သောတအာရုံကောင်းစေချင်

Posted_Date

Image

သောတအာရုံကောင်းစေချင်

Body

မြန်မာစာပေစကားတွင် မျက်စိအဆုံး၊ နားအရှုံးဟူသောဝေါဟာရ ကို သုံးလေ့ရှိကြသည်။ အကြားအာရုံချို့ယွင်းခြင်းကြောင့် လူဖြစ်မရှုံး သော်လည်း မိမိကိုယ်ကို ယုံကြည်မှုကင်း၍ လူ၀င်မဆံ့ဖြစ်လာတတ် သည်။ အာရုံခံ (၆) ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သောတအာရုံ ကောင်းမွန်ကြစေရန်ရည်ရွယ်၍ ဤဆောင်းပါးဖြင့် အကြံပြုရေးသား လိုပါသည်။

နား သို့မဟုတ် သောတအာရုံ

နားတစ်စုံတွင် အပြင်နား၊ အလယ်နားနှင့် အတွင်းနားဟူ၍   အပိုင်းသုံးပိုင်းရှိသည်။  အပြင်နားဟူသည်မှာ  နားရွက်နှင့်နားလမ်းကြောင်းဖြစ်ပြီး  အသံလှိုင်းများကိုလက်ခံ၍   နားစည်ကိုရိုက်ခတ်တုန်ခါပေးသည်။ ထို့နောက် အလယ်နားထဲရှိ အရိုးငယ်လေးများက အသံလှိုင်းများကိုထိရိုက်သည်။ ယင်းမှတစ်ဆင့်အတွင်းနားထဲရှိ အရည်ကိုတုန်ခါ စေပြီး အသံလှိုင်းကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသောနည်းဖြင့် အကြားအာရုံကို ဦးနှောက်ထံပို့ဆောင်ပေးသည်။

အတိတ်ကံအကျိုးဆက်ကြောင့် တချို့သူများတွင် မွေးရာပါအကြားအာရုံချို့ယွင်းလာကြသကဲ့သို့  ကိုယ်ဝန်ဆောင်ကာလနှင့်မွေးကင်းစတွင်ဖြစ်ပွားလေ့ရှိသောရောဂါများနှင့်ဆက်စပ်နေခြင်းကြောင့် အကြားအာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်။ လူအများစုကလည်း မကြာ ခဏအိပ်ရေးပျက်ခြင်း၊    ဖုန်းအမြဲနားထောင်၍  အလုပ်လုပ်ရခြင်း၊ပတ်၀န်းကျင်ဆူညံသံများဖုံးလွှမ်းသောနေရာ၌   အလုပ်လုပ်ရခြင်း၊ နားကြပ်တပ်၍  သီချင်းများနားထောင်လေ့ရှိခြင်း  စသည်တို့ကြောင့် နားအူခြင်း၊ နားလေထွက်ခြင်း၊ နားယားခြင်းတို့ဖြစ်ပွားတတ်ပြီး အခန့်မသင့်ပါက နားကန်းသွားတတ်သည်။

ထို့ပြင် အသက်ရှူလမ်းကြောင်းတွင် ပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် တခြားရောဂါပိုးများဝင်ရောက်ခြင်း၊   နားအနောက်ဘက်နှင့် လည်ချောင်းအတွင်း ဂလင်း(အကျိတ်)ရောင်ခြင်း၊   နားပြည်ယိုခြင်း၊ နားစည်နှင့်လည်ချောင်းပြွန်ပိတ်ဆို့ခြင်း၊နားကိုထိခိုက်မိခြင်းနှင့် ကျယ်လောင်သောအသံ စသည်တို့ကလည်း အကြားအာရုံချို့ယွင်းစေ နိုင်သည်။ နား၊ နှာခေါင်း၊ လည်ချောင်းတို့သည် အာရုံကြောများနှင့် ဆက်စပ်နေသဖြင့်  နားထဲပိုး၀င်ပါက  ဦးနှောက်ကိုပါ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် နားကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ သိရှိထားကြရန်လိုအပ်သည်။

- နားကျန်းမာရေးအတွက် နားဝန်းကျင်ပြင်ပသန့်ရှင်းမှုကလည်း အရေးကြီးသည်။ ထို့ကြောင့် ရေချိုးပြီးစတွင်   မျက်နှာသုတ်ပဝါ စိုထိုင်းထိုင်း သို့မဟုတ် တစ်သျှူးတို့ဖြင့် နားပြင်ပတစ်ဝိုက်ကို  သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။

- နားကျပ်ဆီတစ်မျိုးဖြင့် နားသန့်စင်ပေးနိုင်သည်။  သို့သော်   ယင်း အဆီများကို ပိုမိုသုံးစွဲမိပါက ကြေးညှော်တက်ကာ  အကြားအာရုံ ပိတ်ဆို့တတ်သောကြောင့် လိုအပ်သည်ထက်ပိုမသုံးသင့်ပေ။

- နားပိုး၀င်ခြင်းအစ နားကျပ်ဂွမ်း၊ မီးခြစ်ဆံ၊ နားဖာကလော်တို့ကဟု မှတ်သားထားပါ။

- နားအတွင်းယားယံ၍ နာကျင်လာပါက ကုသမှုခံယူပါ။

- အကယ်၍ နားဖောက်မည်ဆိုပါက   မေးခိုင်ပိုးမ၀င်စေရန်နှင့် အနာမရင်းစေရန် နားပတ်လည်နှင့် နားသီးတို့ကို အရက်ပြန်ဖြင့် သုတ်လိမ်းပေးပါ။

- ချွန်ထက်သော ကလစ်၊  နားကျပ်တံများက နားအတွင်းနံရံများ နှင့်   နားစည်ကိုထိခိုက်ဒဏ်ရာရစေတတ်၍ထိုပစ္စည်းများဖြင့် နားသန့်ရှင်းရေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

- လူတချို့က နားကိုသန့်ရှင်းစင်ကြယ်အောင်     နားပေါက်ထဲရေလောင်းထည့်တတ်ကြသည်။  ထိုနည်းလမ်းကလွန်စွာမှားယွင်း နေပြီး နားဖာချေးများက အနောက်ဘက်သို့ပြန်ရောက်ကာ ပိတ်ဆို့ သွားတတ်သည်။

- သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့က နားဖာချေးများကို ပျော့ပျောင်း စေပြီး  အပြင်သို့ အလွယ်တကူထွက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

- နှာခေါင်းပေါက်  တစ်ဖက်ချင်းစီကို  လက်ဖြင့်ပိတ်ပြီးမှသာလျှင်  နှပ်ချေးညှစ်ထုတ်သင့်ပါသည်။ သို့မဟုတ်ပါက နားထဲသို့ ကူးစက် ပိုး၀င်ကာ နားအူစေတတ်သည်။

- နားထဲမှ အရည်များယိုစီးကျခြင်းသည် ကူးစက်ပိုး၀င်ခြင်းဖြစ်၍အမြန်ဆုံးကုသမှုခံယူသင့်သည်။

ဖျားနာပျောက်ဆေးများနှင့် နားအန္တရာယ်

ဖျားနာပျောက်ဆေးများ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် ပိုးသတ် ဆေးပြင်းပြင်း သောက်သုံးရသည့်အခါ ယင်းဆေးဝါးများ၏ ဘေးထွက် ဆိုးကျိုးအဖြစ် နားထဲမှလေထွက်ခြင်း၊ နားအူခြင်း၊ နားထဲတွင် ဆူညံ သံများဆက်တိုက်ကြားရခြင်း   စသည်ဖြင့်   အကြားအာရုံထိခိုက်စေသည်။ ထိုအခြေအနေမျိုးတွင် တတ်ကျွမ်းနားလည်သောဆရာ၀န်နှင့် အမြန်ဆုံး ပြသ၍ ကုသမှုခံယူသင့်သည်။

- တချို့အလုပ်ရုံ၊  စက်ရုံများနှင့် လုပ်ငန်းခွင်များသည် နား၏ခံနိုင်ရည်အသံလှိုင်းထက်ကျယ်လောင်ကာ နားစည်တုန်ခါမှုကို အနှောင့်အယှက်ဖြစ်စေ၍နားအကာအကွယ်ကိရိယာများ တပ်ဆင်သင့်သည်။

- iPod  နှင့်  MP3  player  များဖြင့်  အချိန်ကြာမြင့်စွာ သီချင်းနားထောင်ခြင်းကလည်းနားကို အန္တရာယ်ဖြစ်စေတတ်သဖြင့် သတိပြုဆင်ခြင်သင့်သည်။

- လေ့လာဆန်းစစ်ချက်များအရကမ္ဘာပေါ်တွင်အကြားအာရုံချို့ယွင်းသူအများစုသည် ဆယ်ကျော်သက်များဖြစ်ကြပြီး ယင်း တို့သည် အသက် ၁၀ နှစ်အရွယ်မတိုင်မီကစ၍ အသံနှုန်းမြှင့်ကာ နားကြပ်ဖြင့် အသံကျယ်ကျယ်သီချင်းနားထောင်လေ့ရှိကြောင်း၊ ထိုသို့ ကာလတာရှည်နားထောင်ခြင်းက  လုံး၀နားကန်းသွားနိုင်ကြောင်း တွေ့ရသည်။

- အသံပါဝါယူနစ်ဟူသည်မှာ အသံအတိုးအကျယ် တိုင်းတာနှုန်း ထားဖြစ်ပြီး  နားကြပ်မှ  အသံပါဝါယူနစ်ကို  ၈၅  အထိထား၍ တစ်ရက်လျှင် ရှစ်နာရီကြာ သီချင်းနားထောင်သည့်အခါ  ယာယီ နားကန်းသွားစေနိုင်ကြောင်း၊ ထိုနည်းတူ အသံပါဝါယူနစ်ကို ၈၈ အထိထား၍ လေးနာရီကြာမျှ    သီချင်းနားထောင်သောအခါတွင်လည်း ယာယီနားကန်းသွားစေကြောင်း၊  အကယ်၍  အသံပါဝါ ယူနစ်ကို ၁၀၀ မှ ၁၀၅ အထိထား၍  သီချင်းနားထောင်ပါက ၁၅  မိနစ်အချိန်တွင်းမှာပင်  နား(လုံးဝ)  ကန်းသွားနိုင်ကြောင်း  ဘော့စတွန်ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူ  Dr. Brian Fligor က ဆိုသည်။

- အိမ်တွင်းစတူဒီယိုနှင့် အသံသွင်းခန်းမများသည် နားစည်တုန်ခါမှုဖြစ်စေတတ်သဖြင့်  အသံပမာဏနှုန်းကို နှိမ့်ထားသင့်သည်။

- အင်တာနက်ဂိမ်းဆိုင်တချို့တွင်နားကြပ်ကိုလူတကာသုံးစွဲထားသောကြောင့်ဗက်တီးရီးယားပိုးမွှားများကိုလက်ဆင့် ကမ်းသယ်ဆောင်သွားကြပြီး နားထဲပိုး၀င်နိုင်သည်။  ထို့ကြောင့် မိမိကိုယ်ပိုင်နားကြပ်သီးသန့်သုံးစွဲသင့်သည်။

- မဖြစ်မနေ နားကြပ်တပ်သုံးရသည့်အခါ နားစည်တုန်ခါမှုမပြင်းထန်စေရန် နားကြပ်ကို နားကလိုင်ပေါက်ထဲအထိ ထိုး၍မတပ်ပါ နှင့်။ မိမိကြားလောက်ရုံမျှသာ  အသံပမာဏကို  ချိန်ဆ၍လျှော့ သုံးပါ။ နားကြပ်သုံးစွဲချိန်ကို တစ်နာရီပြည့်တိုင်း ငါးမိနစ်နားပါ။

- တယ်လီဖုန်းများနှင့်  ဟန်းဖုန်း volume  များ  လျှော့ထားခြင်း ဖြင့် နားထိခိုက်မှုမှ ကြိုတင်ကာကွယ်ရာရောက်သည်။

- မော်တော်ဆိုင်ကယ်၊ စကိတ်၊ မြင်းစီးခြင်း စသည်တို့သည် ဦးခေါင်းနှင့်  နားကိုထိခိုက်စေသောကြောင့်  နားကာဦးထုပ်များ ဝတ်ဆင် ထားသင့်သည်။

- ရေထဲသို့ ဒိုင်ဗင်ထိုးချခြင်း၊ ရေကူးခြင်းနှင့် ရေထဲတွင် အလုပ်လုပ် ရခြင်းကြောင့်   ရေထုဖိအားက  နားကိုအနှောင့်အယှက်ဖြစ်စေသဖြင့် နားအကာအကွယ်ပစ္စည်းတပ်ဆင်ထားသင့်ပါသည်။

- လေယာဉ်စီးနေစဉ် လေထုဖိအားမှကာကွယ်ရန်   အထူးဆန်ခါပါသော နားကြပ်တပ်ဆင်ထားခြင်း၊ နားထဲရှိလေဖိအားကို  မျှခြေ ဖြစ်စေရန် မကြာခဏတံတွေးမျိုချခြင်း သို့မဟုတ် ပါးစပ်ဟ၍သမ်းခြင်း၊   အအေးမိနှာစေးနေပါက   လေယာဉ်ပေါ်မတက်မီ တစ်နာရီခန့်ကြိုတင်၍   နှာချေပျောက်ဆေးသောက်ထားခြင်း စသည်ဖြင့် မိမိကိုယ်ကိုကာကွယ်ထားသင့်သည်။

- အကြားအာရုံကောင်းမွန်သော်လည်း နားလည်တတ်ကျွမ်းသော ဆရာ၀န်ဖြင့် နားကိုပုံမှန်စစ်ဆေးကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှကာကွယ်ရန်     နားတစ်ဝိုက် sunscreen လိမ်းခြင်း၊ မတော်တဆထိခိုက်မှုကြောင့် နားရောင်ရမ်း နာကျင်နေပါက   ဆရာ၀န်နှင့်ပြသစစ်ဆေးခြင်း    စသည်ဖြင့်အထွေထွေစောင့်ရှောက်မှုများ ပြုလုပ်သင့်သည်။

အကြားအာရုံဆုံးရှုံးခြင်းကိုအောက်ပါလက္ခဏာများက ဖော်ပြလျက်ရှိသည်။

- တစ်ဖက်လူဖြေဆိုသောစကားကိုမကြား၍   ထပ်ခါထပ်ခါတူညီသောမေးခွန်းမေးနေခြင်း၊

- အမေးနှင့်အဖြေတလွဲဖြစ်နေခြင်း၊

- တယ်လီဖုန်းပြောသောအခါ သေသေချာချာမကြားရခြင်း၊

- တီဗွီ၊ ရေဒီယို၊ ကက်ဆက်အသံများကို တခြားသူများထက် အသံ နှုန်းပမာဏတိုးမြှင့်မှသာ ပီသစွာကြားနိုင်ခြင်း၊

- မိမိကို   စကားပြောလာသည့်  တစ်ဖက်လူများအပေါ်   စကား မပီမသပြောနေကြသည်ဟု မကြာခဏသံသယ၀င်မိခြင်း၊

- ပတ်ဝန်းကျင်ရှိ ငှက်လေးများ၏အော်မြည်သံကို သဲသဲကွဲကွဲမကြား ရခြင်း၊

- တစ်ဖက်လူပြောဆိုသောစကားကို  သဲသဲကွဲကွဲမကြားရသဖြင့် ဟန်ဆောင်၍ ခေါင်းညိတ်၊ ခေါင်းခါ၊ ပြုံးပြနေရခြင်း၊

- ကြည်ကြည်လင်လင်မကြားရ၍ပြောနေသောစကားဝိုင်းမှ ရှောင်ထွက်လာရခြင်း၊

- တစ်ဖက်လူ၏နှုတ်ခမ်းကိုကြည့်ပြီးမှသာမိမိက ခက်ခဲပင်ပန်းစွာ စကားဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်ခြင်း၊

- ပြင်ပ ပယောဂအသံကြောင့်မဟုတ်ဘဲ နားထဲတွင် အလိုအလျောက် တဝီဝီအသံများ   အဆက်မပြတ်ကြားနေခြင်း    စသည်တို့ဖြစ်သည်။

ထို့ကြောင့်   လူသားအားလုံး အကြားအာရုံချို့ယွင်းမှုမဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန်များကို အကြံပြုရေးသားလိုက်ပါသည်။

Source: https://myawady.net.mm/stories

 

အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Posted_Date

Image

အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Body

တစ်ခေတ်ဆန်းလာသော အသားတိုးနွားမွေးမြူရေးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ခိုင်းကျွဲကောင်ရေ  ၈၇၀၅၅၇ ကောင်၊ နို့စားကျွဲကောင်ရေ  ၄၁၁၇ ကောင်၊  ခိုင်းနွားကောင်ရေ၈၈၄၉၁၁၈ ကောင်၊ နို့စားနွားကောင်ရေ ၇၂၂၄၄ ကောင်၊ အသားတိုးနွားကောင်ရေ ၇၄၆၄ ကောင်၊ သိုး၊ ဆိတ်ကောင်ရေ ၂၅၆၄၁၄၆ ကောင်၊  ဝက်ကောင်ရေ ၄၄၇၁၉၆၂ ကောင်၊ ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊  ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်၊ ဒေသဘဲကောင်ရေ ၃၉၃၆၀၉၁ ကောင်၊ ဥစားဘဲကောင်ရေ ၁၅၄၀၀၀၇ ကောင်၊ အသားစားဘဲကောင်ရေ ၁၀၅၃၆၄ ကောင် မွေးမြူထားရှိသည်။ 

စာရင်းကောက်ယူရရှိသော အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန် မွေးမြူထားသောအိမ်ထောင်စုဦးရေ၏ ၄၅ ရာခိုင်နှုန်း ခန့်သည် ကျွဲ၊ နွားမွေးမြူသူများဖြစ်သည်ကိုတွေ့ရှိရသည်။ ယခင်က ဒေသနွားများကို ခိုင်းနွားအဖြစ် အဓိကထားမွေးမြူကြသော်လည်း ယခုအခါ ဒေသနွားများကို အသားစားနွားအဖြစ် ထိန်းကျောင်းကျွေးမွေး၍ နိုင်ငံခြားသို့ရောင်းချခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာကြသည့်အပြင် နိုင်ငံခြားအသားစားနွားမျိုးများကိုလည်းဒေသနွားမဖြင့်မျိုးပွား၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော မေထုန်မဲ့ မျိုးရည်ခဲချောင်းများဖြန့်ဝေပေးခြင်းနှင့် မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ဖြစ်ပါ၍ အမဲသားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက်  အသားစားနွားမျိုးများအကြောင်း၊ အသားစားနွားမျိုးရွေးချယ်မွေးမြူနည်း၊ အစာရွေးချယ်ခြင်းနှင့် အခြေခံအာဟာရဗေဒပညာ၊ အသားစား နွားများတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း၊ မေထုန်မဲ့မျိုးမြှင့်တင်ခြင်း၊ စားကျက်စိုက်ခင်းထူထောင်ခြင်း၊ ကျွေးမွေးခြင်းနည်းပညာနှင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် အကြောင်းကို သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်းဖော်ပြအပ်သည်။

အသားစားနွားမျိုးများ

ကမ္ဘာပေါ်တွင် အသားစားနွားမျိုးပေါင်း ၂၅၀ကျော်ရှိပြီး မွေးမြူသူအကြိုက်မျိုး ၁၂ မျိုးရှိသည့် အနက်  မြန်မာနိုင်ငံတွင်ဖြစ်ထွန်းပြီး မွေးမြူသူနှစ်သက်သည့်မျိုးလေးမျိုးမှာ-

(က)  ဘရာမင် (BRAHMAN)

အိန္ဒိယနွားမျိုးဖြစ်သော Guzeart, Nellore နှင့် Gir အစရှိသည့် ဇီဘူး (ZEBU)နွားမျိုးမှာ မျိုးမြှင့်ထုတ်လုပ်ထားသောနွားမျိုးဖြစ်၍ အပူဒဏ်ခံနိုင်သည်။ ဦးချိုပါသည်။ ကြီးမားထင်ရှားသောဘို့ပါရှိသည်။ နားရွက်ရှည်ပြီး လည်ပတ်ကြီးသည်။ အမွေးအရောင်မှာ မီးခိုးဖျော့၊ အနီ၊ အနက်တို့ရှိပြီး အဓိကအရောင်မှာ မီးခိုးရောင်ဖြစ်သည်။  နွားထီးသည် ကိုယ်အလေးချိန် ၈၀၀ မှ ၁၁၀၀ ကီလိုဂရမ်ထိရှိပြီး နွားမသည်  ၅၀၀ မှ ၇၀၀  ကီလိုဂရမ်ထိရှိသည်။ ကာလတိုအတွင်း အသားထုတ်လုပ်မှုကောင်းသော မျိုးများအနက်ထင်ရှားသောမျိုးဖြစ်သည်။

(ခ)  အန်းဂတ် (ANGUS)

မူရင်းမှာစကော့တလန်နွားမျိုးဖြစ်ပြီးထင်ရှားသော အသားစားနွားမျိုးတစ်မျိုးဖြစ်သည်။အန်းဂတ်အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၈၅၀ကီလိုဂရမ်ရှိပြီး အမသည် ၇၅၀ ကီလိုဂရမ်ရှိသည်။ ဘရာမင်နှင့်နှိုင်းယှဉ်ပါက ခန္ဓာကိုယ်အရွယ်အစားသေးငယ်သောအသားစားနွားမျိုးဖြစ်သည်။ ဆလင်ဒါပုံပြည့်ဖြိုးသောခန္ဓာကိုယ်အနေအထားရှိပြီး အနီနှင့် အနက်ရောင်ရှိသည်။ ဦးချိုမဲ့မျိုးဖြစ်သည်။ အသားအရည်အသွေးကောင်းမွန်မှုအတွက် လူကြိုက်များသည့်နွားမျိုးဖြစ်သည်။

(ဂ)  ဘရမ်းဂတ် (BRANGUS)

အန်းဂတ်နှင့်ဘရာမင်မျိုးဖြစ်သည်။ အသားနှင့်နို့အတွက်ပါမွေးမြူနိုင်သော ထုတ်လုပ်မှုကောင်းသည့်နွားမျိုးဖြစ်သည်။ ထိန်းကျောင်းရလွယ်ကူပြီး အမများသည် မျိုးအောင်နှုန်းနှင့်  နို့ထွက်နှုန်းမြင့်သည်။

အခြားမျိုးများနှင့်နှိုင်းယှဉ်ပါကအရွယ်ရောက်ချိန် အနည်းငယ်နောက်ကျသည်။  ရာသီဥတုဒဏ်ကို ခံနိုင်စွမ်းရှိသည်။ အနီရင့် သို့မဟုတ် အနက်ရောင်အမွေးရှိသည်။ အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၉၀၀ ကီလိုဂရမ်ရှိပြီး အမသည် ၆၅၀ ကီလိုဂရမ်ရှိသည်။

(ဃ) ရင်လင်း(Yunling)

ဘရာမင် ၅၀ ရာခိုင်နှုန်း၊ တရုတ်ယူနန်ဒေသနွားမျိုး၂၅ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှုကောင်းသော အခြား အပူပိုင်းဒေသနွားမျိုး ၂၅ ရာခိုင်နှုန်းဖြင့်  မျိုးကွဲသုံးမျိုးပေါင်းစပ်ထားသည့် Yunling နွားမျိုးသည် ကြီးထွားနှုန်းမြန်ခြင်း၊ အသားအရည်အသွေးကောင်းမွန်ခြင်း၊ ပူပြင်းစိုစွတ်သောရာသီဥတုတွင်  ခံနိုင်ရည်ရှိခြင်း၊မှက်၊ခြင်ဒဏ်ခံနိုင်ခြင်းအပါအဝင် အားသာချက်များစွာရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီး၌ မွေးမြူလျက်ရှိသည်။

အသားစားနွားမျိုးရွေးချယ်ရာတွင် အဓိကကျသည့် အချက်များရွေးချယ်သောမျိုးသည် ကြီးထွားနှုန်းကောင်းခြင်း၊ထုတ်လုပ်မှုစွမ်းရည်မြင့်ခြင်းနှင့်  စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်းတို့သည် ဟန်ချက်ညီနေရမည်ဖြစ်သည်။

ဥပမာ- ကြီးထွားနှုန်းကောင်းသော်လည်း စားသုံးသူကြိုက်နှစ်သက်သောအသားအရည်အသွေးမပြည့်စုံပါက ဈေးကွက်မအောင်မြင်၍ စီးပွားရေးအရ ဆုံးရှုံးနိုင်သည်။ထုတ်လုပ်မှုမြင့်သော်လည်း အစာအာဟာရပိုင်းတွင်ကုန်ကျစရိတ်မြင့်မားနေပါက စီးပွားရေးအရ တွက်ခြေမကိုက်ပါ။

မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့်ကိုက်ညီမှုရှိသောမျိုးဖြစ်ခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်း၊ မျိုးသားပေါက်ဝယ်ယူရန် လွယ်ကူမှုရှိခြင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ကျွဲ၊ နွားရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်း စသည့်အချက်များဖြင့် မိမိတို့နိုင်ငံမှမွေးမြူသူအများစုသည် ဘရာမင်အသားစားနွားမျိုးကို ရွေးချယ်ခဲ့ကြသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ဘရာမင်၊ အင်ဒိုဘရာဇီးနှင့် အန်းဂတ်နွားမျိုးတို့ကိုစမ်းသပ်မွေးမြူခဲ့ရာ ဘရာမင်နွားမျိုးကိုမြန်မာ့မွေးမြူသူများက ပိုမိုကြိုက်နှစ်သက်ကြောင်းတွေ့ရှိခဲ့ရ၍ ဒေသနွားမများကိုဘရာမင်မျိုးရည်ခဲချောင်းဖြင့် မေထုန်မဲ့မျိုးပွားနိုင်ရန် ဌာနမှ ဘရာမင် ၁၀၀ ရာခိုင်နှုန်း မျိုးသန့်နွားသိုးဝယ်ယူ၍ မျိုးရည်ခဲချောင်း  ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းနှင့် ထိုင်းနိုင်ငံမှ မျိုးရည်ခဲချောင်းများမှာယူ၍ ဖြန့်ဖြူးမျိုးပွားပေးခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။လက်ရှိအချိန်တွင်ဘရာမင်မျိုးအသားစားနွားများကိုဈေးကွက်တွင်ထုတ်လုပ်ရောင်းချနိုင်သည့်  မွေးမြူသူများပေါ်ထွက်လာပြီဖြစ်သည်။ ဌာနမှလည်း ဘရာမင်မျိုးနွားမတမ်းများကို မွေးမြူသူများထံမှ ရွေးချယ်ဝယ်ယူ၍ အသုံးချသုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

နွားခြံတည်ထောင်ခြင်း

နွားခြံတစ်ခုတည်ထောင်မည်ဆိုလျှင်အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရမည်။ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံ ဉာဏ်ရယူနိုင်သည်။

၁။  မြေနေရာရွေးချယ်ခြင်း

(က)   လူနေရပ်ကွက်၊ကျေးရွာနှင့်သတ်မှတ်ထားသော အကွာအဝေးရှိရမည်။

(ခ)     သန့်ရှင်းသောသောက်သုံးရေရရှိရမည်။

(ဂ)     လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာစွမ်းအင်ရရှိရမည်။

(ဃ)   လိုအပ်သော အဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်နှင့် အကျိုး အမြတ်ပိုမိုရရှိစေရေးအတွက်စားကျက်စိုက်ခင်းထူထောင်ရန် လုံလောက်သောအကျယ်အဝန်း ရှိသည့် စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။

၂။  အဆောက်အအုံတည်ဆောက်ခြင်း

(က)   မိမိဒေသ   ရာသီဥတုနှင့်ကိုက်ညီသောဒီဇိုင်းဖြင့်ဆောက်လုပ်နိုင်ရမည်။သစ်၊ဝါးစသည့်  သစ်တော ထွက်ပစ္စည်းများအစား သံနှင့် သံထည် ပစ္စည်းများဖြင့် ဆောက်လုပ်ပါက အမိုးအမြင့် အနည်း ဆုံး ၁၀ ပေထား၍တိရစ္ဆာန်များ  အပူဒဏ်မခံရ စေရန်နှင့်  လေဝင်လေထွက် ကောင်းစေရန် စီမံပေးရမည်။

(ခ)     တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သော နေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီ ဆောက်လုပ်နိုင်ရမည်။

(ဂ)     လေဝင်လေထွက် ကောင်းမွန်ပြီးလုံလောက်သော အလင်းရောင်ရရှိစေရမည်။ ရေစီး ရေလာ ကောင်းမွန်ရန် ပြင်ဆင်ရာတွင်ချောမွတ်သောကြမ်းခင်းမဖြစ်ရ။

(ဃ)   မွေးမြူမည့်  နည်းလမ်း/ရည်ရွယ်ချက်နှင့်အညီ လိုအပ်သော အဆောက်အအုံများတည်ဆောက်ပေးရမည်။

ဥပမာ-အသားထုတ်ရန်အတွက်သာ သီးသန့်မွေးမြူပါကသားမွေးနှင့် သားထိန်းဆိုင်ရာ အခန်း/ အဆောက်အအုံငယ်များထည့်သွင်းရန်မလိုအပ်ပါ။

(င)     နာမကျန်းတိရစ္ဆာန်  သီးသန့်ဆောင်နှင့် ဆေးဝါးကုသဆောင်ထည့်သွင်းရမည်။

(စ)     ဇီဝလုံခြုံမှုနည်းလမ်းများနှင့်အညီလိုအပ်သော စာရင်းနှင့်မှတ်တမ်းများ စနစ်တကျထိန်းသိမ်း ဆောင်ရွက်နိုင် ရန် အလုပ်ရုံးခန်းနှင့် အလုပ်သမား နေအိမ်များတည်ဆောက်ရမည်။

(ဆ)   အစာကြမ်း၊ အစာနုများ သိုလှောင်ရန်သီးခြားအဆောက်အအုံ တည်ဆောက်ရမည်။  အဆောက် အအုံဆောက်လုပ်ခြင်းဆိုင်ရာသိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် ဆက်သွယ်၍ အကြံဉာဏ် ရယူနိုင်သည်။

၃။ သွင်းအားစုများထည့်သွင်းခြင်း

(က)   မိမိမွေးမြူမည့် ရည်ရွယ်ချက်နှင့်ကိုက်ညီသော နွားမျိုးထည့်သွင်းရန်။

(ခ)     အစာကြမ်း၊  အစာနုနှင့်  အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်။

(ဂ)     နွားခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးပစ္စည်းများထားရှိရန်။

          ဥပမာ-အစာကြမ်း ရိတ်ဖြတ်စက်၊ အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန် လက်တွန်းလှည်းငယ်များ၊ အညစ်အကြေးသန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊ တိရစ္ဆာန် ထိန်းချုပ်ပစ္စည်းများ။

(ဃ)   တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်။

(င)     မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီးဇီဝလုံခြုံမှုနှင့်ကိုက်ညီသောခြံစည်းရိုးကာရံရန်နှင့် ခြံအဝင် အထွက်ပေါက်တွင်ပိုးသတ်ဆေးကန်ထားရှိရန်။

နွားခြံအဆောက်အအုံသည် မွေးမြူမည့်ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် မိမိသုံးစွဲမည့်ငွေကြေးအရင်းအနှီးအင်အားအပေါ်မူတည်၍ ဆောက်လုပ်နည်းနှင့် အဆောက်အအုံဒီဇိုင်းကွဲပြားသည်။မည်သည့်နည်းစနစ်ဖြင့်မွေးမြူသည်ဖြစ်စေ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိစေရန်နှင့် သန့်ရှင်းသောသောက်သုံးရေ  အလုံအလောက်ရရှိစေရန်၊ ရေစီးရေလာကောင်းမွန်ရန်နှင့်  ကုန်ထုတ်လမ်းရရှိရန်လိုအပ်သည်။        

ဆက်လက်ဖော်ပြပါမည်။

Source: https://myawady.net.mm/stories

 

စားဖိုဆောင်သီးနှံ ဆေးဖက်ဝင် ကြက်သွန်ဖြူပင်

Posted_Date

Image

စားဖိုဆောင်သီးနှံ ဆေးဖက်ဝင် ကြက်သွန်ဖြူပင်

Body

ကြက်သွန်ဖြူသည် မြန်မာ့ရိုးရာအစားအစာများ၊ စားသောက်မှုပုံစံများအရမရှိမဖြစ်လိုအပ်သည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုမြင့်မားပြီးပြည်တွင်းဈေးကွက်အခိုင်အမာရှိသည်။ စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်း၊ လက်ဖက်ရည်အဖြစ် သောက်သုံးခြင်း၊ ဆီအဖြစ်သုံးစွဲခြင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့်  တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း၊ အစာကြေလေနိုင်စေရန်ရည်ရွယ်ပြီး  ပျားရည်များနှင့်စိမ်၍ စားသောက်ခြင်း၊ မီးဖုတ်၍စားသောက်ခြင်းစသည်ဖြင့် အိမ်တွင်းဆေးဝါးအဖြစ်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲလေ့ရှိကြသည်။

ကြက်သွန်ဖြူ၏အသုံးဝင်ပုံ

စားဖိုဆောင်သီးနှံကြက်သွန်ဖြူကို  အစိမ်းစားသုံးခြင်းသည်    ၎င်းတွင်   ပါဝင်သောဓာတ်များကို အပြည့်အဝရရှိစေနိုင်သော  စားသုံးနည်းတစ်ခုဖြစ်သည်။ အစာမစားရသေးမီ  မနက်ခင်းတိုင်းတွင် ကြက်သွန်ဖြူအမြွှာအနည်းငယ်ကို ရေတစ်ဖန်ခွက်နှင့် သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းမွန်လာစေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူအစိမ်းစားသုံးခြင်းကဲ့သို့ပင်  ကြက်သွန်ဖြူအား  လက်ဖက်ရည်အဖြစ် မနက်ခင်းတိုင်း   သောက်သုံးပေးခြင်းသည်လည်း ကျန်းမာရေးအတွက်  များစွာအထောက်အကူပြုသည်။ ထိုသို့ သောက်သုံးရန်အတွက် ကြိတ်ခြေထားသော ကြက်သွန်ဖြူများကို  ရေတစ်ဖန်ခွက်ထဲသို့ထည့်ပြီး ကြိုချက်ပေးကာ  အနည်းငယ်ဆူပွက်လာပါက သစ်ကြံပိုးခေါက် ၁-၂ ဇွန်းထည့်မွှေပြီး နှစ်မိနစ်ခန့် ထပ်မံကြိုချက်ပေးပြီးနောက် အပူလျော့သွားပါက ပျားရည်နှင့်သံပရာရည်တစ်ဇွန်းစီထည့်မွှေ၍ သောက်သုံးနိုင်သည်။ ထို့ပြင် ကြက်သွန်ဖြူဆီအဖြစ် အသုံးပြုနိုင်ရန်အတွက် အရည်အသွေးကောင်းသောဆီထဲသို့ ကြိတ်ခြေထားသော ကြက်သွန်ဖြူအမြောက်အမြားကိုထည့်သွင်းပြီး မီးအေးအေးဖြင့် ဆယ်မိနစ်ခန့် အပူပေးရမည်ဖြစ်သည်။ ထို့နောက် ကြက်သွန်ဖြူဖတ်များကိုစစ်ထုတ်ပြီး  ဆီများကို ပုလင်းတစ်ခုထဲသို့စစ်ယူ၍ ရေခဲသေတ္တာတွင် သိုလှောင်သိမ်းဆည်းကာ နှစ်ပတ်ခန့်ကြာ  အသုံးပြုနိုင်မည်ဖြစ်သည်။

ကြက်သွန်ဖြူစိုက်ပျိုးရာဒေသ

ကြက်သွန်ဖြူသည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲမှုမြင့်မားသည့်အပြင် ဆေးဖက်ဝင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုမှုများပြားရုံသာမက ကမ္ဘာ့နေရာဒေသအနှံ့အပြားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသောကြောင့် နှစ်စဉ် စိုက်ပျိုးဧရိယာများတိုးတက်လာပြီး ထုတ်လုပ်မှုလည်း မြင့်မားလျက်ရှိသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်ပြီး ကမ္ဘာ့ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု၏  ၈၅ ရာခိုင်နှုန်းခန့်ရှိသည်။ နှစ်စဉ် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့်  အခြားသောနိုင်ငံများမှာ တောင်ကိုရီးယား၊ အီဂျစ်၊ စပိန်၊ ယူကရိန်း၊ မြန်မာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်သည်။

အဓိကစိုက်ပျိုးသောမျိုး

မြန်မာနိုင်ငံတွင်  ကြက်သွန်ဖြူစိုက်ဧကပေါင်း ခုနစ်သောင်းနီးပါးခန့်ရှိပြီး အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်သော  ရှမ်းပြည်နယ်တွင်  မိုင်းပန်၊ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးနှင့် လဲချားမြို့နယ်တို့၌ ဧရိယာအမြောက်အမြား  စိုက်ပျိုးထုတ်လုပ်ကြပြီး ကျန်မြို့နယ်များတွင်လည်း  စိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ကြက်သွန်ဖြူမျိုးများမှာ ရှမ်းမျိုး(အခွံဖြူ)၊ ရှမ်းမျိုး (အခွံနီ)နှင့် တရုတ်မျိုးတို့ဖြစ်ကြသည်။

ကြက်သွန်ဖြူစိုက်ပျိုးနည်း

ကြက်သွန်ဖြူကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးလေ့ရှိကြပြီး ဖေဖော်ဝါရီလမှ မတ်လအတွင်းတွင် တူးဖော်ရိတ်သိမ်းလေ့ရှိသည်။  မြေချဉ်ငန်ဓာတ်   ၅   ဒသမ   ၅  မှ  ၆  ရှိသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ အပူအအေးသင့်လျော်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်လျော်ဆုံးအပူချိန် ၁၈ ‒ ၂၀ ဒီဂရီစင်တီဂရိတ်တွင်  ဖြစ်ထွန်းပြီး ဥမှ အညှောက်ပေါက်ရန်အတွက် မြေတွင်းအပူချိန် ၂၂ ‒၂၃ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ ၂၇ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှုညံ့စေသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန် အပူချိန် ၅ ‒ ၁၀ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံး ၁-၂ လရှိရန် လိုအပ်သည်။ တစ်ဧကလျှင် မျိုးအဖြစ်  ကြက်သွန်ဖြူဥ  ပိဿာချိန် ၂၅၀‒၃၀၀ ခန့်လိုအပ်သည်။ မျိုးဥအား အမြွှာကြီးပြီး ရောဂါကင်းသောမျိုးများကို အသုံးပြုရမည်။

မြေပြင်နည်း

တစ်ဧကတွင် သဘာဝမြေသြဇာ  ၁၀-၂၀ တန်၊ ယူရီးယားနှစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်အသုံးပြုရမည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကျမ်းတုံးရိုက်၍   ပေါင်ဖော်စိုက်ပျိုးလေ့ရှိသည်။ မြေခံအဖြစ် ယူရီးယားတစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်ထည့်ပေးပြီး   ကျန်ယူရီးယားတစ်အိတ်ကို ကြားပေါင်းလိုက်ချိန်နှင့် ဥစတင်ဆင်း ချိန်တွင် ထည့်ပေးရမည်။ ပေါင်အမြင့် ၈ လက်မ၊ အကျယ် ၃ ပေခန့်ထား၍ ပေါင်ဖော်ပြီး တစ်တန်းနှင့်တစ်တန်း ၄ လက်မခွာ၍  တစ်ပင်နှင့်တစ်ပင် ၂ လက်မခြား၍ စိုက်ပျိုးသည်။ စိုက်ပြီးပေါင်အမြင့်နှင့်အညီ ရေပေးသွင်းရသည်။ ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည် အထူးအရေးကြီးသည်။ လက်ဖြင့် ပေါင်းနှိမ်နင်းလေ့ရှိပြီး စိုက်ပြီး တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်နင်းပေးရမည်။ အပင်နှစ်လသားအထိ ပေါင်းနှိမ်နင်းခြင်းကို ဂရုပြုဆောင်ရွက်ပေးရမည်။ မြေအလွန်ကျပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရမည်။ ကြက်သွန်ဖူးများကို  အပတ်စဉ်ချိုးပေးရမည်။ သာမန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရေပေးသွင်းရမည်။ ရာသီဥတုပူပြင်းပါက ၄‒၅ ရက် တစ်ကြိမ် ရေပေးသွင်းရမည်။ ရေသွင်းချိန် ရှစ်ကြိမ်မှ ၁၀ ကြိမ်ထိလိုအပ်သည်။ အပင်နှစ်လသား အမြင့် ၁ ပေခွဲခန့်ရှိချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ရမည်။ ပိုးမွှားရောဂါကျရောက်ပါက သင့်လျော်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်သည်။ အပင်သက်တမ်းမှာ ၁၃၅‒၁၅၀ ရက် ရှိသည်။ ပင်စည်နှင့် အရွက် ၁၅‒၂၅ ရာခိုင်နှုန်းခန့် ဝါလာလျှင်သို့မဟုတ် ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍   သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါက အပင်လိုက် လက်တစ်ဆုပ်စာခန့်စည်း၍  ဝါးတန်းပေါ်တွင်  အခြောက်ခံထားပါ။ နုတ်ယူပြီးသောအပင်များကို အမြိတ်များဖြတ်တောက်၍  နေနှစ်ရက်ခန့်လှန်းထားနိုင်သည်။ တစ်ဧကပိဿာချိန်  ၁၅၀၀ မှ  ၃၀၀၀ ထိ ထွက်နိုင်သည်။ ကြက်သွန်ဖြူဥများ နုတ်သိမ်းရာတွင်  မြေကြီးထဲ၌  ဥများမကျန်ခဲ့စေရန် သတိပြုရမည်။

ကြက်သွန်ဖြူဈေးကွက်

ကြက်သွန်ဖြူဈေးနှုန်းများသည် ယေဘုယျအားဖြင့် ဇန်နဝါရီလမှ  မေလအတွင်း  ဈေးနှုန်းအမြင့်ဆုံးရရှိလေ့ရှိကြပြီး ဇွန်လမှ‌ အောက်တိုဘာလအတွင်းတွင် ဈေးအနိမ့်ဆုံးရရှိလေ့ရှိကြသည်။ ရှမ်းကြက်သွန်ဖြူများသည် တရုတ်ကြက်သွန်ဖြူများထက် ဈေးနှုန်းပိုမိုမြင့်မားတတ်ပြီး အနံ့အရသာ ပိုမိုကောင်းမွန်သည့်အတွက် လူကြိုက်များသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်ဖြူများကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလေ့ရှိပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များသို့ တင်ပို့ရောင်းချမှုအများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(မြေပြန့်)အဖြစ် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားကြပြီး တရုတ်ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(ကြူကုတ်)အဖြစ် ရောင်းချလေ့ရှိသည်။

မြန်မာနိုင်ငံသည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အဓိကဒေသဖြစ်သော ရှမ်းပြည်နယ်တွင် စိုက်ဧကသောင်းချီ၍နှစ်စဉ်  စိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ထွက်ရှိသော ပြည်တွင်းကြက်သွန်ဖြူမျိုးများဖြစ်သည့် ဗမာကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန်ဖြူတို့သည် အနံ့အရသာပိုမိုကောင်းမွန်သည့်အတွက်  ပြည်တွင်းဈေးကွက်အခိုင်အမာရှိခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်၍ တရုတ်ပြည်မှ ကြူကုတ်ကြက်သွန်ဖြူများကို ဈေးနှုန်းသက်သာစွာဝယ်ယူတင်သွင်းခဲ့သဖြင့်မြန်မာ့ကြက်သွန်ဖြူမျိုးများသည်  ဈေးကွက်လွှမ်းမိုးမှုဒဏ်ကြုံတွေ့ခဲ့ရသည်။ အရွယ်အစားကြီးပြီး အခွံခွာရလွယ်ကူသဖြင့် စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကြသည့်အတွက် စားသောက်ကုန်လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်။

ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းများသည် တရုတ်ပြည်မှ   ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်ခြင်းနှင့်   ရှမ်းကြက်သွန်ဖြူများ၏ထုတ်လုပ်မှုအခြေအနေများအပေါ်မူတည်၍ပြောင်းလဲနိုင်သဖြင့် တရုတ်ကြက်သွန်ဖြူများ၏ အဓိကဝင်ရောက်သည့်တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများကို    ထိန်းချုပ်ပေးခြင်းနှင့်  ပြည်တွင်းကြက်သွန်ဖြူများ၏ဈေးကွက်ကို ချဲ့ထွင်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်းဈေးကွက်ပိုမိုတည်ငြိမ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories

 

ဆေးဖက်ဝင်ဗောက်သီး၏ ကျန်းမာရေးကောင်းကျိုးများ

Posted_Date

Image

ဆေးဖက်ဝင်ဗောက်သီး၏ ကျန်းမာရေးကောင်းကျိုးများ

Body

ဗောက်သီးဆိုသည်မှာ  ပူဖောင်းကဲ့သို့ အခွံပါးလေးများ ကာရံထားကာ အတွင်းတွင်  သေးငယ်ပြီး  ရွှေဝါရောင်သန်းနေသော ဘယ်ရီသီးတစ်မျိုးဖြစ်သည်။ Goo-seberry ဟုခေါ်သည့်   ဗောက်သီးသည်  စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီသီးမျိုးနွယ်ဝင်ဖြစ်သည်။ ဗောက်သီးကို  အင်္ဂလိပ်အမည်    Groundcherry   ဟုခေါ်ပြီး သိပ္ပံအမည် Physalis Peruviana ဟုခေါ်ဆိုသည်။တခြားဒေသများ၌ Cape Gooseberry  ဟုလည်းခေါ်ဆိုကြောင်း လေ့လာသိရှိရသည်။ဗောက်ပင်တွင်အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင်နှင့် အာနိသင်များတူညီကြသည်။ ဗောက်သီး၏ပုံစံမှာ အဝါရောင်စိုစိုဖြစ်ပြီးအရသာမှာခရမ်းချဉ်သီးအလုံးသေးများနှင့်ဆင်တူသော်လည်း ခရမ်းချဉ်သီးထက်အချိုအရသာပိုပြီး ခံတွင်းရှင်းစေသည်။ ဗောက်သီးကို  စား၍ကောင်းသောကြောင့်သရေစာအနေဖြင့်စားကြသကဲ့သို့   ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့်အချိုပွဲများ၊  ကိတ်မုန့်၊ သကြားလုံးနှင့်  မုန့်များပြုလုပ်ရာတွင်  ထည့်သွင်းအသုံးပြုကြသည်။

ဗောက်သီးမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ ကိုယ်အလေးချိန်  လျှော့ချပေးနိုင်ပြီး  နှလုံးကို ကျန်းမာစေသောဗောက်သီး

ဗောက်သီးသည်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုပြေစေခြင်း၊ ဆီးချိုကိုထိန်းညှိပေးနိုင်ခြင်း၊   ကျောက်ကပ်၏လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်သောဝေဒနာတချို့မှကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေးခြင်းနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းတို့ကိုဖြစ်ပေါ်ရန်လုပ်ဆောင်ပေးသည်။ကိုလက်စထရောကိုထိန်းညှိပေးပြီး  နှလုံးတွင်ဖြစ်တတ်သောရောဂါများကိုလျော့ကျစေသည့်အတွက်ဗောက်သီးကို စားသုံးပေးခြင်းဖြင့်နှလုံးကျန်းမာစေသည်။  ဗောက်သီးဖျော်ရည်တွင် နှလုံး၏လုပ်ဆောင်မှုများကို ကောင်းမွန်စေရန်အထောက်အကူပြုသည့်Phytochemicalပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို‌ သက်သာစေသည်။

ဗောက်သီးတွင် Fructose ကြွယ်ဝစွာပါဝင်သောကြောင့်ဆီးချိုဝေဒနာရှင်များ စားသုံးရန်    အထူးသင့်လျော်သည်။ ဗောက်သီးတွင်ပါဝင်သည့်အမျှင်ဓာတ်သည် ဆီးချိုကိုထိန်းညှိပေးပြီး  သွေးပေါင်ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင်ဗောက်သီးစားသုံးပေးခြင်းဖြင့်  သွေးပေါင်ကျစေသည်။

ရောင်ရမ်းမှုကိုသက်သာစေသောဗောက်သီး

ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့်ပန်းနာ၊ရင်ကျပ်သက်သာစေသောဆေး၊ချောင်းဆိုးပျောက်ဆေး၊   အနာကျက်ဆေး၊ သန်ကျဆေး၊ ရောင်ရမ်းမှုသက်သာစေသောဆေး၊ ဝမ်းပျော့ဆေးနှင့်ဝမ်းနုတ်ဆေးများထုတ်လုပ်ရာတွင်အသုံးပြုသကဲ့သို့  အစာအိမ်ဝေဒနာများအတွက်လည်း အသုံးပြုနိုင်သည်။

သွေးတိုးရောဂါနှင့် အဆုတ်ကင်ဆာကို သက်သာစေသောဗောက်သီး

ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ကယ်ရိုတနွိုက်တို့ကဲ့သို့  Phytochemical များနှင့် သွေးတိုးခြင်းကိုသက်သာစေနိုင်သည့် ပိုတက်ဆီယမ်ဓာတ်သင့်တင့်မျှတစွာပါဝင်သောကြောင့်သွေးတိုးခြင်းကို ထိန်းညှိပေးနိုင်သည်။ အဆိုပါဇီဝဓာတုဒြပ်ပေါင်းများသည် ကိုလက်စထရောကိုကျဆင်းစေသည်။ ထို့ပြင် ဗောက်သီးတွင်ပါဝင်သော ပိုလီဖီနောလ်နှင့်ကယ်ရိုတနွိုက်များကြောင့်  အဆုတ်ကင်ဆာကိုကုသရာတွင် အကျိုးရှိစေနိုင်သည်။ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိရှိသဖြင့် ကင်ဆာကုသမှုတွင် အထောက်အကူပြုနိုင်သည်။

အမြင်အာရုံကောင်းမွန်စေပြီး အာရုံကြောပြဿနာများကိုအထောက်အကူပြုစေသောဗောက်သီး

ဗောက်သီးတွင် ဗီတာမင် - A ကြွယ်ဝစွာပါဝင်သောကြောင့်  ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သည့်ဗီတာမင်-A ပမာဏ ကို လုံလောက်စွာထောက်ပံ့ပေးနိုင်သည်။ဗီတာမင်-Aသည် မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်ခြင်းနှင့် မျက်လုံးကြွက်သားများ ပျက်စီးခြင်းကို  ကာကွယ်ပေးသည်။ ဗောက်သီးတွင်Free Radical များကို ထိန်းချုပ်နိုင်သည့်အစွမ်းရှိသဖြင့် အာရုံကြောဆိုင်ရာရောဂါများအပါအဝင် ရောဂါအတော်များများကို ခုခံရာတွင် အထောက်အကူပြုသည်။

အရိုးများကိုကြံ့ခိုင်သန်စွမ်းစေပြီး ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သောဗောက်သီး

ဗောက်သီးတွင်  အရိုးများကို ကြံ့ခိုင်သန်စွမ်းရန်လိုအပ်သော ကယ်လ်စီယမ်နှင့်ဖော့စဖရပ်စ်များစုပ်ယူမှုကို အထောက်အပံ့ပေးသည့် Pectin ပါရှိသည်။ထို့ပြင်အမျိုးသားများတွင်ဖြစ်တတ်သည့်ဒူလာနှင့်အရေပြားနီမြန်းရောင်ရမ်းခြင်းကိုကုသရာတွင်လည်း အသုံးပြုနိုင်သည်။

ဗောက်သီးတွင်ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သော ဗီတာမင်-C ပါဝင်သောကြောင့် ခန္ဓာကိုယ်မှလိုအပ်သည့် ဗီတာမင်-C ကို  ပြည့်ဝစေပြီး ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောပမာဏကိုထိန်းညှိပေးကာ အသည်းကျန်းမာရေးကိုကောင်းမွန်စေသည်။

အအေးမိတုပ်ကွေးရောဂါကို သက်သာစေသောဗောက်သီး

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောဗောက်သီးသည်  အအေးမိတုပ်ကွေးဖျားနာမှုများကို ကာကွယ်ပေးနိုင်သည်။ ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးဖြင့်စားသုံးပေးမည်ဆိုပါက နှာခေါင်းပိတ်ခြင်းကို  သက်သာစေမည်ဖြစ်သည်။

ကျောက်ကပ်ကိုကျန်းမာစေသောဗောက်သီး

ဗောက်သီးသည်ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးပြီး  ဆီးရွှင်စေသောကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုလျှံနေသည့်အဆီများ၊အငန်ဓာတ်များနှင့် ပြန်ရည်ကြောစနစ်မှအဆိပ်အတောက်များကို ဖယ်ရှားစွန့်ထုတ်ပေးသောကြောင့် ကျောက်ကပ်ကို ကျန်းမာစေသည်။

ဗက်တီးရီးယားများကိုသေစေနိုင်သောဗောက်သီး

ဗောက်သီးတွင်ပါဝင်သည့်ဓာတ်များက ခန္ဓာကိုယ်အတွက်အကျိုးပြုသည့် ဗက်တီးရီးယားများနှင့်အကျိုးမပြုသည့်ဗက်တီးရီးယားများကိုပါသေစေနိုင်သည့်အစွမ်းရှိသဖြင့် အီးကိုလိုင်း ဗက်တီးရီးယားအပါအဝင် ဗက်တီးရီးယားအတော်များများကို သေစေနိုင်သည်။

အရေပြားအစိုဓာတ်ကို  ထိန်းပေးပြီး အသားအရေကို တင်းရင်းစေသောဗောက်သီး

ဗောက်သီးတွင်ပါဝင်သော  ဗီတာမင်- B3 ကြောင့် အရေပြားကိုနူးညံ့စေပြီး အသားအရေကို အာဟာရဖြည့်ပေးသကဲ့သို့ အစိုဓာတ်ကိုလည်း  ထိန်းပေးသည်။ အရေပြားနီမြန်းမှုကိုသက်သာစေနိုင်ပြီးအရေပြားအပေါ်ယံလွှာ ကျန်းမာစေရန်အထောက်အကူပြုနိုင်သည်။ ဗီတာမင်-B3  က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အရေပြားမခြောက်သွေ့စေရန် ကာကွယ်ပေးသည်။ ထို့ပြင် ဗောက်သီးတွင် ဗီတာမင်-Cပါဝင်သောကြောင့် Collagen ထွက်ရှိအောင်လှုံ့ဆော်ပေးပြီး အသားအရေကို တင်းရင်းကျန်းမာစေသည်။  အရေပြားကိုနုပျိုစေပြီး ဝက်ခြံနှင့်ဝက်ခြံအမာရွတ်များကို သက်သာစေသကဲ့သို့ အသားအရေကြည်လင်လှပစေရန်လည်းအထောက်အကူပြုသည်။

အသက်အရွယ်ကြောင့်ဖြစ်သည့်  အရေပြားပေါ်ရှိ အစက်အပြောက်များကိုလည်း သက်သာစေနိုင်သည်။

ရေဓာတ်ဖြည့်ပေးပြီးဆဲလ်အသစ်များ ဖြစ်ပေါ်စေသောဗောက်သီးဗောက်သီးတွင်ပါဝင်သောအသားအရေကိုထောက်ပံ့ပေးနိုင်သည့်  နောက်ထပ်အာဟာရတစ်ခုမှာကယ်လ်စီယမ်ဓာတ်ဖြစ်ပြီးကယ်လ်စီယမ်ကိုအရိုးနှင့်သွားများအတွက်သာလိုအပ်သည်ဟု သိထားကြသော်လည်း  ကယ်လ်စီယမ်က အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အဆီထွက်ရှိမှုကိုထိန်းပေးသည်။ နောက်တစ်ချက်မှာအရေပြားဆဲလ်ဟောင်းများကိုဖယ်ရှားပေးပြီး ဆဲလ်သစ်များဖြစ်ပေါ်စေရန် အထောက် အကူပြုသည်။ 

ဗောက်သီး၏ဘေးထွက်ဆိုးကျိုးများ မမှည့်သေးသည့်ဗောက်သီးတွင် ဓာတ်မတည့်မှုကိုဖြစ်စေနိုင်သည့်အဆိပ်ရှိသော Alkaloid  အနည်းငယ်ပါဝင်သောကြောင့် ဗောက်သီးကို မမှည့်ဘဲ  မစားသုံးသင့်သကဲ့သို့ချယ်ရီသီးမျိုးရင်းဝင်၊ဘယ်ရီသီးမျိုးရင်းဝင်အသီးများ၊ အပင်များနှင့်ဓာတ်မတည့်သူများအနေဖြင့် ဗောက်သီးမစားသုံးသင့်ဟုသိရသည်။ ထို့ပြင် ဗီတာမင်-C၊   ဗီတာမင်-A တို့နှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ဗောက်သီးကိုလုံးဝမစားသုံးသင့်သည့်အပြင်တစ်ကြိမ်တည်းတွင်အလုံးအရေအတွက်များများမစားသင့်ကြောင်း ပညာရှင်များက အကြံပြုထားသည်။

ကိုယ်ဝန်ဆောင်မိခင်များစားသင့်သောဗောက်သီး

ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးပါ ကျန်းမာစေရန်အတွက်  ကိုယ်ဝန်ဆောင်ချိန်တွင်တစ်ရက်လျှင်သစ်သီးတစ်မျိုးပါအောင်စားသုံးသင့်ပြီး ထိုကဲ့သို့ စားသုံပေးသင့်သည့်အသီးများထဲတွင် ဗောက်သီးလည်းပါဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်  ဗောက်သီးကိုစားမည်ဆိုလျှင်  မြေဆီလွှာတွင်ရှိနေတတ်သော ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တတ်သည့် Toxoplasmosis  ရောဂါဖြစ်စေနိုင်သေကြောင့်ရေဖြင့်သေချာစင်ကြယ်အောင်ဆေးကြောပြီးမှသာစားသုံးသင့်သည်။

ဗောက်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် အသားအရေကိုကျန်းမာစေပြီးအရေပြားပြဿနာကင်းစေရန်နှင့် အရေပြားပေါ်ရှိ အကြောပြတ်ရာများသက်သာစေရန် အထောက် အကူ ပြုနိုင်သည်။

အချုပ်အားဖြင့် Gooseberry ဟု ခေါ်သည့်  ဗောက်သီးကို  စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့   သရေစာအဖြစ် စားနိုင်သကဲ့သို့  ဖျော်ရည်အနေဖြင့်ဖြစ်‌စေ၊အချိုပွဲအနေဖြင့်ဖြစ်စေစားသုံးနိုင်သည်။ဗောက်သီးတွင်  သံပရာသီးထက် ဗီတာမင်-C နှစ်ဆနီးပါးပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝသောကြောင့်ဗောက်သီးစားသုံးပေးခြင်းဖြင့်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများမဖြစ်အောင် ကာကွယ်ပေးသည်။ဗောက်သီးတွင်အစာခြေအူလမ်းကြောင်း၏ လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးသည့်  ပျော်ဝင်လွယ်သော အမျှင်ဓာတ်  Pectin   ကြွယ်ဝစွာပါဝင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories