ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့်ကလေးများအား ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့်တက်ရောက်နိုင်ရေး ပြည်သူများသို့အသိပေး

Posted_Date

Image

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့်ကလေးများအား ကျောင်းပြင်ပပညာရေး၏  တန်းညှိ ပညာရေးအစီအစဉ်ဖြင့်တက်ရောက်နိုင်ရေး ပြည်သူများသို့အသိပေး

Body

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၂၈ (က) ပါ  ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်သည်  ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည် ဆိုသည့် ပြဋ္ဌာန်းချက်အရနှင့် အမျိုးသားပညာရေးဥပဒေ အခန်း (၅)၊ ပုဒ်မ ၁၁ တွင် နိုင်ငံတော်သည် အမျိုးသားပညာရေးစနစ် အကောင်အထည်ဖော်ရာတွင် (က)ကျောင်းပညာရေး၊ (ခ)ကျောင်းပြင်ပပညာရေး၊ (ဂ)ကိုယ်တိုင်သင်ယူပညာရေး ဟူသည့် ပညာရယူနည်းများကိုကျင့်သုံး၍  ယင်းတို့ကိုတစ်ခုနှင့်တစ်ခုဆက်စပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားရှိသည်။

ပညာရေးဝန်ကြီးဌာနသည်နိုင်ငံတော်ကပြဋ္ဌာန်းထားသည့်  အမျိုးသားပညာရေးဥပဒေအရ အမျိုးသားပညာရေးစနစ်တွင် ပညာရယူနည်းသုံးနည်းဖြင့် အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းချက်အရလည်းကောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းပါ  လုပ်ငန်းစဉ်များအရလည်းကောင်း ကျောင်းပြင်ပပညာရေးလုပ်ငန်းကို   အကောင် အထည်ဖော်နိုင်ရန်အတွက်  ပညာရေးဝန်ကြီးဌာနအောက်တွင်  ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်အတွင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ကျောင်းပညာရေး

ကျောင်းပညာရေးဆိုသည်မှာ သင်ယူသူ၏အသက်အရွယ်၊   သင်ယူရမည့်အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေးတိုင်းတာမှုစနစ်နှင့် တိကျသောသင်ရိုးညွှန်းတမ်းဖြင့်  သင်ကြားပေးသော   ကျောင်းအခြေပြု  မူကြိုပညာရေး၊မူလတန်းပညာရေး၊  အလယ်တန်းပညာရေး၊ အထက်တန်းပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့်   အဆင့်မြင့်ပညာရေးစသည်တို့  အကျုံးဝင်သည့်ပညာရေးဖြစ်သည်။

ကျောင်းပညာရေးကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အခြေခံပညာဦးစီးဌာနသည်   နှစ်စဉ်  ဇွန်လအတွင်း   ကျောင်းဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစဉ်များနှင့်အညီ အခြေခံပညာကျောင်းများဖွင့်လှစ်နေပြီး  မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ပညာရပ်များကို  သင်ကြားပေးလျက်ရှိသည်။  မူလတန်းအဆင့်သို့ တက်ရောက်မည့်သူများအနေဖြင့်  အသက်အုပ်စု ၅ နှစ်ပြည့်ပြီးသူများသည် KG သို့လည်းကောင်း၊ အသက် ၆ နှစ်ပြည့်ပြီးသူများသည် Grade-1 သို့လည်းကောင်း တက်ရောက်ခွင့်ရရှိကြသည်။

ကျောင်းပြင်ပပညာရေး

ကျောင်းပြင်ပပညာရေးဆိုသည်မှာသင်ရိုးညွှန်းတမ်းများကိုအခြေခံ၍သင်ယူလိုသူများ ပညာရည်မြင့်မားလာစေရန်  ကျောင်းပညာရေးစနစ်၏ပြင်ပတွင် ပြင်ဆင်ပြောင်းလဲနိုင်သော နည်းလမ်းများဖြင့် စည်းရုံးသင်ကြားပေးသော ပညာရေးဖြစ်သည်။

ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်နေသည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနသည်  နှစ်စဉ်  ဇူလိုင်လအတွင်း  ကျောင်းနေအရွယ်လွန်ကလေးများ (သတ်မှတ်အသက်အုပ်စုနှင့်ကိုက်ညီသူများ)ကို သက်ဆိုင်ရာလျာထားမြို့နယ်အသီးသီး၏ ကျောင်းပြင်ပပညာရေး စခန်းများတွင် တက်ရောက်သင်ယူခွင့်ရရှိရေး စီစဉ်ပေးလျက်ရှိသည်။ အဆိုပါစခန်းများသို့ ကျောင်းပြင်ပပညာရေးတက်ရောက်နေသည့် ကလေးများအပြင် ကျောင်းပညာရေးတက်ရောက်ရာမှ အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်မတက်ရောက်နိုင်သည့် ကလေးများကိုလည်းသတ်မှတ်အုပ်စုအတွင်း ရောက်ရှိနေပါကလက်ခံသင်ကြားပေးလျက်ရှိနေသည်။

ကျောင်းပြင်ပပညာရေးသည် သင်ယူလိုသူတစ်ဦးချင်းစီအတွက်ပထမအကြိမ်ဆုံးရှုံးခဲ့ရသည့် အခွင့်အလမ်းကို ဒုတိယအကြိမ်အခွင့်အလမ်း (Second Chance) ပေးသည့်  ပညာရေးဖြစ်သဖြင့် သမားရိုးကျဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြုလွယ်ပြင်လွယ်အစီအစဉ်များဖြင့်  နောက်ခံအခြေအနေမတူညီကြသော သင်ယူလိုသူများ၏လိုအင်ကိုဖြည့်ဆည်းပေးနေသည့်  ပညာရေးအစီအစဉ်ကောင်းတစ်ခုပင်ဖြစ်သည်။ ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊  ရပ်မိရပ်ဖများ၊အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ အချင်းချင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သောဒေသများတွင်   ပိုမိုထိရောက်မှုရှိနေကြောင်းကိုလည်း လေ့လာတွေ့ရှိရသည်။

တန်းညှိပညာရေး

တန်းညှိပညာရေးအစီအစဉ်ဆိုသည်မှာ ကျောင်းပြင်ပပညာရေးအစီအစဉ်အရ   သင်ယူရရှိသည့် ပညာအဆင့်အတန်းကို ကျောင်းပညာရေးအဆင့်အတန်းများနှင့် အရည်အချင်းညှိနှိုင်းသတ်မှတ်ပေးသော အစီအစဉ်တစ်ခုဖြစ်သည်။

အပြန်အလှန်ကူးပြောင်းသင်ကြားခွင့်

နိုင်ငံတော်အစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးခဲ့ရသောကလေးများ၊ ကျောင်းချိန်ကာလအတွင်း ကျောင်းမတက်၊ ကျောင်းမနေနိုင်ခဲ့သည့်  ကျောင်းပြင်ပရောက်သက်လွန်ကလေးများကို ကျောင်းပြင်ပပညာရေးဖြင့် ပညာဆက်လက်သင်ယူနိုင်ခွင့်ရရှိစေရန်အတွက် ကျောင်းပြင်ပမူလတန်းပညာရေး (Non-Formal Primary Education - NFPE)နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education - NFME)   အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေသည်။

ကျောင်းပြင်ပမူလတန်းပညာရေး  Level-1, Level-2 သင်ယူပြီးမြောက်ပါက   အခြေခံပညာကျောင်းပညာရေးသို့  ဆက်လက်ကူးပြောင်းသင်ယူနိုင်ရန်အတွက်  သက်ဆိုင်ရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတို့က  လက်မှတ်ရေးထိုးပြီး  သင်ယူပြီးမြောက်ခြင်း  လက်မှတ်ထုတ်ပေးလျက်ရှိသည်။  ကျောင်းပြင်ပမူလတန်းပညာရေး Level-1 ပြီးမြောက်ပါက  အခြေခံပညာမူလတန်းအဆင့် Grade-4 သို့လည်းကောင်း၊ Level-2 ပြီးမြောက်ပါက အခြေခံပညာအလယ်တန်းအဆင့်  Grade-6 သို့လည်းကောင်း ဆက်လက်တက်ရောက် သင်ယူခွင့်ရရှိမည်ဖြစ်သည်။

ကျောင်းပြင်ပအလယ်တန်းပညာရေးတွင် ပညာသင်နှစ်သုံးနှစ်ပြီးမြောက်မှသာလျှင် အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသည်။  ၎င်းလက်မှတ်ဖြင့်  အခြေခံပညာအထက်တန်းအဆင့် Grade- 10 သို့လည်းကောင်း၊ သက်မွေးပညာကျောင်းများသို့လည်းကောင်း  ဆက်လက်တက်ရောက် သင်ယူနိုင်ခွင့်ရရှိမည်ဖြစ်သည်။  နိုင်ငံသားတစ်ဦးအနေဖြင့်  ကျောင်းပြင်ပပညာရေးအစီအစဉ်နှင့် အခြားပညာရေးအစီအစဉ်များအကြားတွင် အပြန်အလှန်ကူးပြောင်းသင်ယူနိုင်မည့်  သာတူညီမျှအခွင့်အလမ်းများရရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေသည့် ပညာရေးအစီအစဉ်တစ်ခုဖြစ်သည်။

ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းများအဆင့်မြှင့်ထားရှိမှု

အခြေခံပညာစနစ်သစ်ပညာရေး KG+12 အရ အခြေခံပညာသင်ရိုးသစ်နှင့်ကိုက်ညီစေရေးအတွက် ကျောင်းပြင်ပပညာရေးသင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဌာနတွင်းဆွေးနွေးပွဲများအား ပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်၊ ဖြည့်စွက်ပြီးသော  ကျောင်းပြင်ပမူလတန်းပညာရေး  သင်ရိုး(မူကြမ်း)ကို  ပညာရေးသုတေသန၊  စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာန)တွင်   စိစစ်တည်းဖြတ်ပြင်ဆင်ဖြည့်စွက်စေပြီးနောက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီသို့ ဆက်လက်တင်ပြအတည်ပြုချက်ရယူလျက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍   ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်တင်မှုဆောင်ရွက်နိုင်ခဲ့သည်။

ကျောင်းပြင်ပပညာရေး  တက်ရောက်နေသည့်  ကျောင်းသားတစ်ဦးချင်းစီ၏  အရည်အသွေးတိုးတက်စေရန်အတွက်   ကျောင်းပညာရေးတွင်   သင်ကြားနေသော   သင်ရိုးညွှန်းတမ်း၏ နယ်ပယ်များဖြစ်သည့်  အသိပညာ(Knowledge)၊ ကျွမ်းကျင်မှု(Skills)နှင့်  စိတ်ဓာတ်မြင့်မားရေး (Attitude)တို့ရရှိစေရန်အတွက်လည်း   ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနသည် ပညာရေးသုတေသန၊  စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်းဗဟိုဌာနခွဲ)၊ စာတတ်မြောက်ရေး  အထောက်အကူပြုပင်မအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနမှ သင်ရိုးကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်းအသစ်များအား အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏  စိစစ်ခွင့်ပြုချက်များနှင့်အညီ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်အသစ်များ ပြုစုထုတ်ဝေနိုင်ခဲ့သည်။

ကျောင်းပြင်ပပညာရေးတက်ရောက်နိုင်သည့်အသက်ကန့်သတ်ချက်များ

ကျောင်းပြင်ပမူလတန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများကို  ဒုတိယအကြိမ်  ပညာသင်ယူမှု  အခွင့်အလမ်းထပ်မံဖြည့်ဆည်းပေးရန်နှင့် ဆက်လက်သင်ယူခွင့်ရရှိစေရန် ရည်ရွယ်လျက်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ ကျောင်းပြင်ပမူလတန်းပညာရေးတွင်  ပညာသင်နှစ်ကာလ နှစ်နှစ်ဖြစ်သော NFPE Level-1 (ပထမအဆင့်) နှင့် NFPE Level-2 (ဒုတိယအဆင့်)တို့ကို တက်ရောက်နိုင်သည်။

ထို့အတူ  ကျောင်းပြင်ပအလယ်တန်းပညာရေးသည်  အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့တက်ရောက်ရန် အခက်အခဲရှိသောကလေးများ၊  အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်မပြီးမီ  ကျောင်းထွက်ခဲ့ရသော  ၁၃ နှစ်မှ  ၁၈ နှစ်အတွင်းရှိ   ကလေးများကို  အခြေခံပညာ အထက်တန်းအဆင့်သို့  ကူးပြောင်းသင်ယူနိုင်ရန်နှင့်  အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်ပြီး ဘဝရှေ့ရေးသာယာစေရန်အတွက် ဆောင်ရွက်ပေးနေသော အစီအစဉ်တစ်ရပ်ဖြစ်သည်။

ကျောင်းပြင်ပပညာရေး၏ ဝင်ခွင့်အတွက်စစ်ဆေးခြင်း

မူလတန်းပညာရေးကို ပြီးဆုံးအောင်မတက်ခဲ့ရသည့် ကလေးများသည် ကျောင်းပြင်ပမူလတန်းပညာရေးကို တက်ရောက်မည်ဆိုပါက အရည်အချင်းစစ်ဆေးလွှာ (Test Card) ဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး တာဝန်ရှိသူများက Level သတ်မှတ်ပေးပြီးနောက်  သက်ဆိုင်ရာစခန်းတွင်  သင်ကြားသင်ယူမှု ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။  ထို့အတူ အလယ်တန်းပညာရေးမပြီးဆုံးသေးသော   ကလေးများသည်လည်း   ကျောင်းပြင်ပအလယ်တန်းပညာရေးကို  တက်ရောက်မည်ဆိုပါက NFPE Level -2 ပြီးမြောက်သူနှင့် ပဉ္စမတန်းအောင်သူများသည်  NFME Level – 1 သို့လည်းကောင်း၊ ဆဋ္ဌမတန်းအောင်သူများသည် NFME Level – 2 သို့လည်းကောင်း၊ သတ္တမတန်းနှင့် အဋ္ဌမတန်းအောင်သူများသည် NFME Level – 3 သို့လည်းကောင်း တက်ရောက်သင်ယူနိုင်ခွင့်ရရှိကြမည်ဖြစ်သည်။

ကျောင်းပြင်ပပညာရေး၏ အောင်မြင်မှုအသီးအပွင့်များ

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန အသစ်ဖွင့်လှစ်ပြီးနောက်  ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ  ကျောင်းပြင်ပမူလတန်းကလေးငယ်  ၅၄၂၈၀ ဦးအား လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကလေးငယ် ၁၉၉၉ ဦးအားလည်းကောင်း သင်ကြားသင်ယူခွင့်များရရှိစေခဲ့သည်။ အထက်ဖော်ပြပါ  ကျောင်းပြင်ပပညာရေးဖြင့် သင်ကြားသင်ယူခွင့်ရရှိခဲ့သော ကလေးငယ်များအနက် ထူးခြားအောင်မြင်ခဲ့သူများအနေဖြင့် ၂၀၁၆ မှ ၂၀၂၃ အထိ ကျောင်းပြင်ပမူလတန်းပျိုးထောင်မှုမှတစ်ဆင့်  အခြေခံပညာအထက်တန်းအဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ ၁၂၃ ဦးရှိခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် စာရေးသူတင်ပြလိုသော အချက်တစ်ချက်ရှိသည်။

စာရေးသူ၏ ဆရာသမားတစ်ဦးဖြစ်သော ယခုအငြိမ်းစားဆရာမကြီးတစ်ဦးသည် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ "Education for All" အရ “ လူတိုင်းအတွက် ပညာရေး” ဟု ဆိုနိုင်သကဲ့သို့ "All for Education" “ပညာရေးအတွက် လူအားလုံးတာဝန်ရှိကြောင်း”ပြောဆိုခဲ့သည်ကို  ကြားသိခဲ့ရသည်။  ယခုအချိန်သည်  အဆိုပါဆရာမကြီးပြောခဲ့သလို ပညာရေးအတွက်  အားလုံးတွင်တာဝန်ရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်နေသည်။

အချုပ်အားဖြင့်ဆိုသော် အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းပြင်ပသို့  ရောက်ရှိနေကြသည့်ကလေးများအတွက် တန်းညှိပညာရေးအစီအစဉ်ဖြစ်သော  ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်များသည်   နိုင်ငံအတွင်းအမှန်တကယ်ပထမအကြိမ်ပညာသင်ယူခွင့်ဆုံးရှုံးနစ်နာခဲ့ရသည့်    ကလေးသူငယ်များအတွက် ဒုတိယအကြိမ် ကြိုးစားခွင့်ဖန်တီးပေးထားသည့်   အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။  သို့ရာတွင် ဒုတိယအကြိမ်အခွင့်အလမ်းအား ကျောင်းပြင်ပရောက် ကလေးငယ်တိုင်းရရှိစေရန်မှာ  သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမတို့၏ စေတနာမေတ္တာအရင်းခံဖြင့်   ပူးပေါင်းဆောင်ရွက်နိုင်မှုတို့အပေါ်တွင်  ကြီးစွာမူတည်နေကြောင်း စာရေးသူအနေဖြင့်တင်ပြလိုသည်။

အဆိုပါကလေးငယ်များ၏   ဒုတိယအကြိမ်အခွင့်အလမ်းကို  ထပ်မံဆုံးရှုံးခဲ့ရပါက  ကလေးငယ်အတွက်သာမက ၎င်း၏မိသားစုနှင့်ပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် နိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးမှုများစွာ ရှိနေပါသဖြင့်    ပြည်သူတစ်ရပ်လုံး၏ပံ့ပိုးကူညီမှုဖြင့်  ပစ္စုပ္ပန်နှင့် အနာဂတ်နိုင်ငံတော်ကြီးတွင် အစဉ်လေ့လာသင်ယူနေသည့်  လူ့အဖွဲ့အစည်းဖြစ်လာစေရန်အတွက်လည်းကောင်း၊ ဗလငါးတန်ဖွံ့ဖြိုး၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့်လူငယ်များပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းပညာရေးသာမက ကျောင်းပြင်ပပညာရေးဖြင့် ဟန်ချက်ညီညီ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့်  "Education for All" မှသည် "All for Education"  အဖြစ်သို့ ဆောင်ရွက်နိုင်ကြရေး အတွက်  ပညာရေးဝန်ကြီးဌာနအပါအဝင်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ   တာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နယ်စပ်ဒေသ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။  ။