ရှေးအစဉ်အလာမှ ယနေ့ထိတိုင် ကမ္ဘာ့ကျန်းမာရေးခြိမ်းခြောက်မှု ထောင့်သန်း (Anthrax)ရောဂါ

Posted_Date

Image

ရှေးအစဉ်အလာမှ ယနေ့ထိတိုင် ကမ္ဘာ့ကျန်းမာရေးခြိမ်းခြောက်မှု ထောင့်သန်း (Anthrax)ရောဂါ

Body

ထောင့်သန်း (Anthrax) ရောဂါသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကတည်းက လူနှင့်တိရစ္ဆာန်များကို ဒုက္ခပေးခဲ့သော ရှေးကျသည့်ရောဂါ (Ancient Disease) ဖြစ်သော်လည်း ယနေ့ ၂၁ ရာစုတွင်ပင်  ကမ္ဘာ့နေရာအများအပြားတွင်စိုးရိမ်ရသောကျန်းမာရေးခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းနှင့် အာရှဒေသအချို့ (အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ တူရကီနှင့် မြန်မာနိုင်ငံအပါအဝင်) တွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသည့်တိရစ္ဆာန်များတွင် အဖြစ်များသောရောဂါအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် ခြောက်သွေ့ဇုန်ဒေသများ (ဥပမာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း) တွင် ဖြစ်ပွားလေ့ရှိသည်။

ထောင့်သန်းရောဂါ (Anthrax) သည် Bacillus anthracis ဗက်တီးရီးယားကြောင့်ဖြစ်ပွားသောကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး စားမြုံ့ပြန်သတ္တဝါများ(ဥပမာ- နွား၊ သိုး၊ ဆိတ်)တွင် အချိန်တိုအတွင်း အသက်ဆုံးရှုံးမှုများဖြစ်စေနိုင်ကာ လူသို့လည်းကူးစက်နိုင်သော (zoonosis) ရောဂါတစ်မျိုးဖြစ်သည်။  ဤဗက်တီးရီးယားပိုးမှ ထုတ်လုပ် သော အလွန်ပြင်းထန်သည့်အဆိပ်အတောက်များကြောင့် ဆိုးရွားသည့်လက္ခဏာများပေါ်ပေါက်လာပြီးအသက်ဆုံးရှုံးမှုနှုန်းအလွန်မြင့်မားသည်။ ဤရောဂါပိုး (Bacillus anthracis) သည် မျိုးစေ့ (Spores) အဖြစ် မြေကြီးအတွင်း နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ပြီး အောက်ဆီဂျင်နှင့်ထိတွေ့ပါက  Vegetative cells (အသက်ရှင်ဆဲပိုးများ)အဖြစ် ပြောင်းလဲနိုင်ပြီး လျင်မြန်စွာပွားများနိုင်သည်။ ထောင့်သန်း (Anthrax) သည် လူမှလူသို့ တိုက်ရိုက်မကူးစက်နိုင်သော်လည်း ရောဂါပိုးရှိသောတိရစ္ဆာန်များနှင့်  ထိတွေ့မိပါက လူသားများတွင်ပြင်းထန်သောရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မွေးမြူရေးလုပ်ငန်းနှင့် သက်ဆိုင်သူများ၊ ကျေးလက်ဒေသများတွင်နေထိုင်သူများသည် ပိုမိုသတိထားရန်လိုအပ်သည်။ မွေးမြူရေးနှင့် တောရိုင်းတိရစ္ဆာန်များ (အထူးသဖြင့် စားမြုံ့ပြန်သတ္တဝါများ) သည် ရောဂါပိုးဝင်ရောက်ပါက ရောဂါလက္ခဏာများရုတ်တရက်ပြင်းထန်စွာပေါ်ပေါက်လေ့ရှိသည်။ လူသားများတွင် အရေပြားရောဂါ (cutaneous anthrax)ကို အတွေ့များသော်လည်း အဆုတ်နှင့်အူလမ်းကြောင်းဆိုင်ရာ အန်သရက်စ်များမှာ ပိုမိုပြင်းထန်သည်။

ထောင့်သန်းရောဂါသည် လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့အကြား ဆက်စပ်မှုမှတစ်ဆင့်ကူးစက်ပျံ့နှံ့သောကြောင့်  (One Health) ချဉ်းကပ်မှုဖြင့်ကာကွယ်ခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ မြို့ပြအခြေချနေထိုင်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု တို့သည် တိရစ္ဆာန်မှလူသို့ကူးစက်တတ်သော ဇူနိုးတစ်ရောဂါများ(Zoonotic diseases) ပေါ်ပေါက်လာခြင်းနှင့် ပြန်လည်ထကြွလာမှုကို အရှိန်မြှင့်တင်ပေးလျက်ရှိသည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း လူသားများကို ကူးစက်ခဲ့သောရောဂါအသစ်များ၏ ၇၅ ရာခိုင်နှုန်း ခန့်သည် တိရစ္ဆာန်မှလူသို့ ကူးစက်သောရောဂါများ (Zoonotic Diseases) ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည်။

ဤအချက်အလက်သည်လူသားတို့၏ကျန်းမာရေးကိုကာကွယ်ရန်အတွက် တိရစ္ဆာန်များတွင်ဖြစ်ပွားသောရောဂါများကို စောင့်ကြည့်ခြင်းနှင့် ထိန်းချုပ်ခြင်း၏အရေးပါမှုကို ပေါ်လွင်စေသည်။ ထို့ကြောင့် ဇူနိုးတစ်ရောဂါများသည် တိရစ္ဆာန်ကျန်းမာရေးနှင့် လူသားကျန်းမာရေးကြား နယ်စပ်တွင်ရှိနေပြီး ရောဂါထိန်းချုပ်ရေးအောင်မြင်ရန် တိရစ္ဆာန်ကျန်းမာရေး၊ လူသားကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ပေါင်းစပ်ကိုင်တွယ်ရန်လိုအပ်သည်။

အန်သရက်စ်ရောဂါ၏ ကူးစက်ပျံ့နှံ့မှုစက်ဝန်း

Bacillus anthracis (ထောင့်သန်းရောဂါပိုး)သည် တောရိုင်းတိရစ္ဆာန်များ၊ မွေးမြူရေး တိရစ္ဆာန်များ (နွား၊ ကျွဲ၊ သိုး၊ ဆိတ်)နှင့် သဘာဝပတ်ဝန်းကျင်အကြား ဂေဟဗေဒဆိုင်ရာ အပြန်အလှန်သက်ရောက်မှုများကြောင့် ကူးစက်ပျံ့နှံ့လေ့ရှိသည်။  Bacillus anthracis သည်  သေဆုံးသောတိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်မရှိသောအခြေအနေတွင်  spores အဖြစ်သို့ ပြောင်းလဲသွားသည်။ တိရစ္ဆာန်သေဆုံးပြီး ဆွေးမြည့်သောအခါ spores များကို  သွေး၊ lymph အရည်၊ တစ်သျှူးအရည်များမှတစ်ဆင့် မြေဆီလွှာထဲသို့ ပြန်လည်ထုတ်လွှတ်လိုက်သည်။  Bacillus anthracis ၏ sporulation (spores အဖြစ် ပြောင်းလဲခြင်း) နှင့် သဘာဝပတ်ဝန်းကျင်တွင် ကြာရှည်စွာအသက်ရှင်နိုင်မှုသည် ထောင့်သန်း (Anthrax) ရောဂါကို ထိန်းချုပ်ရခက်စေသော အဓိကအကြောင်းရင်းဖြစ်သည်။

မြေဆီလွှာနှင့် ရာသီဥတု

Bacillus anthracis   ဗက်တီးရီးယား၏စပိုး (spores)များသည် Exosporium, Coat, Cortex စသည့် အလွှာများပါသဖြင့် ပြင်ပပတ်ဝန်းကျင်ဒဏ်ကို အလွန်ခံနိုင်ရည်ရှိပြီး  ခြောက်သွေ့သောဒေသများ (ဥပမာ သဲကန္တာရ)နှင့် ရေဝပ်ဒေသများ (ဥပမာ ရွှံ့ညွန်မြေ၊   စိုစွတ်သောမြေပြင်)တွင်  နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်များစွာ အသက်ရှင်နိုင်သည်။ အပူချိန်မြင့်မားခြင်း (40–60°C) နှင့် ခြောက်သွေ့မှုကိုခံနိုင်ရည်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းပါက မြေဆီလွှာမှ spores များ မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာပြီး စားကျက်များ၊ ရေစည်များတွင်စုပုံနိုင်သည်။ တိရစ္ဆာန်များစားသုံးမိပါက အစာခြေလမ်းကြောင်း အန်သရက်စ်  (Gastrointestinal Anthrax)ဖြစ်နိုင်သည်။ ရေလွှမ်းမိုးမှုကြောင့် spores များ ပိုမိုပျံ့နှံ့ကာ ကူးစက်ရောဂါဖြစ်ပွားမှု (Outbreak) ဖြစ်နိုင်သကဲ့သို့ ပူပြင်းခြောက်သွေ့သောရာသီတွင် spores  များသည် လေထုထဲတွင်လွင့်မျောနိုင်ပြီး  အသက်ရှူလမ်းကြောင်း အန်သရက်စ် (Inhalation Anthrax) ကို ဖြစ်စေနိုင်သည်။

တိရစ္ဆာန်များ၏အပြုအမူနှင့် ထောင့်သန်း (Anthrax) ကူးစက်မှု

ကျွဲ၊ နွားများသည် မြက်စားသည့်အခါ spores များပါဝင်သောမြေမှုန့်များကို အလွယ်တကူ ရှူရှိုက်မိနိုင်သည်။ ရောဂါပိုးရှိသော မြေ၊ စားကျက်မှ မြက်၊ အစာ၊ ရေ စားသောက်မိခြင်း၊ ရောဂါပိုးပါရှိသည့်လေကိုရှူမိခြင်းဖြင့် တိရစ္ဆာန်သို့ကူးစက်နိုင်သည်။ မိုးဦးကျကာလနှင့်  ရောဂါဖြစ်ဖူးသောဒေသများတွင် အထူးသတိထားကာကွယ်ရန် လိုအပ်သည်။ သေဆုံး သွားသောတိရစ္ဆာန်များကိုစားသောက်သည့် အသားစားသတ္တဝါများ (ဥပမာ - ခွေး၊ ကြောင်နှင့် ကြောင်ရိုင်းများ)မှတစ်ဆင့်  ရောဂါပျံ့နှံ့နိုင်သည်။  Bacillus anthracis သည်  အသက်ရှင်နေသော တိရစ္ဆာန်၏ခန္ဓာကိုယ်အတွင်း ပုံမှန်အားဖြင့် vegetative cells (အသက်ရှင်ဆဲပိုးများပုံစံ)အဖြစ်ရှိနေပြီး  သွေးနှင့်တစ်သျှူးများတွင် ကြီးထွားသည်။ ဤအဆင့်တွင် ဗက်တီးရီးယားများသည် Toxins ထုတ်လုပ်ခြင်းနှင့် ပွားများခြင်းကိုစတင်ပြီး   ရောဂါဖြစ်စေနိုင်သည်။

လူသားများသည်   ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်၊ အသား၊ အရေခွံ၊ အမွေး၊ အရိုးများကို ကိုင်တွယ်ခြင်းတို့မှတစ်ဆင့်  ကူးစက်နိုင်သည်။ တိရစ္ဆာန်များကို နှစ်စဉ်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကိုလျှော့ချနိုင်သည်။   လူသားများသည် ရောဂါအတွက် အဆုံးသတ်လက်ခံသူ (dead-end host) ဖြစ်ပြီး လူမှလူသို့  ကူးစက်မှုမတွေ့ရသေးပါ။  လူသားများတွင်တွေ့ရသော ရောဂါအမျိုးအစားများမှာ-

(၁) အရေပြားထောင့်သန်းရောဂါ (Cutaneous anthrax)

•        ဖြစ်ပွားမှုအများဆုံးအမျိုးအစားဖြစ်သည်။

•        လူ့ခန္ဓာကိုယ်အရေပြားရှိ ပြတ်ရှဒဏ်ရာ၊ အနာများအတွင်းသို့ ရောဂါပိုးဝင်ရောက်၍ ဖြစ်ပွား သည်။

•        ရောဂါပိုးဝင်ရောက်ပြီးနောက်   တစ်ရက်မှ ခုနစ်ရက်အကြာတွင်ဖြစ်ပွားနိုင်သည်။

•        ရောဂါလက္ခဏာများမှာ -  စတင်ဖြစ်ပွားချိန်တွင် အရေပြား၌ ယားယံသည့်အရည်ကြည်ဖုများ စတင်ဖြစ်ပေါ်ပြီးနောက်ရောင်ရမ်းကာအလယ်တွင်မည်းနေသည့် အနာအဖြစ်ကျန်ခဲ့သည်။ နာကျင်မှုမရှိပါ။ပြန်ရည်ကျိတ်များပါ ရောင်ရမ်းတတ်သည်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နှင့်လက်များတွင်အတွေ့ရများသည်။

(၂) အစာအိမ်အူလမ်းကြောင်းတွင်ဖြစ်ပွားသောထောင့်သန်းရောဂါ (Gastrointestinal anthrax)

•        ရောဂါဖြစ်ပွားသည့်တိရစ္ဆာန်များ၏အသားကိုစားခြင်းဖြင့် ဖြစ်ပွားနိုင်သည်။

•        ရောဂါပိုးဝင်ရောက်ပြီး တစ်ရက်မှ ခုနစ်ရက်အတွင်း ဖြစ်ပွားသည်။

•        ရောဂါလက္ခဏာများမှာ- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ဖြစ်သည်။

(၃) အဆုတ်တွင်ဖြစ်သော   ထောင့်သန်းရောဂါ (Inhalation anthrax / Woolsorter’s disease)

•        အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ထောင့်သန်းရောဂါပိုး (Spores)များ  ဝင်ရောက် ခြင်းကြောင့် ဖြစ်ပွားသည်။

•        စတင်ဝင်ရောက်ပြီး တစ်ပတ်မှ နှစ်လအတွင်း ဖြစ်ပွားသည်။

•        ရောဂါလက္ခဏာများမှာ- လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နုံးခြင်း၊ ကြွက်သားများနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊အစာမျိုရန်ခက်ခဲခြင်းတို့ဖြစ်ပွားသည်။

•        ပိုမိုဆိုးရွားလာပါက အဖျားကြီးပြီး အသက်ရှူခက်ခြင်း၊ သွေးအန်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့အထိဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သည်။

တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်အရ မွေးမြူရေးတိရစ္ဆာန်များတွင် ထောင့်သန်း (Anthrax)ရောဂါကိုထိန်းချုပ်ရန် အထိရောက်ဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။ ထောင့်သန်းရောဂါကူးစက်မှုကိုကာကွယ်ရန်နှင့် တိရစ္ဆာန်များအကြား အုပ်စုလိုက် ကိုယ်ခံအား (herd immunity) ဖြစ်ပေါ်စေရန် မွေးမြူရေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များ အကောင်အထည်ဖော်ရန် အရေးကြီးသည်။ အထူးသဖြင့် ထောင့်သန်း(Anthrax)ရောဂါ အမြဲဖြစ်ပွားနေသောဒေသများတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းသည်  အရေးကြီးသည်။ ကျေးလက်ဒေသရှိ ကျွဲ၊ နွား၊ ဆိတ်စသော အိမ်မွေးတိရစ္ဆာန်များကို နှစ်စဉ်ထောင့်သန်းရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။  တိရစ္ဆာန်များတွင်ကာကွယ်ဆေးထိုးနှံခြင်းသည် လူသားများအတွက် ကူးစက်မှုအန္တရာယ်ကို အထိရောက်ဆုံးလျှော့ချနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ   ထုတ်သောကျွဲ၊ နွား ထောင့်သန်းရောဂါကာကွယ်ဆေး(Anthrax Vaccine for Cattle and Buffalo)ကျွဲ၊ နွားများကို ထောင့်သန်း (Anthrax) ရောဂါမှ ကာကွယ်ပေးသည့် ပိုးအရှင်ဖြင့်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်သည်။

ဖော်စပ်ပုံ

ရောဂါဖြစ်ပွားမှုအားပျော့သော ပိုးအရှင်၏စပိုး Bacillus anthracis (Mukteswar Strain)ကို Saponin ပါဝင်ဖျော်စပ်ထားပြီး မူမှန်ဂလစ်စရင်းဆားရည်တွင် သတ်မှတ်ထားသည့် ပိုးအရေအတွက် စံနှုန်းကိုက်ညီအောင်ထည့်သွင်းဖော်စပ်ထားသည့်ဆေးဖြစ်သည်။

ဆေးအညွှန်း

ကျွဲ၊ နွားများအား ထောင့်သန်းရောဂါမှကာကွယ်ရန်အသုံးပြုသောဆေးဖြစ်သည်။ ခြောက်လနှင့်အထက် ကျန်းမာသော ကျွဲ၊ နွားများကို ထိုးနှံပေးနိုင်သည်။ ရောဂါဖြစ်ပွားသောဒေသများတွင် နှစ်စဉ် တစ်နှစ်တစ်ကြိမ်မှန်မှန်ထိုးပေးရန်လိုအပ်သည်။

အသုံးပြုပုံ

ဆေးမထိုးမီပုလင်းကိုသေချာစွာလှုပ်ပါ။ ကျွဲ၊  နွားတစ်ကောင်လျှင် 1CC နှုန်းဖြင့် အရေပြားအောက်သို့ ထိုးနှံပေးရမည်။

သိမ်းဆည်းခြင်း

အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိမ်းဆည်းပါ။ပြည်သူလူထုအား အသိပညာပေးခြင်း ကျေးလက်ဒေသများရှိ လယ်သမားများ၊ တိရစ္ဆာန်မွေးမြူသူများ၊ကျန်းမာရေးဝန်ထမ်းများထောင့်သန်းရောဂါကူးစက်နိုင်ခြေမြင့်မားသော ပြည်သူများအားထောင့်သန်း(Anthrax)ရောဂါ၏လက္ခဏာများ၊ ရောဂါကူးစက်နိုင်သောလမ်းကြောင်းများနှင့် ကာကွယ်ရေးနည်းလမ်းများကိုပညာပေးအစီအစဉ်များဖြင့်   အသိပညာမြှင့်တင်ရန်  အရေးကြီးသည်။ 

စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်း (Active Surveillance System)

ထောင့်သန်း (Anthrax)ရောဂါ၏  ကူးစက်မှုကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်ခြင်းသည် ရောဂါထိန်းချုပ်ရေးအတွက် အဓိကအချက်ဖြစ်သည်။ ရောဂါဖြစ်ပွားဖူးသောဒေသများ (Previous Outbreak Areas)၊ တိရစ္ဆာန်မွေးမြူရေးဇုန်များ (Livestock Farming Zones)၊ရာသီဥတုပူပြင်းပြီး မြေဆီလွှာခြောက်သွေ့သောဒေသများ (Arid and Semi-Arid Regions)နှင့် နယ်စပ်ဒေသများ (Border Areas with Weak Veterinary Controls)တွင် စောင့်ကြည့်စနစ်များထူထောင်ရန် လိုအပ်သည်။  လူသားများအား ကူးစက်မှုမဖြစ်မီ ပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များထဲမှ Bacillus anthracis (spores)များကို   စောစီးစွာရှာဖွေဖော်ထုတ်နိုင်သည့်    အဆင့်မြင့်ရောဂါရှာဖွေရေးနည်းပညာအသုံးပြုခြင်းများ ပါဝင်သည်။  ထောင့်သန်းရောဂါပိုးသည် မြေကြီးထဲတွင် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်သော မျိုးစေ့ (spores)အဖြစ် ရှိနေနိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားဖူးသောဒေသများ၊ ကျွဲ၊ နွားများ ကျက်စားရာနေရာများတွင် မြေဆီလွှာနမူနာများ ပုံမှန်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း ပြုလုပ်သင့်သည်။ PCR (Polymerase Chain Reaction) နှင့် ELISA (Enzyme-Linked Immunosorbent Assay)ကဲ့သို့သောအဆင့်မြင့်ရောဂါရှာဖွေရေး နည်းပညာများဖြင့် သွေး၊ မြေနမူနာများတွင် ထောင့်သန်းရောဂါပိုးကို မြန်ဆန်စွာဖော်ထုတ်နိုင်သည်။  အထူးသဖြင့် ရုတ်တရက်သေဆုံးသော တိရစ္ဆာန်များအား ထောင့်သန်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခြင်းနှင့်  သေဆုံးသောတိရစ္ဆာန်များကို မြေမြှုပ်ခြင်း/ မီးရှို့ခြင်း ဖြင့်ပိုးမွှားများ ပြန့်ပွားမှုကို  ကာကွယ်နိုင်ပေသည်။

ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းထောင့်သန်းရောဂါ ကူးစက်ဖြစ်ပွားသော တိရစ္ဆာန်အသေကောင်မှ အသား၊ သွေး၊ ကိုယ်တွင်းအင်္ဂါနှင့် အရည်တို့သည် ရောဂါပိုးများပါဝင်သဖြင့် တိရစ္ဆာန်နှင့် လူတို့အတွက် အန္တရာယ်ရှိသည်။

တိရစ္ဆာန်တစ်ကောင်တွင် ထောင့်သန်းရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ၎င်းအား သတ်ဖြတ်ခြင်း၊ သွေးထုတ်ခြင်းမပြုလုပ်ရပါ။ သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရန် လိုအပ်သည်။ ၎င်းတိရစ္ဆာန်သေဆုံးပါက အသေကောင်အား ရွှေ့ပြောင်းခြင်း၊ အရေခွံခွာခြင်း၊ လှီးဖြတ် ခြင်း၊ တိရစ္ဆာန်အားခွဲစိတ်ခြင်း မပြုလုပ်သင့်ပါ။  တိရစ္ဆာန်အသေကောင်မှထွက်သောသွေးအား အလျင်အမြန်   ပိုးသတ်ဆေးများများလောင်း၍  ပိုးသတ်ရမည်။

ထောင့်သန်းရောဂါဖြစ်ပွားသော တိရစ္ဆာန်နှင့်ထိတွေ့သောတိရစ္ဆာန်များအား သီးခြားခွဲထားပြီး သေချာစောင့်ကြည့်ရမည်။ ကူးစက်ရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်နှင့်တကွ ၎င်း၏ အညစ်အကြေးများကို ၆ ပေအနက်ရှိ မြေကျင်းတူး၍မြေမြှုပ်ပါ။  အသေကောင်ကို ရေမျှောခြင်း၊ မြစ်ချောင်းအနီး၊ ရေတွင်း ရေကန်အနီး မြေမြှုပ်ခြင်းမပြုလုပ်ရ။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ၏အကူအညီကို ရယူပါ။

နိဂုံးချုပ်အားဖြင့်ဆိုရသော် ထောင့်သန်း (Anthrax) ရောဂါသည် Bacillus anthracis  ဗက်တီးရီးယားကြောင့်ဖြစ်သော  ရှေးအကျဆုံး   ဇူနိုးတစ်ရောဂါ (zoonotic disease) တစ်ခုဖြစ်ကာ လူနှင့်တိရစ္ဆာန်များ ကို ကူးစက်နိုင်ပြီး ရောဂါပိုးသည် မျိုးစေ့သဖွယ် (spore) အဖြစ် နှစ်ပေါင်းများစွာ မြေကြီး၊ အမွေးအမျှင် နှင့် အရေပြားတို့တွင် ရှင်သန်နိုင်ခြင်းကြောင့် စိုးရိမ်စရာကောင်းသော်လည်း ခေတ်မီသိပ္ပံနည်းကျ ကာကွယ်ထိန်းချုပ်မှုများဖြင့် ထိရောက်စွာကာကွယ်နိုင်သည်။ သို့သော် ဇီဝလက်နက်အန္တရာယ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျေးလက်ဒေသများတွင်  ဆင်းရဲမှုတို့ကြောင့် ထောင့်သန်း(Anthrax)သည်   ၂၁  ရာစုတွင်လည်း  ကမ္ဘာ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေနိုင်သည်။  တိရစ္ဆာန်များ၊ လူသားများနှင့်   သဘာဝပတ်ဝန်းကျင်တို့အကြား ဟန်ချက်ညီသောဆက်စပ်မှုကို ထိန်းသိမ်းခြင်းဖြင့်သာ ကမ္ဘာ့ကျန်းမာရေးအန္တရာယ်များကို   လျှော့ချနိုင် မည်ဖြစ်သည်။    ။

 “ကျန်းမာသော တိရစ္ဆာန်များ = ကျန်းမာသောလူသားများ = ကျန်းမာသော ကမ္ဘာ”

MWD Web Portal