သရက်သီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးသောအသီးဖြစ်ပြီးရာသီစာအသီးတစ်မျိုးဖြစ်သည်။ သရက်သီးကို လူကြိုက်လည်းများသည်။ သရက်သီးမကြိုက်သူက အလွန်ရှားပါးသည်။ ဆီးချိုရှိသူနှင့် သရက်သီးဓာတ်မတည့်သူလောက်သာ သရက်သီးကိုရှောင်ကြသည်။
ထို့ကြောင့် ရှေးလူကြီးများက “အသီးမှာ သရက်”ဟု ဆိုရိုးပြုကြဟန်တူသည်။ သရက်သီးသည် ရာသီ ပေါ်အသီးတစ်မျိုးဖြစ်သော်လည်း ယခုအခါ ရာသီမရွေးဝယ်ယူစားသုံးနိုင်သော အသီးဖြစ်လာသည်။
တချို့သရက်သီးများဆိုလျှင် ရာသီကုန်သွားသော်လည်း စျေးကွက်မှာဝယ်ယူရရှိနိုင်သည်။ သို့သော် စျေးကြီးလှသည်။ သရက်သီးကို အစိမ်းစားကြသည်။ အမှည့်အဖြစ်လည်းစားကြသလို သရက်ယို၊ သရက်ပျဉ်၊ သရက်သီးသနပ် စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ ယနေ့ခေတ်မှာ သရက်သီး သည် စျေးကွက်ရှိသောအသီးတစ်မျိုးဖြစ်လာသလို စျေးကောင်းသောအသီး တစ်မျိုးလည်း ဖြစ်လာသည်။ ထို့ကြောင့် နှစ်ရှည်ပင်ဖြစ်သောသရက်သီးကို စီးပွားဖြစ်စိုက်ပျိုးသင့်သည်။ နှစ်ရှည်ပင်အသီးတစ်မျိုးဖြစ်သောသရက်ကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးရာတွင် သိသင့်သည်များကိုလေ့လာတင်ပြသွားမည်ဖြစ်သည်။
သရက်ပင်၏မူရင်းဒေသနှင့်သရက်မျိုးများ
သရက်ပင်၏မူရင်းဒေသကို အိန္ဒိယနိုင်ငံ၊ အရှေ့တောင်အာရှနှင့်မြန်မာနိုင်ငံဟုသတ်မှတ်ထားကြသည်။ သရက်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကတည်းက စားသုံးရန်အတွက်လည်းကောင်း၊ အခြားသောအသုံးအဆောင်နှင့်စားဖွယ်များပြုလုပ်ရန်အတွက်လည်းကောင်းစိုက်ပျိုးခဲ့ကြသည်။ သရက်သီး၏ သိပ္ပံအမည်မှာ Mangiferaindica ဖြစ်ပြီး မျိုးရင်းမှာ Anacardiaceae ဖြစ်သည်။ အင်္ဂလိပ်လို Mango ဟုခေါ်သည်။ သရက်မျိုးအများအပြားရှိသည်။ စာရေးသူသိသလောက်ကိုဖော်ပြပါမည်။ မစိုးမင်းသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ နို့ဆီသရက်၊ စိမ်းစားသရက်၊ ပါးနီသရက်၊ ဒူးရင်းသရက်၊ စိန်တစ်လုံးသရက်၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက် စသည်ဖြင့်အမျိုးမျိုးရှိသည်။ အခြား သရက်မျိုးများလည်းရှိနိုင်သေးသည်။ ယနေ့မြန်မာနိုင်ငံတွင် လူသိများသောသရက်မျိုးမှာ စိန်တစ်လုံး သရက်ဖြစ်သည်။ သရက်သီးကို မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်၊ အီကွေတာ အနီးအဝေး စသည်တို့မှာ သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုး၍ သော်လည်းကောင်း ဖြစ်ထွန်းသည်။ သရက်မျိုးပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။ နိုင်ငံ ၆၄ နိုင်ငံမှ သရက်မျိုးပွားပေါင်း ၁၅၉၅ မျိုးခန့်ရှိ ကြောင်းလည်းသိရသည်။ သရက်သီးကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးထုတ်လုပ်ရာတွင် လုပ်ဆောင်သင့်သည်များကိုဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။
စိုက်ပျိုးမြေနှင့်ရာသီဥတု
နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးမြေရွေးချယ်ခြင်းသည်အရေးကြီးသောအချက်ဖြစ်သည်။ စိုက်ပျိုးမြေသည် ဇီဝနှင့်ဓာတုဆိုင်ရာအန္တရာယ်ရှိသည့်မြေမျိုးမဖြစ်ရပါ။ ထိုမြေမျိုးဖြစ်ပါက စိုက်ပျိုးမည့်အပင်သည် ရှင်သန်မှုရှိမည်မဟုတ်ပေ။ သရက်စိုက်ပျိုးမည့်မြေသည် ရေစိမ့်ဝင်မှုကောင်းသောမြေမျိုးဖြစ်ရမည်။ မြေချဉ်ငန်ကိန်းသည် ၅ ဒသမ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။ သရက်ပင်စိုက်ပျိုးမည့်မြေသည် မြေအောက်ရေမျက်နှာပြင် မြေအနက် ၆ ပေ အောက်ရှိခြင်းကိုနှစ်သက်သည်။ ရာသီဥတုအနေဖြင့် သရက်ပင်သည်ပူအိုက်စွတ်စိုသောရာသီဥတု၊ သမပိုင်းရာသီတို့ကို နှစ်သက်သည်။ အပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၀ မှ ၁၅ အကြားနှင့် မိုးရေချိန်လက်မ ၃၀ မှ ၁၀၀ ခန့်ရွာသောဒေသများ၌ ပိုဖြစ်ထွန်းရှင်သန်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ အထိစိုက်ပျိုးနိုင်သလို ပင်လယ်ရေမျက်နှာပြင် ပေ ၂၀၀၀ အောက်ဒေသများမှာလည်းစိုက်ပျိုးနိုင်ကြောင်းသိရသည်။ ထို့ပြင် အမြင့်ပေ ၂၀၀၀ အထက်မြင့် သောဒေသများမှာ စီးပွားဖြစ်မစိုက်ပျိုးသင့်ဟုဆိုသည်။ ရေဝပ်သည့်မြေမျိုးမှ လုံးဝမစိုက် ပျိုးသင့်ပါ။ ထို့ပြင် စိုက်ပျိုးမည့်ဒေသသည် တစ်နှစ်လျှင် ငါးလ၊ ခြောက်လခန့် ခြောက်သွေ့ ရန်လည်း လိုအပ်သည်။
မျိုးရွေးချယ်ခြင်းနှင့်ပျိုးထောင်ခြင်း
သရက်ပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် စတင်စိုက်ပျိုးတော့မည်ဆိုလျှင် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးဖို့လိုသည်။စိုက်ပျိုးမည့်ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းရှင်းရမည်။ အရည်အသွေးကောင်းပြီး စျေးကွက်ဝင်သောမျိုးကိုရွေးချယ်စိုက်ပျိုးသင့်သည်။ သရက်ပင်ကို အစေ့မှလည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ ပျိုးထောင်ရာတွင် သရက်သီးမျိုးကောင်း၊ မျိုးသန့်၊ပိုးမွှားရောဂါကင်းရှင်းသောအသီးမှ အစေ့ကိုယူ၍ ပျိုးထောင်ရမည်။
သရက်ပင်ကိုင်းဆက်မျိုးပွားနည်း
အထက်ဖော်ပြပါအတိုင်း အစေ့ကိုပျိုးထောင်မစိုက်ဘဲ ကိုင်းဆက်မျိုးပွား၍လည်းစိုက်ပျိုးနိုင်သည်။ ကိုင်းဆက်မျိုးပွားရာတွင် မျိုးပွားနည်း သုံးနည်းရှိသည်။
၁။ သစ်နုပိုင်းကိုင်းဆက်ခြင်း - သစ်နုပိုင်းကိုင်းဆက်မည်ဆိုပါလျှင် ကိုင်းဆက်မည့်အပင်သည် သက်တမ်းတစ်နှစ်သားအရွယ်ဖြစ်ရမည်။
တစ်နှစ်သားအရွယ်အောက်ခံပင်အဖြစ်အသုံးပြုလျှင် အညွန့်သစ်ထွက်ပြီး အရွက်ကြေးနီရောင်ပြောင်းလျှင် သစ်နုပိုင်းကိုင်းဆက်ရန်အကောင်းဆုံးဖြစ်သည်။ အဖူးကိုင်းအတွက်မူ သက်တမ်း ၃-၄ လရှိသော အကိုင်းကို အသုံးပြုရမည်။ အဖူးကိုင်းမှအရွက်ပြားများကို ကိုင်းမဆက်မီတစ်ပတ်က ကြိုတင် ဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်၏အညွန့်အဖျားပိုင်းကိုဖြတ်ပြီး အဖူးကိုင်းကိုသပ်သွင်းဆက်နည်းဖြင့် အောက်ခံပင်ပေါ်တွင်ဆက်ပေးရမည်။ ကိုင်းဆက်ထားသည့် နေရာကို ပလတ်စတစ်ဖြင့် ပတ်ပေးထားပါ။
၂။ ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း - ဤနည်းဖြင့် ကိုင်းမျိုးပွားမည်ဆိုလျှင် အဖူးကိုင်းသည် သုံးလသားရှိပြီး အဖူးကိုင်းနိုးကြားစေရန် သစ်နုကိုင်းနည်းမှာကဲ့သို့ အရွက်ပြားများကိုဖြတ်ပေးထားရသည်။
ထို့နောက် အောက်ခံပင်စည်ကို အလျား ၅ စင်တီမီတာခန့်စောင်း၍ အခေါက်နှင့်အသားအနည်း ငယ်ပြတ်အောင် အတွင်းဘက်သို့စိုက်လှီးပေးရမည်။ထို့နောက်ပထမဓားချက်အဆုံး အထက်နားလောက်တွင်အထစ်ကျန်စေရန် ဒုတိယဓားချက်လှီးခြင်းဖြင့် အောက်ခံပင်မှ အခေါက်နှင့် အသားစကိုဖယ်ထုတ်ပါ။ အဖူးကိုင်းအပင်ကိုလည်းအောက်ခံပင်ဖြတ်သည့်အတိုင်းဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်နှင့်အဖူးကိုင်းကို ပါးချင်းအပ်ဆက်ပြီး ၁ ဒသမ ၅ စင်တီမီတာ အပြားရှိသောကြိုးဖြင့်တင်းကျပ်အောင်ချည်ပေးရမည်။ အဖူးကိုင်းအဖျားမှအညွန့်သစ်များထွက်လာပြီး သုံးပတ်အကြာ အောက်ခံပင်အပေါ်ပိုင်းကိုဖယ်ရှားဖြတ်တောက်ပါ။ နှစ်လသုံးလကြာမှ ချည်ထားသော ပလတ်စတစ်ကြိုးကိုဖယ်ပါ။
၃။ အစေ့အညှောက်ကိုင်းဆက်ခြင်း - ဤနည်းဖြင့်ကိုင်းဆက်မည်ဆိုပါက အစေ့မှအညှောက်ပေါက်ပြီး ၄-၈ ရက်သားအပင်ကို အောက်ခံပင်အဖြစ် အသုံးပြုရသည်။ သင့်လျော်သောလုံးပတ်ရှိသည့် အဖူးကိုင်းကို ကြိုတင်အရွက်ခြွေထားရမည်။ ထို့နောက် သစ်နုပိုင်းကိုင်းဆက်နည်း သို့မဟုတ် ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း တစ်နည်း နည်းကိုအသုံးပြု၍ကိုင်းဆက်နိုင်သည်။
သရက်ပင်စိုက်နည်းစနစ်
သရက်စတင်စိုက်ပျိုးတော့မည်ဆိုလျှင် စိုက်ပျိုးမည့်နေရာကို မိုးမကျမီ မတ်လ၊ ဧပြီလလောက်ကတည်းက ကြိုတင်ပြုပြင်မှုများပြုလုပ်ရမည်။မြေပြင်ခြင်း၊ မြေအနေအထားအရ ရေသွင်း၊ ရေထုတ် ပြုလုပ်နိုင်မည့် ရေနုတ်မြောင်းများကို ပြုလုပ်ထားရမည်။ စိုက်ပျိုးမြေအမျိုးအစား၊ လေဝင်လေထွက် ကောင်းစေရန် သင့်လျော်သောပင်ကြား၊ တန်းကြားဖြင့် ကျင်းတူး၍စိုက်ပျိုးရမည်။ စိုက်ကျင်းအရွယ် အစားမှာမူ ၂ ပေပတ်လည်ဖြစ်သည်။
- ပင်ကြားပေ ၃၀၊ တန်းကြားပေ ၃၀ စိုက်မည်ဆိုလျှင် တစ်ဧကကို ၄၈ ပင်ဝင်ဆံ့သည်။
- ပင်ကြားပေ ၂၀၊ တန်းကြားပေ ၂၀ စိုက်မည်ဆိုလျှင်တစ်ဧကကို ၁၀၈ ပင်ဝင်ဆံ့သည်။
- ပင်ကြား ၁၅ ပေ၊ တန်းကြား ၁၅ ပေစိုက်မည်ဆိုလျှင် တစ်ဧက ကို ၁၉၃ ပင်ဝင်ဆံ့သည်။ သတိပြုရမည့်အချက်မှာ သရက်ပင်သည် ကိုင်းဖြာထွက်သောအပင်မျိုးဖြစ်သဖြင့် ခပ်စိပ်စိပ်စိုက်မည် ဆိုပါက အပင်ငယ်စဉ်ကပင် ကိုင်းဖြတ်ပုံသွင်းပေးဖို့လိုအပ်သည်။
စိုက်ကျင်းအတွင်းသို့ နွားချေးရှစ်ပြည်၊ ကျောက်မှုန့်နို့ဆီဘူးလေးဘူး၊ပိုတက်နို့ဆီဘူးတစ်ဘူး၊ စပါးခွံ ရှစ်ပြည်တို့ကို အပေါ်ယံမြေနှင့်ရော၍ဖို့ပေးရမည်။ အပင်များကို စိုက်ပျိုးရာတွင် ညနေပိုင်း၌သာ စိုက်ပျိုး ရမည်။
ပေါင်းမြက်နှိမ်နင်းခြင်းနှင့်ရေသွင်းခြင်း
ပေါင်းမြက်ကိုမူ အပင်ပတ်ဝန်းကျင်အပေါ်မူတည်၍ ရှင်းလင်းပေးသင့်သည်။ အပင်ပတ်ဝန်းကျင်၌ ပေါင်းမြက်ထူလာပါက ရှင်းလင်းပေးရမည်။ ပေါင်းသတ်ဆေးမကြာခဏအသုံးပြုခြင်းကို ရှောင်ကြဉ် ရမည်ဖြစ်သည်။ ရေသွင်းရာတွင်မြေအနေအထားကိုကြည့်ရမည်။ ပထမအကြိမ်ရေပေးသွင်းခြင်းကို သရက်သီးကင်းဝင်ချိန်ဆောင်ရွက်ပါ။ ဒုတိယအကြိမ်ရေပေးသွင်းခြင်းကို ပထမအကြိမ်ရေပေးသွင်းပြီး တစ်လအကြာမှာ ပေးသွင်းရမည်။ ထိုအချိန်၌ သရက်သီးသည် ပေသီးလုံးအရွယ်ခန့်ဖြစ်နေသည်။
တတိယအကြိမ်ရေပေးသွင်းခြင်းကို ဒုတိယအကြိမ်ရေသွင်းပြီး ရက် ၂၀-၃၀ သရက်သီးမရင့်မီ ပေးသွင်းရမည်။ ရေပေးသွင်းရာတွင်သတိပြုရမည့် အချက်မှာ သရက်ပန်းပွင့်ချိန်နှင့်သရက်သီးမခူးမီ တစ်လအလိုတွင်ရေသွင်းခြင်းမပြုလုပ်ရပါ။ အပင်ငယ်စဉ် နွေရာသီလိုအခါမျိုး၌ နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးရသည်။ အထူးသဖြင့် သရက်သီးကင်းဝင်ပြီး လေးပတ်မှ ခြောက်ပတ်အကြာ ရေအလို အပ်ဆုံးအချိန်ဖြစ်သည်ကိုသတိပြုဖို့လိုသည်။
သက်တမ်းအလိုက်မြေဩဇာကျွေးခြင်း
မြေဩဇာကျွေးရာတွင် အသီးမတင်သေးသည့်အပင်အတွက် မြေဩဇာနှင့် အသီးသီးလျက်ရှိနေသော အပင်အတွက်မြေဩဇာဟူ၍ခွဲထားသည်။ တစ်နှစ်သားအရွယ်သရက်ပင်ငယ်များအတွက် ယူရီးယား ၁၇၀ ဂရမ်၊ စူပါဖော့စဖိတ် ၁၁၂ ဂရမ်၊ ပိုတက်ဆီယမ်ကလိုရိုက် ၁၁၄ ဂရမ်နှုန်းကျွေးပေးရသည်။ ဓာတ်မြေဩဇာကို အပင်သက် ၁၀ နှစ်အထိ ပထမနှစ်ကျွေးသည့်နှုန်းထားကို ဆတိုးထည့်သွင်းပေးရ ကြောင်း သိရသည်။
အသီးသီးနေသောအပင်များအတွက် ဇွန်၊ ဇူလိုင်လတို့တွင် N P K ထည့်ရမည့်ပမာဏ အတိုင်း ထည့်ပေးပါ။ N ၁၇၀ ဂရမ်၊ P2O2 ၁၈၀ ဂရမ်၊ K2O ၆၈၀ ဂရမ်ကို နှစ်ကြိမ်ခွဲကျွေးပေးရမည်။ အပင် သက်တမ်းအလိုက်မြေဩဇာကျွေးနှုန်းကိုလည်းဖော်ပြပါမည်။
ပင်သက်/သဘာဝမြေသြဇာ/ N. / Ph. / P
- ၁နှစ်သား - ၅. - ၁၀၀- ၅၀. - ၁၀၀
- ၂ နှစ်သား - ၁၀. - ၂၀၀-၁၀၀ - ၂၀၀
- ၃ နှစ်သား - ၁၅. - ၃၀၀ - ၂၀၀ - ၃၀၀
- ၄ နှစ်သား - ၂၀. - ၄၀၀ - ၃၀၀ - ၄၀၀
- ၅ နှစ်သား - ၂၅. - ၅၀၀ - ၄၀၀ - ၅၀၀
- ၆ နှစ်သား - ၃၀. - ၆၀၀ - ၅၀၀ -၆၀၀
- ၇ နှစ်သား - ၃၅. - ၇၀၀ - ၆၀၀ - ၇၀၀
- ၇ နှစ်သားအထက် - ၅၀. - ၁၀၀၀ - ၅၀၀ - ၁၀၀၀
အထက်ဖော်ပြပါသက်တမ်းအလိုက်အစာကျွေးနှုန်းများတွင် သဘာဝမြေဩဇာသည်ကီလိုဂရမ်ဖြစ်ပြီး နိုက်ထရိုဂျင်(N)၊ ဖော့စဖောရပ်(Ph)နှင့်ပိုတက်ဆီယမ်(P)သည် ဂရမ်ဖြစ်သည်။
ဖျက်ပိုးနှင့်ရောဂါများ
သရက်ပင်၌ ဖျက်ပိုးများ ကျရောက်တတ်သည်။ သီးထိုးယင်၊ အစေ့ထိုးပိုး၊ အသားထိုးပိုး၊ ပင်စည်ထိုးပိုး၊ ဖြုတ်ပိုး၊ အကြေးပိုးနှင့် ပိုးစေးနှဲတို့ဖြစ်သည်။ သီးထိုးယင်သည် သရက်သီးမှည့်ကိုဖျက်ဆီးတတ်သည်။ ထိုပိုးကျပါက အသီးအရောင်ပျက်ခြင်း၊ အက်ကွဲခြင်း၊ အနာကွက်များဖြစ်ခြင်း စသည့်လက္ခဏာများတွေ့ရတတ်သည်။ ထိုအခါ ထိသေဆေးတစ်မျိုးမျိုးကိုအညွှန်းအတိုင်းအသုံးပြုပါ။ အစေ့ထိုးပိုးသည် သီးကင်းချိန်မှစ၍ ခူးဆွတ်ချိန်အထိကျရောက်တတ်သည်။ လက္ခဏာမှာ သေးငယ်မည်းနက်သောမျဉ်းကွေးပုံသဏ္ဌာန်အစက်များအသီးပေါ်တွင်တွေ့ရတတ်သည်။ထိုအခါ ထိသေပိုးသတ်ဆေးကိုအညွှန်းအတိုင်းအသုံးပြုပေးရမည်။
ပင်စည်ထိုးပိုးသည် သရက်ပင်အတွက် အလွန်အန္တရာယ်များသော ပိုးဖြစ်သည်။ အပင်ခြောက်၍သေခြင်း၊ အကိုင်းခြောက်ခြင်းဖြစ်တတ်သည်။ ထိုအခါ အသီးအထွက်လျော့နိုင်သည်။ ထိုပိုးကျပါက ပိုးကျသောကိုင်းကိုဖြတ်ပါ။ ပိုးသတ်ဆေးနှင့်ထုံးရော၍ ပင်စည်ကိုသုတ်ပေးရမည်။ သရက်ပင်ရောဂါများမှာ မှည့်ပြောက်စွန်းရောဂါ၊ ပန်းခိုင်ခြောက်ရောဂါ၊ ကိုင်းဖျားခြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ မီးခိုးရောင်ရွက်ပြောက်ရောဂါ စသည်တို့ဖြစ်သည်။
မှည့်ပြောက်စွန်းရောဂါသည် အရွက်နုထွက်ချိန်၊ ပန်းခိုင်ထွက်ချိန်နှင့်အသီးခူးပြီးချိန်၊ ပူပြင်းစိုစွတ်ချိန်တို့မှာဖြစ်တတ်သည်။အရွက်၊ အကိုင်း၊ အသီးတို့တွင်ရွက်ခြောက်လက္ခဏာများတွေ့ရသည်။ ထိုအခါ ဓာတုမှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရသည်။ ဖားဥမှိုရောဂါသည် ပွင့်ပိုင်းများမှ အဓိကဝင်ရောက်သည်။ ထိုအခါ အသီးတင်နှုန်းကိုထိခိုက်စေသည်။ အရွက်ပေါ်တွင် အဖြူ သို့မဟုတ် မီးခိုးရောင်မှိုမျှင်ကွက်များ ဖြစ်ပေါ်နေတတ်သည်။ ထိုအခါ သင့်လျော်ရာဓာတုဆေးတစ်မျိုးမျိုးဖျန်းပေးရမည်။
သရက်သီးထုတ်ကုန်နှင့်ပြည်ပပို့ကုန်သရက်သီး
သရက်သီးသည်စျေးကွက်ဝင်သောအသီးဖြစ်သည်။ ယနေ့စျေးကွက်မှာလည်း စျေးကောင်းသည်။ သရက်ပင်က နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပြီး တစ်သက်အကျိုးအမြတ်ရနိုင်သောအပင်မျိုးဖြစ်သည်။ ၅-၁၀ နှစ်သားအပင်တစ်ပင်ကို အလုံး ၁၀၀ ခန့်သီးနိုင်ပြီး ၁၂ နှစ်သားတစ်ပင်လျှင် အလုံး ၅၀၀ မှ ၁၅၀၀ အထိ သီးနိုင်သည်။ ၂၁ နှစ်သားအထက်သရက်တစ်ပင်ဆိုလျှင် ၁၅၀၀ ခန့် သီးနိုင်သည်။ သရက်ပင်က သီးကင်းလေးများကြွေကျတတ်သည်။ ထိုသီးကင်းလေးများကိုကောက်ယူ၍ သရက်သီးဆားရည်စိမ်ပြုလုပ်၍ ရောင်းချသည်လည်းရှိသည်။
