ ယင် ကင်းရှင်းရေးဆောင်ရန်

          (၂)     ကပ်ပါးရောဂါ-လိုအပ်ဆေးဝါးစနစ်တကျသုံးရန်

          (၃)     ကျွဲ၊ နွားတီဘီရောဂါ -တစ်နှစ် နှစ်ကြိမ် ဆေးစစ်ရန်

          (၄)     ကျွဲ၊ နွား သားလျှောရောဂါ-တစ်နှစ် နှစ်ကြိမ် ဆေးစစ်ရန်

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်းသတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိပါသည်။

အမဲသား၊  အေးခဲအမဲသားနှင့်  ကလီစာအတွက်စံချိန်စံညွှန်း

ဤစံချိန်စံညွှန်းသည် ကျွဲ၊ နွားနှင့် နွားနောက်စသည့် Bovine species များမှ ထုတ်လုပ်ထားသော အမဲသား၊ အေးခဲအမဲသားနှင့်  ကလီစာစသည်တို့အားလုံးအတွက်အကျုံးဝင်သည်။ ထုတ်ပြန်ပြီးစံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုပါသည်။

ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်းသိရှိပြီးဖြစ်မည်။

နိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ရုံးအမှတ်(၃၆) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်ပါသည်။ ထုတ်ပြန်ပြီး အမဲသားဆိုင်ရာ စံချိန်စံညွှန်းတွင် ပါဝင်သည့် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

          (၁)     အမဲသား၊ အေးခဲအမဲသားနှင့် စားသုံးနိုင်သော ကလီစာအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း

          (၂)     သားသတ်ခြင်းမပြုမီ     တိရစ္ဆာန်၏ ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း

          (၃)     သားသတ်ပြီးနောက်   တိရစ္ဆာန်ထွက်ပစ္စည်းများကိုစစ်ဆေးခြင်း

          (၄)     နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကိုအရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း

          (၅)     နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း

          (၆)     သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ

          (၇)     မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

          (၈)     အဏုဇီဝပိုးပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ

          (၉)     နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့်သိုလှောင်သိမ်းဆည်းခြင်း

          (၁၀)  နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင်ဖော်ပြသည့်တံဆိပ်တပ်ခြင်း

          (၁၁)   နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း

ဆက်လက်၍ ဝက်သား၊ ဆိတ်သားနှင့် ကြက်ဥ၊ကြက်သားထုတ်လုပ်မှုဆိုင်ရာများကို ဖော်ပြရှင်းလင်း ပေးသွားပါမည်။    ။

Source: https://myawady.net.mm/stories

 

စမတ်ဖုန်းသုံးစွဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ

Posted_Date

Image

စမတ်ဖုန်းသုံးစွဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ

Body

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်စေ၊ မွေးမြူရေးဖြစ်စေ နည်းပညာကိုအခြေခံ၍သာလျှင်စိုက်ပျိုးမွေးမြူနေကြသည်ကိုအားလုံးအသိပင်ဖြစ်သည်။နည်းပညာနှင့်သက်ဆိုင်သောပစ္စည်းကိရိယာများကလည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင် တီထွင်ဆန်းသစ်နေကြသည်။ ထိုပစ္စည်းများအနက်လက်ကိုင်ဖုန်း(Smart Phone)လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ယနေ့ခေတ်တွင် စမတ်ဖုန်းသည် သယ်ယူရလွယ်ကူသလို ဘက်စုံအသုံးပြုနိုင်သောပစ္စည်းတစ်မျိုးဖြစ်သည်။ ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်ဖတ်ချင်သလား၊ နည်းပညာဆိုင်ရာများကို    လေ့လာချင်သလား၊  စီးပွားရေးလုပ်ချင်သလား အကုန်လုံး စမတ်ဖုန်းဖြင့်ပြုလုပ်နိုင်သည်။ စမတ်ဖုန်းသည် ဘက်စုံအသုံးပြုနိုင်သည်မှန်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများလည်းရှိသည်။ ၂၀၀၅ ခုနှစ်လောက်က တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိုဘိုင်းဖုန်းသုံးစွဲသူ  ၂ ဒသမ၂ဘီလီယံရှိပြီး   ကြိုးမဲ့ဖုန်းအသုံးပြုသူ ၁ ဒသမ၂၆ ဘီလီယံအထိရှိကြောင်းသိရသည်။   ယခုကမ္ဘာ့လူဦးရေ ၅၄ ရာခိုင်နှုန်း (၄ ဒသမ ၃ ဘီလီယံ)ခန့်သည် တယ်လီဖုန်းသုံးစွဲနေကြသည်။

မြန်မာနိုင်ငံနှင့်စမတ်ဖုန်း

စာရေးသူတို့နိုင်ငံတွင်ဖုန်းကို၂၀၁၀-၂၀၁၁ ခုနှစ်လောက်က  စတင်အသုံးပြုလာခဲ့ကြသည်။သို့သော် တွင်တွင်ကျယ်ကျယ်တော့မဟုတ်သေးပေ။ ထိုအချိန်က ကြိုးဖုန်းများကိုသာ တိုင်ထောင်၍အသုံးပြုကြရသည်။ ရွာတစ်ရွာတွင်ကြိုးဖုန်းတစ်လုံးလောက်သာရှိကြသည်။ ဖုန်းပြောလိုလျှင်  ကြိုးဖုန်းဆိုင်သို့သွားရောက်ပြောကြရသည်။ ထို့နောက် တဖြည်းဖြည်းနှင့်ယခုလက်ကိုင်ဖုန်း ခေါ် စမတ်ဖုန်းများကိုတွင်ကျယ်စွာအသုံးပြုလာကြသည်။  ယခုလူတိုင်းလိုလို စမတ်ဖုန်းတစ်လုံးစီရှိကြသည်အထိ တွင်ကျယ်စွာအသုံးပြုလာခဲ့ကြသည်။  မိသားစုတစ်စုမှာပင်  စမတ်ဖုန်းတစ်လုံးနှုန်းလောက်ရှိကြသည်။  တချို့ကထိုဖုန်းဖြင့်စီးပွားရေးလုပ်ကြသည်။  

တချို့က စာပေဗဟုသုတရှာကြသည်။တချို့က စျေးရောင်းကြသည်။  တချို့က နည်းပညာများဖြန့်ဝေကြသည်။  သတင်းအချက်အလက်များကိုလည်း  အလွယ်တကူ  ရှာဖွေဖတ်ရှုနိုင်သည်။

ထို့ကြောင့်စမတ်ဖုန်းသည်ကမ္ဘာကြီးတစ်ခုသဖွယ်ဖြစ်နေခဲ့သည်။မိမိသိချင်သည့်အချက်အလက်များကိုအလွယ်တကူရှာဖွေ၍ ထိုအချက်များအရ စမတ်ဖုန်းအသုံးပြုခြင်းသည်အကျိုးများစေသည်။ သို့သော် အလွန်အကျွံသုံးစွဲပါက ဘေးထွက်ဆိုးကျိုးကိုဖြစ်ပေါ်စေသည်။

ကလေးသူငယ်နှင့်ဖုန်းစွဲခြင်း

အများအားဖြင့်တော့ စမတ်ဖုန်းများသည် စွဲလမ်းမှုကိုဖြစ်စေသည်။ အထူးသဖြင့်ဂိမ်းဖြစ်သည်။

စမတ်ဖုန်းများမပေါ်မီကမည်သည့်ဂိမ်းမျှ မကစားကြပေ။ စမတ်ဖုန်းများပေါ်လာပြီးနောက် ဂိမ်းကစားရင်းဂိမ်းစွဲသွားကြသည်။ အထူးသဖြင့် ကလေးနှင့်လူငယ်များဖြစ်သည်။ စာရေးသူ၏တူတစ်ယောက်ဆိုလျှင် ဖုန်းသုံးလုံးကို အလဲအလှယ်လုပ်ပြီး ဂိမ်းကစားသည်။မွေးခါစငါးလကလေးပင် ဖုန်းအလင်းတွေ့လျှင်အာရုံစူးစိုက်ကြည့်နေတတ်သည်။ထိုကလေးကိုဖုန်းမပြရန်   အမြဲပြောရသည်။ကလေးငယ်များအား  ဖုန်းသုံးတတ်သည့်အကျင့်မဖြစ်အောင် ထိန်းကျောင်းပေးသင့်သည်။ ဧပြီလ    ၁၀   ရက်က စာရေးသူမျက်စိဆေးခန်း၌ မျက်စိပြနေစဉ် ကလေးတစ်ယောက်  မျက်စိလာပြသည်ကိုတွေ့ရသည်။ ဘာဖြစ်သလဲဟုမေးမြန်းကြည့်ရာ ဖုန်းအသုံးများသဖြင့် မျက်စိမကောင်းကြောင်းသိရသည်။

ထို့ပြင် စာရေးသူအသိမိတ်ဆွေ၏ကလေးတစ်ယောက်ဆိုလျှင်လည်း ဖုန်းအသုံးများသဖြင့် မျက်စိသူငယ်အိမ်စောင်းသွားရသည်။ ကြည့်လျှင်မျက်စိကိုတည့်တည့်မကြည့်ဘဲ စွေကြည့်သည်။မိဘတချို့က ကလေးငြိမ်နေလျှင်ပြီးရောဆိုပြီးဖုန်းပေးထားလေ့ရှိကြသည်။   ကလေးများ၏မျက်စိသည် အလွန်နုနယ်သေးသည်။  ဖုန်းစွဲပြီးဖုန်းကြည့်ချိန်များပါက မျက်စိကို ဒုက္ခပေးတော့သည်။ တချို့ကလေးများဆိုလျှင် မျက်စိမှာရဲရဲတောက်နေသည်။  အာရုံကြောစနစ်ချို့ယွင်းလာသည်။ ဂိမ်းကစားများလျှင်ဂိမ်းစွဲ၍မည်သည့်အလုပ်မျှမလုပ်ချင်တော့ဘဲ ဂိမ်းပဲကစားချင်နေသည်။စာရေးသူတူတစ်ယောက်ဆိုလျှင် ညဘက်ဂိမ်းဆော့ပြီး နေ့ဘက်မှအိပ်သည်။ ရေရှည်တွင်   ကျန်းမာရေးအတွက်မကောင်းပေ။ အထူးသဖြင့် ကလေးငယ်များကို ဖုန်းပေးမသုံးသင့်ပေ။ လူကြီးများအနေဖြင့်   ကြပ်မတ်ပေးရန်လိုအပ်သည်။ ဖုန်းအသုံးပြုခွင့်ပေးလျှင်လည်း အချိန်ဖြင့်သာ ပေးသုံးသင့်သည်။ ပညာရှင်များ၏လေ့လာချက်အရ စမတ်ဖုန်းကြောင့်ရောဂါဖြစ်စေနိုင်မှုသည် ၉၆ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။ လက်တော့၊  ကွန်ပျူတာကြောင့် ရောဂါဖြစ်မှု ၅၄ ရာခိုင်နှုန်း၊ ဘလူးတုကြောင့် ၃၂ ရာခိုင်နှုန်း၊ တက်ဘလက်ကြောင့် ၁၄ ရာခိုင်နှုန်းရောဂါဖြစ်စေနိုင်ကြောင်းသိရသည်။

စမတ်ဖုန်းနှင့်အိပ်ရေးပျက်ခြင်း

စမတ်ဖုန်းတွေမပေါ်ခင်က ည ၇ နာရီ၊ ၈ နာရီဆိုလျှင်အိပ်ရာဝင်ကြသည်။ အိပ်ရာသည် တစ်နေ့တာပင်ပန်းသမျှအပန်းဖြေရာနေရာဖြစ်သည်။ ယခုမူ အိပ်ရာသည် စမတ်ဖုန်းကိုလွတ်လွတ်လပ်လပ်အသုံးပြုရာနေရာဖြစ်သည်။ အိပ်ရာဝင်ပြီဆိုလျှင်  ဖုန်းအသုံးပြုကြသည်။ ယခုအခါ စမတ်ဖုန်း၊ တက်ဘလက်နှင့်လက်တော့များပါ အိပ်ရာထဲရောက်လာသည်။ ယင်းတို့ကိုကျူးကျော်သူများဟုပင်ဆိုရတော့မည်။ အိပ်ချိန်ရောက်၍ မအိပ်သေးဘဲ ဖုန်းသုံးနေပါက မျက်စိကြောင်ပြီးအိပ်မရတော့ပေ။ထိုအခါ   မျက်စိကြောင်ပြီး အိပ်ရေးပျက်လာသည်။ တချို့က စက်ပိတ်အိပ်ကြသော်လည်း တချို့က  စက်မပိတ်ကြပေ။  ဖုန်းကို စက်ပိတ်ထားသော်လည်း မျက်နှာပြင်မှ   အလင်းထုတ်လွှတ်နိုင်သေးသဖြင့်  ထိုအလင်းကြောင့် ကလေးများအိပ်မောကျခြင်းကို    ဟန့်တားနိုင်ကြောင်းသိရသည်။  ထို့ပြင်   ဖုန်းနှင့်အတူ အိပ်စက်ခြင်းသည်   အိပ်ရေးပျက်သည့်အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းနှင့် အယ်ဇိုင်းမားရောဂါတို့ဖြစ်တတ်သည်။

ထို့ပြင် ဖုန်းကထုတ်လွှတ်ပေးသော အပြာရောင်အလင်းတန်းသည် အိပ်စက်မှုကိုဟန့်တားနိုင်သည်။

ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါအပြာရောင်အလင်းတန်းသည် ဦးနှောက်အတွင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေနိုင်သည့်ဓာတုပစ္စည်းကို အလွန်အမင်းနှိုးဆွပေးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ညအိပ်ချိန်၌ လူနှင့်ဖုန်းကို ဝေးဝေးထားအိပ်သင့်သည်။ မိမိနှင့်အတူထား၍ မအိပ်စက်သင့်ပေ။  ဖုန်းကို  အချိန်ကြာမြင့်စွာသုံးပါကဦးနှောက်နှင့်  အာရုံကြောစနစ်ကိုထိခိုက်စေသည်။ မှတ်ဉာဏ်များလျော့နည်းလာနိုင်သည်။

အထူးသဖြင့် လူငယ်များ၏ဦးနှောက်နှင့်အာရုံကြောကိုအန္တရာယ်ပေးနိုင်သောကြောင့် စမတ်ဖုန်းကိုသတိပြုသုံးစွဲသင့်သည်။

ဖုန်းအားသွင်းစဉ် သတိယှဉ်

 တချို့က ဖုန်းအားသွင်းထားရင်း ဂိမ်းကစားကြသည်။  ဖုန်းပြောကြသည်။  ဖုန်းအားသွင်းနေစဉ်ဖုန်းပြောပါက လျှပ်စစ်ဓာတ်အားကြောင့်ဓာတ်လိုက်ခြင်းမျိုး၊ ဖုန်းပေါက်ကွဲခြင်းမျိုးဖြစ်နိုင်ကြောင်းသိရသည်။    Facebook ပေါ်၌ ဖုန်းအားသွင်းနေစဉ်ဖုန်းပြောသဖြင့်ဖုန်းပေါက်ကွဲပြီး အန္တရာယ်ဖြစ်နေသည်များကိုလည်း မကြာခဏတွေ့ရသည်။ ဂိမ်းဆော့နေစဉ်   ဖုန်းအပူလွန်ပြီးမီးလောင်သည်ကိုလည်းတွေ့ဖူးသည်။  ဖုန်းသည် အပူရှိသောပစ္စည်းမျိုး၊ လျှပ်စစ်စီးနေသောပစ္စည်းမျိုးဖြစ်သဖြင့် သတိပြုကိုင်တွယ်ဖို့လိုသည်။ ဧပြီလ ၁၂ ရက်က စာရေးသူတို့ဘက်မှာမိုးရွာသည်။ မိုးရွာပြီးခဏအကြာ မိုးကြိုးပစ်သံကြားလိုက်ရသည်။ ညဘက် လက်ဖက်ရည်ဆိုင်ထိုင်တော့ မိုးကြိုးပစ်သည့်အချိန် ဖုန်းထဲလျှပ်စစ်ဝင်ပြီးလက်ကျဉ်သွားကြောင်း ဘေးစားပွဲကလူငယ်တစ်ယောက်ပြောသံကို စာရေးသူကြားလိုက်ရသည်။ထို့ကြောင့်မိုးရာသီလိုအခါမျိုးတွင်လည်း ဖုန်းအသုံးပြုလျှင်သတိထားသင့်သည်။

အထူးသဖြင့်လျှပ်စီးလက်နေသောအချိန်မျိုး၊ မိုးကြိုးခဏခဏပစ်နေချိန်မျိုးဆိုလျှင်ဖုန်းကိုအသုံးမပြုသင့်ပေ။ နောက်တစ်ခုမှာ ဖုန်းကိုဆိုင်ကယ်နောက်ဖုံးအတွင်းထည့်၍   ခရီးမသွားသင့်ပါ။ ဆိုင်ကယ်နောက်ဖုံးအောက်တွင် ဘက်ထရီပါသည်။ ဘက်ထရီချွတ်ယွင်း၍ အပူလွန်ကဲခြင်းမျိုး စာရေးသူကြုံခဲ့ရဖူးသည်။ ဘက်ထရီကပူပြီးကိုင်လို့တောင်မရပါ။ ထိုအချိန်မျိုး ဆိုင်ကယ်နောက်ဖုံးထဲဖုန်းရှိပါက ထိုအပူကြောင့်ပေါက်ကွဲပြီးအန္တရာယ်ဖြစ်စေနိုင်သည်။  

စမတ်ဖုန်းအန္တရာယ်

စမတ်ဖုန်းများသည် သုံးတတ်လျှင်အလွန်ကောင်းသော်လည်း မသုံးတတ်လျှင် ဘေးအန္တရာယ်ဖြစ်စေသည်။ဖုန်းမှဓာတ်ရောင်ခြည်များထုတ်လွှတ်သည်။ မိုက်ခရိုဝေ့ဓာတ်ရောင်ခြည်နှင့် လျှပ်စစ်သံလိုက်ပြင်းအားများဖြစ်သည်။ လျှပ်စစ်သံလိုက်စက်ကွင်းပြင်းအားက ဦးနှောက်ကိုအန္တရာယ်ဖြစ်စေသည်။ဦးနှောက်ကင်ဆာအပါအဝင် လည်ချောင်းကင်ဆာ၊ အရေပြားကင်ဆာ၊ ခြေလက်တုန်သောရောဂါ၊ ကျောက်ကပ်ရောဂါတို့ကိုဖြစ်စေသည်။ ဖုန်းမှထွက်ပေါ်လာသော ဓာတ်ရောင်ခြည်သည် ကိုယ်ဝန်ဆောင်မိခင်တို့၏ ဝမ်းအတွင်းမှသန္ဓေသားကိုထိခိုက်စေသည်။ ထိုဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ဖုန်းမသုံးသင့်ပေ။ စမတ်ဖုန်းသုံးမှုစွဲလမ်းလာပါက အခြားသောလုပ်ငန်းများ၌လစ်ဟင်းလာသည်။ 

ဖုန်းကိုသာ အချိန်ပြည့်သုံးနေချင်သည်။  မည်သည့်အလုပ်မှ  မလုပ်ချင်တော့ပေ။  နောက်ပိုင်းစိတ်ကျရောဂါပင်ဖြစ်စေနိုင်သည်။ ထိုအခါ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးစသည်တို့ထိခိုက်လာမည်ဖြစ်သည်။ အထူးသဖြင့် မျက်စိကိုအန္တရာယ်ပိုဖြစ်စေနိုင်သည်။   ဖုန်းကြောင့် ဦးနှောက်အကျိတ်တည်ခြင်းမှာ ဖုန်းအတွင်းကထွက်ရှိလာသော ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများက ဆဲလ်များကိုသေစေပြီးအကျိတ်တည်လာခြင်းဖြစ်သည်။ ထို့ကြောင့် စမတ်ဖုန်းများသည်ကောင်းကျိုးရှိသလို  ဆိုးကျိုးများလည်းရှိသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင်  ယနေ့နည်းပညာခေတ်တွင် စမတ်ဖုန်းသည်နေရာယူလာသည်။ အသုံးပြုသူပိုများလာသည်။ ကွန်ပျူတာထက် စမတ်ဖုန်းသုံးသူပိုများလာသည်။အကျိုးရှိရှိအသုံးချပါကအကျိုးများသောပစ္စည်းဖြစ်သည်။ သို့သော်အလွန်အကျွံအသုံးပြုပါက အထက်ဖော်ပြပါနောက် ဆက်တွဲ အန္တရာယ်များကိုဖြစ်စေသည်။ ထို့ကြောင့် စမတ်ဖုန်းကိုအချိန်အတိုင်းအတာဖြင့် စနစ်တကျ အကျိုးရှိ အောင်သုံး စွဲကြရန်တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories