ကင်ဆာနှင့် ပျောက်ကင်းနိုင်သော အစားအစာများ

Posted_Date

Image

ကင်ဆာနှင့် ပျောက်ကင်းနိုင်သော အစားအစာများ

Body

နွားနို့

နွားနို့နှင့်အဆီဓာတ်မှာ    ကင်ဆာကို အားပေးသည့်   အကျိုးသက်ရောက်မှု  ရှိသော်လည်း   နွားနို့ထဲတွင် ပါဝင်သည့် တခြားဓာတ်ပစ္စည်းများသည် ကင်ဆာကို ခုခံတိုက်ဖျက်နိုင်သည်။    အမေရိကန်ပြည်ထောင်စု    ဘက်ဖလို  (Buffalo) မှ ပညာရှင်များက   အမေရိကန်နိုင်ငံသား ၁၃၀၀  အား   လေ့လာသုတေသနပြုရာ တွင်  မလိုင်ထုတ်ပြီး  သို့မဟုတ်  မလိုင်လျှော့ထားသည့်  နွားနို့ပုံမှန်သောက်သုံးသူတို့သည် ခံတွင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊   စအိုကင်ဆာ၊   အဆုတ်ကင်ဆာအပါအဝင်    တခြားကင်ဆာဖြစ်ပွားနှုန်းသည် နွားနို့မသောက်သူများထက်   လျော့နည်းနေကြောင်း   တွေ့ရှိခဲ့ကြသည်။   နွားနို့တွင်   ကင်ဆာကိုခုခံတိုက်ဖျက်သည့် ဓာတ်များ ပါဝင်နှုန်းကို လေ့လာသုတေသန ပြုဆဲဖြစ်သည်။ကြက်သွန်ဖြူဂျာမနီနိုင်ငံ၏    သုတေသနအသစ် တွေ့ရှိချက်အရ     ကြက်သွန်ဖြူသည်    ဆိုးရွားကင်ဆာဆဲလ်အတွက် အဆိပ်ဖြစ်နေသည်။ ဓာတုကုထုံးအတိုင်း  ကင်ဆာဆဲလ်များကို  သတ်ဖြတ်သုတ်သင်သည့် အကျိုးသက်ရောက်မှုမျိုးပါရှိသည်။ ကြက်သွန်ဖြူသည် ရောဂါပြီးခြင်း   (Immunity)တုံ့ပြန်မှုကို ထိန်းညှိပေးသည့်ဆေး အဖြစ်လည်း  အသုံးပြုနိုင်သည်။ လူကိုဆိုက်  (Leucocytes)    ဟုခေါ်သည့် သွေးဖြူဥဆဲလ်များကဲ့သို့    ခန္ဓာကိုယ်တွင်း  ပုံမှန်ရောဂါပြီးဓာတ်၏ တုံ့ပြန်မှုကိုလှုံ့ဆော်ပေးသည်။ စမ်းသပ်ခန်းထဲ ခန္ဓာကိုယ်ပြင်ပ စမ်းသပ်မှုများအရ ကြက်သွန်ဖြူသည် macrophage နှင့် T.Iympho-cytes ခေါ် ရောဂါပြီးခြင်း ဓာတ်တစ်မျိုးတို့ကို ရှင်သန်အောင် လှုံ့ဆော်ပေးသည်ကို တွေ့ရသည်။ ရောဂါပြီးခြင်းဓာတ်သည်သတ္တိကြွပြီး   ကင်ဆာဆဲလ်များကို သုတ်သင်ပစ်သည်။

ထို့ပြင်    ကြက်သွန်ဖြူကို    သဘာဝပိုးမွှား သက်သေအဖြစ် အသုံးပြုနိုင်သည်။ဥပမာ-အစာအိမ်ထွက်ပေါက်၌  အောင်းတတ်သည့်ပိုးမွှားများသည်   အူမကြီးကင်ဆာနှင့်       အစာအိမ်ကင်ဆာတို့နှင့် တိုက်ရိုက်ပတ်သက် ဆက်နွှယ်နေသည့် ပိုးမွှားများဖြစ်သည်။

ငါးအဆီ

ငါးများ၏အဆီသည် ကင်ဆာဆဲလ်များ ရွှေ့ပြောင်းဖြစ်ပွားမှုကို ဟန့်တားပေးသည်။ ဟားဗတ်တက္ကသိုလ်၏ လေ့လာသုတေသန ပြုချက်အရ  ခွဲစိတ်မှုခံယူပြီးသော   ရင်သားကင်ဆာများ   ရွှေ့ပြောင်းဖြစ်ပွားနှုန်း ကျဆင်းသွားရန် ငါးအဆီက စွမ်းဆောင်ပေးနိုင်ပြီး    တခြားကင်ဆာများ အပေါ်တွင်လည်း  ထိုကဲ့သို့ အကျိုး သက်ရောက်နိုင်မည်ဟု ဆိုသည်။

ငါးအဆီက ကင်ဆာဆဲလ်များ ရွှေ့ပြောင်းစွဲကပ်မှုကို ဖြတ်တောက်ပစ်ခြင်း အကျိုးကိုပေးသည်။  ထိုမှတစ်ဆင့် မူလက ကင်ဆာ မဖြစ်ခဲ့သည့်နေရာ၌ မရှင်သန်နိုင်ရန်  စွမ်းဆောင်လိုက်ခြင်း ဖြစ်ဟန်ရှိသည်။  ထို့ကြောင့် ဆရာဝန်များက   ရင်သားကင်ဆာလူနာများကို ငါးများများစားသုံးရန် မှာကြားခြင်းဖြစ်သည်။

အရက်သောက်ခြင်းနှင့်ကင်ဆာ

အရက်သောက်သူများသည် ကင်ဆာပြဿနာများ   တွေ့ကြုံရင်ဆိုင်ရသည်။ အသည်းကင်ဆာ၊    ဆီးကျိတ်ကင်ဆာ၊ရင်သားကင်ဆာ   စသည်တို့ဖြစ်သည်။ အထူးသဖြင့်  အူမကြီးကင်ဆာဖြစ်ပွားနှုန်းကိုတိုးပွားပြီး    အန္တရာယ်ပိုများစေသည်။ အဆိုပါကင်ဆာဖြစ်ပွားနှုန်း တိုးပွားခြင်းက အရက်နှင့်တိုက်ရိုက်ပတ်သက် ဆက်နွှယ်မှုရှိသည်။ နိုင်ငံတကာ ကင်ဆာသုတေသနအဖွဲ့၏ စစ်တမ်းပြုလုပ်ချက်အရ    ဆေးလိပ်နှင့် အရက်သောက်သုံးကြသူများသည် လည်ချောင်းကင်ဆာဖြစ်ပွားနှုန်း ၄၅ ရာခိုင်နှုန်းတိုးမြင့်သွားပြီး နှာခေါင်းနှင့်    အာခေါင်ကင်ဆာဖြစ်ပွားနှုန်း  ၁၃  ရာခိုင်နှုန်း  တိုးမြင့်သွားသည်ကိုတွေ့ရှိခဲ့ကြသည်။      အမေရိကန် အုတ်ကလာဟိုမားတက္ကသိုလ် ပါရဂူများ၏ တွေ့ရှိချက်အရ ဘီယာများများသောက်သူသည် ဘီယာမသောက်သူများထက် စအိုပြွန်ကင်ဆာဖြစ်ပွားနှုန်း ၁၀၀ ရာခိုင်နှုန်းရှိသည်။ ကင်ဆာဖြစ်ပြီးသည့်       လူနာသည် အရက်ကို  မဖြစ်မနေဖြတ်ရမည်ဖြစ်သည်။

အဆီနှင့်ကင်ဆာ

သံလွင်ဆီမှ omega-3   ဖက်တီးအက်စစ်တို့သည် အကျိုးပြုအဆီ အက်စစ်များဖြစ်သည်။ အမေရိကန်နိုင်ငံ ကျန်းမာရေး သုတေသနအသင်း၏  သုတေသနပြုချက်အရ  omega-3 သည် ကင်ဆာကာကွယ်ရေး‌နှင့်  ခုခံတိုက်ဖျက်ရေး အကျိုးအာနိသင် ရှိကြောင်း သိရသည်။

လူတိုင်း  နေ့စဉ်စားသောက်မှုမှ  ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားသော တိရစ္ဆာန်အဆီသည် ကင်ဆာကိုဖြစ်စေနိုင်သည့် အာနိသင်များရှိကြသည်။    omega-3၊ omega-6၊   အကျိုးမပြုသောအက်စစ် (LDL) များပါဝင်သည်။   ကင်ဆာဖြစ်နိုင်သည့်ဆဲလ်  သို့မဟုတ်  ငုပ်လျှိုးနေသည့် ကင်ဆာဆဲလ်များကို     ဆိုးရွားကင်ဆာဆဲလ်များအဖြစ် ပြောင်းလဲတိုးပွားစေရန် အားပေးလှုံ့ဆော်သည်။

ဆောင်ရန် ရှောင်ရန်

ကင်ဆာကာကွယ်နိုင်သည့်    အစားအစာများမှာ   ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးအမှည့်၊ အစိမ်းရောင်ဟင်းရွက်များ၊ အဝါရောင်ဟင်းရွက်များ၊ ပဲပုပ်၊ ပဲပြား၊ ငါးအဆီ၊ ရေနွေးကြမ်း၊ နွားနို့တို့ဖြစ်ကြသည်။

ကင်ဆာဖြစ်ပွားမှုမှ  ရှောင်ရန် အစားအစာများမှာ ခြေလေးချောင်းသား၊ အဆီများသောအစာ၊ ဆီအုန်းအပါအဝင် အရက်၊ ဘီယာတို့ဖြစ်သည်။  ကင်ဆာပြန့်ပွားမှုကို တားဆီးနိုင်သည့်အစားအစာများမှာ ပင်လယ်စာများ(ငါး၊ ပုစွန်)၊ မုန်ညင်းမျိုးရင်းဟင်းရွက်များ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊    မုန်ညင်းဖြူ၊   မုန်ညင်းခါးစသည်တို့ဖြစ်သည်။       

Source: https://myawady.net.mm/stories

 

အာရှဒေသမှာ ထပ်မံမြင့်တက်လာတဲ့ ကိုဗစ်-၁၉ ရောဂါ စိုးရိမ်စရာလိုနေပြီလား

Posted_Date

Image

အာရှဒေသမှာ ထပ်မံမြင့်တက်လာတဲ့ ကိုဗစ်-၁၉ ရောဂါ စိုးရိမ်စရာလိုနေပြီလား

Body

ဒီနှစ်အစောပိုင်းမှာ အာရှဒေသမှာရှိတဲ့ နိုင်ငံနဲ့ဒေသတော်တော်များများ အထူးသဖြင့် အရှေ့တောင် အာရှဒေသရှိ နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာနေတာကို တွေ့ရပါတယ်။ အာရှမှာဆိုရင်တရုတ်နိုင်ငံနဲ့ဟောင်ကောင်ဒေသ၊ အရှေ့တောင်အာရှမှာဆိုရင် စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုတွေပြန်လည်မြင့်တက်လာနေတာပါ။ ဒါကြောင့် ဒီရောဂါကပ်ဘေးဆိုးကြီးကကျွန်တော်တို့ကိုတစ်ဖန်ပြန်လည်ခြောက်လှန့်လာဦးမှာလားလို့ တွေးစရာ ရှိနေပါတယ်။

ဒီလိုထင်မယ်ဆိုရင်လည်းထင်စရာရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင်လက်ရှိရရှိထားတဲ့အချက်အလက်တွေကိုကြည့်ပါက ကိုဗစ်-၁၉ရောဂါဟာတော်တော်လေးကိုတက်ကြွစွာရှင်သန်နေဆဲပဲဆိုတာကို တွေ့ရပါတယ်။ ဒီရောဂါကြီးကငြိမ်သွားပြီလို့ လူတွေစိတ်ထဲမှာထင်မြင်နေတဲ့အချိန်၊ ကူးစက်မှုနှုန်းတွေကျဆင်းသွားတဲ့အချိန်မှာတောင်မှ ဒီရောဂါက ရှင်သန်နေတာကိုတွေ့ရတာပါ။

လက်ရှိဟောင်ကောင်နဲ့စင်ကာပူမြို့ကြီးတွေမှာဆိုရင်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာတာနဲ့ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေကသတိပေးချက်တွေထုတ်ပြန်ထားရပါတယ်။ အလားတူပဲတရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာဆိုရင်လည်းရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ အနေနဲ့ပြည်သူတွေကိုထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့အတွက် တိုက်တွန်းနှိုးဆော်မှုတွေလုပ်နေရပါတယ်။

ဟောင်ကောင်မှာဆိုရင် တစ်နှစ်ကျော်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက အမြင့်ဆုံးကိုရောက်ရှိလာတယ်လို့ ကျန်းမာရေးဌာနရဲ့ ကူးစက်ရောဂါဌာနမှူးကပြောထားပါတယ်။ ဒီလအစောပိုင်း ပထမရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဟာ ၃၁ ဦးရှိပြီး ရောဂါ ဖြစ်ပွားမှုကလည်း ပြင်းထန်တယ်လို့ဆို ပါတယ်။ ဒီအတွက် ကျန်းမာရေးတာဝန် ရှိသူများက ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးခြေရာခံမှုတွေလုပ်တဲ့အခါ အဲဒီရောဂါပိုးက လူကြားထဲမှာ တော်တော်လေးပျံ့နှံ့နေတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ အဆိုးဆုံးကတော့ ဟောင်ကောင်နာမည်ကြီး    အဆိုတော်တစ်ဦးဖြစ်တဲ့ အီဆန်ချန်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းပါပဲ။  ဒီအတွက်ပြည်သူတွေက ရောဂါပြန်လည်ဖြစ်ပွားမှုကိုသတိပြုမိလာတာဖြစ်ပါတယ်။

ထို့အတူ စင်ကာပူနိုင်ငံမှာဆိုရင်လည်း ဒီလအစောပိုင်းရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက ၂၈ ရာခိုင် နှုန်းအထိမြင့်တက်လာတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ သူတို့ထုတ်ပြန်တဲ့ရာခိုင်နှုန်းအရ ဆိုရင် ရောဂါကူးစက်ခံရသူအရေအတွက် က ၁၄၂၀၀ အထိရှိတယ်လို့ဆိုပါတယ်။ အဲဒီကာလအတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်သီးသန့်ထားရှိတဲ့ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှုခံယူရသူအရေအတွက်က ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့သိရပါတယ်။

အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပြန်လည်မြင့်တက်လာရခြင်းဟာ ရောဂါပိုးအနေနဲ့  ပိုမိုပြင်းထန်လာခြင်းကြောင့်မဟုတ်ဘဲ ပြည်သူတွေမှာသာ အဲဒီ ရောဂါကိုတိုက်ထုတ်နိုင်တဲ့ကိုယ်ခံအား ကျဆင်းလာခြင်းကြောင့်သာဖြစ်တယ်လို့

ကျန်းမာရေးတာဝန်ရှိသူများကပြောထားပါတယ်။ ဒါ့အပြင် လက်ရှိကိုဗစ်-၁၉ ရောဂါမျိုးကွဲကလည်း အရင်ကထက်ပိုမို ပြင်းထန်လာတဲ့အထောက်အထားတွေ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်း သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါအတွက် ထပ်ဆောင်းကာကွယ်ဆေးတွေထိုးကြဖို့ တာဝန်ရှိသူများက တိုက်တွန်းထားတာ တွေ့ရပါတယ်။

အလားတူတရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှုက မြင့်တက်လာ နေတယ်လို့ တရုတ်နိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့ လနဲ့ဒီလအစောပိုင်းအတွင်း ဆေးရုံတွေမှာတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူအရေအတွက်က နှစ်ဆမြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်  အခုလိုမျိုး ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက် လာခြင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာဖြစ် ပွားတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအတိုင်းဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူများက သတိပေးစကားပြောထားပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ ခြင်းနဲ့ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် ဧပြီလတုန်းကကျင်းပခဲ့တဲ့ ရိုးရာနှစ်သစ် ကူးပွဲတော်အပြီးမှာကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကပြန်လည်မြင့်တက်လာတာပါ။ အဲဒီကာလအတွင်း  လူစုလူဝေးများပြားခြင်းက ရောဂါပိုးကူးစက်ပျံ့နှံ့ဖို့အားပေးရာရောက်စေခဲ့တာဖြစ်တယ်လို့ ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၁၄ ရက်အထိရရှိတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူ   ၇၁၀၆၇   ဦးနဲ့ အဲဒီရောဂါကြောင့်သေဆုံးသူ ၁၉ ဦးရှိတယ်လို့ အစိုးရရဲ့ကိုဗစ်-၁၉ ရောဂါသတင်းထုတ်ပြန်ရေးဌာနကပြောပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးမထိုးရသေးဘူး ဆိုရင် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ် ဆေးထိုးပြီးသူဆိုရင်လည်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ကို တာဝန်ရှိသူများ ကတိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးက အိုမီခရွန် XEC မျိုးကွဲဖြစ် တယ်လို့ဆိုပါတယ်။ သူက KS.1.1 နဲ့ KP.3.3 ဆိုတဲ့မျိုးကွဲတွေနဲ့ဖွဲ့စည်းဖြစ်တည်နေတာဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုကိုအလွန် အမင်းမြန်ဆန်စေတဲ့ သန္ဓေပြောင်းမျိုးစိတ် အမျိုးမျိုးကိုသယ်ဆောင်ထားတာဖြစ်ပါ တယ်။ လက်ရှိမှာဆိုရင် အဲဒီရောဂါပိုးမျိုးကွဲ က ဥရောပ၊ မြောက်အမေရိကနဲ့ အာရှ ဒေသတို့ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ပျံ့နှံ့ နေတာကိုတွေ့ရှိလာရပါတယ်။     သူ့ရဲ့ကူးစက်ပျံ့နှံ့မှုနှုန်းကတော့ အခြားသောအိုမီခရွန် မျိုးကွဲတွေထက် ၈၄ ဆမှသည် အဆ ၁၁၀ အထိရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။

အခု အာရှဒေသရှိနိုင်ငံနဲ့ဒေသတွေမှာ ပြန်လည်ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ ရောဂါတွေက နွေရာသီကာလတွေမှာ ပိုမိုပျံ့နှံ့လာနေတာတွေ့ရပါတယ်။အရင်တုန်းကကိုဗစ်ရောဂါဆိုတာသာမန်တုပ်ကွေးရောဂါလိုပဲဖြစ်သွားလိမ့်မယ်လို့ယူဆထားခဲ့ကြတာပါ။ တုပ်ကွေးရောဂါတွေ က မိုးရာသီမှာအဖြစ်များပြီး နွေရာသီမှာ ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခု ကိုဗစ်-၁၉ ရောဂါကျတော့ အဲဒီလိုမျိုး ဖြစ်မလာပါဘူး။နွေရာသီမှာသာပိုပြီးကူးစက်ပျံ့နှံ့လာနေတာတွေ့ရပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားနေတာကတော့ အသေအချာ ပါပဲ။ဒါကြောင့်လည်းကျန်းမာရေးတာဝန်ရှိသူများကပြည်သူတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့တိုက်တွန်းလာနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း     အစိုးရအဖွဲ့အချင်းချင်းက တစ်ဦးကရတဲ့   အချက်အလက်တွေကို တခြားသူတွေဆီပြန်လည်မျှဝေပြီး ဒီကပ်ဆိုးကြီးကိုထိန်းချုပ်နိုင်ဖို့လုပ်ဆောင်နေကြတာတွေ့ရပါတယ်။

ဒါကြောင့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ရောဂါကြီးက အရှင်းပျောက်မသွားသေးပါဘူး။ ကိုဗစ်-၁၉ ရောဂါက ၂၀၂၀ ပြည့်နှစ် မှာစတင်ပေါ်ပေါက်လာပြီး  ပြည်သူတွေကိုဒုက္ခမျိုးစုံပေးခဲ့ပြီးသည့်တိုင်အောင်အခုချိန်ထိလည်း လူတွေကို သံသယတွေနဲ့ အတူ ဒုက္ခပေးနေဆဲဖြစ်တယ်လို့ဆိုရမှာပါ။

ဒီအတွက်ကြောင့်ကျွန်တော်တို့တစ်တွေအနေနဲ့ တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာမှုနဲ့ပတ်သက်ပြီး စိုးရိမ်ရမှာ လားလို့မေးလာရင် ကိုယ်ကကာကွယ် ဆေးထိုးထားပြီးသားဆိုရင်လည်း ထပ်ဆောင်းကာကွယ်ဆေးကိုထိုးဖို့၊ မထိုးရသေးဘူးဆိုရင်လည်း ကာကွယ်ဆေးကို အမြန်ဆုံးထိုးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူစုလူဝေးနေရာတွေကိုရှောင်ရှားခြင်း၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးခြင်း၊ လူများတဲ့နေရာတွေကိုသွားမယ်ဆိုရင် နှာခေါင်းစည်းကိုတပ်သွားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်း များကိုဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခု အထိကာကွယ်နိုင်မယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။

Ref: ET, NT

Source: https://myawady.net.mm/stories

 

လျှို့ဝှက်သကြားများပါဝင်သော နေ့စဉ်အစားအစာများ

Posted_Date

Image

လျှို့ဝှက်သကြားများပါဝင်သော နေ့စဉ်အစားအစာများ

Body

လတ်ဆတ်သောသစ်သီးများနှင့် ရိုးရိုးနို့ထွက်ပစ္စည်းများကဲ့သို့သောအစားအစာများတွင်သဘာဝသကြားဓာတ်တချို့ပါဝင်သော်လည်းအာဟာရပြည့်ဝသည့်အစားအစာများဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများတွင်ပါဝင်သင့်ပါသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သကြားစားသုံးမှုကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်းခြောက် ဇွန်း သို့မဟုတ် ၂၄  ဂရမ်အထိကန့်သတ်ရန် အကြံပြုထားသည်။  လူ အများစုသည် သကြားအကြောင်းစဉ်းစားရာတွင် သကြားလုံး၊  အချို ရည်၊ ရေခဲမုန့်နှင့် မုန့်ဖုတ်ပစ္စည်းများကဲ့သို့ ချိုမြိန်သောအရသာရှိသည့် အစားအစာများကို တွေးကြလေ့ရှိသည်။ သို့သော် နေ့စဉ်စားသုံးသည့် အစားအစာများစွာထဲတွင် မသိလိုက်ဘဲပါဝင်နေသော လျှို့ဝှက်သကြား များရှိနေတတ်ကြောင်း သိထားရန်လိုအပ်ပါသည်။

ပေါင်းထည့်သကြား

အစားအစာများတွင် အရသာပိုကောင်းစေရန် သကြားကိုမကြာခဏ ထည့်လေ့ရှိသည်။ ထုပ်ပိုးထားသောအစားအစာများကို စီမံဆောင်ရွက် သည့်အချိန်တွင် သကြားအပိုများထည့်ထားတတ်သည်။ ထို့ပြင် ထုပ်ပိုး ထားသောအစားအစာများ၏ သက်တမ်းကိုတိုးမြင့်ရန်လည်း ထည့်လေ့ရှိသည်။ ခေါက်ဆွဲဆော့စ်ကဲ့သို့ အရသာရှိသောအစားအစာတချို့တွင်ပင် စားသုံးသူများ မထင်မှတ်ထားသောသကြားများကို ထည့်ထားကြသည်။

လျှို့ဝှက်သကြား

လျှို့ဝှက်သကြားသည်  အစားအစာနှင့်အချိုရည်များတွင်  လူသိ နည်းသောအမည်များကိုအသုံးပြု၍ အသွင်ယူထည့်ထားသောသကြားများဖြစ်သည်။ မုန့်ဖုတ်ပစ္စည်းများ၊ ခေါက်ဆွဲများ၊ ဆော့စ်များနှင့် အချိုရည်များအပါအဝင်  အစားအစာများစွာတွင်  လျှို့ဝှက်သကြားများကို တွေ့ရှိနိုင်သည်။ လျှို့ဝှက်သကြားတွင် ဥပမာအားဖြင့် သကြားညို၊ ဝတ်ရည်၊ ပြောင်းဖူးရည်၊ ပျားရည်၊ Dextrose၊ Fructose၊ Glucose၊ Maple Syrup နှင့် Sucrose တို့ပါဝင်သည်။

အာဟာရအညွှန်းများအမြဲဖတ်ရန်

အစားအစာများတွင် သကြားမည်မျှပါဝင်သည်ကိုသိရှိရန် အကောင်း ဆုံးနည်းလမ်းမှာ  အာဟာရဆိုင်ရာအညွှန်းများကို   အမြဲဖတ်ရန်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းစာရင်းကိုဖတ်လျှင် အမြင့် ဆုံးပမာဏမှ အနည်းဆုံးပမာဏအထိ ပါဝင်ပစ္စည်းများကို အမြဲဖော်ပြထားသည်။ အညွှန်းသည် အစားအစာတွင်ပါဝင်သော သဘာဝသကြား များနှင့် ပေါင်းထည့်သကြားများဖြစ်သည့် စုစုပေါင်းသကြားပမာဏကို ပြသမည်ဖြစ်သည်။ ဥပမာအားဖြင့် အစားအစာတစ်ခုတွင် သကြားစုစု ပေါင်း  ၂၀ ဂရမ်ပါလျှင် ပေါင်းထည့်သကြား ၁၅ ဂရမ်နှင့် သဘာဝသကြား ၅ ဂရမ်ဖြစ်ကြောင်း သိရှိနိုင်သည်။ အညွှန်းများကိုစစ်ဆေးသောအခါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတွင် သကြား ၄ ဂရမ်ခန့်ပါရှိသည်ကိုသိထား ရန်လိုပါသည်။  သတိထားကြည့်ရန်လိုသော  သကြားအမျိုးအစားတချို့ နှင့် အသုံးများသောသကြားဓာတ်ပါဝင်သည့်ပစ္စည်းများမှာ ကြံသကြား၊မုန့်ဖုတ်သကြား၊  တာဘိုင်ဒိုသကြား၊  သကြားရည်အပျစ်၊  ပြောင်းဖူးရည်၊ ဆန်အရက်၊ သကာရည်၊ တင်လဲရည်၊ သစ်သီးဖျော်ရည်၊ ပျားရည် နှင့် ဝတ်ရည်တို့ဖြစ်သည်။ ထို့ပြင် Glucose၊ Fructose၊ Lactose၊Maltose၊ Dextrose နှင့် Sucrose အများစုတွင် သကြားပါဝင်သည်။

တချို့သောအစားအစာများသည် Sucralose၊ Aspartame၊ Saccharin နှင့် Stevia ကဲ့သို့သော သုညကယ်လိုရီအချိုဓာတ် (Zero-calorie sweeteners) ကိုအသုံးပြုပါသည်။ Zero-calorie sweeteners များသည် သွေးတွင်းသကြားဓာတ်ပမာဏကို အကျိုးသက်ရောက်မှုမရှိသည့်အပြင် ကယ်လိုရီစားသုံးမှုကိုလျှော့ချရန်  ကူညီပေးနိုင်သည်။  ယင်းတို့သည်ယေဘုယျအားဖြင့် အန္တရာယ်ကင်းပြီး ပုံမှန်သကြားစားသုံးမှုကို လျှော့ချ ရန် ရေတိုနည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။ ပုံမှန်သကြားကဲ့သို့ပင် သကြားအစားထိုးစားသုံးမှုကို  တတ်နိုင်သမျှကန့်သတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သကြားအစားထိုးပစ္စည်းများ၏ ရေရှည်အကျိုး သက်ရောက်မှုကို လေ့လာ နေဆဲဖြစ်သော်လည်း တချို့သောသုတေသန ပြုချက်များအရ ယင်းတို့အသုံးပြုမှုသည် လေပွခြင်းနှင့်  ဝမ်းလျှောခြင်း ကဲ့သို့သော ကျန်းမာရေးပြဿနာများနှင့်ဆက်စပ်မှုရှိနိုင်ကြောင်း အကြံပြုထားသည်။ ထို့ပြင်သကြားလုံးဝမပါသောသရေစာများသည် အာဟာရပြည့်ဝသောသစ်သီးများနှင့်    ဟင်းသီးဟင်းရွက်များကဲ့သို့အာဟာရမပြည့်နိုင်ကြောင်း သတိပြုရန် အရေးကြီးပါသည်။

လျှို့ဝှက်သကြားများပါဝင်လေ့ရှိသောအစားအစာများအောက်ဖော်ပြပါအစားအစာများသည်  လျှို့ဝှက် သကြားပါဝင်လေ့ရှိ သောအစားအစာများဖြစ်သည်။

ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များ

ခရမ်းချဉ်သီးဆော့စ်၊ ခေါက်ဆွဲဆော့စ်၊ ဘာဘီကျူးဆော့စ်နှင့် အသုပ်အတွက်ဆော့စ်များတွင် လျှို့ဝှက် သကြားများ ပါဝင်လေ့ရှိသည်။

ပရိုတင်းဘားများ သို့မဟုတ် ဒိန်ချဉ်

ဤအစားအစာများသည် ပရိုတင်းဓာတ်အချိုးအစား မြင့်မားစွာပါဝင် သောကြောင့်    အဆင်ပြေသောအစားအစာတစ်ခုဖြစ်နိုင်သော်လည်းတချို့တွင် ပေါင်းထည့်သကြားပမာဏများစွာပါဝင်နိုင်သည်။ စျေးကွက် အတွင်းရောင်းချသည့် ပရိုတင်းဘားများတွင် ပရိုတင်းကိုအဓိကထား၍တံဆိပ်ကပ်ထားသော်လည်း အများအပြားသည် ကွတ်ကီး သို့မဟုတ် ဒိုးနပ်ကဲ့သို့သော    အချိုပွဲများထက်   ပေါင်းထည့်သကြားများပါရှိတတ်သည်။ ထို့ကြောင့် သကြားထက် ပရိုတင်းဓာတ်ဂရမ်ပိုများသောရွေးချယ်စရာများကို ရှာဖွေရန်လိုအပ်သည်။

နို့နှင့်နို့ထွက်မဟုတ်သောပစ္စည်းများ

နို့ထွက်ပစ္စည်းများတွင် သဘာဝသကြားဓာတ်များပါဝင်သော်လည်း တချို့သောနို့ထွက်မဟုတ်သော ပစ္စည်းများတွင်  ပေါင်းထည့်သကြား များဖြင့် ပိုချိုနိုင်သည်။ ချောကလက်၊ ဗင်နီလာ၊ စတော်ဘယ်ရီ အရသာပါသည့်အစားအစာများကို သတိပြုဝယ်ယူသင့်ပါသည်။

နံနက်စာစီရီရယ်များနှင့်အစေ့အဆန်များ

ကျန်းမာရေးနှင့်ညီညွတ်သောနံနက်စာသီးနှံအဖြစ် သတ်မှတ်ထားသော အစေ့အဆန်များ၊ မုယောစပါး၊ အုတ်ဂျုံနှင့် သစ်သီးခြောက်များ၊ အခွံမာသီးများသည် ဟင်းခတ်အမွှေးအကြိုင်များနှင့် သကြား၊ ပျားရည် သို့မဟုတ်  တခြားထည့်ထားသောသကြားများဖြင့်ရောစပ်ထားသော ကြောင့် ပို၍ချိုသည်။  ပြုပြင်ပြီး သောနံနက်စာစီရီရယ်များ၊  ကွတ်ကီးများ၊ ဘီစကွတ်မုန့်၊ Crackers နှင့် ထုပ်ပိုးထားသော သရေစာများတွင် ပေါင်းထည့်သကြားများပါဝင်သည်။

စည်သွတ်ဘူးများ၊ သစ်သီးဖျော်ရည်များ၊ ယိုများစည်သွတ်ထားသောသစ်သီးများ၊  ဖျော်ရည်များနှင့်  ယိုများတွင်ပေါင်းထည့်သကြားများ ပါဝင်နိုင်သည်။

ထောပတ်များ

မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊  ထောပတ်များတွင် အရသာနှင့်အသွင် အပြင်အတွက် သကြားများထည့် နိုင်သည်။

အချိုရည်များ

အားဖြည့်အချိုရည်ပုလင်းများ၊ကော်ဖီနှင့်ကော်ဖီအေးများတွင်ထည့်ထားသောသကြားပမာဏမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် များသည်။ ရေနှင့်အချိုမပါသောကော်ဖီ  သို့မဟုတ် လက်ဖက်ရည်များ ကို သောက်သုံးသင့်ပါသည်။

ထိန်းညှိစားသုံးခြင်း

အကြိုက်ဆုံးအစားအစာတချို့တွင်သကြားဓာတ်များနေပါက ယင်း တို့ကို လုံးဝဖြတ်ပစ်ရန်မဆိုလိုပါ။ အရေးကြီးသောအချက်မှာ အစားအစာများကိုသတိထား၍ သင့်တင့်မျှတစွာစားသုံးနိုင်ပါသည်။ အာဟာရ တံဆိပ်ပေါ်ရှိ  အကြံပြုထားသောအရွယ်အစားများကို  သေချာလိုက်နာပါ။ အစားအစာတွင်ထည့် ထားသောသကြားများကို စားသုံးရန်စိုးရိမ်ပါက အရွယ်အစားနှင့်ပမာဏကို လျှော့ချစားသုံးပါ။သကြားနည်းသော သို့မဟုတ် သကြားမပါသော  (No sugar)  တခြားရွေးချယ်စရာများကို  ရှာဖွေပါ။ သွေးချို ဆီးချိုရောဂါအတွက် တချို့သောအစားအစာများကိုလည်း အိမ်တွင် ကိုယ်ပိုင်တီထွင်ဖန်တီး ပြုလုပ်နိုင်သည်။

လျှို့ဝှက်သကြားများကိုရှောင်ရှားရန်နည်းလမ်းများ

လျှို့ဝှက်သကြားများကိုရှောင်ရှားရန် ကုန်အမှတ်တံဆိပ်အညွှန်းများ ကိုသေချာဂရုတစိုက်ဖတ်ပါ။  တံဆိပ်ပေါ်ရှိ  ပါဝင်ပစ္စည်းများစာရင်းနှင့် ထည့်ထားသောသကြားများပမာဏကို အမြဲရှာဖွေပြီး သကြားပါဝင်မှုအနည်းဆုံးကို ရွေးချယ်ပါ။အစားအစာနှင့်အချိုရည်များတွင်ပါဝင်သော စုစုပေါင်းသကြားပမာဏအတွက် အာဟာရအညွှန်းများကို စစ်ဆေးပါ။ နို့ထွက်ပစ္စည်းများမဟုတ်သော ဗာဒံစေ့နို့၊ အုန်းနို့၊ ဆန်နို့၊ ပဲနို့စသည့်အပင်အခြေခံနို့ရည်များအတွက်   အာဟာရတံဆိပ်ကိုဖတ်ပါ။ ၁၀၀ ဂရမ်တွင် သကြား  ၁၅  ဂရမ်ထက်ပိုသောအစားအစာများသည် ပေါင်းထည့်သကြားဓာတ်မြင့်မားနိုင်သည်။  ၁၀၀  ဂရမ်တွင်  သကြား၅ ဂရမ်ထက်နည်းသောအစားအစာများကို ရွေးချယ်သင့်ပါသည်။

သစ်သီးဖျော်ရည်များ သို့မဟုတ် ပြုပြင်ထားသောသရေစာများအစား လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပါ။ သကြားပါဝင်မှုလျှော့ချရန် လွယ်ကူသောနည်းလမ်းတစ်ခုမှာ သကြားပါသောအချိုရည်များကိုရှောင်ကြဉ်ရန်ဖြစ်သည်။  ဆော်ဒါ၊  အချိုပါသော ကော်ဖီ၊ ဖျော်ရည်များနှင့် သစ်သီးဖျော်ရည်များကိုရှောင်ပါ။ ဒိန်ချဉ်နှင့် ဟင်းသီးဟင်းရွက်အသုပ်များကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သောအစား အစာများတွင်ပင် လျှို့ဝှက်သကြားများပါဝင်နိုင်သည်။ အရသာရှိသော ဒိန်ချဉ်အစား ရိုးရိုးဒိန်ချဉ်ကိုရွေးချယ်ပြီး သဘာဝအသီးအနှံများကိုထည့် ပါ။သဘာဝအချိုဓာတ်ကိုလျှော့ပေါ့ရွေးချယ်ပါ။ အချိုဓာတ်ကိုအသုံးပြုပါ က Zero-calorie sweeteners သို့မဟုတ် ပျားရည်ကဲ့သို့ သဘာဝရွေးချယ် စရာများကို ရွေးချယ်ပါ။   အစားအစာ အရွယ်အစားများနှင့် ပမာဏကို သတိထားရန်လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

လူမှုဆက်ဆံရေးဉာဏ်ရည် (Social Intelligence)

Posted_Date

Image

(Social Intelligence)

Body

လောကတွင် လူမှန်သမျှအတတ်ပညာတစ်ခုခုတတ်မြောက်ထားရန်လိုအပ်သည်။  အတတ်ပညာတတ်မြောက်မှသာ လောကအလယ် တင့်တောင့်တင့်တယ်ရပ်တည်နိုင်မည်။ သက်ဆိုင်ရာ အတတ်ပညာ၌ ကျွမ်းကျင်ပါက ပို၍တင့်တယ်အောင်မြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် တစ်နေ့တခြား လူဦးရေတိုးပွားသည်နှင့်အမျှ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးက အရေးပါလာသည်။ ပညာတတ်ရုံမျှနှင့်မပြီးသေး မအောင်မြင်နိုင်သေးပေ။ ယနေ့ခေတ်တွင် လူမှုဆက်ဆံရေးကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချနိုင်မှုသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။   လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူအချင်းချင်း  ဆက်ဆံကြရာတွင်  ထိရောက်စွာ ခံစားသိရှိအဓိပ္ပာယ်သိသိဖြင့် တုံ့ပြန်နိုင်မှုဖြစ်သည်။

အဓိပ္ပာယ်ရှိသော ဆက်ဆံရေးများတည်ဆောက်ရန်၊ ပဋိပက္ခများကို  ဖြေရှင်းရန်နှင့်  မတူကွဲပြားသော ပတ်ဝန်းကျင်များတွင်အောင်မြင်ရန် လူမှုဆက်ဆံရေးဉာဏ်ရည်က ကူညီပေးသည်။ ပညာရပ်ဆိုင်ရာ ဉာဏ်ရည် (IQ) သည် သိမှုဆိုင်ရာပြဿနာဖြေရှင်းမှုကို အာရုံစိုက်ပြီး လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) သည် စိတ်ခံစားမှုနှင့် လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်မှုကို အလေးပေးသည်။ အရိုးရှင်းဆုံးဆိုရပါမူ လူမှုဆက်ဆံရေးဉာဏ်ရည်သည် မိမိ၏ အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစု ဆွေမျိုးသားချင်းများအကြားတွင်  တည်ရှိသော ရင်းနှီးဆက်သွယ်မှုကို ပြဿနာတစ်စုံတစ်ရာ မဖြစ်စေဘဲ ထိန်းသိမ်းထားရှိနိုင်ကာ ပေါင်းသင်းဆက်ဆံရေးကွန်ရက်ကို ကျယ်ပြန့်လာစေနိုင်သည့် အရည်အသွေးပင်ဖြစ်သည်။

လူမှုဆက်ဆံရေးဉာဏ်ရည်ဆိုသည်မှာ

လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) ဆိုသည့်ဝေါဟာရကို ၁၉၂၀ ပြည့်နှစ်တွင် စိတ်ပညာရှင် Edward Thorndike ကစတင်အသုံးပြုခဲ့သည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ဟုဆိုရာတွင် ခန္ဓာကိုယ်အမူအရာ၊ မျက်နှာအမူအရာနှင့်အသံအနိမ့်အမြင့်ကဲ့သို့သော စကားလုံးမဟုတ်သည့်အချက်ပြမှုများကို အကဲခတ်နိုင်မှုနှင့် အခြားသူများ၏ ခံစားချက်နှင့် ရှုထောင့်များကို စာနာနိုင်မှု၊ မတူညီသော လူမှုအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူပြောင်းလဲနိုင်မှု၊ ရှင်းလင်းစွာဆက်သွယ်နိုင်မှုနှင့် အခြားသူများကို အပြုသဘောဆောင်စွာ လွှမ်းမိုးနိုင်မှု၊ လူမှုဆက်ဆံရေးတွင် သင့်လျော်စွာတုံ့ပြန်နိုင်ရန် စိတ်ခံစားမှုများကို  စီမံခန့်ခွဲမှု၊  ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့်  ပဋိပက္ခဖြေရှင်းနိုင်မှုမှတစ်ဆင့် ခိုင်မာသောဆက်ဆံရေးများတည်ဆောက်ထိန်းသိမ်းမှု စသည့်ဝိသေသများကို ရည်ညွှန်းလေ့ရှိကြသည်။

လူမှုဆက်ဆံရေးဉာဏ်ရည်၏ အစိတ်အပိုင်းများလူမှုဆက်ဆံရေးဉာဏ်ရည်၏ အဓိကအစိတ်အပိုင်းများအနေဖြင့်  စာနာမှုရှိကာ အခြားသူများ၏ ခံစားချက်များကိုနားလည်ပြီး မျှဝေနိုင်မှုရှိခြင်း၊ တက်ကြွစွာနားထောင်တတ်ခြင်း၊ အခြားသူများ၏ ပြောဆိုချက်များကို အနှောင့်အယှက်မပေးဘဲ အမှန်တကယ် နားထောင်ခြင်း၊ ကွဲပြားခြားနားသော ပုဂ္ဂိုလ်များ/အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူနှင့် ဆက်သွယ်ရေးပုံစံကို ပြောင်းလဲခြင်း၊ ခန္ဓာကိုယ်အမူအရာနှင့် မျက်လုံးချင်းဆက်သွယ်မှုများကို ထိရောက်စွာအဓိပ္ပာယ်ဖွင့်ဆိုပြီး လိုက်လျောညီထွေစွာတုံ့ပြန်တတ်ခြင်း၊လွှမ်းမိုးမှုနှင့် ဆွဲဆောင်မှုရှိခြင်း၊ ရှင်းလင်းသောဆက်သွယ်ရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် အခြားသူများကို လှုံ့ဆော်နိုင်ခြင်း၊ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချ၍  ကိုယ့်စိတ်ခံစားမှု၊  ဘက်လိုက်မှုများမပါစေဘဲ အကြောင်းပြချက်များကို နားလည်ပြီး လူမှုဆက်ဆံရေးတွင်ပိုမိုထိန်းချုပ်နိုင်ခြင်း စသည့်အချက်များပါဝင်ကာ ၎င်းတို့ကိုသိရှိနားလည်အသုံးချနိုင်ရန်လိုသည်။

လူမှုဆက်ဆံရေးဉာဏ်ရည်၏ အရေးပါမှု

လူမှုဆက်ဆံရေးဉာဏ်ရည်သည် ပုဂ္ဂိုလ်ရေးနှင့် ပရော်ဖက်ရှင်နယ်အောင်မြင်မှု၏ အဓိကအုတ်မြစ်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးကို အခြေခံသည့်ကမ္ဘာတွင်အဖွဲ့အစည်းများကိုဦးဆောင်ရန်၊ ပဋိပက္ခများကိုညှိနှိုင်းရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်လူမှုဆက်ဆံရေးဉာဏ်ရည်ထူးချွန်သူများသည် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားကြလေ့ရှိသည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ရှိသူများသည် အခြားသူများ၏ လိုအပ်ချက်နှင့် စိတ်ခံစားမှုများကို နားလည်ခြင်းဖြင့် ပိုမိုနက်ရှိုင်းပြီး စစ်မှန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ခြင်း၊ ပရော်ဖက်ရှင်နယ်နယ်ပယ်တွင်လူမှုဆက်ဆံရေးဉာဏ်ရည်သည် ခေါင်းဆောင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပုံမှန်ဆက်ဆံရေးအတွက်အရေးကြီးသည်။လေ့လာမှုများအရလူမှုဆက်ဆံရေးဉာဏ်ရည်မြင့်သောခေါင်းဆောင်များသည် ဝန်ထမ်းများ၏ပါဝင်ပတ်သက်မှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ကာစာနာမှုနှင့်သတိရှိမှုဖြင့် သဘောထားကွဲလွဲမှုများကိုကျော်လွှားဖြေရှင်းနိုင်ကြောင်းတွေ့ရှိရသည်။မတူကွဲပြားသော လူ့အဖွဲ့အစည်းများတွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည် ကွဲပြားသောရှုထောင့်များနှင့် ဓလေ့ထုံးတမ်းများကိုလေးစားမှု၊နားလည်မှုများဖြင့် ပေါင်းကူးတည်ဆောက်ပေးသည်။ ထို့ပြင် စိတ်ကျန်းမာရေး အကျိုးကျေးဇူးအနေဖြင့်လူမှုဆက်ဆံရေးဉာဏ်ရည်ဖြင့် တည်ဆောက်ထားသည့် ခိုင်မာသော လူမှုဆက်ဆံရေးများသည်  စိတ်ဖိစီးမှုနည်းပါးပြီး စိတ်ကျန်းမာရေးကို တိုးတက်စေသည်။

လူမှုဆက်ဆံရေးဉာဏ်ရည်ကို ပျိုးထောင်ခြင်းလူမှုဆက်ဆံရေးဉာဏ်ရည်သည်သဘာဝအလျောက် ထူးချွန်သူများအတွက်သာမက သာမန်လူများအနေဖြင့်လည်း လေ့ကျင့်မှုဖြင့် တိုးတက်မှုရနိုင်သောကျွမ်းကျင်မှုတစ်ခုဖြစ်သည်။လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်ရန် လက်တွေ့ကျသော  နည်းလမ်းများအနေဖြင့်  တက်ကြွစွာနားထောင်မှုကိုလေ့ကျင့်ပါ၊  အာရုံပျံ့လွင့်မှုမရှိဘဲ အခြားသူများ၏ ပြောဆိုချက်များကို  အာရုံစိုက်ပါ၊ ၎င်းတို့၏  ပြောဆိုချက်များကို နားလည်မှုပြရန် ပြန်လည်တုံ့ပြန်ပါ၊ စကားပြောနေစဉ် ခန္ဓာကိုယ်အမူအရာ၊ အသံပြောင်းလဲမှုနှင့် မျက်နှာအမူအရာများကို အာရုံစိုက်ပါ၊ အခြားသူများ၏ ရှုထောင့်နှင့် စိတ်ခံစားမှုများကို   စိတ်ကူးဖြင့်   ခံစားကြည့်ပါ၊ ၎င်းတို့၏ အတွေ့အကြုံများကို ပိုမိုသိရှိရန် မေးခွန်းများမေးပါ၊ ယုံကြည်ရသောသူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များထံမှ သင်၏ လူမှုဆက်ဆံရေးကျွမ်းကျင်မှုနှင့်ပတ်သက်၍ ရိုးသားသော အကြံပြုချက်များကို တောင်းခံပါ၊ စိတ်ခံစားမှုများကို စီမံပါ၊ စိန်ခေါ်မှုရှိသော အခြေအနေများတွင် စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ၊ နက်ရှိုင်းစွာ အသက်ရှူခြင်း သို့မဟုတ် တုံ့ပြန်မှုမပြုမီ ခဏရပ်တန့်ခြင်းကဲ့သို့သော နည်းစနစ်များသည်စိတ်ခံစားမှုပေါက်ကွဲမှုကို ကာကွယ်ပေးနိုင်သည်။မတူကွဲပြားသော လူမှုအခြေအနေများတွင်  ပါဝင်ပါ၊  ယဉ်ကျေးမှုနှင့် လူမှုဓလေ့ထုံးတမ်းများကို    ပိုမိုနားလည်ရန် မတူညီသော  နောက်ခံရှိသူများနှင့်  ဆက်ဆံပါ၊ စံနမူနာထားသောပုဂ္ဂိုလ်များထံမှ  သင်ယူပါ၊ လူမှုပတ်ဝန်းကျင်တွင်ထူးချွန်သူများကို စောင့်ကြည့်ပြီး ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များကို အတုယူပါ၊ လူမှုဆက်ဆံရေးဆိုင်ရာ စာအုပ်များကိုဖတ်ရှုပြီး ပြန်လည်သုံးသပ်အသုံးချပါ။

အိုင်တီခေတ်နှင့် လူမှုဆက်ဆံရေးဉာဏ်ရည်အိုင်တီအသုံးပြုမှုများမြင့်တက်လာမှုသည် လူမှုဆက်ဆံရေးဉာဏ်ရည်ကို အသုံးချမှုပြောင်းလဲ စေခဲ့သည်။  နည်းပညာသည်   ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများကို ဖြစ်ပေါ်စေသော်လည်း နားလည်မှုလွဲခြင်းနှင့်  ရှုပ်ထွေးမှုအချို့ကို  ဖြစ်ပေါ်စေသည်။ ထို့ကြောင့်   လူမှုဆက်ဆံရေးဉာဏ်ရည်သည် အိုင်တီခေတ်တွင် ပိုမိုအရေးပါလာသည်။ ရှင်းလင်းပြီး လိုက်လျောညီထွေဖြစ်စေမည့် အွန်လိုင်းဆက်ဆံရေးကို သတိပြုဆောင်ရွက်ရန်လိုသည်။  ထို့ကြောင့် အီးမေးနှင့် မက်ဆေ့များတွင် ဘာသာစကားကို ရှင်းလင်းတိုတောင်းစွာအသုံးပြုခြင်း၊ စစ်မှန်သော ဆက်ဆံရေးများကို ထိန်းသိမ်းရန် အော့ဖ်လိုင်းနှင့် အွန်လိုင်း ဆက်ဆံရေးများကို ဟန်ချက်ညီအောင် ဆောင်ရွက်ခြင်း စသည်တို့လိုအပ်သည်။ တစ်ချိန်တည်းမှာပင် Facebook ကဲ့သို့သော လူမှုမီဒီယာပလက်ဖောင်းများသည် လူထုခံစားချက်နှင့်ခေတ်ရေစီးကြောင်းများကို အချိန်နှင့်တစ်ပြေးညီထိုးထွင်းသိမြင်နိုင်ပြီးလူမှုဆက်ဆံရေးအသိဉာဏ်ကို လေ့ကျင့်ရန် အခွင့်အလမ်းများပေးသည်။ အကြံပြုချက်များနှင့်မှတ်ချက်စကားများကို တုံ့ပြန်ခြင်း သို့မဟုတ် အကြံဉာဏ်များကို မျှဝေခြင်းဖြင့် မတူကွဲပြားသော ရှုထောင့်များအား ရင်ဆိုင်ဖြတ်သန်းနိုင်မှုကို မြှင့်တင်ပေးသည်။

လူမှုဆက်ဆံရေးဆိုင်ရာအမြင်လွဲမှားမှုများ

လူမှုဆက်ဆံရေးဉာဏ်ရည်ကိုမကြာခဏနားလည်မှုလွဲမှားတတ်သည်။အချို့ကလူမှုဆက်ဆံရေးဉာဏ်ရည်ကို စကားပြောဆိုဆက်ဆံရေးတွင် အလွန်အဆင်ပြေမှုနှင့် ညီမျှသည်ဟု ထင်မြင်တတ်ကြသော်လည်း အလွန်အကျွံစကားမပြောသူများအနေဖြင့်လည်းနားထောင်မှုကျွမ်းကျင်မှုနှင့် သတိရှိရှိတုံ့ပြန်နိုင်ခြင်းဖြင့်လူမှုဆက်ဆံရေး ဉာဏ်ရည်တွင် ထူးချွန်နိုင်သည်။ လူမှုဆက်ဆံရေးတွင်လူအများအမြင်ကို ထိခိုက်စေနိုင်သော ဘက်လိုက်မှုများကို ကျော်လွှားရန်အရေးကြီးသည်။ ဥပမာ-ပုံသေသမားရိုးကျပုံစံများအပေါ်  အခြေခံ၍ တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်များကို ယူဆခြင်းသည် စာနာမှုနှင့် ချိတ်ဆက်မှုကို ဟန့်တားနိုင်သည်။ ထို့ပြင် ယဉ်ကျေးမှုကွဲပြားမှုများသည် လူမှုဆက်ဆံရေးကို ရှုပ်ထွေးစေနိုင်သည်။ ယဉ်ကျေးမှုတစ်ခုတွင် ယဉ်ကျေးသည်ဟု ယူဆသည်မှာ အခြားတစ်ခုတွင် ရိုင်းစိုင်းမှုဖြစ်နိုင်သည်။  ဤအတားအဆီးများကို ကျော်လွှားရန် စဉ်ဆက်မပြတ်သင်ယူမှုနှင့် အကြံပြုချက်များကို နားလည်လက်ခံမှုသည် မရှိမဖြစ်လိုအပ်သည်။

လူမှုဆက်ဆံရေးဉာဏ်ရည်သည် အလွန်ကျယ်ပြန့်သည်။ စာနာမှု၊ တက်ကြွစွာနားထောင်မှုနှင့် လိုက်လျောညီထွေမှုကိုမြှင့်တင်ခြင်းဖြင့် မည်သူမဆို ၎င်းတို့၏ လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်နိုင်ပြီး အခွင့်အလမ်းများကို တိုးတက်စေနိုင်သည်။ လျင်မြန်စွာ ပြောင်းလဲနေသော အိုင်တီခေတ်တွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည်  လူပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်းများကို ချိတ်ဆက်ပေးသည့် တံတားတစ်ခုအဖြစ် ယခင်ကာလများထက် ပိုမိုတန်ဖိုးရှိလာကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories 

Photo- Toolshero