ထို့ပြင် သရက်သီးပိုးတီလှီး၍ သရက်ချဉ်ပြုလုပ်ပြီးလည်းရောင်းချကြသည်။ ထို့ပြင် သရက်သီးသနပ်၊ သရက်သီးယို၊ သရက်ပျဉ်စသည်ဖြင့် သရက်သီးထုတ်ကုန်များပြုလုပ်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ်များရရှိနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင်လူကြိုက်များသောစိန်တစ်လုံးသရက်လည်းရှိသည်။ လွန်ခဲ့သော သုံးလေးနှစ်လောက်က တစ်လုံး ၅၀၀ လောက်ပေးရသည်။ယခုဆို ၁၀၀၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။ ရုရှားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စိန်တစ်လုံးသရက်သီးနှင့်သရက်ခြောက်များကို ဝယ်ယူဖို့ကမ်းလှမ်းထားကြောင်း သတင်းစာတစ်စောင်မှာ ဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာ့စိန်တစ်လုံးသရက်သည် ပြည်ပစျေးကွက်ဝင်သရက်ဖြစ်သည်။သရက်သီးသည် ယခင်ကလည်းပြည်ပပို့ကုန်တစ်ခုဖြစ်ခဲ့သည်။
၂၀၁၅-၂၀၁၆ လောက်က သရက်တန်ချိန်ထောင်ပေါင်း ၂ ဒသမ ၇၈ တန်တင်ပို့နိုင်ခဲ့ရာ ပြည်ပဝင်ငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၄၇ သန်းရရှိခဲ့သည်ဟု မှတ်သားခဲ့ရဖူးသည်။ စိန်တစ်လုံးသရက်ကိုလည်း နိုင်ငံခြားစျေးကွက်သို့တင်ပို့ရာ ၂၅၀ ဂရမ်၊ ၃၀၀ ဂရမ်အရွယ်အစားရှိ စိန်တစ်လုံးသရက်သီးတစ်တန်ကို ၁၂၅၀၀၀၀ ကျပ်ရရှိကြောင်း သိရသည်။ သရက်ထုတ်ကုန်အနေဖြင့် သရက်ပျဉ်ရသည်။ ထိုခြံများမှ သရက်သီးစိမ်းများကိုဝယ်ယူ၍ သရက်ချဉ်ပြုလုပ်ရောင်းချသူများလည်းရှိသည်။ ထိုလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးဖြစ်သည်။
ယခုကာလပေါက်စျေးများအရ သရက်သီးသည် စျေးကောင်းသောအသီးဖြစ်သည်။ အထက်မှာလည်း သရက်တစ်ပင်မှ ရရှိနိုင်သောဝင်ငွေကိုပျမ်းမျှခန့်မှန်းတွက်ချက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် သရက်သီးသည် နှစ်ရှည်ပင်ဖြစ်သလို အကျိုးအမြတ်လည်းရရှိနိုင်သောကြောင့်စီးပွားဖြစ်သရက်စိုက်ပျိုးမည်ဆိုလျှင် သိသင့်သည်များကို လေ့လာတင်ပြလိုက်ပါသည်။ ။
MWD Web Portal
အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလ အစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ကူးစက်ပျံ့နှံ့မှုပြန်လည်မြင့်တက်လာသည်။ ထိုမျိုးစိတ် များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကိုမူ မြန်ဆန်စေသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အိုမီခရွန်မျိုးကွဲ၏ ရောဂါကူးစက်ပုံသည် အသက်ရှူလမ်းကြောင်း အထက်ပိုင်း ဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေကာ ရောဂါကြောင့်သေဆုံးမှုကိုနည်းပါးစေခြင်းဖြစ်သည်။ ယခင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်တာမျိုးကွဲ၏ရောဂါကူးစက်ပုံက အသက်ရှူလမ်းကြောင်းအောက်ပိုင်းဖြစ်သည့် အဆုတ်ကိုတိုက်ခိုက်ခြင်းဖြစ်သောကြောင့် အဆုတ်ရောင်ရောဂါနှင့် နမိုးနီးယားရောဂါတို့ ဖြစ်ပွားရသည့်အတွက် ရောဂါပြင်းထန်ပြီး သေဆုံးမှုများပြားရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၄၁၂၈၃ ဦးနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာရခြင်းမှာ မုတ်သုံအဝင်စောခြင်းနှင့် ကျောင်းများဖွင့်လှစ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ကမ္ဘာ လှည့်ခရီးသွားများဝင်ရောက်လာမှုများခြင်း၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များပြုလုပ်လာခြင်းတို့ကြောင့်လည်း ယခုကဲ့သို့ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားလာရခြင်း ဖြစ်သည်။
အိုမီခရွန်မျိုးကွဲအသစ် JN.1 နှင့် XEC
လက်ရှိကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာ ခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့် ၎င်းမှတစ်ဆင့်ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ၎င်းမျိုးကွဲကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ဂျာမနီနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၌ ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါမျိုးကွဲမှာ XEC ဖြစ်ပြီး ကူးစက်နှုန်းပိုမြန်သော်လည်း တုပ်ကွေးကဲ့သို့သောလက္ခဏာများသာရှိသည်။ ထို့ကြောင့် တုပ်ကွေးဖြစ်ခြင်း၊ အအေးမိခြင်းတို့ကြောင့်ဖြစ်သော ရောဂါလက္ခဏာများနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်သော ရောဂါလက္ခဏာများကိုခွဲခြားရန် ခက်ခဲနိုင်သော်လည်း ကုသမှုနည်းလမ်းများမှာမူ တူညီမှုရှိသည်။ ကိုဗစ်-၁၉ ရောဂါမပြင်းထန်သော လူနာများနှင့် အခြေအနေမဆိုးသောအုပ်စုဝင်များကို အအေးမိခြင်းအတွက် ကုသသည့်နည်းလမ်းအတိုင်း ကုသမှုပေးနိုင်သည်။ ဆေးကုသမှုခံယူရန် လိုအပ်သူများသည် ကိုယ်အပူချိန် ၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် သွေးအတွင်း အောက်ဆီဂျင် ၉၅ ရာခိုင်နှုန်း အောက်ကျဆင်းခြင်းကဲ့သို့သော ရောဂါလက္ခဏာများတွေ့ရှိမှသာ ကုသမှုခံယူရမည်ဖြစ်သည်။ စိုးရိမ်ရသည့်အုပ်စုဝင်များတွင် အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများပါဝင်သည်။
ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် JN.1 နှင့် XEC ၏ရောဂါလက္ခဏာများ
အဆိုပါကိုဗစ်မျိုးကွဲအသစ်များ ကူးစက်ခံရပါက တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ပါဝင်သည်။ ထို့ပြင် နေ့ရက်အလိုက် ထူးခြား လာနိုင်သောရောဂါလက္ခဏာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ချူလာလောင်ကွန်ဆေးရုံက သုတေသန ပြုလုပ်ထားသည်။ ထိုသုတေသနအရဆိုလျှင် ရောဂါပိုးကူးစက်ပြီး ပထမဆုံးရက်များဖြစ်သည့် တစ်ရက်မှ သုံးရက်အတွင်း အအေးမိခြင်း၊ လည်ချောင်း အနည်းငယ်နာခြင်းများသာဖြစ်တတ်ပြီး ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းများဖြစ်ပေါ်မှုမရှိသေးပေ။ ရောဂါပိုးကူးစက်ပြီး လေးရက်မှငါးရက် အတွင်းဆိုပါက အာသီးရောင်ပြီး လည်ချောင်းနာလာခြင်း၊ ကိုယ်အပူချိန် ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိ လာပြီး အစာမျိုချရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အနည်းငယ်မူးဝေမှုများ နှင့်အတူ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အဆစ်အမျက်ကိုက်ခဲခြင်းများကို ခံစားရမည်ဖြစ်သည်။ ခြောက်ရက်မြောက်နေ့မှစ၍ ကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထက်ထိ သိသိသာသာမြင့်တက်လာပြီး ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်လာနိုင်သည်။ ထို့နောက် ကိုယ်အပူချိန် ၃၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်မှ ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပြီး အသက်ရှူရခက်လာခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းများဖြစ်လာနိုင်ကာ ကိုးရက်မြောက်နေ့အထိ ရောဂါအခြေအနေ သက်သာလာခြင်းမရှိဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲလာပါက အထူးကုသမှုခံယူရန် လိုအပ်မည်ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးဆောင်ရွက်နေသည့်အချက်များ
အိန္ဒိယနိုင်ငံ၌ ယခုနှစ်အတွင်း ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုများစွာတိုးမြင့်လာပြီး ၂၀၂၅ ခုနှစ် မေလကုန်တွင် ကူးစက်သူ ၂၇၀၀ ကျော်အထိရောက်ရှိကာ ခုနစ်ဦးသေဆုံးထားသည်။ ထို့ကြောင့် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်း၊ လူစုလူဝေး သို့မဟုတ် လေဝင်လေထွက် မကောင်းသော နေရာများတွင် နှာခေါင်းစည်းတပ်ခြင်းဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင် ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်များအတွက်လည်း ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးလျက်ရှိသည်။
ထိုင်းနိုင်ငံ၌ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသည် အထူးသဖြင့် ဗန်ကောက်နှင့် ချွန်ဘူရီပြည်နယ်တို့တွင် ဖြစ်ပွားလျက်ရှိပြီး ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်ထုတ်ပြန်ချက်အရ လူနာအသစ် ၄၁၂၈၃ ဦးရှိရာ ယခုနှစ်အတွက် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၅၇၂၈ဝ ဦးနှင့် သေဆုံးသူ ၅၂ ဦးအထိရှိသည်။ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ကူးစက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဗီဇပြောင်းမျိုးကွဲအသစ်များ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ သင့်လျော်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်လူစုလူဝေးနေရာများကိုရှောင်ရှားရန်၊ လက်ကိုပုံမှန်ဆေးကြောရန်၊ လူစည်ကားသောနေရာများတွင်နှာခေါင်းစည်းတပ်ရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပါကနီးစပ်ရာကျန်းမာရေးဌာနသို့မဟုတ် ဆေးရုံသို့အမြန်ဆုံးပြသကြရန် အစိုးရက ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ်ရောက်ရှိလာမှုနှင့် ကျန်းမာရေးဌာန၏ လုပ်ဆောင်ချက်များ
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် ပထမဆုံး အတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြား၌ ကူးစက်မှုများဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် မျိုးကွဲအသစ်များ ရောက်ရှိလာမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စောင့်ကြည့်ကာ သတိပေးချက်များနှင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အလားတူကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရောဂါ ဖြစ်ပွားမှုနှုန်းများ၊ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသည့် ဗီဇပြောင်းမျိုးကွဲ အသစ်အား အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် PCR စစ်ဆေးမှုများ၊ Rapid Antigen Test (RAT) စစ်ဆေးမှုများဆောင်ရွက်ကာရောဂါကူးစက်မှုမြင့်တက်လာပါကသို့မဟုတ် ထူးခြားသည့်လက္ခဏာများတွေ့ရှိရပါက မျိုးဗီဇခွဲခြမ်းစိတ်ဖြာခြင်း (genomic sequencing)များ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ရောဂါကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်း၊ ဆေးရုံတက်ရမှုနှုန်း စသည့် အချက်အလက်များကို စနစ်တကျမှတ်တမ်းတင်ခြင်း၊ ကူးစက်မြန်သောမျိုးကွဲအသစ်များအကြောင်းနှင့်ကာကွယ်ရေးနည်းလမ်းများ (လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း) စသည်တို့ကို မီဒီယာမျိုးစုံမှတစ်ဆင့် အသိပညာပေးခြင်း၊ ကာကွယ်ဆေးများ၊ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက မျိုးကွဲအသစ်များနှင့်ကိုက်ညီသော ကာကွယ်ဆေးများရရှိရေး စီမံခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဆောင်ရွက်သင့်သည့်အချက်များ
ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်JN.1 နှင့် XEC တို့၏ကူးစက်မှုများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုကာကွယ်ရေးတို့အတွက်ခြောက်လသို့မဟုတ် တစ်နှစ်အတွင်း ထပ်ဆောင်းကာကွယ်ဆေးထိုးသင့်သည်။ ကိုဗစ်-၁၉ ရောဂါ မကူးစက်ဖူး၊ မဖြစ်ဖူးသူများနှင့် ရာသီတုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာပြင်းထန်သူများ ကိုဗစ်ရောဂါစစ်ဆေးသင့်သည်။ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုဗစ် စစ်ဆေးသင့်သည်။
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်များကို ဗီဇဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထိန်းချုပ်ရေးအစီအမံများ စနစ်တကျဆောင်ရွက်လျက်ရှိသော်လည်း လူ့စွမ်းအားနှင့်အချက်အလက်စီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် မျိုးကွဲသစ်များ၏ခြိမ်းခြောက်မှုအောက်တွင် အစိုးရ၊ ပြည်သူ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်များသည် လူ့ခန္ဓာကိုယ်၏ကိုယ်ခံအား စနစ်ကိုရှောင်ရှားပြီးကူးစက်မှုမြန်ဆန်စေသည်။ အဆိုပါမျိုးကွဲများသည် ယခင်ကာကွယ်ဆေးများ၏ထိရောက်မှုကို အားနည်းစေနိုင်သည်။ ထို့ကြောင့် ယခင်က ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကိုယ်ခံအား နည်းလာကာ ပြန်လည်ကူးစက်ခံရနိုင်မှုနှုန်းများ မြင့်မားလာနိုင်သဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးရန် လိုအပ်မည်ဖြစ်သည်။
လက်ရှိအချိန်ကာလသည်စာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့် ကာလဖြစ်ခြင်းကြောင့် လူစုလူဝေးပိုမိုများပြားခြင်း၊ မိုးရာသီကာလ ဖြစ်ခြင်းကြောင့် တုပ်ကွေးရောဂါများဖြစ်ပွားလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားမှုအရှိန်မြင့်တက် နေခြင်းတို့ကြောင့် ပြည်သူလူထုကိုယ်တိုင် ကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအစီအမံများဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် မီဒီယာများမှတစ်ဆင့် ပြည်သူလူထုထံ ကျန်းမာရေးအသိပညာများ မျှဝေပေးခြင်းအပြင် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ဝယ်ယူဖြည့်တင်းခြင်းများဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
MWD Web Portal
ကမ္ဘာတစ်လွှား ကိုဗစ်- ၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်က စိုးရိမ်မိသလိုသက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာ ဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါ လက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။
ကိုဗစ်-၁၉ ရောဂါဟာ လူသားတွေဘက်က ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကိုယ်ခံအား မြင့်တက်လာမှုတွေကြောင့် ကူးစက်ပျံ့နှံ့မှုတွေ တဖြည်းဖြည်းလျော့ကျလာပြီး နောက်ဆုံးတစ်နေ့မှာ သာမန် တုပ်ကွေးရောဂါပုံစံမျိုး ရောက်ရှိသွားလိမ့်မယ်လို့ ကြိုတင်တွက်ဆခဲ့ကြပေမယ့် မှော်ဆရာလို အစွမ်းပြနေတဲ့ ကိုဗစ်ကဗီဇမျိုးကွဲတွေ အမျိုးမျိုးပြောင်းပြီး လူတွေကြားထဲမှာ နေပြနေတုန်းပါ။ ဒါကြောင့်လည်း ကမ္ဘာ့ကူးစက်ရောဂါအဆင့်ကနေ လျှော့ချပြီးတာတောင် မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့်သံတွေ၊ သံချောင်းခေါက်သံတွေ ကမ္ဘာအနှံ့ပြန်လည်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကူးသန်းသွားလာမှု လွယ်ကူလျင်မြန်လာတဲ့ ယနေ့ခေတ်မှာ ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့တစ်ခုအကြား လူတွေနဲ့အတူ လိုက်ပါကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ နောက်ဆုံးပေါ်မျိုးကွဲ အသစ်စက်စက်ကတော့ Nimbus ခေါ် NB.1 .8.1 ပါတဲ့။ မူလလက်ဟောင်း အိုမီခရွန် (Omicron) အုပ်စုဝင် SARS-CoV-2 မျိုးကွဲ NB.1.8.1 ပေါ် ထွက်လာတာကို ကမ္ဘာကစောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။
လက်တင်ဘာသာနဲ့ “မိုးတိမ်” လို့အဓိပ္ပာယ်ရတဲ့ Nimbus ဟာ သူ့အရင်က မျိုးကွဲတွေထက် ကူးစက် နိုင်စွမ်းမြင့်မားပြီး ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ အာရှဒေသမှာ အိန္ဒိယ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အဓိကလက်သည်ဟာ Nimbus ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ဒေလီမြို့တစ်မြို့တည်းမှာ ၁၀၄ ယောက် ကူးစက်ခံခဲ့ရပါတယ်။ Nimbus (NB.1.8.1) ကို တမီလ်နာဒူး ပြည်နယ်မှာ တွေ့ခဲ့ရပြီး ဂူဂျာရတ်မှာတော့ တခြားမျိုးကွဲ LF.7 ကို တွေ့ရတယ်လို့ဆိုပါတယ်။ ဟောင်ကောင်နဲ့စင်ကာပူတို့မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု သိသိသာသာမြင့်တက်နေပြီး မေလအစောပိုင်းက စင်ကာပူမှာ အပတ်စဉ်ရောဂါဖြစ်ပွားမှု ၁၁၁၀၀ ကနေ ၁၄၂၀၀ အထိ တိုးခဲ့တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရက်အနည်း ငယ်အတွင်း ကူးစက်ခံရသူ ၆၀၀၀ ကနေ ၃၃၀၀၀ ကျော်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Nimbus (NB.1.8.1) ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံကို ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံမှာ နယူးယောက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနား၊ အိုဟိုင်းယိုးနဲ့ ရို့ဒ်အိုင်းလန်းတို့မှာ တွေ့နေရပြီလို့ ဆိုပါတယ်။
Nimbus (NB.1.8.1)ရဲ့ ထူးခြားချက်တွေကတော့ သူ့ရှေ့ကမျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တာကြောင့် ဒေသတစ်ခုခုမှာ ကူးပြီဆိုရင်အချိန်တိုအတွင်း ကူးစက်ခံရသူ အရေအတွက်တွေ မြင့်တက်လာတာတွေ့ရတယ်လို့ သတင်းများအရ သိရပါတယ်။ ယေဘုယျ ရောဂါလက္ခဏာတွေကတော့ ဆိုးဆိုးရွားရွား လည်ချောင်းနာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချောင်းနည်းနည်းဆိုးတာ၊ ဖျားတာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရောဂါကို ဖြစ်မလာခင်ကြိုတင်ကာကွယ်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်တာနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ရောဂါကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့ လိုပါတယ်။ ကာကွယ်ပုံနည်းလမ်းကတော့ အရင်အတိုင်းပါပဲ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ဖို့၊ လူထူတဲ့ နေရာကိုရှောင်ဖို့နဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရည်အသွေးပြည့်မီတဲ့ Mask ကို စနစ်တကျတပ်ဖို့၊ လှေကားလက်ရန်းတွေ၊ တံခါးလက်ကိုင်ဘုတွေ၊ စားပွဲတွေ၊ ကုလားထိုင်တွေ၊ လူအများ ကိုင်ထားတဲ့အရာတွေ စသည်ဖြင့် ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့လက်တွေကို သန့်စင်အောင် မကြာခဏ ဆေးကြောကြရပါမယ်။ ရောဂါလက္ခဏာတွေ့ရင်လည်း မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ် တွေ့ရတယ်ဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ စနစ်တကျ စစ်ဆေးကုသမှု ခံယူဖို့လိုပါတယ်။
တစ်ဆက်တည်းမှာပဲ ပြောလိုတာကတော့ ကိုဗစ်-၁၉ သာမကဘဲ ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် ရာသီအလိုက် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ သတိပေးနှိုးဆော်နေပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပေးနေတဲ့ သတိပေးနှိုးဆော်ချက်တွေ၊ ဆောင်ရန် ရှောင်ရန်အချက်တွေ၊ အသိပညာပေးမှုတွေကို အမှတ်တမဲ့ ကျော်လွှားမသွားကြဘဲ သတိပြုဖတ်ရှုလေ့လာကြဖို့၊ မှတ်သားလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့် မဟုတ်တော့ဘူး ဆိုသည့်တိုင် ကူးစက်မှုမြင့်တက်လာတဲ့ အခြေအနေနဲ့အများအပြားဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူအသေအပျောက်ရှိနေတဲ့ အခြေအနေတွေကြောင့် ပေါ့ပေါ့ဆဆမနေကြဘဲ နိုးနိုးကြားကြားသတိထားကြဖို့လိုပါတယ်။
ကျောင်းသား ကျောင်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားရင် နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံကိုသတင်းပို့ဖို့နဲ့ ဆေးကုသမှုခံယူရေးအတွက် ဆရာဆရာမတွေကိုရော မိဘအုပ်ထိန်းသူ ပြည်သူများကိုပါ ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်ကာလ မှာကတည်းက မေတ္တာရပ်ခံထားပါတယ်။ မျိုးရိုးဗီဇ ပြောင်းလာတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ကာကွယ်ဆေးတွေ ထိုးနှံပေးလာတဲ့ အခါမှာလည်း မပျက်မကွက် ထိုးနှံမှုခံယူကြဖို့နဲ့ လူတစ်ဦးချင်းစီက မိမိကိုယ်ကိုယ် စနစ်တကျကာကွယ်ခြင်းအားဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်များကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။ ။
MOI
ကလေးတို့သည် ငယ်စဉ်က ပထမဆရာဖြစ်သော မိဘပတ်ဝန်းကျင်ကို ဖြတ်သန်းရသည်။ ကျောင်းနေသည့်အရွယ်တွင် ဒုတိယဆရာဖြစ်သော ဆရာ၊ ဆရာမတို့နှင့်ထိတွေ့ရသည်။ ဤတွင် ဆရာ၊ ဆရာမများသည် ကလေးအားလုံးကို သာတူညီမျှ တော်စေတတ်စေချင်ကြသည်။ သို့သော် မတစ်ထောင်ဖွားကလေးများသည် တတ်သိလိမ္မာမှုတွင်မတူညီကြပေ။ စိတ်ဓာတ်အခြေခံစရိုက်ချင်းလည်း မတူကြပေ။ ဤသို့ဖြစ်ရခြင်းသည် မိဘပတ်ဝန်းကျင်စရိုက်ပေါ်တွင် များစွာမူတည်နေလေသည်။
ကျွန်တော်တို့သည် ပညာရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင်လည်နေကြရသူများဖြစ်ရာ အခြေခံပညာကျောင်းများတွင် စရိုက်ဗီဇအမျိုးမျိုးကွဲပြားလျက်ရှိသော ကလေးများကို ကြုံတွေ့ကြရစမြဲဖြစ်သည်။
ကလေးတို့၏ ထိုစရိုက်ဗီဇတို့သည် မိဘပတ်ဝန်းကျင်တွင် အခြေတည်စမြဲဖြစ်သည်။ အတန်းထဲတွင် အလွန်ဆိုးလွန်းနွဲ့လွန်းသော ကလေးမျိုးကိုတွေ့ဖူးသည်။ အတန်းဖော်သူငယ်ချင်းတို့နှင့် သဟဇာတမဖြစ်။
အရာရာကို သူကအနိုင်ယူချင်သည်။ အသာရချင်သည်။ ဤကလေးမျိုးသည် ဘိုးဘွားမိဘအလိုလိုက်ခံရသော ကလေးမျိုးဖြစ်နေတတ်သည်။ ကျောင်းဟူသောပတ်ဝန်းကျင်သစ်တွင် အခြားကလေးများနှင့် တွေ့ကြုံရသောအခါ အချင်းချင်း သဟဇာတဖြစ်အောင် မနေတတ်ဘဲ အိမ်မှာသူနေထိုင်ရသည့်အတိုင်း အရာရာအသာစီးရချင်စိတ်ဖြင့် ဗိုလ်ကျစိုးမိုးချင်ကြလေသည်။ သူ့အလိုမကျလျှင် အတူနေကလေးများနှင့် အချင်းများကာ ရန်ဖြစ်လေတော့သည်။ ထိုအခါ ကျွန်တော်တို့ ဆရာ၊ ဆရာမများက ကလေးကိုဆုံးမသွန်သင်ရလေသည်။ ဆုံးမသွန်သင်ရာ၌ ဆရာတစ်ယောက်၏ သြဇာအာဏာကိုသုံးပြီး ကိုယ်ထင်သလို သုံးသပ်ဆုံးဖြတ်ဆောင်ရွက်၍မရပေ။ ပြဿနာဖြစ်သောကလေး၏ အကြောင်းခြင်းရာဇာစ်မြစ်ကို သေချာစွာစုံစမ်းလေ့လာပြီးမှ သင့်လျော်သော ဆုံးမပဲ့ပြင်မှုကိုပြုရသည်။အချို့ကလေးများသည် အိမ်တွင် မိဘ၏ဂရုစိုက်ခြင်းကို မခံရ။
ထိုအခါ သူ့ရင်ထဲတွင် မကျေနပ်စိတ်များခိုအောင်းနေတတ်ပြီး ကျောင်းပတ်ဝန်းကျင်ရောက်သည့်အခါ သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများနှင့် အဆင်မပြေဖြစ်တတ်သည်။ အိမ်တွင် အလိုမကျခဲ့သောစိတ်များဖြင့် ဆရာ၊ ဆရာမစကားကို နားမထောင်ချင်ဘဲ သူငယ်ချင်းများကိုလည်း အနိုင်ကျင့်ဗိုလ်ကျချင်စိတ်များလွှမ်းမိုးနေရာ ကျောင်းပတ်ဝန်းကျင်တွင် လူဆိုးလေးဖြစ်လာရသည်။ မိဘဂရုစိုက်မခံရသော ကလေးများတွင် အခြေခံဇာစ်မြစ်အကြောင်းရင်းအမျိုးမျိုးရှိတတ်သည်။ မိဘက စီးပွားရေးလုံးပန်းနေရသဖြင့် ဂရုစိုက်မခံရသောကလေး၊ မိဘ၏ အိမ်ထောင်ရေးပြဿနာကြောင့် ဂရုစိုက်မခံရသောကလေး၊ မိဘနှင့် ဝေးကွာနေသောကြောင့် ဂရုစိုက်မခံရသောကလေး စသည်ဖြင့် ရှိသည်။ စာရေးသူ၏ တပည့်မတစ်ဦးသည် ဖခင်က နောက်အိမ်ထောင်နှင့်ဖြစ်၍ မိဘနှင့် နီးနီးကပ်ကပ်မနေရ။ ဘိုးဘွားများနှင့်သာနေရပြီး သူ့ကို အချိန်ပြည့်မကြီးကြပ်နိုင်ပေ။ ထိုအခါ ကျောင်းစာကို ပုံမှန်မလုပ်၊ ဖုန်းတစ်လုံးနှင့် ဂိမ်းကို ညပိုင်းညဉ့်နက်သည်အထိ အလွန်အကျွံ ကစားသည်။ ဖုန်းအင်တာနက်အတွင်းမှ မတော်မလျော်သော ဗီဒီယိုများကို ကြည့်သည်။ ထိုသို့ဖြင့် သင်ခန်းစာများ ပုံမှန်မလုပ်နိုင်၊ အိပ်ရေးလည်းပျက်သဖြင့် မလန်းမဆန်းဖြစ်ကာ ကျောင်းမတက်နိုင်။ သင်ခန်းစာများ မလိုက်နိုင်သောအခါ ကျောင်းမတက်ချင်စိတ်များ ဖြစ်လာသည်။ ထို့နောက် ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်မိသူအချို့နှင့် အပြင်၌သွားလာတွေ့ဆုံကာ ဆယ်ကျော်သက်အရွယ်တို့၏စိတ်ကစားခြင်းများဖြင့် မဆီလျော်သော လူမှုအကျင့်အကြံများကို ပြုလုပ်မိသည်။ တာဝန်သိတတ်သော လူကြီးအချို့က ထိုကလေးကို အပြင်တွင် ရုတ်တရက် တွေ့ဆုံမိပြီး ကျွန်တော်တို့ထံအကြောင်းကြားပေးခဲ့သည်။ ကျောင်းက စည်းကမ်းထိန်းသိမ်းရေး ဆရာ၊ ဆရာမအဖွဲ့သည် ထိုကလေးရှိသည့်နေရာသို့လိုက်သွားခဲ့ကြပြီး ကျောင်းသို့ ပြန်လည်ခေါ်ယူထိန်းသိမ်းနိုင်ခဲ့သည်။ ကလေး၏ မိဘထံ အသိပေးအကြောင်းကြားကာ ကလေး၏ လိမ္မာရေးခြားရှိရေး၊ ပညာရေးတို့အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ရသည်။
တစ်နေ့တွင် ကလေးတစ်ဦး အတန်းထဲ၌ဆူပူသောင်းကျန်းနေသည်ဟု သိရသဖြင့် ကျွန်တော်တို့ကိုယ်တိုင်အတန်းထဲသို့သွားရောက် တွေ့ဆုံကာ အကြောင်းရင်းကိုစုံစမ်းရသည်။ အလယ်တန်းကျောင်းသား အရွယ်သာရှိသေးသောကလေးသည် အမူအရာတစ်မျိုးဖြစ်နေသည်ဟု အကဲခတ်မိသည်။ သို့သော် သံသယဖြစ်ဖွယ်အခြားအကြောင်းရှာမတွေ့။
နောက်မှအနံ့မထွက်သော ယနေ့ယမကာများအကြောင်းစဉ်းစားမိပြီး အသေအချာစစ်ဆေးသောအခါမှ ယမကာသုံးစွဲထားကြောင်း သိရတော့သည်။ ထိုကလေးသည် ယမကာကို မည်သို့ဝယ်ယူရရှိပုံနှင့် သုံးစွဲသည့်နေရာကိုစစ်မေးသောအခါ ဖြစ်ပုံကိုထူးဆန်းအံ့ဩစွာသိရသည်။ ထိုကလေး၏ မိဘသည် ယမကာရောင်းသူဖြစ်ပြီး ယမကာမျိုးစုံ အချိန်မရွေးရသည်ဟုဆိုသည်။ သို့ဖြစ်ရာ မိဘ၏ပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နေကျဖြစ်ပြီး အလွယ်တကူရရှိသော ယမကာ၏ အကြောင်း ကလေးကစမ်းသပ်သောက်ကြည့်ချင်သည်။ စမ်းသပ်ပြီးသော် ဆက်သောက်ချင်စိတ်သာ လွှမ်းမိုးလာသည်။ ယမကာ၏ ဆိုးကျိုးကိုပြောပြပြုပြင်ပေးမည့်သူမတွေ့မီ ဆက်မှားနေခြင်းဖြစ်သည်။ ဆရာများသိပြီးနောက်ပိုင်းတွင် ကလေး၏မိဘများနှင့် တွေ့ဆုံအသိပေးညှိနှိုင်းစဉ်မှာတော့ ကလေးက ယမကာကို ယူငင်သုံးစွဲနေမှန်းမသိဟု ပြောပြလာသည်။ အကြောင်းစုံသိလျှင်သိချင်း ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးထိုင်၍အဖြေရှာရခဲ့သည်။ မိဘကလည်း သားသမီးကို ဂရုစိုက်ထိန်းသိမ်းမည်၊ ဆရာကလည်း ဆုံးမသွန်သင်မည်၊ တပည့်ကလည်း လိုက်နာရမည်၊ မလိုက်နာဘဲ ဆက်လက်ကျူးလွန်လျှင် ကျောင်းစည်းကမ်းအရ အရေးယူမည်ဟု ၀န်ခံကတိယူရသည်။ သည့်နောက်ပိုင်းတွင်မှ ကလေးအခြေအနေပုံမှန်ဖြစ်ကာ ပညာကို ကောင်းစွာသင်ယူနိုင်ခဲ့သည်။
ကျောင်းခဏခဏပျက်နေသော ကျောင်းသားတစ်ဦး တွေ့ခဲ့ဖူးသေး၏။ ရိုးရိုးသားသားနှင့်စာကြိုးစားသူဟု ဆရာသမားများသိထားကြသည်။ သို့သော် မည်သည့်အကြောင်းမျှမသိရဘဲ ကျောင်းခဏခဏပျက်ကာ စာမလိုက်နိုင်ဖြစ်လာသည်။ ထို့ကြောင့် မိဘကိုခေါ်ယူတွေ့ဆုံရပြန်သည်။ ဖခင်ကိုယ်တိုင်ရောက်လာပြီး ဆရာနှင့်ဆွေးနွေးသည်။
ဖခင်က နောက်အိမ်ထောင်ပြုထားသဖြင့် ကလေးက မိထွေးနှင့် နေထိုင်ရသည်။ လက်လုပ်လက်စားဘဝဖြစ်၍ မျှစ်ချိုး၊ ဝါးခုတ်၊ ပေါင်းနုတ်၊ နှမ်းရိတ်၊ ကောက်ရိတ် စသည်ဖြင့် ကြုံရာကျပန်း အကုန်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုရသည်။ မိထွေးက မွေးစကလေးငယ်လေးနှင့် အိမ်မှာရှိပြီး ဖခင်ကနေ့တိုင်းတောထဲအလုပ်သွားရသဖြင့် ကလေးနှင့် အေးအေးဆေးဆေးမတွေ့ဖြစ်။မိထွေးနှင့် အဆင်မပြေတော့ ကျောင်းစာကြိုးစားနေသောကလေးအတွက် အနှောင့်အယှက်ဖြစ်ရသည်။ တစ်ခါတစ်ရံ ဖခင်နှင့်အတူ အဖော်ရရန်တောထဲလိုက်ရသည့်အခါများလည်းရှိသည်။ နောက်ပိုင်း ကလေးကစာမလိုက်နိုင်သည့်အခါ အိမ်ကိုမပြောဘဲကျောင်းလစ်သည်။ တစ်နေရာမှစောင့်၍ သူငယ်ချင်းများကျောင်းဆင်းချိန်တွင် အိမ်သို့ရောနှောပြန်သည်။အကြောင်းစုံသိရသည့်အခါ ကလေး၏ လိုအပ်ချက်များကို ဆရာများက ဖြည့်ဆည်းပေးမည်၊ အိမ်တွင် မိဘက ကြီးကြပ်ထိန်းကျောင်း၍ ကျောင်းမှန်မှန်တက်ရေး ဂရုစိုက်ပေးရမည်ဟု ညှိနှိုင်းဆွေးနွေးကာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။အချို့ကလေးများသည် မှားယွင်းသောအတွေးကို လက်ကိုင်ပြုလျက် အကောင်းမှတ်ထင်ကာတလွဲဂုဏ်ယူနေတတ်ကြသည်။
၎င်းအချက်သည်လည်း မိဘများ၏ စရိုက်မှားများမှဆင်းသက်လာသည်။ ရပ်ရွာထဲတွင် မိဘအသိုင်းအဝိုင်းက အများရွံ့ကြောက်ရသူများ(လူမိုက်များ)ဟု မကောင်းသတင်းကျော်ကြားသည်။ ထိုအခါ သားသမီးများကလည်း မည်သူမျှယှဉ်ပြိုင်မပြောဝံ့သော၊ အများကြောက်ရွံ့ရသော လူမိုက်ဟူသော မကောင်းသည့်ဂုဏ်ပုဒ်ကို ဂုဏ်ယူစရာဟု ထင်နေသည်။ ထို့ကြောင့် ကျောင်းပတ်ဝန်းကျင်တွင် အများအပေါ် ဗိုလ်ကျစိုးမိုးနိုင်၊ လူမိုက်ဆန်နိုင်မှဂုဏ်ရှိသည်ဟု တလွဲမှတ်ယူနေတော့သည်။ ထိုကလေးမျိုးသည် ဆရာကပင် ဆုံးမသွန်သင်ရခက်တတ်သည်။ လူချင်းယှဉ်လိုက်လျှင် ကိုယ်ကဦးအောင်ချခဲ့ဟု တလွဲသင်မိဘမိုက်အချို့၏စရိုက်ကြောင့်လည်း ကလေးတို့ ရိုင်းပျတတ်ကြသည်။ ထိုကလေးမျိုးကို ဆရာက ခပ်တင်းတင်း ကိုင်တွယ်ဆုံးမရုံသာမက မိဘကိုပါနားလည်အောင်ရှင်းပြ၍ မှန်ကန်သော သွန်သင်ဆုံးမမှုပေးရန် ညှိနှိုင်းရသည်။ မိဘရော ကျောင်းသားပါ နားလည်လိုက်နာသည်နှင့် တစ်ဆစ်ချိုးပြောင်းလဲ၍ လိမ္မာသွားလေတော့သည်။
အချို့ကလေးများသည် မိဘ၏ ကဲကဲလှုပ်တလွဲအလိုလိုက်ခြင်းကို ခံရသည်။ သူ့ကလေးကို မည်သူမျှမထိနှင့်၊ ထိလျှင် ပြဿနာတက်သွားမည်ဆိုသော မိဘအချို့ရှိသည်။ ထိုမိဘမျိုး၏ ကလေးကို ဆရာ၊ ဆရာမလည်း ဆိုဆုံးမရခက်သည်။ ကလေးမှာ အပြစ်ရှိ၍ မလိမ္မာ၍အနည်းငယ် ရိုက်နှက်မိသည်ကိုပင် အပြစ်အနာလုပ်၍ တိုင်ကြားတတ်သည်။
ကိုယ့်ကလေးကို နည်းနည်းလေးမှမထိနှင့်၊ ထိလျှင် တိုင်တောမည်ဖြစ်နေသော မိဘမျိုး၏ကလေးသည် ဆရာတို့ပစ်ပယ်ခြင်းကိုခံရသည်။ ဆရာပစ်ပယ်ထားသောကလေးသည် ပို၍ဆိုးသွမ်းတတ်ပြန်လေသည်။ ထိုသို့မဖြစ်ရန် ဆရာကလည်း ဆရာပီသစွာ ကျောသားရင်သားမခွဲခြားဘဲ ဆိုဆုံးမတတ်ရမည်။ မိဘကလည်း ကိုယ့်ကလေး တတ်သိလိမ္မာရေးအတွက် ဆရာ၊ ဆရာမများအပေါ် အမြင်မှန်ဖို့လိုသည်။ တပည့်ကလည်း ဆရာ၊ ဆရာမ၏ စေတနာ၊ မေတ္တာကို နားလည်သိမြင်လျက် ဆိုဆုံးမမှုကို နှစ်လိုခံယူတတ်ရမည်။ သာဓကအနေဖြင့် တင်ပြရလျှင် မင်းတုန်းမင်းကြီးငယ်စဉ် ဆရာဘုန်းတော်ကြီးထံ မိဘက အပ်နှံသင်ကြားစေသည်။ ဆရာဘုန်းတော်ကြီးက သိမ်းခိုင်းထားသော ငါးခြောက်ပြားပျောက်သည်ကို အကြောင်းပြု၍ တာ၀န်ကျေပွန်ရန်၊နောက်နောင် ဤသို့ မဖြစ်ရန် ပြောဆိုသွန်သင်၍ ရိုက်နှက်ဆုံးမခဲ့သည်။
စည်းကမ်းရိုသေ၍ အသိပညာအတတ်ပညာပြည့်စုံသွားသော ဘုန်းကြီးကျောင်းသားလေးသည် သမိုင်းတွင်ထင်ရှားသော မင်းတုန်းမင်းကြီးဖြစ်ခဲ့သည်။
ဆိုရသော် မိဘတို့သည် သားသမီးကို ကျောင်းပို့ရုံနှင့်တာဝန်မကျေပါ။ ဆရာသည်လည်း ပုံမှန်စာသင်ရုံနှင့် တာဝန်မပြီးပါ။ ကျောင်းသားသည်လည်း မိဘဆရာဆိုဆုံးမစကား နားမဝင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်နေ၍မရပါ။ မိဘသည် သားသမီးကို အမြဲစောင့်ကြပ်ကြည့်ရှု၍ မှန်ကန်သောလမ်းကို ညွှန်နိုင်ရမည်။ ဆရာသည် တပည့်တို့၏ အမူအကျင့်နှင့် ပြဿနာဇာစ်မြစ်ကို မှန်ကန်စွာရှာဖွေ၍ သင်နိုင်၊ ပြင်နိုင်ရမည်။
ထို့ကြောင့် ဆရာသည် တပည့်တို့ကို “နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍” ဆုံးမသွန်သင်ရန် လိုအပ်သကဲ့သို့ မိဘများကလည်း သားသမီးအပေါ်တွင် “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” မှသာ တတ်သိလိမ္မာသောလူငယ်များဖြစ်လာပေလိမ့်မည်။ ဆရာ၊ မိဘ၊ ကျောင်းသားဟူသော ပညာရေးတြိဂံ၏ အနားများညီနေလျှင် လှပသောပညာရေးတြိဂံအဖြစ် မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။ ။
MWD Web Portal
ထောင့်သန်း (Anthrax) ရောဂါသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကတည်းက လူနှင့်တိရစ္ဆာန်များကို ဒုက္ခပေးခဲ့သော ရှေးကျသည့်ရောဂါ (Ancient Disease) ဖြစ်သော်လည်း ယနေ့ ၂၁ ရာစုတွင်ပင် ကမ္ဘာ့နေရာအများအပြားတွင်စိုးရိမ်ရသောကျန်းမာရေးခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းနှင့် အာရှဒေသအချို့ (အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ တူရကီနှင့် မြန်မာနိုင်ငံအပါအဝင်) တွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့်တိရစ္ဆာန်များတွင် အဖြစ်များသောရောဂါအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် ခြောက်သွေ့ဇုန်ဒေသများ (ဥပမာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း) တွင် ဖြစ်ပွားလေ့ရှိသည်။
ထောင့်သန်းရောဂါ (Anthrax) သည် Bacillus anthracis ဗက်တီးရီးယားကြောင့်ဖြစ်ပွားသောကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး စားမြုံ့ပြန်သတ္တဝါများ(ဥပမာ- နွား၊ သိုး၊ ဆိတ်)တွင် အချိန်တိုအတွင်း အသက်ဆုံးရှုံးမှုများဖြစ်စေနိုင်ကာ လူသို့လည်းကူးစက်နိုင်သော (zoonosis) ရောဂါတစ်မျိုးဖြစ်သည်။ ဤဗက်တီးရီးယားပိုးမှ ထုတ်လုပ် သော အလွန်ပြင်းထန်သည့်အဆိပ်အတောက်များကြောင့် ဆိုးရွားသည့်လက္ခဏာများပေါ်ပေါက်လာပြီးအသက်ဆုံးရှုံးမှုနှုန်းအလွန်မြင့်မားသည်။ ဤရောဂါပိုး (Bacillus anthracis) သည် မျိုးစေ့ (Spores) အဖြစ် မြေကြီးအတွင်း နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ပြီး အောက်ဆီဂျင်နှင့်ထိတွေ့ပါက Vegetative cells (အသက်ရှင်ဆဲပိုးများ)အဖြစ် ပြောင်းလဲနိုင်ပြီး လျင်မြန်စွာပွားများနိုင်သည်။ ထောင့်သန်း (Anthrax) သည် လူမှလူသို့ တိုက်ရိုက်မကူးစက်နိုင်သော်လည်း ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့် ထိတွေ့မိပါက လူသားများတွင်ပြင်းထန်သောရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မွေးမြူရေးလုပ်ငန်းနှင့် သက်ဆိုင်သူများ၊ ကျေးလက်ဒေသများတွင်နေထိုင်သူများသည် ပိုမိုသတိထားရန်လိုအပ်သည်။ မွေးမြူရေးနှင့် တောရိုင်းတိရစ္ဆာန်များ (အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများ) သည် ရောဂါပိုးဝင်ရောက်ပါက ရောဂါလက္ခဏာများရုတ်တရက်ပြင်းထန်စွာပေါ်ပေါက်လေ့ရှိသည်။ လူသားများတွင် အရေပြားရောဂါ (cutaneous anthrax)ကို အတွေ့များသော်လည်း အဆုတ်နှင့်အူလမ်းကြောင်းဆိုင်ရာ အန်သရက်စ်များမှာ ပိုမိုပြင်းထန်သည်။
ထောင့်သန်းရောဂါသည် လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဆက်စပ်မှုမှတစ်ဆင့်ကူးစက်ပျံ့နှံ့သောကြောင့် (One Health) ချဉ်းကပ်မှုဖြင့်ကာကွယ်ခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ မြို့ပြအခြေချနေထိုင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု တို့သည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ဇူနိုးတစ်ရောဂါများ(Zoonotic diseases) ပေါ်ပေါက်လာခြင်းနှင့် ပြန်လည်ထကြွလာမှုကို အရှိန်မြှင့်တင်ပေးလျက်ရှိသည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း လူသားများကို ကူးစက်ခဲ့သောရောဂါအသစ်များ၏ ၇၅ ရာခိုင်နှုန်း ခန့်သည် တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ (Zoonotic Diseases) ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည်။
ဤအချက်အလက်သည်လူသားတို့၏ကျန်းမာရေးကိုကာကွယ်ရန်အတွက် တိရစ္ဆာန်များတွင်ဖြစ်ပွားသောရောဂါများကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို ပေါ်လွင်စေသည်။ ထို့ကြောင့် ဇူနိုးတစ်ရောဂါများသည် တိရစ္ဆာန်ကျန်းမာရေးနှင့် လူသားကျန်းမာရေးကြား နယ်စပ်တွင်ရှိနေပြီး ရောဂါထိန်းချုပ်ရေးအောင်မြင်ရန် တိရစ္ဆာန်ကျန်းမာရေး၊ လူသားကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ပေါင်းစပ်ကိုင်တွယ်ရန်လိုအပ်သည်။
အန်သရက်စ်ရောဂါ၏ ကူးစက်ပျံ့နှံ့မှုစက်ဝန်း
Bacillus anthracis (ထောင့်သန်းရောဂါပိုး)သည် တောရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေး တိရစ္ဆာန်များ (နွား၊ ကျွဲ၊ သိုး၊ ဆိတ်)နှင့် သဘာဝပတ်ဝန်းကျင်အကြား ဂေဟဗေဒဆိုင်ရာ အပြန်အလှန်သက်ရောက်မှုများကြောင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။ Bacillus anthracis သည် သေဆုံးသောတိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်မရှိသောအခြေအနေတွင် spores အဖြစ်သို့ ပြောင်းလဲသွားသည်။ တိရစ္ဆာန်သေဆုံးပြီး ဆွေးမြည့်သောအခါ spores များကို သွေး၊ lymph အရည်၊ တစ်သျှူးအရည်များမှတစ်ဆင့် မြေဆီလွှာထဲသို့ ပြန်လည်ထုတ်လွှတ်လိုက်သည်။ Bacillus anthracis ၏ sporulation (spores အဖြစ် ပြောင်းလဲခြင်း) နှင့် သဘာဝပတ်ဝန်းကျင်တွင် ကြာရှည်စွာအသက်ရှင်နိုင်မှုသည် ထောင့်သန်း (Anthrax) ရောဂါကို ထိန်းချုပ်ရခက်စေသော အဓိကအကြောင်းရင်းဖြစ်သည်။
မြေဆီလွှာနှင့် ရာသီဥတု
Bacillus anthracis ဗက်တီးရီးယား၏စပိုး (spores)များသည် Exosporium, Coat, Cortex စသည့် အလွှာများပါသဖြင့် ပြင်ပပတ်ဝန်းကျင်ဒဏ်ကို အလွန်ခံနိုင်ရည်ရှိပြီး ခြောက်သွေ့သောဒေသများ (ဥပမာ သဲကန္တာရ)နှင့် ရေဝပ်ဒေသများ (ဥပမာ ရွှံ့ညွန်မြေ၊ စိုစွတ်သောမြေပြင်)တွင် နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်များစွာ အသက်ရှင်နိုင်သည်။ အပူချိန်မြင့်မားခြင်း (40–60°C) နှင့် ခြောက်သွေ့မှုကိုခံနိုင်ရည်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းပါက မြေဆီလွှာမှ spores များ မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာပြီး စားကျက်များ၊ ရေစည်များတွင်စုပုံနိုင်သည်။ တိရစ္ဆာန်များစားသုံးမိပါက အစာခြေလမ်းကြောင်း အန်သရက်စ် (Gastrointestinal Anthrax)ဖြစ်နိုင်သည်။ ရေလွှမ်းမိုးမှုကြောင့် spores များ ပိုမိုပျံ့နှံ့ကာ ကူးစက်ရောဂါဖြစ်ပွားမှု (Outbreak) ဖြစ်နိုင်သကဲ့သို့ ပူပြင်းခြောက်သွေ့သောရာသီတွင် spores များသည် လေထုထဲတွင်လွင့်မျောနိုင်ပြီး အသက်ရှူလမ်းကြောင်း အန်သရက်စ် (Inhalation Anthrax) ကို ဖြစ်စေနိုင်သည်။
တိရစ္ဆာန်များ၏အပြုအမူနှင့် ထောင့်သန်း (Anthrax) ကူးစက်မှု
ကျွဲ၊ နွားများသည် မြက်စားသည့်အခါ spores များပါဝင်သောမြေမှုန့်များကို အလွယ်တကူ ရှူရှိုက်မိနိုင်သည်။ ရောဂါပိုးရှိသော မြေ၊ စားကျက်မှ မြက်၊ အစာ၊ ရေ စားသောက်မိခြင်း၊ ရောဂါပိုးပါရှိသည့်လေကိုရှူမိခြင်းဖြင့် တိရစ္ဆာန်သို့ကူးစက်နိုင်သည်။ မိုးဦးကျကာလနှင့် ရောဂါဖြစ်ဖူးသောဒေသများတွင် အထူးသတိထားကာကွယ်ရန် လိုအပ်သည်။ သေဆုံး သွားသောတိရစ္ဆာန်များကိုစားသောက်သည့် အသားစားသတ္တဝါများ (ဥပမာ - ခွေး၊ ကြောင်နှင့် ကြောင်ရိုင်းများ)မှတစ်ဆင့် ရောဂါပျံ့နှံ့နိုင်သည်။ Bacillus anthracis သည် အသက်ရှင်နေသော တိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း ပုံမှန်အားဖြင့် vegetative cells (အသက်ရှင်ဆဲပိုးများပုံစံ)အဖြစ်ရှိနေပြီး သွေးနှင့်တစ်သျှူးများတွင် ကြီးထွားသည်။ ဤအဆင့်တွင် ဗက်တီးရီးယားများသည် Toxins ထုတ်လုပ်ခြင်းနှင့် ပွားများခြင်းကိုစတင်ပြီး ရောဂါဖြစ်စေနိုင်သည်။
လူသားများသည် ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်၊ အသား၊ အရေခွံ၊ အမွေး၊ အရိုးများကို ကိုင်တွယ်ခြင်းတို့မှတစ်ဆင့် ကူးစက်နိုင်သည်။ တိရစ္ဆာန်များကို နှစ်စဉ်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကိုလျှော့ချနိုင်သည်။ လူသားများသည် ရောဂါအတွက် အဆုံးသတ်လက်ခံသူ (dead-end host) ဖြစ်ပြီး လူမှလူသို့ ကူးစက်မှုမတွေ့ရသေးပါ။ လူသားများတွင်တွေ့ရသော ရောဂါအမျိုးအစားများမှာ-
(၁) အရေပြားထောင့်သန်းရောဂါ (Cutaneous anthrax)
• ဖြစ်ပွားမှုအများဆုံးအမျိုးအစားဖြစ်သည်။
• လူ့ခန္ဓာကိုယ်အရေပြားရှိ ပြတ်ရှဒဏ်ရာ၊ အနာများအတွင်းသို့ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွား သည်။
• ရောဂါပိုးဝင်ရောက်ပြီးနောက် တစ်ရက်မှ ခုနစ်ရက်အကြာတွင်ဖြစ်ပွားနိုင်သည်။
• ရောဂါလက္ခဏာများမှာ - စတင်ဖြစ်ပွားချိန်တွင် အရေပြား၌ ယားယံသည့်အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်ပြီးနောက်ရောင်ရမ်းကာအလယ်တွင်မည်းနေသည့် အနာအဖြစ်ကျန်ခဲ့သည်။ နာကျင်မှုမရှိပါ။ပြန်ရည်ကျိတ်များပါ ရောင်ရမ်းတတ်သည်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နှင့်လက်များတွင်အတွေ့ရများသည်။
(၂) အစာအိမ်အူလမ်းကြောင်းတွင်ဖြစ်ပွားသောထောင့်သန်းရောဂါ (Gastrointestinal anthrax)
• ရောဂါဖြစ်ပွားသည့်တိရစ္ဆာန်များ၏အသားကိုစားခြင်းဖြင့် ဖြစ်ပွားနိုင်သည်။
• ရောဂါပိုးဝင်ရောက်ပြီး တစ်ရက်မှ ခုနစ်ရက်အတွင်း ဖြစ်ပွားသည်။
• ရောဂါလက္ခဏာများမှာ- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ဖြစ်သည်။
(၃) အဆုတ်တွင်ဖြစ်သော ထောင့်သန်းရောဂါ (Inhalation anthrax / Woolsorter’s disease)
• အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ထောင့်သန်းရောဂါပိုး (Spores)များ ဝင်ရောက် ခြင်းကြောင့် ဖြစ်ပွားသည်။
• စတင်ဝင်ရောက်ပြီး တစ်ပတ်မှ နှစ်လအတွင်း ဖြစ်ပွားသည်။
• ရောဂါလက္ခဏာများမှာ- လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နုံးခြင်း၊ ကြွက်သားများနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊အစာမျိုရန်ခက်ခဲခြင်းတို့ဖြစ်ပွားသည်။
• ပိုမိုဆိုးရွားလာပါက အဖျားကြီးပြီး အသက်ရှူခက်ခြင်း၊ သွေးအန်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့အထိဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သည်။
တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အရ မွေးမြူရေးတိရစ္ဆာန်များတွင် ထောင့်သန်း (Anthrax)ရောဂါကိုထိန်းချုပ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။ ထောင့်သန်းရောဂါကူးစက်မှုကိုကာကွယ်ရန်နှင့် တိရစ္ဆာန်များအကြား အုပ်စုလိုက် ကိုယ်ခံအား (herd immunity) ဖြစ်ပေါ်စေရန် မွေးမြူရေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များ အကောင်အထည်ဖော်ရန် အရေးကြီးသည်။ အထူးသဖြင့် ထောင့်သန်း(Anthrax)ရောဂါ အမြဲဖြစ်ပွားနေသောဒေသများတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းသည် အရေးကြီးသည်။ ကျေးလက်ဒေသရှိ ကျွဲ၊ နွား၊ ဆိတ်စသော အိမ်မွေးတိရစ္ဆာန်များကို နှစ်စဉ်ထောင့်သန်းရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။ တိရစ္ဆာန်များတွင်ကာကွယ်ဆေးထိုးနှံခြင်းသည် လူသားများအတွက် ကူးစက်မှုအန္တရာယ်ကို အထိရောက်ဆုံးလျှော့ချနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်သောကျွဲ၊ နွား ထောင့်သန်းရောဂါကာကွယ်ဆေး(Anthrax Vaccine for Cattle and Buffalo)ကျွဲ၊ နွားများကို ထောင့်သန်း (Anthrax) ရောဂါမှ ကာကွယ်ပေးသည့် ပိုးအရှင်ဖြင့်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်သည်။
ဖော်စပ်ပုံ
ရောဂါဖြစ်ပွားမှုအားပျော့သော ပိုးအရှင်၏စပိုး Bacillus anthracis (Mukteswar Strain)ကို Saponin ပါဝင်ဖျော်စပ်ထားပြီး မူမှန်ဂလစ်စရင်းဆားရည်တွင် သတ်မှတ်ထားသည့် ပိုးအရေအတွက် စံနှုန်းကိုက်ညီအောင်ထည့်သွင်းဖော်စပ်ထားသည့်ဆေးဖြစ်သည်။
ဆေးအညွှန်း
ကျွဲ၊ နွားများအား ထောင့်သန်းရောဂါမှကာကွယ်ရန်အသုံးပြုသောဆေးဖြစ်သည်။ ခြောက်လနှင့်အထက် ကျန်းမာသော ကျွဲ၊ နွားများကို ထိုးနှံပေးနိုင်သည်။ ရောဂါဖြစ်ပွားသောဒေသများတွင် နှစ်စဉ် တစ်နှစ်တစ်ကြိမ်မှန်မှန်ထိုးပေးရန်လိုအပ်သည်။
အသုံးပြုပုံ
ဆေးမထိုးမီပုလင်းကိုသေချာစွာလှုပ်ပါ။ ကျွဲ၊ နွားတစ်ကောင်လျှင် 1CC နှုန်းဖြင့် အရေပြားအောက်သို့ ထိုးနှံပေးရမည်။
သိမ်းဆည်းခြင်း
အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိမ်းဆည်းပါ။ပြည်သူလူထုအား အသိပညာပေးခြင်း ကျေးလက်ဒေသများရှိ လယ်သမားများ၊ တိရစ္ဆာန်မွေးမြူသူများ၊ကျန်းမာရေးဝန်ထမ်းများထောင့်သန်းရောဂါကူးစက်နိုင်ခြေမြင့်မားသော ပြည်သူများအားထောင့်သန်း(Anthrax)ရောဂါ၏လက္ခဏာများ၊ ရောဂါကူးစက်နိုင်သောလမ်းကြောင်းများနှင့် ကာကွယ်ရေးနည်းလမ်းများကိုပညာပေးအစီအစဉ်များဖြင့် အသိပညာမြှင့်တင်ရန် အရေးကြီးသည်။
စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်း (Active Surveillance System)
ထောင့်သန်း (Anthrax)ရောဂါ၏ ကူးစက်မှုကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ခြင်းသည် ရောဂါထိန်းချုပ်ရေးအတွက် အဓိကအချက်ဖြစ်သည်။ ရောဂါဖြစ်ပွားဖူးသောဒေသများ (Previous Outbreak Areas)၊ တိရစ္ဆာန်မွေးမြူရေးဇုန်များ (Livestock Farming Zones)၊ရာသီဥတုပူပြင်းပြီး မြေဆီလွှာခြောက်သွေ့သောဒေသများ (Arid and Semi-Arid Regions)နှင့် နယ်စပ်ဒေသများ (Border Areas with Weak Veterinary Controls)တွင် စောင့်ကြည့်စနစ်များထူထောင်ရန် လိုအပ်သည်။ လူသားများအား ကူးစက်မှုမဖြစ်မီ ပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များထဲမှ Bacillus anthracis (spores)များကို စောစီးစွာရှာဖွေဖော်ထုတ်နိုင်သည့် အဆင့်မြင့်ရောဂါရှာဖွေရေးနည်းပညာအသုံးပြုခြင်းများ ပါဝင်သည်။ ထောင့်သန်းရောဂါပိုးသည် မြေကြီးထဲတွင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သော မျိုးစေ့ (spores)အဖြစ် ရှိနေနိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားဖူးသောဒေသများ၊ ကျွဲ၊ နွားများ ကျက်စားရာနေရာများတွင် မြေဆီလွှာနမူနာများ ပုံမှန်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း ပြုလုပ်သင့်သည်။ PCR (Polymerase Chain Reaction) နှင့် ELISA (Enzyme-Linked Immunosorbent Assay)ကဲ့သို့သောအဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာများဖြင့် သွေး၊ မြေနမူနာများတွင် ထောင့်သန်းရောဂါပိုးကို မြန်ဆန်စွာဖော်ထုတ်နိုင်သည်။ အထူးသဖြင့် ရုတ်တရက်သေဆုံးသော တိရစ္ဆာန်များအား ထောင့်သန်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခြင်းနှင့် သေဆုံးသောတိရစ္ဆာန်များကို မြေမြှုပ်ခြင်း/ မီးရှို့ခြင်း ဖြင့်ပိုးမွှားများ ပြန့်ပွားမှုကို ကာကွယ်နိုင်ပေသည်။
ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းထောင့်သန်းရောဂါ ကူးစက်ဖြစ်ပွားသော တိရစ္ဆာန်အသေကောင်မှ အသား၊ သွေး၊ ကိုယ်တွင်းအင်္ဂါနှင့် အရည်တို့သည် ရောဂါပိုးများပါဝင်သဖြင့် တိရစ္ဆာန်နှင့် လူတို့အတွက် အန္တရာယ်ရှိသည်။
တိရစ္ဆာန်တစ်ကောင်တွင် ထောင့်သန်းရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ၎င်းအား သတ်ဖြတ်ခြင်း၊ သွေးထုတ်ခြင်းမပြုလုပ်ရပါ။ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန် လိုအပ်သည်။ ၎င်းတိရစ္ဆာန်သေဆုံးပါက အသေကောင်အား ရွှေ့ပြောင်းခြင်း၊ အရေခွံခွာခြင်း၊ လှီးဖြတ် ခြင်း၊ တိရစ္ဆာန်အားခွဲစိတ်ခြင်း မပြုလုပ်သင့်ပါ။ တိရစ္ဆာန်အသေကောင်မှထွက်သောသွေးအား အလျင်အမြန် ပိုးသတ်ဆေးများများလောင်း၍ ပိုးသတ်ရမည်။
ထောင့်သန်းရောဂါဖြစ်ပွားသော တိရစ္ဆာန်နှင့်ထိတွေ့သောတိရစ္ဆာန်များအား သီးခြားခွဲထားပြီး သေချာစောင့်ကြည့်ရမည်။ ကူးစက်ရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်နှင့်တကွ ၎င်း၏ အညစ်အကြေးများကို ၆ ပေအနက်ရှိ မြေကျင်းတူး၍မြေမြှုပ်ပါ။ အသေကောင်ကို ရေမျှောခြင်း၊ မြစ်ချောင်းအနီး၊ ရေတွင်း ရေကန်အနီး မြေမြှုပ်ခြင်းမပြုလုပ်ရ။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ၏အကူအညီကို ရယူပါ။
နိဂုံးချုပ်အားဖြင့်ဆိုရသော် ထောင့်သန်း (Anthrax) ရောဂါသည် Bacillus anthracis ဗက်တီးရီးယားကြောင့်ဖြစ်သော ရှေးအကျဆုံး ဇူနိုးတစ်ရောဂါ (zoonotic disease) တစ်ခုဖြစ်ကာ လူနှင့်တိရစ္ဆာန်များ ကို ကူးစက်နိုင်ပြီး ရောဂါပိုးသည် မျိုးစေ့သဖွယ် (spore) အဖြစ် နှစ်ပေါင်းများစွာ မြေကြီး၊ အမွေးအမျှင် နှင့် အရေပြားတို့တွင် ရှင်သန်နိုင်ခြင်းကြောင့် စိုးရိမ်စရာကောင်းသော်လည်း ခေတ်မီသိပ္ပံနည်းကျ ကာကွယ်ထိန်းချုပ်မှုများဖြင့် ထိရောက်စွာကာကွယ်နိုင်သည်။ သို့သော် ဇီဝလက်နက်အန္တရာယ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုတို့ကြောင့် ထောင့်သန်း(Anthrax)သည် ၂၁ ရာစုတွင်လည်း ကမ္ဘာ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေနိုင်သည်။ တိရစ္ဆာန်များ၊ လူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဟန်ချက်ညီသောဆက်စပ်မှုကို ထိန်းသိမ်းခြင်းဖြင့်သာ ကမ္ဘာ့ကျန်းမာရေးအန္တရာယ်များကို လျှော့ချနိုင် မည်ဖြစ်သည်။ ။
“ကျန်းမာသော တိရစ္ဆာန်များ = ကျန်းမာသောလူသားများ = ကျန်းမာသော ကမ္ဘာ”
MWD Web Portal
မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့ကြသည်။ သို့သော်အိမ်နီးချင်းနှစ်နိုင်ငံတို့၏ မိတ်ဝတ်မပျက်ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး မှာမူ နှစ်ပေါင်းထောင်ချီ ရှည်ကြာခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်သည့်အခါ မြန်မာနိုင်ငံက ကွန်မြူနစ်မဟုတ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပထမဆုံးအသိအမှတ်ပြုခဲ့သည်။
ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီး မော်စီတုံး (၁၉၄၉ - ၁၉၇၆)၊ ဒုတိယမျိုးဆက်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်(၁၉၇၈-၁၉၈၉)၊ တတိယမျိုးဆက်ခေါင်းဆောင်ကြီး ကျန်ဇီမင်း (၁၉၈၉-၂၀၀၄)၊ စတုတ္ထမျိုးဆက်ခေါင်းဆောင်ကြီး ဟူကျင်ထောင်း (၂၀၀၂-၂၀၁၂)နှင့် လက်ရှိ ပဉ္စမမျိုးဆက်ခေါင်းဆောင်ကြီး ရှီကျင့်ဖျင် (၂၀၁၂ - လက်ရှိ) အထိတိုင်အောင် တရုတ်ခေါင်းဆောင်အဆက်ဆက်သည် မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြသည်။ အပြန်အလှန်ကူးလူးယှက်နွှယ် ဆက်ဆံမှုများရှိခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်များသည်လည်း မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် ဝန်ကြီးချုပ်များနှင့် အထူးတလည် ရင်းနှီးခင်မင်ခဲ့ကြသည်။
အထူးသဖြင့် နှစ်နိုင်ငံလွတ်လပ်ရေးခေတ်ဦးကာလများတွင် မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဦးနုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝန်ကြီးချုပ် ချူအင်လိုင်းတို့၏ ပုဂ္ဂိုလ်ရေးရင်းနှီးကျွမ်းဝင်မှုမှာ ညီရင်းအစ်ကိုပမာရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ တွေ့ရှိနိုင်သည်။ ဝန်ကြီးချုပ် ဦးနုနှင့် ချူအင်လိုင်းတို့သည် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် တရုတ်-မြန်မာချစ်ကြည်ရေးသည် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု ယုံကြည်ထားသူများပီပီ တရုတ်-မြန်မာချစ်ကြည်ရေးကို အစွမ်းကုန်တည်ဆောက်ခဲ့ကြသည်။
၁၉၅၄ ခုနှစ်တွင် နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားလာလည်ပတ်ခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲတော်ကို ဝင်ရောက်ဆင်နွှဲခဲ့သည့်နည်းတူ ဝန်ကြီးချုပ်ဦးနုကလည်း ၁၉၅၇ ခုနှစ်တွင် ယူနန်ပြည်နယ်ရှိ ရှစ်ဆောင်ပဏ္ဏားဒေသ သင်္ကြန်ရေသဘင်ပွဲတော်ကို သွားရောက်ဆင်နွှဲခဲ့သည်။
ဝန်ကြီးချုပ်ဦးနုကို တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီး မာရှယ်ချင်ယီတို့က ယူနန်ပြည်နယ်မှ ခရီးဦးကြိုဆိုခဲ့ကြသည်။ ထိုအချိန်တွင် ဝန်ကြီးချုပ်ချူအင်လိုင်းမှာ ကျန်းမာရေးအားနည်းကာ နေထိုင်မကောင်းဖြစ်ပြီး၍ နာလန်ထူခါစရှိသေးသည်။ ဝန်ကြီးချုပ်ဦးနု၏ ခရီးဦးကြိုဆိုမှုကို ယူနန်ဒေသအာဏာပိုင်တို့နှင့်သာ လွှဲထား၍ရနိုင်သော်လည်း ဝန်ကြီးချုပ်ချူအင်လိုင်းမှာ သူမြန်မာပြည်လာစဉ်အခါတိုင်း ဦးနုက အမြဲလိုက်ပါ၍ ဧည့်ဝတ်ကျေပွန်မှုကို အတုံ့အလှည့်အားဖြင့် အပြန်အလှန်ဧည့်ဝတ်ကျေပွန်ချင်လှသောကြောင့် ကိုယ်တိုင်ခရီးဦးကြိုလိုက်ပါခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဦးနုကလည်း ဝန်ကြီးချုပ် ချူအင်လိုင်း၏ ဧည့်ဝတ်ကျေပွန်မှုကို အသိအမှတ်ပြုခဲ့သည်။ ဦးနုက ဝန်ကြီးချုပ်ချူအင်လိုင်းသည် တစ်ဖက်သားအပေါ် မထီမဲ့မြင်မလုပ်ခြင်း၊ သည်းခံခြင်း၊ ဧည့်သည်များအပေါ် အသေးအဖွဲ့မှအစ မလစ်ဟင်းရအောင် အထူးဂရုတစိုက် ဧည့်ဝတ်ကျေပွန်ခြင်းရှိသူ၊ အတုယူစရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ် ပြုလေးစားသမှုရှိခဲ့သည်။
၁၉၇၀ ကျော်လွန်နှစ်များတွင် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်အချို့သည် တရုတ်ပြည်ကြီးနှင့် ရွှေလမ်းငွေလမ်းဖောက်ချင်လာကြသဖြင့် တရုတ်ခေါင်းဆောင်ကြီးများ၏ ဝါသနာနှင့် ဓလေ့စရိုက်ကို လေ့လာခဲ့ကြသည်။ တရုတ်ခေါင်းဆောင်များမှာ ပင်ပေါင်အားကစားနည်းကို အထူးဝါသနာပါကြသည်ကိုသိရ၍ အမေရိကန်က ကနဦးပင်ပေါင်အားကစားအဖွဲ့ကို ပေကျင်းသို့စေလွှတ်ပြီး စတင်လမ်းဖောက်ရာမှ အမေရိကန် သမ္မတနစ်ဆင်နှင့် တရုတ်ခေါင်းဆောင်ကြီး မော်စီတုံးတို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြသည်။ ထိုသို့ ၁၉၇၀ ကျော်လွန်နှစ်များတွင် တရုတ်နှင့် အမေရိကန်တို့ ရွှေလမ်းငွေလမ်း သံတမန်စခန်းဖွင့်လှစ်နိုင်ခဲ့မှု အပေါ် ထိုစဉ်က ကမ္ဘာ့နိုင်ငံရေးလောကတွင် “ပင်ပေါင် ဒီပလိုမေစီ”၊ “ပါဆင်နယ် ဒီပလိုမေစီ” ဟူ၍ တင်စားခဲ့ကြသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏ “ပါဆင်နယ်ဒီပလိုမေစီ”ကမူ “ဆွေမျိုးပေါက်ဖော်” အဆင့်ခရီးပေါက်ခဲ့ပြီဖြစ်၍ မြန်မာနှင့်တရုတ်တို့သည် နှစ်နိုင်ငံသမိုင်းတွင် သမိုင်းဝင်၊ သမိုင်းတွင်စေမည့် တရုတ်-မြန်မာနယ်ခြားသတ်မှတ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ခြားသတ်မှတ်ရေး သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပေကျင်းမြို့၌ ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ သံတမန်ရေးရာကိစ္စများတွင်လည်း နှစ်နိုင်ငံစလုံးက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖေးမကူညီခဲ့ကြသည်။ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါ မြို့၌ကျင်းပခဲ့သည့် ကိုလံဘိုငါးနိုင်ငံညီလာခံတွင် အာဖရိကနှင့် အာရှနိုင်ငံများညီလာခံတစ်ရပ်ကို ၁၉၅၅ ခုနှစ် ဧပြီလ၌ကျင်းပရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဖိတ်ဘဲထားရန် အဆိုတင်သွင်းခဲ့သည်။
ဝန်ကြီးချုပ်ဦးနုက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဖိတ်ဘဲထားခဲ့ပါက အာဖရိကနှင့် အာရှနိုင်ငံများ ညီလာခံကို တာဝန်ယူဖိတ်ခေါ်မည့် ကိုလံဘို(ငါး)နိုင်ငံအဖွဲ့မှ မြန်မာနိုင်ငံထွက်မည်ဟု တိတိလင်းလင်းကန့်ကွက်ပြောဆိုခဲ့သဖြင့် အဆိုပါအဖွဲ့ဝင်နိုင်ငံမှ ဝန်ကြီးချုပ်က သူ့အဆိုကို ပြန်လည်ရုပ်သိမ်းသွားခဲ့ရသည်။
ထို့အတူ မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခြေခံကျသည့်မူဝါဒအဖြစ် အစဉ်တစိုက်ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက်လည်း အပြည့်အဝထောက်ခံပေးခဲ့သည်။ အလားတူတရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက်ရပ်တည် ထောက်ခံပေးခဲ့ပါသည်။
နှစ်နိုင်ငံခေါင်းဆောင်အဆက်ဆက်တို့ အမြော်အမြင်ကြီးမားစွာ ပြုစုပျိုးထောင်ခဲ့သော မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအထိ တိုးမြှင့်လာနိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကလည်း ကဏ္ဍစုံပိုမိုတိုးတက်များပြားလာသည်။ အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နှစ်နိုင်ငံ ခေါင်းဆောင်အဆက်ဆက်တို့ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကူးလူးယှက်နွှယ် ဆက်သွယ်ခဲ့ကြသည့်နည်းတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ၂၀၂၅ ခုနှစ် မေလ က ရုရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်စဉ်အတွင်းတွေ့ဆုံ၍ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအပါအဝင် အရေးကြီးသည့် သဘောတူညီချက်များ ရရှိသည်အထိ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲထိပ်သီးအစည်းအဝေး(GMS)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေး(ACMECS)နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး(CLMV)တို့ တက်ရောက်စဉ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းနှင့်တွေ့ဆုံ၍ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများအပြင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံနိုင်ငံတော်အကြီးအကဲများသည် ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျရောက်သည့် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ထံပေးပို့သော သဝဏ်လွှာတွင် “အခွင့်အခါ ကြုံခိုက်မကြာသေးမီက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ယင်းသို့ ကူညီရိုင်းပင်းမှုများက ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံအကြားရှိထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်ပါသည်။
ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံ ပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်” စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံပေးပို့သော သဝဏ်လွှာတွင် “တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံ ရေးထူထောင်မှု (၇၅)နှစ်မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်” စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်လီချန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ် မြောက်အထိမ်းအမှတ် အခါသမယတွင် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။
“ကျွန်ုပ်က မြစ်ဖျားမှာနေပြီး အဆွေတော်က မြစ်အောက်ပိုင်းမှာနေတယ်။
တစ်မြစ်ထဲကရေကို အတူသောက်သုံး၊
အပြန်အလှန်သံယောဇဉ်အနန္တ။
ကျွန်ုပ်ချောင်းဖျားကရေကို သောက်သုံးသလို၊
အဆွေတော်က ချောင်းအောက်ပိုင်းကရေကို သောက်ပါတယ်။
ချောင်းငယ် ထာဝရစီးဆင်းနေသမျှ၊
အချင်းချင်းသာယာလှပခြင်းကို
ရှုစားခံစားနိုင်တယ်။
အချင်းချင်းအိမ်နီးချင်းပေမို့၊
ချစ်ကြည်ရင်းနှီးမှုကို
ရေရှည်တည်ဆောက်ကြမယ်လေ”
၁၄ - ၁၂ - ၁၉၅၇ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီး မာရှယ်ချင်ယီရေးဖွဲ့ခဲ့သော “မြန်မာမိတ်ဆွေများသို့”ဟူသည့် သမိုင်းဝင်ချစ်ကြည်ရေးကဗျာတေးသွားသည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် ပြန်လည်သက်ဝင်နိုးထလာခဲ့ပါသည်။
ခေတ်အဆက်ဆက် လက်ချင်းယှက်၍ ရင်းနှီး ချစ်ကြည်ခဲ့ကြသော မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ စေသားဟူ၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။
MOI
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၂၈ (က) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်အရနှင့် အမျိုးသားပညာရေးဥပဒေ အခန်း (၅)၊ ပုဒ်မ ၁၁ တွင် နိုင်ငံတော်သည် အမျိုးသားပညာရေးစနစ် အကောင်အထည်ဖော်ရာတွင် (က)ကျောင်းပညာရေး၊ (ခ)ကျောင်းပြင်ပပညာရေး၊ (ဂ)ကိုယ်တိုင်သင်ယူပညာရေး ဟူသည့် ပညာရယူနည်းများကိုကျင့်သုံး၍ ယင်းတို့ကိုတစ်ခုနှင့်တစ်ခုဆက်စပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားရှိသည်။
ပညာရေးဝန်ကြီးဌာနသည်နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် အမျိုးသားပညာရေးဥပဒေအရ အမျိုးသားပညာရေးစနစ်တွင် ပညာရယူနည်းသုံးနည်းဖြင့် အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းချက်အရလည်းကောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းစဉ်များအရလည်းကောင်း ကျောင်းပြင်ပပညာရေးလုပ်ငန်းကို အကောင် အထည်ဖော်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်တွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်အတွင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ကျောင်းပညာရေး
ကျောင်းပညာရေးဆိုသည်မှာ သင်ယူသူ၏အသက်အရွယ်၊ သင်ယူရမည့်အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေးတိုင်းတာမှုစနစ်နှင့် တိကျသောသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသော ကျောင်းအခြေပြု မူကြိုပညာရေး၊မူလတန်းပညာရေး၊ အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေးစသည်တို့ အကျုံးဝင်သည့်ပညာရေးဖြစ်သည်။
ကျောင်းပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အခြေခံပညာဦးစီးဌာနသည် နှစ်စဉ် ဇွန်လအတွင်း ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့်အညီ အခြေခံပညာကျောင်းများဖွင့်လှစ်နေပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ပညာရပ်များကို သင်ကြားပေးလျက်ရှိသည်။ မူလတန်းအဆင့်သို့ တက်ရောက်မည့်သူများအနေဖြင့် အသက်အုပ်စု ၅ နှစ်ပြည့်ပြီးသူများသည် KG သို့လည်းကောင်း၊ အသက် ၆ နှစ်ပြည့်ပြီးသူများသည် Grade-1 သို့လည်းကောင်း တက်ရောက်ခွင့်ရရှိကြသည်။
ကျောင်းပြင်ပပညာရေး
ကျောင်းပြင်ပပညာရေးဆိုသည်မှာသင်ရိုးညွှန်းတမ်းများကိုအခြေခံ၍သင်ယူလိုသူများ ပညာရည်မြင့်မားလာစေရန် ကျောင်းပညာရေးစနစ်၏ပြင်ပတွင် ပြင်ဆင်ပြောင်းလဲနိုင်သော နည်းလမ်းများဖြင့် စည်းရုံးသင်ကြားပေးသော ပညာရေးဖြစ်သည်။
ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်နေသည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည် နှစ်စဉ် ဇူလိုင်လအတွင်း ကျောင်းနေအရွယ်လွန်ကလေးများ (သတ်မှတ်အသက်အုပ်စုနှင့်ကိုက်ညီသူများ)ကို သက်ဆိုင်ရာလျာထားမြို့နယ်အသီးသီး၏ ကျောင်းပြင်ပပညာရေး စခန်းများတွင် တက်ရောက်သင်ယူခွင့်ရရှိရေး စီစဉ်ပေးလျက်ရှိသည်။ အဆိုပါစခန်းများသို့ ကျောင်းပြင်ပပညာရေးတက်ရောက်နေသည့် ကလေးများအပြင် ကျောင်းပညာရေးတက်ရောက်ရာမှ အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်မတက်ရောက်နိုင်သည့် ကလေးများကိုလည်းသတ်မှတ်အုပ်စုအတွင်း ရောက်ရှိနေပါကလက်ခံသင်ကြားပေးလျက်ရှိနေသည်။
ကျောင်းပြင်ပပညာရေးသည် သင်ယူလိုသူတစ်ဦးချင်းစီအတွက်ပထမအကြိမ်ဆုံးရှုံးခဲ့ရသည့် အခွင့်အလမ်းကို ဒုတိယအကြိမ်အခွင့်အလမ်း (Second Chance) ပေးသည့် ပညာရေးဖြစ်သဖြင့် သမားရိုးကျဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြုလွယ်ပြင်လွယ်အစီအစဉ်များဖြင့် နောက်ခံအခြေအနေမတူညီကြသော သင်ယူလိုသူများ၏လိုအင်ကိုဖြည့်ဆည်းပေးနေသည့် ပညာရေးအစီအစဉ်ကောင်းတစ်ခုပင်ဖြစ်သည်။ ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ အချင်းချင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သောဒေသများတွင် ပိုမိုထိရောက်မှုရှိနေကြောင်းကိုလည်း လေ့လာတွေ့ရှိရသည်။
တန်းညှိပညာရေး
တန်းညှိပညာရေးအစီအစဉ်ဆိုသည်မှာ ကျောင်းပြင်ပပညာရေးအစီအစဉ်အရ သင်ယူရရှိသည့် ပညာအဆင့်အတန်းကို ကျောင်းပညာရေးအဆင့်အတန်းများနှင့် အရည်အချင်းညှိနှိုင်းသတ်မှတ်ပေးသော အစီအစဉ်တစ်ခုဖြစ်သည်။
အပြန်အလှန်ကူးပြောင်းသင်ကြားခွင့်
နိုင်ငံတော်အစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးခဲ့ရသောကလေးများ၊ ကျောင်းချိန်ကာလအတွင်း ကျောင်းမတက်၊ ကျောင်းမနေနိုင်ခဲ့သည့် ကျောင်းပြင်ပရောက်သက်လွန်ကလေးများကို ကျောင်းပြင်ပပညာရေးဖြင့် ပညာဆက်လက်သင်ယူနိုင်ခွင့်ရရှိစေရန်အတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non-Formal Primary Education - NFPE)နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education - NFME) အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေသည်။
ကျောင်းပြင်ပမူလတန်းပညာရေး Level-1, Level-2 သင်ယူပြီးမြောက်ပါက အခြေခံပညာကျောင်းပညာရေးသို့ ဆက်လက်ကူးပြောင်းသင်ယူနိုင်ရန်အတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတို့က လက်မှတ်ရေးထိုးပြီး သင်ယူပြီးမြောက်ခြင်း လက်မှတ်ထုတ်ပေးလျက်ရှိသည်။ ကျောင်းပြင်ပမူလတန်းပညာရေး Level-1 ပြီးမြောက်ပါက အခြေခံပညာမူလတန်းအဆင့် Grade-4 သို့လည်းကောင်း၊ Level-2 ပြီးမြောက်ပါက အခြေခံပညာအလယ်တန်းအဆင့် Grade-6 သို့လည်းကောင်း ဆက်လက်တက်ရောက် သင်ယူခွင့်ရရှိမည်ဖြစ်သည်။
ကျောင်းပြင်ပအလယ်တန်းပညာရေးတွင် ပညာသင်နှစ်သုံးနှစ်ပြီးမြောက်မှသာလျှင် အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသည်။ ၎င်းလက်မှတ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် Grade- 10 သို့လည်းကောင်း၊ သက်မွေးပညာကျောင်းများသို့လည်းကောင်း ဆက်လက်တက်ရောက် သင်ယူနိုင်ခွင့်ရရှိမည်ဖြစ်သည်။ နိုင်ငံသားတစ်ဦးအနေဖြင့် ကျောင်းပြင်ပပညာရေးအစီအစဉ်နှင့် အခြားပညာရေးအစီအစဉ်များအကြားတွင် အပြန်အလှန်ကူးပြောင်းသင်ယူနိုင်မည့် သာတူညီမျှအခွင့်အလမ်းများရရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေသည့် ပညာရေးအစီအစဉ်တစ်ခုဖြစ်သည်။
ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းများအဆင့်မြှင့်ထားရှိမှု
အခြေခံပညာစနစ်သစ်ပညာရေး KG+12 အရ အခြေခံပညာသင်ရိုးသစ်နှင့်ကိုက်ညီစေရေးအတွက် ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဌာနတွင်းဆွေးနွေးပွဲများအား ပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်၊ ဖြည့်စွက်ပြီးသော ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုး(မူကြမ်း)ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာန)တွင် စိစစ်တည်းဖြတ်ပြင်ဆင်ဖြည့်စွက်စေပြီးနောက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီသို့ ဆက်လက်တင်ပြအတည်ပြုချက်ရယူလျက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်တင်မှုဆောင်ရွက်နိုင်ခဲ့သည်။
ကျောင်းပြင်ပပညာရေး တက်ရောက်နေသည့် ကျောင်းသားတစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်စေရန်အတွက် ကျောင်းပညာရေးတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်း၏ နယ်ပယ်များဖြစ်သည့် အသိပညာ(Knowledge)၊ ကျွမ်းကျင်မှု(Skills)နှင့် စိတ်ဓာတ်မြင့်မားရေး (Attitude)တို့ရရှိစေရန်အတွက်လည်း ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနသည် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာနခွဲ)၊ စာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနမှ သင်ရိုးကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်းအသစ်များအား အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ စိစစ်ခွင့်ပြုချက်များနှင့်အညီ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်အသစ်များ ပြုစုထုတ်ဝေနိုင်ခဲ့သည်။
ကျောင်းပြင်ပပညာရေးတက်ရောက်နိုင်သည့်အသက်ကန့်သတ်ချက်များ
ကျောင်းပြင်ပမူလတန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများကို ဒုတိယအကြိမ် ပညာသင်ယူမှု အခွင့်အလမ်းထပ်မံဖြည့်ဆည်းပေးရန်နှင့် ဆက်လက်သင်ယူခွင့်ရရှိစေရန် ရည်ရွယ်လျက်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ ကျောင်းပြင်ပမူလတန်းပညာရေးတွင် ပညာသင်နှစ်ကာလ နှစ်နှစ်ဖြစ်သော NFPE Level-1 (ပထမအဆင့်) နှင့် NFPE Level-2 (ဒုတိယအဆင့်)တို့ကို တက်ရောက်နိုင်သည်။
ထို့အတူ ကျောင်းပြင်ပအလယ်တန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့တက်ရောက်ရန် အခက်အခဲရှိသောကလေးများ၊ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်မပြီးမီ ကျောင်းထွက်ခဲ့ရသော ၁၃ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကလေးများကို အခြေခံပညာ အထက်တန်းအဆင့်သို့ ကူးပြောင်းသင်ယူနိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်ပြီး ဘဝရှေ့ရေးသာယာစေရန်အတွက် ဆောင်ရွက်ပေးနေသော အစီအစဉ်တစ်ရပ်ဖြစ်သည်။
ကျောင်းပြင်ပပညာရေး၏ ဝင်ခွင့်အတွက်စစ်ဆေးခြင်း
မူလတန်းပညာရေးကို ပြီးဆုံးအောင်မတက်ခဲ့ရသည့် ကလေးများသည် ကျောင်းပြင်ပမူလတန်းပညာရေးကို တက်ရောက်မည်ဆိုပါက အရည်အချင်းစစ်ဆေးလွှာ (Test Card) ဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး တာဝန်ရှိသူများက Level သတ်မှတ်ပေးပြီးနောက် သက်ဆိုင်ရာစခန်းတွင် သင်ကြားသင်ယူမှု ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အတူ အလယ်တန်းပညာရေးမပြီးဆုံးသေးသော ကလေးများသည်လည်း ကျောင်းပြင်ပအလယ်တန်းပညာရေးကို တက်ရောက်မည်ဆိုပါက NFPE Level -2 ပြီးမြောက်သူနှင့် ပဉ္စမတန်းအောင်သူများသည် NFME Level – 1 သို့လည်းကောင်း၊ ဆဋ္ဌမတန်းအောင်သူများသည် NFME Level – 2 သို့လည်းကောင်း၊ သတ္တမတန်းနှင့် အဋ္ဌမတန်းအောင်သူများသည် NFME Level – 3 သို့လည်းကောင်း တက်ရောက်သင်ယူနိုင်ခွင့်ရရှိကြမည်ဖြစ်သည်။
ကျောင်းပြင်ပပညာရေး၏ အောင်မြင်မှုအသီးအပွင့်များ
ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန အသစ်ဖွင့်လှစ်ပြီးနောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ကျောင်းပြင်ပမူလတန်းကလေးငယ် ၅၄၂၈၀ ဦးအား လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကလေးငယ် ၁၉၉၉ ဦးအားလည်းကောင်း သင်ကြားသင်ယူခွင့်များရရှိစေခဲ့သည်။ အထက်ဖော်ပြပါ ကျောင်းပြင်ပပညာရေးဖြင့် သင်ကြားသင်ယူခွင့်ရရှိခဲ့သော ကလေးငယ်များအနက် ထူးခြားအောင်မြင်ခဲ့သူများအနေဖြင့် ၂၀၁၆ မှ ၂၀၂၃ အထိ ကျောင်းပြင်ပမူလတန်းပျိုးထောင်မှုမှတစ်ဆင့် အခြေခံပညာအထက်တန်းအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ ၁၂၃ ဦးရှိခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် စာရေးသူတင်ပြလိုသော အချက်တစ်ချက်ရှိသည်။
စာရေးသူ၏ ဆရာသမားတစ်ဦးဖြစ်သော ယခုအငြိမ်းစားဆရာမကြီးတစ်ဦးသည် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ "Education for All" အရ “ လူတိုင်းအတွက် ပညာရေး” ဟု ဆိုနိုင်သကဲ့သို့ "All for Education" “ပညာရေးအတွက် လူအားလုံးတာဝန်ရှိကြောင်း”ပြောဆိုခဲ့သည်ကို ကြားသိခဲ့ရသည်။ ယခုအချိန်သည် အဆိုပါဆရာမကြီးပြောခဲ့သလို ပညာရေးအတွက် အားလုံးတွင်တာဝန်ရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်နေသည်။
အချုပ်အားဖြင့်ဆိုသော် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေကြသည့်ကလေးများအတွက် တန်းညှိပညာရေးအစီအစဉ်ဖြစ်သော ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်များသည် နိုင်ငံအတွင်းအမှန်တကယ်ပထမအကြိမ်ပညာသင်ယူခွင့်ဆုံးရှုံးနစ်နာခဲ့ရသည့် ကလေးသူငယ်များအတွက် ဒုတိယအကြိမ် ကြိုးစားခွင့်ဖန်တီးပေးထားသည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ သို့ရာတွင် ဒုတိယအကြိမ်အခွင့်အလမ်းအား ကျောင်းပြင်ပရောက် ကလေးငယ်တိုင်းရရှိစေရန်မှာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမတို့၏ စေတနာမေတ္တာအရင်းခံဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့အပေါ်တွင် ကြီးစွာမူတည်နေကြောင်း စာရေးသူအနေဖြင့်တင်ပြလိုသည်။
အဆိုပါကလေးငယ်များ၏ ဒုတိယအကြိမ်အခွင့်အလမ်းကို ထပ်မံဆုံးရှုံးခဲ့ရပါက ကလေးငယ်အတွက်သာမက ၎င်း၏မိသားစုနှင့်ပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် နိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးမှုများစွာ ရှိနေပါသဖြင့် ပြည်သူတစ်ရပ်လုံး၏ပံ့ပိုးကူညီမှုဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်နိုင်ငံတော်ကြီးတွင် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းဖြစ်လာစေရန်အတွက်လည်းကောင်း၊ ဗလငါးတန်ဖွံ့ဖြိုး၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့်လူငယ်များပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းပညာရေးသာမက ကျောင်းပြင်ပပညာရေးဖြင့် ဟန်ချက်ညီညီ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် "Education for All" မှသည် "All for Education" အဖြစ်သို့ ဆောင်ရွက်နိုင်ကြရေး အတွက် ပညာရေးဝန်ကြီးဌာနအပါအဝင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နယ်စပ်ဒေသ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ဝါသီးနှံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးကြီးသော စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော် စိုက်ပျိုးလျက်ရှိကြသည်။ထို့ပြင် လူသားတို့၏ စား၊ ဝတ်၊ နေရေးတို့တွင် ဒုတိယကဏ္ဍဖြစ်သည့် အဝတ်အထည်ရရှိရေးအတွက် အရေးကြီးသောအဓိကသီးနှံတစ်မျိုးလည်းဖြစ်သည်။ ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုသည် စိုက်ပျိုးမြေအနေအထား၊ ရာသီဥတုအခြေအနေနှင့် အသုံးချစိုက်ပျိုးရေးနည်းပညာအစီအမံများအပေါ်တွင်မူတည်လျက်ရှိသည်။ဝါသီးနှံထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန် စိုက်ဧရိယာများတိုးချဲ့စိုက်ပျိုးခြင်းသာမက အရည်အသွေးနှင့်အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရန် လိုအပ်သော အာဟာရဓာတ်များအား အချိုးကျ၊ အချိန်မီ စနစ်တကျ ထည့်သွင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဝါသီးနှံပင်အတွက်လိုအပ်သော အာဟာရဓာတ်များလုံလောက်စွာရရှိစေရန် ဝါသီးနှံအားသစ်စိမ်းသီးနှံများနှင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့် မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်လာမည်ဖြစ်သည်။ ဓာတုမြေဩဇာများအားသုံးစွဲ၍ သီးနှံများအား ဆက်တိုက်စိုက်ပျိုးပါက မြေဆီလွှာကျန်းမာရေးနှင့် မြေဆီလွှာဖွဲ့စည်းမှုများ ပျက်စီးယိုယွင်းလာမည်ဖြစ်သည်။ထို့ပြင်စိုက်ပျိုးသီးနှံများအတွက်လိုအပ်သော ဓာတ်မြေဩဇာများဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများနှင့်ရင်ဆိုင်နေရသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ကုန်ကျစရိတ်များလျော့နည်းစေပြီး မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်စေရန်၊ သီးနှံအထွက်တိုးတက်စေရန် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သစ်စိမ်းသီးနှံ (ပဲမျိုးရင်းဝင်နှင့် ပိုက်ဆန်လျှော်)များအား စိုက်ပျိုးသီးနှံများဖြင့် တွဲဖက်၍စိုက်ပျိုးအသုံးပြုခြင်းကို ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
မြေဆီလွှာပြန်လည်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာထဲရှိသဘာဝမြေဩဇာများတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့်စိုက်ပျိုးနည်းစနစ်များတွင် သစ်စိမ်းစိုက်ပျိုးထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။ သစ်စိမ်းကို အမျိုးအစားအားဖြင့် (၁)သစ်ရွက်စိမ်းမြေဩဇာနှင့် (၂)သစ်စိမ်းမြေဩဇာသီးနှံဟူ၍ ခွဲခြားအသုံးပြုပြီး များသောအားဖြင့် သစ်စိမ်းမြေဩဇာသီးနှံစိုက်ပျိုးထည့်သွင်းခြင်းကိုသာအသုံးပြုကြပြီး သစ်ရွက်စိမ်းမြေဩဇာအသုံးပြုခြင်းမှာ နည်းပါးလှပေသည်။မြေဆီလွှာအာဟာရဓာတ်တိုးမြင့်စေပြီးမြေ၏ရုပ်ဂုဏ်သတ္တိ၊ဓာတုဂုဏ်သတ္တိနှင့်ဇီဝဂုဏ်သတ္တိများကိုပါအကျိုးသက်ရောက်မှုရှိသည့်ပဲမျိုးရင်းဝင်အပင်များနှင့်ပိုက်ဆန်လျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာသီးနှံများကို စိုက်ပျိုးထည့်သွင်းခြင်းသည်
မြေဆီလွှာကိုကောင်းမွန်အောင် ရေရှည်ထိန်းသိမ်းရာရောက်မည်ဖြစ်ကဲ့သို့ ဝါသီးနှံအပင်ကြီးထွားမှု၊ အထွက်နှုန်း၊ ဂွမ်းမွေးအရည်အသွေးများအပေါ်အကျိုးသက်ရောက်ပြီး ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်တို့နှင့် သဟဇာတဖြစ်သော စိုက်ပျိုးနည်းလမ်းတို့ကို လက်ခံကျင့်သုံးလာနိုင်မည်ဖြစ်သည်။
သစ်စိမ်းမြေဩဇာအဖြစ်ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့်မတ်ပဲစသည်တို့အပြင် ပိုက်ဆန်လျှော်အစရှိသည်တို့ကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီ ၄၅ ရက်သားအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက်စိုက်ပျိုးမည့် သီးနှံအတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာကျွေးခြင်းဟု ခေါ်ဆိုသည်။
ဝါသီးနှံစိုက်စနစ်သည်အတန်းလိုက်စိုက်ပျိုးပြီး တန်းကြားအကွာအဝေးထားကာစိုက်ပျိုးသောသီးနှံဖြစ်ခြင်းကြောင့်တန်းကြားများတွင်သစ်စိမ်းများတွဲဖက်စိုက်ပျိုးထည့်သွင်းနိုင်သည်။ သစ်စိမ်းသီးနှံများ၏ ကြီးထွားမှုမြန်ဆန်ခြင်းသည် ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုအပေါ်အဟန့်အတားမဖြစ်စေရန်အတွက် ဝါသီးနှံစိုက်ပျိုးခြင်းတွင် သစ်စိမ်းများတွဲဖက်စိုက်ပျိုးခြင်းကို ဝါပင်သားခွဲပြီးချိန်တွင် ဆောင်ရွက်သင့်ပေသည်။
ပဲမျိုးရင်းဝင်အပင်များနှင့် ပိုက်ဆန်လျှော်သစ်စိမ်းများအား ဝါစိုက်တန်းကြားများအကြားတွင် စိုက်ပျိုး၍ပြန်လည်ထည့်သွင်းခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်၊ ရုပ်ဂုဏ်သတ္တိနှင့် ဝါသီးနှံအပင်ဖြစ်ထွန်းမှုနှင့်အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုကိုသိရှိစေရန် ၂၀၂၁၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် မိုးနှောင်းရာသီများတွင် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်) ၌ သုံးရာသီဆက်တိုက်စိုက်ပျိုးစမ်းသပ်ဆောင်ရွက်ခဲ့သည်။ ပိုက်ဆန်လျှော်၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ပဲယဉ်းသစ်စိမ်း အသီးသီးတို့အား သီးသန့်ထည့်သွင်းသည့် စမ်းသပ်ချက် လေးမျိုး၊ ၎င်းသစ်စိမ်းအသီးသီးတို့အား ဓာတ်မြေဩဇာ(ယူရီးယား ၁ ဒသမ ၅ အိတ် + တီစူပါတစ်အိတ် + ပိုတက်တစ်အိတ်/ဧက)နှင့် တွဲဖက်ထည့်သွင်းသည့် စမ်းသပ်ချက်လေးမျိုး၊ ဓာတ်မြေဩဇာသီးသန့် စမ်းသပ်ချက်တစ်မျိုးနှင့် ဗလာကွက် စမ်းသပ်ချက်တို့ဖြင့် စုစုပေါင်းစမ်းသပ်ချက် ၁၀ မျိုးအား ထပ်ပြုကြိမ်သုံးကြိမ်ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့သည်။ စမ်းသပ်ချက်များအလိုက် သစ်စိမ်းများတစ်ရာသီလျှင် ပျမ်းမျှ ( ၃ ဒသမ ၄ - ၅ ဒသမ ၅ တန်)ခန့်ထည့်သွင်းနိုင်ခဲ့ပြီး မြေကြီးတွင် သဘာဝကာဗွန်နှင့် သစ်ဆွေးဓာတ်ပါဝင်မှုပမာဏတို့သည် မူလမြေထဲပါဝင်သည့် ပမာဏနှင့် လုံးဝအသုံးမပြုသည့် စမ်းသပ်ချက်တို့ထက်ပိုလာခြင်း၊ အပင်အမြစ်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည့် မူလမြေ၏ သိပ်သည်းဆပမာဏသည် လျော့ကျလာခြင်းကို တွေ့ရှိရသဖြင့် မြေဆီလွှာဖွံ့ဖြိုးမှုရှိလာကြောင်း တွေ့ရှိရသည်။
စမ်းသပ်မှုတတိယမြောက်ရာသီအပြီးတွင် ဝါပင်ဖြစ်ထွန်းမှုအခြေအနေ၊တစ်ပင်ရှိသီးလုံး၊ ဝါတစ်ပေါက်အလေးချိန်နှင့် ဝါအထွက်နှုန်းတို့မှာ သိသာစွာကွာခြားခဲ့ပြီး ဝါထွက်အများဆုံးကို ဝါနှင့်ပဲလွမ်း၊ ဝါနှင့်ပဲယဉ်းသစ်စိမ်းတွဲပြီး စိုက်ပျိုးခြင်းမှရရှိခဲ့သည်။
စမ်းသပ်တွေ့ရှိချက်များအရ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် မြေဆီလွှာဂုဏ်သတ္တိများတိုးတက်လာမှုဝါပင်ကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကောင်းမွန်မှုများကြောင့်ဝါနှင့်အသင့်တော်ဆုံးသော တွဲဖက်သစ်စိမ်းသီးနှံမှာ ပဲလွမ်းနှင့် ပဲယဉ်းသစ်စိမ်းများဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။ ဝါသီးနှံစိုက်ပျိုးခြင်း၏ စိုက်ပျိုးနည်းစနစ်အားသာချက် (အတန်းအလိုက်နှင့်သီးသန့်စိုက်ပျိုးခြင်း) အခြေအနေတွင် သစ်စိမ်းအမျိုးမျိုးတွဲဖက်စိုက်ပျိုးနိုင်ပြီး မြေအတွင်းပြန်လည်ထည့်သွင်းခြင်းဖြင့် စိုက်ပျိုးမြေအတွင်း နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်ဆီယမ်တို့ ပြန်လည်ဖြည့်တင်းပေးနိုင်သောကြောင့် မြေဆီလွှာကောင်းမွန်လာပြီး အထွက်နှုန်းများတိုးတက်လာ၍ ရေရှည်တည်တံ့သေစိုက်ပျိုးထုတ်လုပ်မှုကိုအထောက်အကူဖြစ်လာစေနိုင်သည်။
သီးနှံတစ်ခု စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်သောကြောင့် ရေရှိသော်လည်း မြေညံ့ပါကလည်းကောင်း၊ တစ်နည်းအားဖြင့် ပျက်စီးနေသော မြေဖြစ်ပါက မျိုးစေ့ကောင်းဖြစ်သော်ငြားလည်းကောင်း၊ မြေကောင်းသော်လည်းနည်းစနစ်တကျ မစိုက်ပျိုးနိုင်ပါကလည်းကောင်း အောင်မြင်စွာဖြစ်ထွန်းနိုင်မည်မဟုတ်ပါ။
သစ်စိမ်းများထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီဩဇာတိုးတက်လာခြင်း၊ သဘာဝမြေဩဇာနှင့် အာဟာရဓာတ်များပေါင်းစည်းပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုနှင့် လေဝင်လေထွက်ကောင်းမွန်လာစေခြင်း၊ ပိုးမွှားရောဂါကျရောက်မှုအား ကာကွယ်နှိမ်နင်းပေးနိုင်ခြင်း၊ ပေါင်းမြက်များပေါက်ရောက်မှုသက်သာစေခြင်း၊ မြေဆီလွှာအကျိုးပြု အဏုဇီဝကောင်များနှင့် အခြားသက်ရှိများ၏ ကြီးထွားမှုကိုလှုံ့ဆော်ပေးခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးကောင်းများရရှိစေနိုင်မည်ဖြစ်ပါ၍ စိုက်ပျိုးသီးနှံများကိုပဲမျိုးရင်းဝင်အပင်များနှင့်တွဲဖက်၍ သစ်စိမ်းအဖြစ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
MWD Web Portal
အာဒါလွတ်ဥသည် အပူပိုင်းဒေသများမှထွက်သော သစ်ဥသစ်ဖုပင်မျိုးဖြစ်သည်။ ရုက္ခဗေဒအမည် Maranta Arundinacea ခေါ် ချုံပင်တစ်မျိုး မှထွက်သောဥဖြစ်သည်။ အာဒါလွတ်ပင်သည် Maranta မျိုးနွယ်စုဝင်နှင့် Marantaceae မျိုးရင်းဝင်ဖြစ်သည်။အာဒါလွတ်ဥသည် အစာကြေလွယ်သောကစီဖြစ်သဖြင့် ယင်းကို ကလေးငယ်များနှင့် နာမကျန်း ဖြစ်နေသူများအတွက် ဓာတ်စာအဖြစ် အသုံးပြုလေ့ရှိကြသည်။
အာဒါလွတ်ဥတွင်ပါဝင်သောအာဟာရဓာတ်များ
အာဒါလွတ်ဥတွင်အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဖောလစ်အက်စစ်တို့ ပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် B အုပ်စုကဲ့သို့ အာဟာရဓာတ်များပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖရပ်ကဲ့သို့ သတ္တုဓာတ်များလည်း ကြွယ်ဝသည်။ အာဒါလွတ်ဥတွင် အာဟာရဓာတ်များနှင့် သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် အစာခြေစနစ်ကောင်းမွန်ခြင်း၊ အရိုးကိုသန်မာစေခြင်း၊ သွေးလည်ပတ်မှုနှင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည်။ အာဒါလွတ်ဥ ၁၀၀ ဂရမ်တွင် ကာဗိုဟိုက်ဒရိတ် ၁၃ ဂရမ် (၄ ရာခိုင်နှုန်း)၊ ပရိုတင်း ၄ ဒသမ ၂ ဂရမ် (၈ ရာခိုင်နှုန်း)၊ အဆီ သုည ဒသမ ၂ ဂရမ် (သုညရာခိုင်နှုန်း)၊ ကိုလက်စထရော သုည ဒသမ သုည ဂရမ် ( သုည ရာခိုင်နှုန်း)၊ ဆိုဒီယမ် ၂၆ ဂရမ် (၁ ရာခိုင်နှုန်း)၊ ပိုတက်ဆီယမ် ၄၅၄ ဂရမ် (၁၂ ရာခိုင်နှုန်း) ပါဝင်သည်။
အာဒါလွတ်ဥ၏ဆေးဖက်ဝင်ပုံ
အာဒါလွတ်ဥသည် မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည်။ အစာခြေ စနစ်ကိုကောင်းမွန်စေသော အာဒါလွတ်ဥခန္ဓာကိုယ်၏အစာခြေစနစ်တွင် အမျှင်ဓာတ်က အရေးပါဆုံး ထဲတွင် ပါဝင်ပြီး အူလမ်းကြောင်းအတွင်း၌ အစားအစာရွေ့လျားမှုကောင်းမွန်စေပြီး အာဟာရဓာတ်များ စုပ်ယူနိုင်အောင် နှိုးဆွပေးသည်။ အာဒါလွတ်ဥတွင် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းများကိုလည်း ကာကွယ်ပေးပြီး သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းထားပေးနိုင်သည်။ အဆိုပါအမျှင်ဓာတ်ကြောင့် ပိုလျှံ နေသော ကိုလက်စထရော များကိုရှင်းလင်းပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုကောင်းမွန်စေသည်။
အစာအိမ်ရောဂါကို ကာကွယ်ပေးသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင် Gluten ဓာတ်မပါဝင်သောကြောင့် အစာအိမ်နာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း မအီမသာဖြစ်ခြင်းတို့ကို ကာကွယ် ပေးနိုင်သည်။
နှလုံးကျန်းမာရေးကိုကောင်းစေသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်ပါဝင်မှုပမာဏများသောကြောင့်နှလုံးနှင့်ပတ်သက်သည့် ရောဂါဝေဒနာ များဖြစ်ပွားမှုမှ ကာကွယ်ပေးသည်။ ပိုတက်ဆီယမ်က နှလုံးသွေးလွှတ်ကြောများနှင့် သွေးပြန်ကြော များကိုပြေလျော့စေပြီး သွေးဖိအားကိုကျစေသဖြင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို လျော့နည်းစေသည်။ အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ပါဝင်မှုများသောကြောင့် သွေးအားကိုထိန်းညှိပေးနိုင်သည်။ သွေးတိုးရောဂါရှိသူများ မဖြစ်မနေစားသုံးသင့်သည်။ အာဒါလွတ်ဥထဲတွင်ပါဝင်သည့် ဖောလိတ်ဓာတ်သည်နှလုံးရောဂါဖြစ်စေသည့် Homocysteine ဓာတ်ကိုလျှော့ချပေးသည်။ မဂ္ဂနီဆီယမ်ပါဝင်မှု မြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝသောကြောင့်သွေးလည်ပတ်မှုအားကောင်းစေသည်။ အာဒါလွတ်ဥတွင် ဗီတာမင် B အုပ်စုကြွယ်ဝစွာပါဝင်ပြီး ကောင်းမွန်သည့် ကိုလက်စထရောများ ပါဝင်သောကြောင့် နှလုံးသွေးကြောနှင့် ပတ်သက်သည့် ရောဂါများကို ကာကွယ်ပေးသည်။ သွေးအားနည်းရောဂါအပြင်မူးမော်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးသည်။
မှတ်ဉာဏ်ကောင်းစေသောအာဒါလွတ်ဥ
အာဒါလွတ်ဥထဲတွင်ပါဝင်သည့် သံဓာတ်သည် သွေးလည်ပတ်မှုအား ကောင်းစေသဖြင့် ဦးနှောက်ထဲသို့ အောက်ဆီဂျင်လုံလောက်စွာရောက်ရှိ စေသည့်အတွက် မှတ်ဉာဏ်ကောင်းစေသည်။ သတိမေ့ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။
အရိုးသန်မာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေသော အာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်နှင့်သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် အရိုးများကိုသန်မာစေသည်။ အာဒါလွတ်ဥတွင် ကြေးနီဓာတ် နှင့် သံဓာတ်ပါဝင်သောကြောင့် သွေးနီဆဲလ်များကို တိုးပွားစေပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းမှကာကွယ်ပေးသည်။ အဆိုပါဓာတ်များကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသည်။
သန္ဓေသားအတွက်ကောင်းသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ဖောလိတ်ဓာတ်ပါဝင်မှုများသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများစားပါက မွေးဖွားလာမည့်ကလေးတွင် ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေသည်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနှင့်ဆဲလ်ကျန်းမာရေးများတွင် အရေးကြီးသောဓာတ်ဖြစ်ပြီး ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးသည်။
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုအားပေးသော အာဒါလွတ်ဥ
အသားမှရသောပရိုတင်းများထက် အသီးအနှံနှင့်သစ်ဥသစ်ဖုမှရသော ပရိုတင်းကို ခန္ဓာကိုယ်က စုပ်ယူရပိုမိုလွယ်ကူသောကြောင့် ပရိုတင်းအသင့်အတင့်ပါဝင်သော အာဒါလွတ်ဥကိုစားပေးခြင်းဖြင့် ကျန်းမာသည့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။
ကိုယ်အလေးချိန်ကျစေသော အာဒါလွတ်ဥ
အာဒါလွတ်ဥသည် Diet လုပ်သည့်နေရာတွင်ပိုသင့်တော်သည်။ အာဟာရဓာတ်များနှင့် အမျှင်ဓာတ်ပါသည့် အာဒါလွတ်ဥကိုတွဲစားလျှင် ဝိတ်ချ၊ အစားလျှော့သည့်အစီအစဉ်တွင် ပို၍အကျိုး ထူးနိုင်သည်။ အဆာပြေအနေဖြင့်လည်းစားနိုင်သည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ပေးသောအာဒါလွတ်ဥ
အာဒါလွတ်ဥ၏ ဆေးဖက်ဝင်အာနိသင်ကြောင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုသက်သာစေနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏဖြစ်တတ်သည့် အမျိုးသမီးများအနေဖြင့် အာဒါလွတ်ဥစားပေးသင့်သည်။
ကိုယ်ခံအားမြင့်စေသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင်ပါဝင်သည့်သတ္တုဓာတ်များက အားနည်းခြင်း၊ နွမ်းနယ်ခြင်းနှင့် ဦးနှောက်ဉာဏ်ရည် ဆိုင်ရာပြဿနာများကို တွန်းလှန်ရာတွင် အများဆုံးအကျိုးပြုသည်။ ကိုယ်တွင်းအင်္ဂါစနစ်များ အတွင်းအောက်ဆီဂျင်ပေးပို့မှုပိုကောင်းစေပြီး န်အားလည်းမြင့်တက်စေသည်။
ဇီဝကမ္မဖြစ်စဉ်ကိုပိုကောင်းစေသော အာဒါလွတ်ဥ
အာဒါလွတ်ဥတွင် ဗီတာမင် B ပါဝင်မှုမြင့်မားသောကြောင့် အင်ဇိုင်းနှင့် ဇီဝကမ္မဖြစ်စဉ်အတွက် အရေးပါလှသည်။ ဗီတာမင် B အုပ်စုသည် ဟော်မုန်းများမှအစ နှလုံးခုန်နှုန်းအထိ ခန္ဓာကိုယ်အနှံ့လုပ်ဆောင်ချက် ဖြစ်စဉ်များကို ထိန်းညှိရာတွင် အရေးပါသည်။ ကယ်လ်စီယမ်ကြွယ်ဝမှုကြောင့်လည်း ခန္ဓာကိုယ်ထဲမှ အယ်ကာလိုင်းအက်စစ်ထိန်းညှိမှု အတွက် အရေးပါသည်။
ကျောက်ကပ်အားကောင်းစေသောအာဒါလွတ်ဥ
အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ကျောက်ကပ်ကိုသန့်စင်ပေးပြီး ကျောက်ကပ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
သတိပြုရန်အချက်များ
အာဒါလွတ်ဥနှင့် ချောကလက်၊ နို့အေးချောင်းတို့နှင့် တွဲမစားသင့်ပေ။ ဂေါက်ရောဂါရှိသူများစားပါက ခြေဆစ်လက်ဆစ်များ နာတတ်သည်။
အချုပ်အားဖြင့်ဆိုသော်
အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်၊ သံဓာတ် နှင့်ဖောလစ်အက်စစ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖရပ်တို့ပါဝင်သည့်အပြင်တခြားဗီတာမင်များနှင့်သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် အစာခြေစနစ်ကောင်းမွန်စေခြင်း၊ အစာအိမ်ရောဂါဖြစ်ပွားမှုမှကာကွယ်ပေးခြင်း၊ အရိုးကိုသန်မာစေ ခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ကူညီပေးခြင်း၊ သွေးအားနည်းခြင်း ကိုကာကွယ်ပေးပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း၊ ဆီးချိုရောဂါအတွက် အထောက်အကူပြုခြင်း၊ကိုယ်ဝန်ဆောင်မိခင်များအတွက် သန္ဓေသားဖွံ့ဖြိုးစေခြင်း စသည့်ကျန်းမာရေး အကျိုးအာနိသင်များကိုပေးစွမ်းနိုင်ကြောင်းနှင့် ဗီတာမင် B အုပ်စုကြွယ်ဝစွာပါဝင်သော ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး၏ လုပ်ငန်းလုပ်ဆောင်ချက်များကို ထိန်းချုပ်ပေးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
Photo - My Food Myanmar
Lemon Grass ဟုအမည်ရသော စပါးလင်ပင်ပေါက်ရောက်ရာဇာစ်မြစ်မှာ အိန္ဒိယနိုင်ငံဖြစ်သည်။ စပါးလင်ကို အရှေ့တောင်အာရှနိုင်ငံများ၊ Caribbean ဒေသများ၊ အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယားနှင့်ဖလော်ရီဒါတို့၌လည်းဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်အဖြစ်ရှေးနှစ်ပေါင်းများစွာကတည်းကအသုံးပြုလာခဲ့ကြသည်။ စပါးလင်သည် အစေ့မှ အပင်ပေါက်လေ့ရှိသကဲ့သို့ အပင်၏အမြစ်မှလည်း စိုက်ပျိုးနိုင်ကာ သဲဆန်၍ စိုစွတ်သောမြေကိုကြိုက်နှစ်သက်ပြီး ရွှံ့ညွန်မြေမျိုးတွင်လည်း ရှင်သန်ပေါက်ရောက်နိုင်သည်။ စပါးလင်အရွက်များသည် အတန်ငယ်ချွန်ထက်ကြမ်းတမ်းသည်။
စပါးလင်၏အရွက်အရင်းပိုင်းနှင့် ပင်စည်အဖုတို့ကို နုပ်နုပ်စဉ်း၍ ဟင်းလျာများတွင် ချင်းအစားထိုးအဖြစ် အသုံးပြုကြ သည်။ သို့သော် ချင်းနှင့်ရော၍ချက်ပြုတ်ပါက ကျန်းမာရေးအတွက် အာနိသင်ပိုကောင်းသည်။ မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါး၊ ငါးသလောက်ပေါင်း၊ အသား၊ ငါးနှင့် ပင်လယ်စာဟင်းလျာများ၊ ဟင်းချို၊ ဟင်းခါးနှင့် ပင်လယ်စာ ချဉ်စပ်ဟင်းရည် စသည့်ဟင်းလျာများအတွက် စပါးလင်သည် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည်။
စပါးလင်ကိုခံတွင်းမြိန်စေသော ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ရှေးနှစ်ပေါင်းများစွာကတည်းကပင် တိုင်းရင်းဆေးဝါးများဖော်စပ်ရာ၌ အသုံးပြုကြသည်။ ယနေ့ကမ္ဘာတွင် သိပ္ပံနည်းပညာများ ခေတ်မီတိုးတက်လျက်ရှိရာ စပါးလင်၏ထူးခြားကောင်းမွန်သောရနံ့ကို အခြေခံ၍ ဆပ်ပြာ၊ ရေမွှေး၊ ဖယောင်းတိုင်များအပြင် အင်းဆက်ပိုးမွှားများနှင့် ခြင်နိုင်ဆေးများအဖြစ် စီးပွားဖြစ်တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချနေကြသည်။
စပါးလင်နှင့် ကျန်းမာရေး
- စပါးလင်ထဲတွင်ပါရှိသော Citronella (ခေါ်) Citral ဓာတ်ပေါင်းစုသည် အကြောဆွဲခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်းနှင့် ဒူလာရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင် သည်။
- စပါးလင်ကို အပူပေးလိုက်သည့်အခါ အစွမ်းထက်သည့် Beta-Carotene နှင့် Antioxidant များထွက်ရှိလာပြီး အူမကြီးကင်ဆာအပါအ၀င် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။
- Anti Bacterial နှင့် Anti Fungal အစွမ်းသတ္တိများ ပါရှိခြင်းတို့ကြောင့် ခြေဖနောင့်ကွဲအက် အနာများနှင့် ဒဏ်ရာများကို စပါးလင်သတ္တုရည် (စပါးလင်ကြိတ်ရည်) လိမ်းပေးခြင်းဖြင့် မှိုပိုးများကိုသေစေကာ အနာမြန်မြန်ကျက်စေသည်။ ထို့ပြင် ကိုယ်တွင်း ကိုယ်ပရှိ ဗက်တီးရီးယားပိုးမွှားများကို သေစေနိုင်သည်။
- အသည်းနှင့် ကျောက်ကပ်တို့ကိုသန့်စေကာ ယူရစ်အက်စစ်ကို လျှော့ချပေးနိုင်သည်။ ပန်ကရိယနှင့် ဆီးအိမ်တို့ကို ကောင်းကျိုးပြုသည်။
- ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေသည်။
- အစာမကြေခြင်းနှင့် လေထိုးလေအောင့်ခြင်းတို့ကိုသက်သာပျောက်ကင်းစေနိုင်ပြီး အစာခြေလမ်းကြောင်းနှင့် အစာချေဖျက်မှုစနစ်တို့ကိုကောင်းကျိုးပြုသည်။
- သွေးခုန်နှုန်းကိုကျစေကာ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေသည်။
- စိုးရိမ်အမှတ်သို့ ရောက်နေသော အဖျားများကိုပင် ကျနိုင်စွမ်းရှိသည်။
- Galactogogue ဓာတ်ပါရှိသည့်အတွက်နို့ရည်လိုက်စေသဖြင့် နို့တိုက်မိခင်များ စပါးလင်ကို စားသုံးပေးသင့်သည်။
- အပင်၏အမြစ်နှင့် အရွက်များကို မီးမြှိုက်၍ ခြင်၊ ယင်နှင့် အင်းဆက်ပိုးမွှားများကို နှိမ်နင်းနိုင်သည်။
စပါးလင်လက်ဖက်ရည်နှင့် ကျန်းမာရေး
- စပါးလင် အရွက်စိမ်းကိုသာမက စပါးလင်အရွက်ခြောက်မှုန့်တို့ဖြင့် လက်ဖက်ရည် ပြုလုပ်နိုင်သည်။ အရသာကောင်းမွန်စေရန် ပျားရည် သို့မဟုတ် သကြားအနည်းငယ်ရော၍ အအေးခံကာ ရေခဲတုံးလေးများထည့်ပြီး အချိုရည်အဖြစ်လည်း သောက်သုံးနိုင်သည်။
- အင်ဇိုင်းများကို ဟန့်တားပေးသဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
- ကိုလက်စထရောပမာဏ မြင့်မားခြင်း၊ သွေးတိုးခြင်းနှင့် ခန္ဓာကိုယ်ရှိပိုလျှံသောအဆီများကို ကျစေသည်။
- အပူကြီးဖျားနာသောအခါတွင် စပါးလင်လက်ဖက်ရည်ကို သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ယူပစ်သလို လျော့ကျသွားကာ အားသစ်လောင်းသကဲ့သို့ ပကတိအတိုင်း ပြန်လည်လန်းဆန်းလာပါလိမ့်မည်။
- စပါးလင်လက်ဖက်ရည်သောက်သုံးခြင်းဖြင့် မျက်နှာပေါ်ရှိ ၀က်ခြံနှင့်အမည်းစက်များ လျော့နည်းလာစေသည်။ ထို့ပြင် ပြတ်ရှဒဏ်ရာများနှင့် သွေးထွက်လွန်အနာများကို သွေးတိတ်စေ၍ ကွဲနေသော အရေပြားများကိုလည်း အလိုအလျောက် ပြန်ဆက်ပေးနိုင်သည်။
- စိုးရိမ်သောကဗျာပါဒကြောင့် ရုတ်တရက်သွေးလန့်၍ သတိလစ်သွားသောလူနာအား သတိပြန်လည်လာပါက စပါးလင်လက်ဖက်ရည်ကို တိုက်ပေးသင့်သည်။
- အူအတွင်းဖြစ်တတ်သော ရောဂါအမျိုးမျိုး၊ ပျို့အန်၍ မအီမသာဖြစ်ခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ တိုက်ဖွိုက်၊ ငှက်ဖျား၊ အစာအဆိပ်သင့်ခြင်း၊ ၀မ်းသွားခြင်း၊ အအေးမိ၍ ချောင်းဆိုးခြင်းတို့အတွက် စပါးလင်လက်ဖက်ရည်က ကောင်းစွာ ထိရောက်မှုရှိသည်။ ဆီးကိုလည်း ရွှင်စေသည်။
စပါးလင်အဆီနှင့် ကျန်းမာရေး
- စပါးလင်အပင်ခြောက်ကိုရေနွေးငွေ့ဖြင့်ပေါင်းခံကာအဆီထုတ်ယူထားသောစပါးလင်ဆီ၏ ရနံ့သည် သံပရိုသီးနှင့် ခပ်ဆင်ဆင်တူသော်လည်းစပါးလင်ဆီနံ့သည်ပျော့၍ ဆွဲဆောင်မှုပိုမိုသည်။ ထိုအဆီဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကျေးလက်ရိုးရာရနံ့ပေးကုထုံးများအဖြစ် ရောဂါများကို သက်သာအောင် ကုသလေ့ရှိသည်။
- အာရုံကြောအားနည်း၍ ခြေလက်များတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း၊ Alzheimer (ခေါ်) ဦးနှောက်အကြိုဇရာရောဂါဖြစ်ခြင်း၊ အိပ်မပျော်၍ မျက်စိကြောင်ခြင်းများအတွက် စပါးလင်ဆီကို အာရုံကြောအားဆေးအဖြစ် ရှူရှိုက်ပေးနိုင်သည်။
- ကြွက်သားနှင့် အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊ အဆစ်လွဲအဆစ်ရောင်ခြင်း၊လေ့ကျင့်ခန်းများ ပြင်းထန်စွာပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ချွေးထွက်လွန်ခြင်းများအတွက် စပါးလင်ဆီကို လိမ်းပေးနိုင်သည်။
- သွားဖုံးနာခြင်း၊ သွားကိုက်ခြင်းနှင့် သွားများ ယိုင်နဲ့ခြင်းတို့အတွက် စပါးလင်ဆီက ကောင်းကျိုးပြုသည်။
- ဦးရေပြားကို စပါးလင်ဆီ လိမ်းပေးခြင်းဖြင့် မွေးညင်းပေါက်များကို ခွန်အားဖြစ်စေကာ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
- ချိုင်းအနံ့ဆိုးများ ပျောက်ကင်းစေရန် စပါးလင်ဆီကိုရေရော၍ အသုံးပြုနိုင်သည်။
သတိပြုရန်
- တန်ဆေး၊လွန်ဘေးဖြစ်စေနိုင်သောကြောင့် ကျောက်ကပ်နှင့် အသည်းရောဂါဝေဒနာသည်များသည်စပါးလင်ကို အလွန်အကျွံ မစားသုံးသင့်ပါ။
- မျက်စိထဲသို့ စပါးလင်ဆီ လုံး၀မ၀င်မိပါစေနှင့်။
- စားသုံးပြီးနောက် အရေပြားပေါ်တွင် မိတ်၊ အင်ပျဉ်ထသကဲ့သို့ အဖုအပိမ့်ထွက်၍ နီရဲလာပါက ဓာတ်မတည့်သည့်လက္ခဏာများဖြစ်သည်။
- တချို့သော မိခင်လောင်းများတွင် အရေပြားဓာတ်မတည့်မှုများ ဖြစ်စေတတ်သဖြင့် ကိုယ်၀န်ဆောင်ကာလအတွင်း စပါးလင်ကို ရှောင်ကြဉ်သင့်သည်။
အချုပ်အားဖြင့်ဆိုရသော် စပါးလင်ကို မိုးရာသီတွင် ပေါပေါများများရနိုင်ပြီးလူတို့၏ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အကျိုးပြုသောကြောင့် အကျိုးရှိရှိအသုံးပြုနိုင်ကြပါစေကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။
MWD Web Portal