ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် (JN.1 နှင့် XEC) အကြောင်းသိကောင်းစရာ

Posted_Date

Image

 ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် (JN.1 နှင့် XEC) အကြောင်းသိကောင်းစရာ

Body

အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ် မေလ အစောပိုင်းမှစ၍ ဗီဇပြောင်းအိုမီခရွန် ကိုဗစ်မျိုးကွဲအသစ်ဖြစ်သည့် JN.1 နှင့် XEC တို့ကူးစက်ပျံ့နှံ့မှုပြန်လည်မြင့်တက်လာသည်။ ထိုမျိုးစိတ် များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကိုမူ မြန်ဆန်စေသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် အိုမီခရွန်မျိုးကွဲ၏ ရောဂါကူးစက်ပုံသည်  အသက်ရှူလမ်းကြောင်း အထက်ပိုင်း ဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်နှင့် အာခေါင်တို့ကို အဓိကတိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကိုလျော့နည်းစေကာ  ရောဂါကြောင့်သေဆုံးမှုကိုနည်းပါးစေခြင်းဖြစ်သည်။ ယခင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်တာမျိုးကွဲ၏ရောဂါကူးစက်ပုံက အသက်ရှူလမ်းကြောင်းအောက်ပိုင်းဖြစ်သည့် အဆုတ်ကိုတိုက်ခိုက်ခြင်းဖြစ်သောကြောင့် အဆုတ်ရောင်ရောဂါနှင့်  နမိုးနီးယားရောဂါတို့ ဖြစ်ပွားရသည့်အတွက်  ရောဂါပြင်းထန်ပြီး သေဆုံးမှုများပြားရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၄၁၂၈၃ ဦးနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာရခြင်းမှာ မုတ်သုံအဝင်စောခြင်းနှင့် ကျောင်းများဖွင့်လှစ်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု  ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ကမ္ဘာ လှည့်ခရီးသွားများဝင်ရောက်လာမှုများခြင်း၊ လူစုလူဝေးနှင့်  ပွဲလမ်းသဘင်များပြုလုပ်လာခြင်းတို့ကြောင့်လည်း ယခုကဲ့သို့ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားလာရခြင်း ဖြစ်သည်။

အိုမီခရွန်မျိုးကွဲအသစ် JN.1 နှင့် XEC

လက်ရှိကူးစက်နေသည့် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာ ခြင်းဖြစ်ပြီး  JN.1 အုပ်စုနှင့် ၎င်းမှတစ်ဆင့်ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ၎င်းမျိုးကွဲကို ၂၀၂၄ ခုနှစ် ဇွန်လတွင် ဂျာမနီနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။  ထိုင်းနိုင်ငံ၌  ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါမျိုးကွဲမှာ XEC ဖြစ်ပြီး ကူးစက်နှုန်းပိုမြန်သော်လည်း     တုပ်ကွေးကဲ့သို့သောလက္ခဏာများသာရှိသည်။ ထို့ကြောင့် တုပ်ကွေးဖြစ်ခြင်း၊  အအေးမိခြင်းတို့ကြောင့်ဖြစ်သော  ရောဂါလက္ခဏာများနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်သော ရောဂါလက္ခဏာများကိုခွဲခြားရန် ခက်ခဲနိုင်သော်လည်း ကုသမှုနည်းလမ်းများမှာမူ တူညီမှုရှိသည်။ ကိုဗစ်-၁၉ ရောဂါမပြင်းထန်သော လူနာများနှင့် အခြေအနေမဆိုးသောအုပ်စုဝင်များကို အအေးမိခြင်းအတွက် ကုသသည့်နည်းလမ်းအတိုင်း  ကုသမှုပေးနိုင်သည်။  ဆေးကုသမှုခံယူရန် လိုအပ်သူများသည် ကိုယ်အပူချိန် ၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိခြင်း၊ အသက်ရှူကျပ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း  သို့မဟုတ်  သွေးအတွင်း  အောက်ဆီဂျင် ၉၅ ရာခိုင်နှုန်း အောက်ကျဆင်းခြင်းကဲ့သို့သော ရောဂါလက္ခဏာများတွေ့ရှိမှသာ ကုသမှုခံယူရမည်ဖြစ်သည်။ စိုးရိမ်ရသည့်အုပ်စုဝင်များတွင် အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများပါဝင်သည်။

ဗီဇပြောင်းကိုဗစ်မျိုးကွဲအသစ် JN.1 နှင့် XEC ၏ရောဂါလက္ခဏာများ

အဆိုပါကိုဗစ်မျိုးကွဲအသစ်များ ကူးစက်ခံရပါက တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းတို့အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ပါဝင်သည်။ ထို့ပြင် နေ့ရက်အလိုက် ထူးခြား လာနိုင်သောရောဂါလက္ခဏာများနှင့်ပတ်သက်၍    ထိုင်းနိုင်ငံ   ချူလာလောင်ကွန်ဆေးရုံက  သုတေသန ပြုလုပ်ထားသည်။ ထိုသုတေသနအရဆိုလျှင် ရောဂါပိုးကူးစက်ပြီး ပထမဆုံးရက်များဖြစ်သည့် တစ်ရက်မှ သုံးရက်အတွင်း  အအေးမိခြင်း၊  လည်ချောင်း အနည်းငယ်နာခြင်းများသာဖြစ်တတ်ပြီး  ဖျားခြင်း၊  ပင်ပန်းနွမ်းနယ်ခြင်းများဖြစ်ပေါ်မှုမရှိသေးပေ။ ရောဂါပိုးကူးစက်ပြီး လေးရက်မှငါးရက် အတွင်းဆိုပါက အာသီးရောင်ပြီး လည်ချောင်းနာလာခြင်း၊ ကိုယ်အပူချိန် ၃၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ  ၃၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိ လာပြီး  အစာမျိုချရခက်ခဲခြင်း၊  ခေါင်းကိုက်ခြင်း၊ အနည်းငယ်မူးဝေမှုများ နှင့်အတူ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အဆစ်အမျက်ကိုက်ခဲခြင်းများကို ခံစားရမည်ဖြစ်သည်။ ခြောက်ရက်မြောက်နေ့မှစ၍ ကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထက်ထိ  သိသိသာသာမြင့်တက်လာပြီး   ချောင်းခြောက်ဆိုးခြင်း၊  လည်ချောင်းနာခြင်း၊  အားအင်ကုန်ခန်းပြီး မောပန်းနွမ်းနယ်ခြင်းတို့  ဖြစ်လာနိုင်သည်။ ထို့နောက် ကိုယ်အပူချိန်  ၃၇ ဒသမ  ၄  ဒီဂရီစင်တီဂရိတ်မှ ၃၈ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပြီး အသက်ရှူရခက်လာခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊  ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းများဖြစ်လာနိုင်ကာ  ကိုးရက်မြောက်နေ့အထိ  ရောဂါအခြေအနေ သက်သာလာခြင်းမရှိဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲလာပါက အထူးကုသမှုခံယူရန် လိုအပ်မည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးဆောင်ရွက်နေသည့်အချက်များ

အိန္ဒိယနိုင်ငံ၌ ယခုနှစ်အတွင်း ဗီဇပြောင်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုများစွာတိုးမြင့်လာပြီး  ၂၀၂၅ ခုနှစ်  မေလကုန်တွင် ကူးစက်သူ ၂၇၀၀ ကျော်အထိရောက်ရှိကာ ခုနစ်ဦးသေဆုံးထားသည်။ ထို့ကြောင့် ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်း၊ လူစုလူဝေး သို့မဟုတ် လေဝင်လေထွက် မကောင်းသော နေရာများတွင်    နှာခေါင်းစည်းတပ်ခြင်းဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင်   ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်များအတွက်လည်း   ဓာတ်ခွဲခန်းများတွင်   စမ်းသပ်စစ်ဆေးလျက်ရှိသည်။

ထိုင်းနိုင်ငံ၌ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသည် အထူးသဖြင့် ဗန်ကောက်နှင့်  ချွန်ဘူရီပြည်နယ်တို့တွင်  ဖြစ်ပွားလျက်ရှိပြီး  ၂၀၂၅ ခုနှစ် မေလ  ၃၀ ရက်ထုတ်ပြန်ချက်အရ လူနာအသစ် ၄၁၂၈၃ ဦးရှိရာ ယခုနှစ်အတွက် ရောဂါပိုးကူးစက်ခံရသူ   စုစုပေါင်း  ၂၅၇၂၈ဝ   ဦးနှင့် သေဆုံးသူ ၅၂  ဦးအထိရှိသည်။ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် ကူးစက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထူးသဖြင့်   သက်ကြီးရွယ်အိုများ၊  နာတာရှည်ရောဂါရှိသူများနှင့်  ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါဖြစ်ပွားမှုအခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး  ဗီဇပြောင်းမျိုးကွဲအသစ်များ  ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍  သင့်လျော်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင်လူစုလူဝေးနေရာများကိုရှောင်ရှားရန်၊  လက်ကိုပုံမှန်ဆေးကြောရန်၊   လူစည်ကားသောနေရာများတွင်နှာခေါင်းစည်းတပ်ရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်နှင့် ဖျားနာခြင်း၊  ချောင်းဆိုးခြင်း၊  လည်ချောင်းနာခြင်း  သို့မဟုတ် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာပါကနီးစပ်ရာကျန်းမာရေးဌာနသို့မဟုတ် ဆေးရုံသို့အမြန်ဆုံးပြသကြရန် အစိုးရက ထုတ်ပြန် ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်မျိုးကွဲသစ်ရောက်ရှိလာမှုနှင့် ကျန်းမာရေးဌာန၏ လုပ်ဆောင်ချက်များ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ်လ  ၂၃ ရက်တွင်  ပထမဆုံး အတည်ပြုလူနာ တွေ့ရှိခဲ့ပြီးနောက်ပိုင်း  နိုင်ငံအနှံ့အပြား၌ ကူးစက်မှုများဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် မျိုးကွဲအသစ်များ ရောက်ရှိလာမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  စောင့်ကြည့်ကာ  သတိပေးချက်များနှင့်  သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အလားတူကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   ပြည်တွင်းရောဂါ ဖြစ်ပွားမှုနှုန်းများ၊  နိုင်ငံတကာနှင့်  အိမ်နီးချင်းနိုင်ငံများတွင်  ဖြစ်ပွားလျက်ရှိသည့် ဗီဇပြောင်းမျိုးကွဲ အသစ်အား အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် PCR  စစ်ဆေးမှုများ၊ Rapid Antigen Test (RAT) စစ်ဆေးမှုများဆောင်ရွက်ကာရောဂါကူးစက်မှုမြင့်တက်လာပါကသို့မဟုတ် ထူးခြားသည့်လက္ခဏာများတွေ့ရှိရပါက မျိုးဗီဇခွဲခြမ်းစိတ်ဖြာခြင်း (genomic sequencing)များ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ရောဂါကူးစက်မှုနှုန်း၊   သေဆုံးမှုနှုန်း၊   ဆေးရုံတက်ရမှုနှုန်း စသည့် အချက်အလက်များကို   စနစ်တကျမှတ်တမ်းတင်ခြင်း၊   ကူးစက်မြန်သောမျိုးကွဲအသစ်များအကြောင်းနှင့်ကာကွယ်ရေးနည်းလမ်းများ (လက်ဆေးခြင်း၊  နှာခေါင်းစည်းတပ်ခြင်း၊  လူစုလူဝေးရှောင်ရှားခြင်း) စသည်တို့ကို  မီဒီယာမျိုးစုံမှတစ်ဆင့်  အသိပညာပေးခြင်း၊ ကာကွယ်ဆေးများ၊ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက မျိုးကွဲအသစ်များနှင့်ကိုက်ညီသော ကာကွယ်ဆေးများရရှိရေး စီမံခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ဆောင်ရွက်သင့်သည့်အချက်များ

ဗီဇပြောင်း ကိုဗစ်မျိုးကွဲအသစ်JN.1 နှင့် XEC တို့၏ကူးစက်မှုများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုကိုကာကွယ်ရေးတို့အတွက်ခြောက်လသို့မဟုတ် တစ်နှစ်အတွင်း ထပ်ဆောင်းကာကွယ်ဆေးထိုးသင့်သည်။  ကိုဗစ်-၁၉  ရောဂါ မကူးစက်ဖူး၊ မဖြစ်ဖူးသူများနှင့်   ရာသီတုပ်ကွေးကဲ့သို့   ရောဂါလက္ခဏာပြင်းထန်သူများ    ကိုဗစ်ရောဂါစစ်ဆေးသင့်သည်။ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊နာတာရှည်ရောဂါအခံရှိသူများနှင့်   ကိုယ်ဝန်ဆောင်မိခင်များ  ကိုဗစ် စစ်ဆေးသင့်သည်။

မြန်မာနိုင်ငံသည်  ကိုဗစ်-၁၉  ရောဂါမျိုးကွဲသစ်များကို ဗီဇဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထိန်းချုပ်ရေးအစီအမံများ  စနစ်တကျဆောင်ရွက်လျက်ရှိသော်လည်း လူ့စွမ်းအားနှင့်အချက်အလက်စီမံခန့်ခွဲမှုအတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့်  မျိုးကွဲသစ်များ၏ခြိမ်းခြောက်မှုအောက်တွင် အစိုးရ၊ ပြည်သူ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးမျိုးကွဲသစ်များသည် လူ့ခန္ဓာကိုယ်၏ကိုယ်ခံအား စနစ်ကိုရှောင်ရှားပြီးကူးစက်မှုမြန်ဆန်စေသည်။ အဆိုပါမျိုးကွဲများသည် ယခင်ကာကွယ်ဆေးများ၏ထိရောက်မှုကို အားနည်းစေနိုင်သည်။ ထို့ကြောင့် ယခင်က ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကိုယ်ခံအား နည်းလာကာ ပြန်လည်ကူးစက်ခံရနိုင်မှုနှုန်းများ မြင့်မားလာနိုင်သဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိအချိန်ကာလသည်စာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့် ကာလဖြစ်ခြင်းကြောင့် လူစုလူဝေးပိုမိုများပြားခြင်း၊    မိုးရာသီကာလ ဖြစ်ခြင်းကြောင့် တုပ်ကွေးရောဂါများဖြစ်ပွားလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားမှုအရှိန်မြင့်တက် နေခြင်းတို့ကြောင့်   ပြည်သူလူထုကိုယ်တိုင်    ကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအစီအမံများဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့်  မီဒီယာများမှတစ်ဆင့် ပြည်သူလူထုထံ ကျန်းမာရေးအသိပညာများ မျှဝေပေးခြင်းအပြင် ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့်  ဝယ်ယူဖြည့်တင်းခြင်းများဆောင်ရွက်သင့်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

MWD Web Portal