ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ဆန်စပါးသည်  နှံစားသီးနှံများအနက်  စိုက်ပျိုးထုတ်လုပ်သုံးစွဲမှု  အများဆုံးသီးနှံဖြစ်ပြီး  ကမ္ဘာ့လူဦးရေ၏  သုံးပုံတစ်ပုံခန့်သည်  ဆန်စပါးကို အဓိကအစားအစာအဖြစ်  စားသုံးလျက်ရှိကြရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက်  အဓိကကျသောသီးနှံတစ်ခုဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်စပါးသည်  အဓိကစားသုံးသောသီးနှံဖြစ်ပြီး မြန်မာ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကာနှစ်စဉ် ဧက  ၁၇ သန်းကျော် စိုက်ပျိုးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  စီးပွားရေးဦးတည်ချက်များကို   ချမှတ်ရာတွင်  ‘‘တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက်    တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော   စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး”ကို ပထမဦးဆုံးဦးတည်ချက်အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူရသည့်အချိန်အတွင်း ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်တွင်းမှပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် MSME လုပ်ငန်း များကို အားပေးဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိဒေသအသီးသီးတွင်     ဒေသထွက်ကုန်များကို   အခြေခံသည့်ကုန်ထုတ်လုပ်ငန်း များဆောင်ရွက်ပြီး   ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်နိုင်သည့်   အလားအလာကောင်းများ  များစွာရှိသည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရွှေဘိုပေါ်ဆန်းစပါးသည်လည်း ပြည်တွင်း၊ ပြည်ပဈေးကွက်တွင်   ခိုင်မာစွာရပ်တည်နိုင်သည့် ဒေသတစ်ခုထုတ်ကုန်တစ်မျိုး One Region One Product (OROP) ထုတ်ကုန်အဖြစ်   သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းစပါး စတင်စိုက်ပျိုးမှုအနေဖြင့်  ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှ  တောင်သူတစ်ဦးသည်  ၁၉၉၇-၁၉၉၈ ခုနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး လေးပြည်ယူဆောင်ခဲ့ပြီး စမ်းသပ်စိုက်ပျိုးခဲ့ရာမှစတင်ခဲ့သည်။

 ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed )အဆင့်ရှိ ပေါ်ဆန်းဘေးကြား တင်း ၆၀  သယ်ယူ၍ ရွှေဘိုမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများနှင့်မျိုးပွားခြင်းများကို ဆောင်ရွက်ခဲ့ရာရွှေဘိုဒေသ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးဖြစ်ထွန်းမှုကောင်းမွန်ခြင်း၊  အထွက်နှုန်းကောင်းမွန်ခြင်း၊   ဆန်ထွက်ကောင်းခြင်းနှင့် စားသုံးမှုအရသာကောင်းမွန်ခြင်းတို့ကြောင့် လူကြိုက်များလာခဲ့ရာ တောင်သူအချင်းချင်းမျိုးဖလှယ်၍   စိုက်ပျိုးမှုများပြားလာခဲ့ပြီး ၂၀၀၆ - ၂၀၀၇ ခုနှစ်ခန့်မှစတင်၍ မန္တလေးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဟု နေရာရလာကာ လူကြိုက်များလာခဲ့သည်။

ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏  ထူးခြားကောင်းမွန်သည့်  လက္ခဏာများသည် ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီးဆန်အရည်အသွေးနှင့်ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံ့မွှေးပြီးနူးညံ့သဖြင့်  စားကောင်းသည့်ဆန်ဖြစ်ခြင်းတို့ကြောင့် ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော   အပြည်ပြည်ဆိုင်ရာ   ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice) ” အဖြစ် ရွေးချယ်ခံခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၏   ၂၀၂၃ - ၂၀၂၄ ခုနှစ် စပါးစိုက်ဧရိယာ ၁၈  သိန်းအနက် ရွှေဘိုပေါ်ဆန်း ၃၅၆,၈၄၂ ဧက စိုက်ပျိုးခဲ့သဖြင့် တိုင်းဒေသကြီး၏ ၂၀   ရာခိုင်နှုန်းခန့်   စိုက်ပျိုးလျက်ရှိသည်။  တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးမှုအနေဖြင့် ရွှေဘိုခရိုင်၌ ၂၁၈,၃၄၄ ဧက၊ရေဦးခရိုင်၌ ၁၁၁,၈၉၀ ဧက၊ ကန့်ဘလူခရိုင်၌၂၂,၇၄၅ ဧကစိုက်ပျိုးပြီး ကလေးခရိုင်၊ ကသာခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်တို့တွင် အနည်းငယ်စီစိုက်ပျိုးကြသည်။ တစ်ဧက ပျမ်းမျှအထွက်နှုန်း အနေဖြင့် ၈၁  တင်းနှုန်းထွက်ရှိခဲ့ပြီး   စိုက်ပျိုးထုတ်လုပ်မှု  ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျကြောင်းသိရသည်။

ရွှေဘိုပေါ်ဆန်းဈေးကွက်ရရှိမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချခဲ့ရပြီး ယခုလက်ရှိတွင် ရွှေဘိုပေါ်ဆန်းဆန်ဈေးကွက်သည် တဖြည်းဖြည်းကျယ်ပြန့်လာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီးများအပြင် တောင်ပေါ်ဒေသများဖြစ်သည့်ရှမ်း၊ ကယား၊ ကရင် စသည့်ဒေသများတွင်လည်း ဈေးကွက်ရရှိပြီး ဝယ်လိုအားကောင်းသည့် ထွက်ကုန်တစ်ခုဖြစ်သည်။

ထိုသို့   ဈေးကွက်ကောင်းမွန်၍   ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသည့်  ရွှေဘိုပေါ်ဆန်းစပါးအားဈေးကွက်ဝင်အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် ဈေးကွက်ခိုင်မာစေရေးအတွက်  ရွှေဘိုပေါ်ဆန်းစပါးဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိသည့်  ဆန်စက်လုပ်ငန်းရှင်များသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ဆန်စက်များမှ အဆင့်မြင့်နည်းပညာများဖြင့်ကြိတ်ခွဲပြီး ဆန်အရောင်ရွေးစက်များဖြင့် သန့်စင်၍ပထမတန်းစားဆန်အဖြစ်   ဈေးကွက်သို့တင်ပို့ရောင်းချပါက ပြည်တွင်း ၊ ပြည်ပဈေးကွက် ခိုင်မာစွာရရှိနိုင်မည့် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းအား မြန်မာနိုင်ငံ၏ ပထမဆုံး ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း Geographical Indication (GI)  ရရှိရေးအတွက်    ဌာနဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်  ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ရွှေဘိုပေါ်ဆန်း GI ရရှိပါက အဆိုပါ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့ရောင်းချမှု ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊   ဆန်ကုန်သည်ကြီးများအားလုံးအတွက်  အကျိုးကျေးဇူးများစွာ  ရရှိလာသဖြင့်  ရွှေဘိုပေါ်ဆန်း  စိုက်ပျိုးထုတ်လုပ်သည့် ကွင်းဆက်တစ်ခုလုံးအတွက် အကျိုးအမြတ်ရရှိစေပြီးဒေသ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည့်အပြင် ဈေးကွက်အနေဖြင့်လည်း လက်ရှိတင်ပို့နေသည့် အရှေ့တောင်အာရှနိုင်ငံများသာမကဥရောပဈေးကွက်နှင့် အနောက်နိုင်ငံ ဈေးကွက်များ သို့ပါတင်ပို့နိုင်မည့် အလားအလာများရရှိနိုင်သဖြင့် မြန်မာ့ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းအား ဒေသတစ်ခုထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးအတွက် ရွှေဘိုပေါ်ဆန်း ဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိသော ဆန်စက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူများ အချိတ်အဆက်မိစွာ ရွှေဘိုပေါ်ဆန်းစပါး အရည်အသွေးကိုစနစ်တကျထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဈေးကွက်ခိုင်မာစေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ ၊ ဆန်ကုန်သည်များအချင်းချင်းညှိနှိုင်းချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချခြင်း၊ ကြိတ်ခွဲတင်ပို့ရောင်းချရာတွင်လည်း အရည်အသွေးကောင်းသည့် ဆန်များရရှိစေရေး၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများအသုံးပြုစိုက်ပျိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကာ အမျိုးသားပို့ကုန်မဟာဗျူဟာရည်မှန်းချက်အရ မြန်မာ့ဆန်စပါးတိုးတက်ထုတ်လုပ်ပြီး  ပို့ကုန်တိုးမြှင့်ရန်နှင့်   နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း  ရေးသားတင်ပြအပ်ပါသည်။    ။

Source: https://myawady.net.mm/stories

 

ဒေါက်တာတင်မာမာဦး

လွန်ခဲ့သောရက်သတ္တပတ်များက ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် Artificial Intelligence (AI) Action Summit သည် AI နှင့်စပ်လျဉ်း၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြားတွင် စိတ်ဝမ်းကွဲမှု ကြီးထွားလာခြင်းကို မီးမောင်းထိုးပြခဲ့သည်။ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံလုံးသည် လျင်မြန်သောတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို နှစ်သက်ကြသည်။ သို့သော် တရုတ်နိုင်ငံသည် အစိုးရ ကျောထောက်နောက်ခံပြု AI စမ်းသပ်မှုများကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်နေချိန်တွင် အမေရိကန် အနေဖြင့် ပုဂ္ဂလိကကဏ္ဍကို ပွဲထုတ်ရန် ကြိုးပမ်းနေသည်။ ဥရောပသည် ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် ပိုမိုသတိထားရမည့်လမ်းကြောင်းကိုရှာဖွေနေသည်။ အိန္ဒိယသည် အန္တရာယ် များကို သတိပြုမိသော်လည်း အလယ်အလတ်လမ်းစဉ်ကို ကိုင်စွဲလျက် AI ၏ အကျိုးကျေးဇူးများကို အားလုံးရရှိစေရန် “ကမ္ဘာ့စုပေါင်းကြိုးပမ်းအားထုတ်မှု” ကို ထောက်ခံအားပေးလျက်ရှိသည်။

ဤကွဲပြားသောချဉ်းကပ်မှုများသည် ကြီးထွားလာသော ဘက်စုံကမ္ဘာကြီးရှိ အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုဖြင့်ပုံဖော်ထားပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အရေးပါသော သက်ရောက်မှုရှိမည်ဖြစ်သည်။ အဓိကစဉ်းစားရန်အချက်မှာ AI စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ ကွဲပြားသောအမြင်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဝိရောဓိဖြစ်နေသလော သို့မဟုတ် နိုင်ငံတကာလုံခြုံရေးကို အာမခံပြီး အမျိုးသားအကျိုးစီးပွားများကို တိုးတက်အောင် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည်လောဟူသည့် မေးခွန်းဖြစ်သည်။

အင်အားကြီးနိုင်ငံများအား ချဉ်းကပ်လေ့လာမှု

ထိပ်သီးအစည်းအဝေးတွင် မီးမောင်းထိုးပြထားသည့်ချဉ်းကပ်မှုတစ်ခုမှာ အင်အားကြီးတို့၏ ပြိုင်ဆိုင်မှုရှုထောင့်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က AI ၏ အရေးပါမှုကို ဤသို့ အလေးပေးပြောကြားခဲ့သည်-  “Artificial Intelligence သည် ရုရှားနိုင်ငံအတွက်သာမက လူသားအားလုံးအတွက်ပါ အနာဂတ်ဖြစ်သည် xxxxx ဤ (AI) နယ်ပယ်တွင် ခေါင်းဆောင်ဖြစ်လာသူသည် လောကကို အုပ်စိုးသူ ဖြစ်လာလိမ့်မည် xxxxx” ရှစ်နှစ်ကြာပြီးနောက်တွင် AI ထိပ်တန်းနိုင်ငံများ၏ မဟာဗျူဟာမြောက် အရေးပါမှုမှာ အဆမတန်ကြီးထွားလာခဲ့သည်။ ယနေ့ခေတ်တွင် ၂၁ ရာစု AI လက်နက်ပြိုင်ပွဲကို မိမိတို့ မြင်တွေ့ နေရသည်။             

အမေရိကန်နိုင်ငံတွင် မကြာသေးမီက တာဝန်ယူခဲ့ကြသည့်အစိုးရများသည် AI ကို စိတ်အားထက်သန်စွာအသုံးပြုရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းထားသည်။ ထိပ်သီးအစည်းအဝေး တွင် အမေရိကန် ဒုတိယသမ္မတ J.D. Vance က ဥရောပ၏ တင်းကြပ်သောစည်းမျဉ်းများကို ဝေဖန်ခဲ့ပြီး အလွန်အကျွံကြီးကြပ်မှုသည် ဆန်းသစ်တီထွင်မှုကို အဟန့်အတားဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်းသည် AI တွင် လျင်မြန်ပြီး အထိန်းအကွပ်မဲ့ တိုးတက်မှုအတွက် အမေရိကန်၏ ကတိကဝတ်ကို ထင်ဟပ်စေသည့် “all gas, no brakes” ဟူသည့် အစိုးရသစ်၏ အလုံးစုံဗျူဟာ သစ်ကို ယခင်က ဖော်ပြခဲ့ဖူးသည်။             

မကြာသေးမီက Trump အစိုးရအဖွဲ့၏ အမိန့်သည် ဆန်းသစ်တီထွင်မှုကို အဟန့်အတား ဖြစ်စေသည်ဟုယူဆသော ယခင်မူဝါဒများကို ရုပ်သိမ်းလိုက်ပြီး စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေးကို အဓိကထားကာ အမေရိကန် AI ခေါင်းဆောင်မှုကို ဆက်လက်ထိန်းထားရန် ရက်ပေါင်း ၁၈၀ အတွင်း လုပ်ဆောင်ချက်အစီအစဉ်ကို ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် အမေရိကန်သည် OpenAI ၊ SoftBank နှင့် Oracle တို့ပါဝင်သော ဖက်စပ်လုပ်ငန်းဖြစ်သည့် "Stargate" ပရောဂျက်တွင် AI အခြေခံအဆောက်အအုံအတွက် ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။ AI စွမ်းရည်ကိုမြှင့်တင်ရန်နှင့် အဆိုပါနယ်ပယ်တွင် အမေရိကန်ခေါင်းဆောင်မှုကို လုံခြုံစေရန် နိုင်ငံတစ်ဝှမ်း ဒေတာစင်တာများဆောက်လုပ်ရန် ကနဦးစီစဉ်ထားပြီး တက္ကဆက်တွင် စတင် ဆောင်ရွက်လျက်ရှိသည်။             

အမေရိကန်သည် AI ဖွံ့ဖြိုးတိုးတက်မှု၏ အချို့သောကဏ္ဍများကို ကန့်သတ်ချက်များအား ဖြေလျှော့ရန် မကြာသေးမီက ကြိုးပမ်းခဲ့သည့်အပြင် AI ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ဇာတ်ခုံတွင် ဝင်ရောက်ပြိုင်ဆိုင်မှုပြုရမည်ဟူသည့် မူဝါဒအပေါ်၌ တသမတ်တည်းရပ်တည်လျက်ရှိနေပါသည်။ အဆိုပါရပ်တည်ချက်အတွက် အစောပိုင်းလှုပ်ရှားမှုများထဲမှ တစ်ခုမှာ တရုတ်နည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချကာ ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို အားကောင်းလာ စေရန် ကြီးမားသောရန်ပုံငွေ ခွဲဝေပေးသည့် 2022 CHIPS and Science ဥပဒေဖြစ်သည်။ ယင်းဥပဒေတွင် AI ဖွံ့ဖြိုးတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်သည့် အဆင့်မြင့်တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအတွက် အမေရိကန်ထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံစေရန်ရည်ရွယ်သည့် ဖီးနစ်နှင့် အရီဇိုးနားတို့တွင် ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တည်ထောင်ရာတွင် ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြုပ်နှံမှုပါဝင်သည်။ လက်ရှိတွင် ထိုင်ဝမ်သည် ကမ္ဘာ့အဆန်းပြားဆုံးချစ်ပ်များ၏ ၉၀% ကျော်ကို ထုတ်လုပ်နေပြီး အထူးသဖြင့် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကိုကျူးကျော်မည်ဟု တရုတ်၏ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ AI နှင့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ အတွက် စိုးရိမ်ဖွယ်ဖြစ်နေသည်။             

Biden အစိုးရသည် တရုတ်နိုင်ငံ၏ AI တိုးတက်မှုကို ဟန့်တားရန်အတွက် တင်းကြပ်သော ပို့ကုန်ထိန်းချုပ်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။ AI ချစ်ပ်များ၊ cloud ဝန်ဆောင်မှုများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ပစ္စည်းများအပါအဝင် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ များအသုံးပြုခွင့်ကိုကန့်သတ်ရန် အမေရိကန်ကုန်သွယ်ရေးဌာန၏ စက်မှုနှင့်လုံခြုံရေးဗျူရိုမှ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီအမံများသည် တရုတ်နိုင်ငံ၏ စစ်ရေးနှင့် ထောက်လှမ်းရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် အရေးကြီးသော AI နည်းပညာများ လွှဲပြောင်းခြင်းကို တားဆီး ခြင်းဖြင့် အမေရိကန်၏အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။             

သို့သော် အဆိုပါကန့်သတ်ချက်များရှိနေသော်လည်း တရုတ်နိုင်ငံ၏ AI ကဏ္ဍသည် ခံနိုင်ရည်ရှိမှုနှင့် ဆန်းသစ်တီထွင်မှုများကို ပြသနိုင်ခဲ့ကြောင်း သတိပြုသင့်ပေသည်။ တရုတ်၏ AI လုပ်ငန်းသစ်တစ်ခုဖြစ်သော DeepSeek သည် အဆင့်မြင့် AI မော်ဒယ်ကို တီထွင်ဖန်တီး၍ သိသာစွာ နည်းပါးသောကုန်ကျစရိတ်ဖြင့် လည်ပတ်ကာ အမေရိကန်နှင့်မိတ်ဖက်များကို တုန်လှုပ် ချောက်ချားစေခဲ့သည်။ ကာကွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အပါအဝင် အရေးကြီးသောကဏ္ဍများတွင် နည်းပညာသာလွန်မှုကိုထိန်းသိမ်းရန် အမေရိကန်၏ဆောင်ရွက် ချက်များကို ကျော်လွန်နိုင်ချေရှိသည့် တရုတ်နိုင်ငံ၏အရှိန်အဟုန်မြှင့် AI စွမ်းရည်များကို အသားပေး ခဲ့ခြင်းကြောင့်အဆိုပါအောင်မြင်မှုသည် အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။             

နောက်ဆုံးတွင် အမေရိကန်နှင့် ယူကေတို့သည် AI စီမံအုပ်ချုပ်မှုဆိုင်ရာတွင် လက်ရှောင်ရန် အချင်းချင်းညှိခဲ့ကြပြီး ထိပ်သီးအစည်းအဝေး၏ နောက်ဆုံးကြေညာချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။ စျေးကွက်က လိုလားနေသည်မှာ ရှင်းနေသော်လည်း အမေရိကန်သည် AI မူဝါဒ များကို အခြေအတင် ဆွေးနွေးနေဆဲဖြစ်ပြီး အမေရိကန်၏အကျိုးစီးပွားကို ကာကွယ်ပေးမည့် ဥပဒေများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းတည်ဆောက်ရန်အတွက် လွှတ်တော်တွင် ခိုင်မာသော အခြေအတင် ဆွေးနွေးမှုများမှတစ်ဆင့် ပုံဖော်သင့်ပေသည်။ 

ဥရောပ၏ သတိထားချဉ်းကပ်မှု             

ထိပ်သီးအစည်းအဝေးတွင် ပြင်သစ်သမ္မတ Emmanuel Macron က “နည်းပညာဆိုင်ရာ ကြိုးနီစနစ်ကို ဖြတ်တောက်ရန်” ကတိပြုခဲ့သော်လည်း ဥရောပမှ ချဉ်းကပ်မှုအလုံးစုံသည် သတိထား နေဆဲဖြစ်သည်။ နည်းပညာကဏ္ဍကို ပစ်မှတ်ထားသည့် ထိန်းချုပ်မှုများပြီးနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ဥရောပသမဂ္ဂ၏ Artificial Intelligence ဥပဒေသည် AI အတွက် ကမ္ဘာ့ပထမဆုံး ပြည့်စုံသောဥပဒေမူဘောင်ကို ကိုယ်စားပြုပါသည်။ ၎င်းတွင် AI application များအား အန္တရာယ်အမျိုးအစားခွဲခြားမှုကို- “လက်မခံနိုင်သော၊ မြင့်မားသော၊ အကန့်အသတ်နှင့် အနည်းဆုံး” စသဖြင့် အဆင့်သတ်မှတ်ခွဲခြားထားသည်။ အန္တရာယ်မြင့်မားသော application များ ပေါ်တွင် တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး စီးပွားဖြစ်အဆင့်မြင့်လက်နက်များ တီထွင် ထုတ်လုပ်နိုင်မှုများအတွက် သက်ရောက်မှုရှိသောအန္တရာယ်များအပါအဝင် လက်မခံနိုင်ဟု ယူဆရမှု များအားလုံးကို လုံးဝပိတ်ပင်ထားသည်။ AI စနစ်များသည် အခြေခံအခွင့်အရေးများနှင့် ဘေးကင်းရေး စံနှုန်းများကို လိုက်နာကြောင်းသေချာစေရန် ဒေတာအရည်အသွေးစံနှုန်းများ၊ ပွင့်လင်းမြင်သာမှု၊ လူကိုယ်တိုင်ကြီးကြပ်မှုနှင့် တာဝန်ခံမှုဆိုင်ရာအစီအမံများ အပါအဝင် တင်းကြပ်သောပြဋ္ဌာန်းချက် အချို့ကို ဥပဒေတွင် ပြဋ္ဌာန်းထားသည်။             

EU သည် AI စနစ်များတွင် ဆိုက်ဘာလုံခြုံရေးကို အားကောင်းစေရန် ဆိုက်ဘာဥပဒေ အပြင် ပွင့်လင်းမြင်သာမှု၊ အကြောင်းအရာပိုင်းဖြတ်မှုနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် တရား မျှတသောယှဉ်ပြိုင်မှုတို့ကို မြှင့်တင်ရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဥပဒေနှင့် ဒစ်ဂျစ်တယ် စျေးကွက်များဥပဒေတို့အပါအဝင် AI နှင့် ပိုမိုကျယ်ပြန့်သော နည်းပညာကဏ္ဍအတွက် သက်ရောက်မှု ရှိသော အခြားသောအဓိကကျသည့် စည်းမျဉ်းများကိုလည်း ပြဋ္ဌာန်းခဲ့သည်။             

ဤသတိထားရမည့်ချဉ်းကပ်မှုကို နိုင်ငံအများအပြားက သဘောတူမျှခဲ့ကြပြီး ၇၉ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်ကျင်းပသည့် ၂၀၂၄ ခုနှစ် ကုလသမဂ္ဂအနာဂတ်ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ပဓာနကျသောအချက်ဖြစ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးအတွင်း ကမ္ဘာ့ ခေါင်းဆောင်များသည် AI ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်စပ်လျဉ်းသည့် ပထမဆုံးကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် Global Digital Compact ပါ၀င်သည့် အနာဂတ်အတွက် သဘော တူညီချက်ကို အတည်ပြုခဲ့သည်။ သဘောတူညီချက်သည် AI ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုတွင် တာဝန်ခံမှုရှိစေမည့် မူဘောင်များအတွက် လှုံ့ဆော်ပေးသည့် "AI အသုံးပြုမှုဆိုင်ရာကျင့်ဝတ်" ကို အလေးပေး ဖော်ပြထားသည်။ ထိပ်သီးအစည်းအဝေးအတွင်း မီးမောင်းထိုးပြထားသည့် စိုးရိမ် ပူပန်မှုများမှာ လူမှုမငြိမ်မသက်မှုများကို ပိုမိုဆိုးရွားလာစေနိုင်သည့် AI ၏ အလားအလာများကို ဖော်ပြထားပြီး အဆိုပါအချက်များတွင် လူ့အခွင့်အရေးကို ချိုးဖောက်ကာ လုပ်သားစျေးကွက်ကို ထိခိုက်စေခြင်း၊ ကမ္ဘာတဝှမ်းရှိ အကြမ်းဖက်ပဋိပက္ခများနှင့် ဆက်နွှယ်နေသည့် ပြဿနာအားလုံး စသည်တို့ ပါဝင်သည်။             

ပဲရစ်တွင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က AI သည် ၎င်း၏ ရည်ရွယ်ချက်များ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးအခွင့်အလမ်းများကိုဖွင့်လှစ်ရန် ဆောင်ရွက်ပေး နိုင်ကြောင်း သေချာစေရန် အုပ်ချုပ်မှုမူဘောင်များ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ချဉ်းကပ်မှုပုံစံသည် ဆန်းသစ်တီထွင်မှုနှင့်ကြီးကြပ်မှုကို မျှတစေပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးတို့တွင် အားလုံးပါဝင်နိုင်သော တိုးတက်မှုအတွက် AI ကို မောင်းနှင်အားတစ်ခုအဖြစ် အသုံးပြုရန်ဖြစ်သည်။ အလားတူ အာဖရိက သမဂ္ဂသည် စွန့်စားမှုများကို လျော့နည်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် AI ကို အသုံးချရန် အာဖရိကတိုက်လုံးဆိုင်ရာ AI မဟာဗျူဟာ (Continental Artificial Intelligence Strategy) ကို ကျင့်သုံးရေး ထောက်ခံအားပေးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပုံဖော်ခြင်း            

 ဂရိသမိုင်းပညာရှင် Thucydides က “အားကြီးသူများသည် ၎င်းတို့ ထိုးနှက်နိုင်စွမ်းရှိသမျှ ထိုးနှက်ကြပြီး အားနည်းသူများမှာ ခံစားရန်ရှိသမျှ ခံစားကြရသည်” (တူဖြစ်လျှင်နှံ၊ ပေဖြစ်လျှင်ခံ) ဟု ဆိုခဲ့လေသည်။ ယခင်က နည်းပညာဆိုင်ရာ တော်လှန်ရေးများကဲ့သို့ပင် AI ပြိုင်ပွဲသည် အရင်းအမြစ်များနှင့် ဗျူဟာမြောက်ကြီးစိုးလိုစိတ်ရှိသူတို့က ပုံဖော်ကြမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမရှိပါက AI သည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက် နိုင်သည့် အင်အားစုတစ်ရပ် ဖြစ်လာနိုင်သည်။             

အန္တရာယ်ရှိနည်းပညာများကို အရှိန်အဟုန်ဖြင့် အရှိန်မြှင့်တင်ခြင်းသည် နျူကလီးယား မတည်ငြိမ်မှု သို့မဟုတ် နိုင်ငံဖြတ်ကျော်အကြမ်းဖက်မှုတို့ကဲ့သို့ပင် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုတစ်ခု မျှသာ မကပေ။ ၎င်းသည် မကြုံစဖူးသော အရှိန်အဟုန်ဖြင့် အခြားခြိမ်းခြောက်မှုအားလုံးကို ပိုမို ဆိုးရွားအောင် လုပ်နိုင်စွမ်းရှိသော လောင်စာတစ်ခုပင်ဖြစ်သည်။ ဤအခင်းအကျင်းတွင် AI သည် ယင်း၏ဆိုးကျိုးဆက်များကို ကမ္ဘာကြီးက ထိန်းချုပ်ဖြေရှင်းကိုင်တွယ်နိုင်စွမ်းထက်ကျော်လွန်၍ ပိုမို လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် အဆင့်အမြင့်ဆုံး အင်အားဆပွားစွမ်းအင်တစ်မျိုးဖြစ်လာသည်။             

ပါရီထိပ်သီးအစည်းအဝေးက ကမ္ဘာ့ချဉ်းကပ်မှုများအကြား သိသာစွာကွဲလွဲမှုများ (အမေရိကန်နှင့် တရုတ်တို့က ဦးဆောင်ထားသည့် AI လွှမ်းမိုးမှုအတွက် အထိန်းအကွပ်မဲ့ ပြိုင်ဆိုင်မှုနှင့် ဥရောပကဦးဆောင်ပြီး ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းပေါင်းစုံမှ ကျောထောက် နောက်ခံပြုထားသည့် သတိထား၍ နည်းလမ်းတကျသွားလိုသည့်လမ်းကြောင်း) ကို အလေးပေး ဖော်ပြခဲ့သည်။             

သမိုင်းအစဉ်အလာရှိခဲ့သည့်အတိုင်း အဆိုပါချဉ်းကပ်မှုများသည် အပြန်အလှန်ဖယ်ထုတ် နေကြမည်တော့မဟုတ်ပါ။ စစ်အေးတိုက်ပွဲကို နျူကလီးယားလက်နက်တပ်ဆင်မှုပြိုင်ပွဲဟု သတ်မှတ် ခဲ့သကဲ့သို့ တစ်ချိန်တည်းမှာပင် လက်နက်ထိန်းချုပ်ရေးစာချုပ်များနှင့် အဟန့်အတားနည်းဗျူဟာ များကို တပြိုင်နက်တည်း ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် AI ခေတ်တွင်လည်း ချဉ်းကပ်မှုနှစ်မျိုး လိုအပ်မည်ဖြစ်သည်။ ဦးဆောင်နိုင်ငံများသည် မဟာဗျူဟာမြောက်အားသာချက်များ ရရှိရန်အတွက် AI ကို မလွဲမသွေတွန်းအားပေးရန် ကြိုးပမ်းနေကြသော်လည်း တပြိုင်နက်တည်းမှာပင် ကပ်ဘေး ဆိုးကျိုးများကိုကာကွယ်ရန် ခိုင်မာသောအုပ်ချုပ်မှုမူဘောင်များ အရေးတကြီးလိုအပ်ပါသည်။ အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်များနှင့် မဟာဗျူဟာမြောက် တည်ငြိမ်ရေးဆွေးနွေးပွဲများဖြင့် အဏုမြူခေတ်၏ အဆိုးရွားဆုံးလွန်ကဲမှုများကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သလိုပင် AI အုပ်ချုပ်မှုမူဘောင်သည် မဟာဗျူဟာအကျိုးစီးပွားများကို ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုနှင့် ချိန်ခွင်လျှာညှိရန် ကြိုးပမ်းရမည်ဖြစ်ပေသည်။             

အမေရိကန်သည် AI ကဏ္ဍတွင် ပြိုင်ဘက်ကင်းသော ဆန်းသစ်တီထွင်မှုနှင့် စက်မှုစွမ်းအား တို့ဖြင့် ဦးဆောင်သင့်သည်။ သို့သော် ကောင်းမွန်သောမူဝါဒများဖြင့် အမေရိကန်၏ အကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းမပြုနိုင်ကြောင်း သေချာစေရန် အကာအကွယ်ပေးသင့်သည်။ ပရပ်ရှားစစ်ရေးသုတေသီ Clausewitz က “စစ်ပွဲ၏သွင်ပြင်လက္ခဏာသည် ပြောင်းလဲတတ်သော်လည်း ၎င်း၏သဘော သဘာဝမှာ ပုံသေရှိနေသည်” ဟု ဆိုခဲ့လေသည်။ AI နှင့်ပတ်သက်၍ များစွာမသိရသေးသော်လည်း သေချာသည်မှာ အန္တရာယ်ကောင်များသည် ၎င်းကိုအသုံးချကာ အကြမ်းဖက်မှုများ ဆောင်ရွက်မည် သာပင်။ ထို့အပြင် ပြည့်စုံလုံလောက်သော ကာကွယ်မှုများမရှိပါက  ကြိုတင်မျှော်မှန်းမထားသည့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမည်ဖြစ်ပေသည်။

(USIP Website တွင် ဖော်ပြထားသည့် စာရေးသူ Andrew Cheatham ၏ “AI at a Geopolitical Crossroads: The Tension Between Acceleration and Regulation” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။)

ဘာသာပြန်ဆိုသူ-ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Andrew Cheatham Senior Advisor, USIP

ကောက်ပဲသီးနှံများ လှိုင်လှိုင်ပေါ်ချိန်တွင် တောင်သူများဈေးနှိမ်ခံနေရခြင်းက အစဉ်အလာသဘောဖြစ်နေခြင်းသည် ငြင်း၍မရသော ပကတိအရှိတရား ဖြစ်နေပါသည်။ တောသူတောင်သားဘဝ အမြဲတမ်းလိုလို ငွေကြေးလိုအပ်ချက်ဖြစ်ပေါ်နေ၍ ပေါ်ပေါ်ချင်းရောင်းချလိုက်ရသကဲ့သို့ သီးနှံများအား အဆင့်မြင့်တာရှည်ခံ နည်းပညာနှင့် စက်ကိရိယာများမရှိ၍ ရောင်းချနေခြင်းက တောင်သူအများစု ကြုံတွေ့နေရခြင်းလည်းဖြစ်ပေသည်။

စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် အရင်းကျေ အမြတ်အနည်းငယ်ရရှိနိုင်ရေး နေဝင်မိုးချုပ် တစ်အိမ်သားလုံး လုပ်ကိုင်နေကြရသော်လည်း ပွဲစား၊ ကုန်သည်များကတော့ စားသုံးသူကို မငဲ့ကွက်၊ သူတို့အတွက် အရင်း၏ထက်ဝက်ခန့် အမြတ်မကျန်လျှင် တုတ်တုတ်မျှမလှုပ်ဟု ဆိုရလောက်အောင် ဖြစ်ပျက်နေသည့် အခြေအနေကို ကြားသိနေရပြန်သည်။

တောင်သူတွေ ဝင်ငွေတိုးဖို့

ခေတ်အဆက်ဆက် တောင်သူတွေဝင်ငွေတိုးဖို့၊ သူတို့၏လူမှုစီးပွားဘဝမြင့်မားဖို့ လုပ်ဆောင်ပေးလျက်ရှိရာ မျက်မှောက်ကာလတွင် အချို့သော တောင်သူများအနေဖြင့် လက်တွေ့အကျိုးခံစားနေရသည်ကို တွေ့ရှိနေရပါသည်။ ယင်းတောင်သူအများစုကိုကြည့်လျှင် သမဝါယမအသင်းသားများ အဖြစ်ပါဝင်ပြီး သမဝါယမအသင်းက စီစဉ်ဦးဆောင်၍ စုပေါင်းရောင်းဝယ်၊ စုပေါင်းလုပ်ဆောင်၊ စုပေါင်းစိုက်ပျိုးကြကာ အသင်းသားများအကျိုး ရှေးရှု၍ အသင်းပိုင်ရင်းနှီးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့ဖြင့် ခေတ်မီအဆင့်မြင့်သီးနှံတာရှည်ခံ အအေးခန်းသိုလှောင်ရုံများ တည်ဆောက်ကာ ဈေးကွက်ခိုင်မာမှုရှိသည့်အချိန်တွင် ဖြန့်ဖြူးရောင်းချခြင်းမျိုးကို ဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်း (၂) သင်း၏ အခြေအနေကို စာရေးသူလေ့လာ သိရှိရသလောက် မျှဝေပေးလိုပါသည်။

ယခင့်ယခင်က ဤအခြေအနေမျိုးမပေးသဖြင့် မည်သို့ပင်ကြိုးစားစိုက်ပျိုးစေကာမူ ဈေးကွက်ပျက်၍တစ်ဖုံ၊ ရာသီဥတုဖောက်ပြန်လို့တစ်မျိုး၊ သဘာဝဘေးကတစ်သွယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာက တစ်နည်းအမျိုးမျိုးအဖုံဖုံ ကြုံတွေ့ကြရ၍ တောင်သူတို့ ဒုက္ခအစုံကြုံခဲ့ရသော်လည်း နောင်တရားဒေသ အာလူးစိုက်တောင်သူများခမျာ ပစ္စက္ခဘဝရှင်သန်ရပ်တည်မှုက အောင်မြင်မှု အလီလီဆွတ်ခူးနေရသည့်ပမာ တွေ့နေရပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသတစ်ဝိုက်တွင် တစ်နိုင်ငံလုံး အာလူးစိုက်ဧက၏ သုံးပုံတစ်ပုံခန့်ဖြစ်သော စိုက်ဧက ၁၅၀၀၀ ကို စိုက်ပျိုးကာ အာလူးတန်ချိန် ၁၂၅,၀၀၀ ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် သုံးကြိမ် စိုက်ပျိုးကြခြင်းကြောင့် စားသုံးသူများထံ တစ်နှစ်ပတ်လုံး ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

အာလူးစိုက်ပျိုးသူတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ခေတ်မီအာလူးစိုက်ပျိုးမှုနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များရရှိရေးကို ရည်ရွယ်၍ စန္ဒာခမ်းနောင်တရား အာလူးအစု အဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် အသင်းသားတောင်သူ ၁,၅၃၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ၍ အာလူးအအေးခန်း စက်ရုံကို ၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်နိုင်ခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် Naung Ta Yar Potato Group Co.,Ltd. ကို ထူထောင်ခဲ့ကြပါသည်။

၁၇-၆-၂၀၂၂ ရက်နေ့တွင် နောင်တရားအာလူး စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းကို ဖွဲ့စည်းခဲ့ပြီး Naung Ta Yar Potato Group Co.,Ltd. ၏ အအေးခန်းစက်ရုံနှင့် ချိတ်ဆက်၍ အသင်းသားများ စိုက်ပျိုးထွက်ရှိသောအာလူးများကို သတ်မှတ်နှုန်းထားပေး၍ သိုလှောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် အာလူးတန် ၃၄၀၀ နှင့် ၂၀၂၃ ခုနှစ် ရာသီပေါ်ချိန် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ခန့် ဈေးကျချိန်တွင် တန်ချိန် ၄၈၀၀ ကို အအေးခန်းစက်ရုံတွင် သိုလှောင်ခဲ့ကြပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ ပေါက်ဈေးရောက်ရှိချိန်တွင် ဖြန့်ဖြူး ရောင်းချနိုင်ခဲ့ခြင်းကြောင့် အသင်းသားတောင်သူများ ဝင်ငွေပိုမိုတိုးမြှင့်ရရှိကာ ယင်းတို့၏ လူမှုစီးပွားဘဝမြင့်မားရေးကို များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဝမ်းမြောက်ဖွယ်

နောင်တရားအာလူးအစုအဖွဲ့ကုမ္ပဏီ (Naung Ta Yar Potato Group Co.,Ltd.)နှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့ အချိတ်အဆက်မိမိပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် နောင်တရားဒေသ အာလူးစိုက်တောင်သူများ အပြုံးပီတိဖုံးနေကြသည်က ဝမ်းမြောက်ဖွယ် ဖြစ်မိပါသည်။

နောင်တရားဒေသ၌ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်စသည့် နှစ်တိုသီးနှံများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲမှုများကြောင့် မြေဆီလွှာခန်းခြောက်ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကျဆင်းခြင်း၊ စားသုံးသူများ ကျန်းမာရေးလုံခြုံမှုမရှိခြင်းစသည့် ဆိုးကျိုးများ ခံစားနေကြရခြင်းကို ကျော်လွှားနိုင်ရေး၊ ဓာတုကင်းစင်နယ်မြေ ပြန်လည်ဖြစ်တည်လာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း၍ စားသုံးမှုလုံခြုံစေရေးတို့ကို ဦးတည်၍ ဆောင်ရွက်နိုင်ရန် အာလူးစိုက် တောင်သူများ တန်ဖိုးသင့်သဘာဝမြေဩဇာများ သုံးစွဲလာနိုင်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သန်း ၁၀၀၀ ထောက်ပံ့ကြေးငွေရယူ၍ နောင်တရား အားလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသည် သဘာဝမြေဩဇာစက်ရုံကြီးကို ၃၁-၃-၂၀၂၄ ရက်နေ့တွင် စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး အသင်းသားနှင့် အခြားတောင်သူများကို စက်ရုံထုတ် နောင်တရားသဘာဝမြေဩဇာများ ရောင်းချဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

အာလူးစိုက်ခင်းများတွင် သဘာဝမြေဩဇာများ အသုံးပြုလာခြင်းကြောင့် စားသုံးသူပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရပြည့်ဝသော အာလူးများကို စားသုံးနိုင်ကြတော့မည်လည်းဖြစ်ပါသည်။ နောင်တရားဒေသ အာလူးအပါအဝင် နှစ်တိုသီးနှံစိုက်ပျိုးနေကြသော တောင်သူများအနေဖြင့် သမဝါယမအသင်းသားများအဖြစ် ပါဝင်လျက်ရှိနေခြင်းကြောင့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြပြီး အသင်းသားအကျိုး အပြည့်အဝခံစားကြရခြင်းနှင့်အတူ သမဝါယမအသင်းကြီး၏ ရေရှည်စဉ်ဆက်မပြတ် အောင်မြင်မှုများ ရှိနေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ကုသိုလ်ရသည့်သီးနှံ

အာလူးကို လူတိုင်းစားသုံးကြလျက်ရှိရာ အသားများနှင့်ရော၍ ချက်ပြုတ်စားသောက်ကြသလို ကြော်၍တစ်မျိုး၊ ထောင်း၍တစ်ဖုံ၊ ပြုတ်-သုပ်၍တစ်ဖန် စားလေ့ရှိကြပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့် လူသားတို့၏ အာဟာရဖြစ်ရေးအတွက် ကုသိုလ်ရသည့်သီးနှံမျိုးကို စိုက်ပျိုးထုတ်လုပ်နေကြသည်ဟူ၍မှတ်ယူကာ ကုသိုလ်လည်းရ- ဝမ်းလည်းဝနေကြမည်ဖြစ်ပါသည်။

အာလူးစားသုံးခြင်းဖြင့် သွေးဖိအားကောင်းခြင်း၊ အရိုးနှင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ပါသည်။ အစာခြေစနစ်ကောင်းခြင်း၊ ပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း၊ အရေပြားကျန်းမာရေး ကောင်းမွန်ခြင်း၊ ခုခံစွမ်းအားကောင်းမွန်ခြင်းနှင့် ကင်ဆာရောဂါကာကွယ်မှုတွင် ကူညီပေးခြင်းစသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင်သည်ဟု သုတေသနမှတ်တမ်းများအရ သိရှိရပါသည်။ အာလူးစိုက်ပျိုးခြင်းသည် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူပြုနေသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း သမဝါယမစနစ်ပုံစံဖြင့် ဆောင်ရွက်နေခြင်းကြောင့် တစ်ဦးချင်းစီဝင်ငွေတိုးကာ နောင်တရားဒေသမှာလည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည်လည်း ဖြစ်ပါသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်း အာလူးလယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသည်လည်း အာလူးမျိုးကောင်းမျိုးသန့်များကို အအေးခန်းစနစ်ဖြင့် ထိန်းသိမ်းသိုလှောင်နိုင်ရန် အအေးခန်းစက်ရုံကို ၉-၅-၂၀၂၄ ရက်နေ့တွင် ဆင်ဖြူကျွန်းမြို့ မြောက်ချောင်းဖြူကျေးရွာတွင် တည်ဆောက်ခဲ့ကြ ပါသည်။

အဆိုပါသမဝါယမအသင်းမှာ အာလူးစိုက်တောင်သူ ၄၁ ဦးတို့က အစုရှယ်ယာထည့်ဝင် ငွေကျပ် သိန်း ၇၀၀၀၊ ခေတ္တချေးငွေကျပ်သိန်း ၇၆၀ နှင့် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သိန်း ၄၀၀၀ ရယူ၍ စုစုပေါင်းကျပ်သိန်း ၁၁,၇၆၀ ရင်းနှီးမတည်ခဲ့ကြပါသည်။ တစ်ချိန်ကဆိုလျှင် ဆင်ဖြူကျွန်းနယ်တစ်ဝိုက် အာလူးစိုက်တောင်သူများအနေဖြင့် ထွက်ရှိအာလူးနှင့် မျိုးတို့အတွက် ရည်မှန်း၍ ဟဲဟိုး၊ နောင်တရားနှင့် အောင်ပန်းမြို့တို့ရှိ အာလူးအအေးခန်းစက်ရုံများသို့ နယ်ခြားမြေခြားခရီးဝေးကွာစွာ သွားရောက်သိုလှောင်ခဲ့ကြရပါသည်။

ယခုကဲ့သို့ အအေးခန်းစက်ရုံ တည်ဆောက်နိုင်ခြင်းကြောင့် မိမိဒေသတွင်သာ အာလူးမျိုးများထားရှိ ရသည့်အတွက် လိုအပ်သည့်အချိန်တွင် အလွယ်တကူစိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ သယ်ယူရမည့်အချိန်နှင့် သယ်ယူစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေကြရပြီဖြစ်ပေသည်။ ဆင်ဖြူကျွန်းနယ်တစ်ဝိုက် အာလူးစိုက်တောင်သူများ ကိုယ်စီပြုံးပျော်နေကြသည်ဟု သိရပါသည်။

ဆင်ဖြူကျွန်းဒေသတွင် အာလူးစိုက်ဧက ၈၀၀ ခန့်ရှိကာ တစ်နှစ်လျှင် အာလူးတန်ချိန် ၈၀၀ ခန့် ထွက်ရှိပြီး ဒေသတွင်းနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါ သည်။ အအေးခန်းစက်ရုံမှာ အသင်းပိုင်ဖြစ်၍ အသင်းသားအာလူးစိုက်တောင်သူ၊ အခြား တောင်သူများနှင့် ငရုတ်စိုက်တောင်သူများ ထွက်ရှိသော အာလူးနှင့် ငရုတ်သီးနှံများကို သိုလှောင်ခပေး စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

အာလူးတစ်ပိသာလျှင် တစ်လသိုလှောင်ခ ငွေကျပ် ၉၀၊ တစ်တန်လျှင် တစ်လ ငွေကျပ် ၅၅၀၀၀ နှုန်း၊ ငရုတ်သီးတစ်ပိသာလျှင် တစ်လ ကျပ် ၂၀၀ နှုန်း သတ်မှတ်၍ လက်ခံဆောင်ရွက် လျက်ရှိရာ အာလူး ၁၂၆,၆၆၆ ပိဿာနှင့် ငရုတ်သီးပိဿာ ၁၃၆,၉၆၀ လက်ခံသိုလှောင်နိုင်ခဲ့သဖြင့် သိုလှောင်ခရဝင်ငွေကျပ် ၃၈၇ ဒသမ ၉၁၉ သိန်း ခန့် ရရှိလျက်ရှိသည်ဟု သိရပါသည်။

သို့ဆိုရာ အာလူးစိုက်ဒေသများတွင် အအေးခန်း စက်ရုံများ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် အာလူးမျိုးပွားတစ်သျှူးကာချာလုပ်ငန်းကို တိုးချဲ့အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းအောင်မြင်ပါက အာလူးစိုက်တောင်သူများ လိုအပ်နေသော အာလူးမျိုးများကို နိုင်ငံခြားမှ ဈေးကြီးပေးဝယ် တင်သွင်းနေရမှု ကင်းလွတ်ကာ ဒေသတွင်းရှိ အာလူးစိုက်တောင်သူများ ဈေးနှုန်းသက်သာစွာ မျိုးကောင်းမျိုးသန့်များ အလွယ်တကူဝယ်ယူရရှိပြီး စိုက်ပျိုးနိုင်တော့မည်ဖြစ်၍ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှုနှင့်အတူ လူမှုစီးပွားဘဝများလည်း မြင့်မားလာကြတော့မည် ဖြစ်ပါသည်။

ဈေးကွက်ချိုးနှိမ်မှုဒဏ်ကို ကျော်လွှား

သီးနှံပေါ်ချိန် ဈေးကွက်ချိုးနှိမ်မှုဒဏ်ကို ကျော်လွှားကာ ဈေးကောင်းရသည့်အချိန်တွင် သိုလှောင်သီးနှံများ ဖြန့်ဖြူးရောင်းချခြင်းကြောင့် ကျေးလက်နေတောင်သူများ ဝင်ငွေတိုးပွားရရှိလာ နိုင်တော့မည်ဖြစ်ပါသည်။ စိတ်ဆန္ဒတူ၊ လုပ်ငန်းတူသူများစုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းကာ လိုအပ်သော ခေတ်မီစက်ကိရိယာများ အသုံးပြုလာနိုင်ခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ခြင်း၊ ဒေသအကျိုးဖြစ်ထွန်းမှုနှင့် အသင်းသားတိုင်းကိုယ်စီ အမြတ်ဝေစုများ ရရှိခံစားနိုင်ခြင်း၊ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်ခြင်းစသည့် မွန်မြတ်ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြတော့မည်ဖြစ်ပါသည်။

သမဝါယမအသင်းပိုင် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလာနိုင်ခြင်းကြောင့် အရည်အသွေးကောင်းမွန်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော အော်ဂဲနစ်သီးနှံများကို စားသုံးရသည့် ပြည်သူများအတွက်လည်း ကျန်းမာရေးသုခနှင့် ပြည့်စုံလာနိုင်တော့မည် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဒေသအလိုက် သီးနှံမျိုးတူစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် သမဝါယမအသင်းဖွဲ့စည်းပြီး လိုအပ်သော သွင်းအားစုများကို အသင်းကိုယ်တိုင်ထုတ်လုပ်-တင်သွင်းခြင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် ခေတ်မီအဆင့်မြှင့် စက်ကိရိယာ၊ သီးနှံတာရှည်ခံ Cold Storage စက်ရုံများ တည်ဆောက်ခြင်း၊ စားသုံးသူပြည်သူများသို့ အသင်းအချင်းချင်း ချိတ်ဆက်၍ ရောင်းချဖြန့်ဖြူးခြင်း၊ လိုအပ်သော ရင်းနှီးထောက်ပံ့ငွေများအား နိုင်ငံတော်အစိုးရက ကူညီထောက်ပံ့ပေးခြင်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွားလာခြင်း၊ စားသုံးသူပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် ဝယ်ယူစားသုံးနိုင်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် သမဝါယမစီးပွားရေးစနစ်ဖြင့် အထောက်အကူပြုလာနိုင်ခြင်းစသည့် အကျိုး ဖြစ်ထွန်းမှုများရှိလာကာ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ စိုက်ပျိုးထုတ်လုပ်သူနှင့် စားသုံးသူပြည်သူအကြား ဈေးကွက်ခိုင်မာမှုနှင့် ဈေးနှုန်းထိန်းညှိမှုကို သမဝါယမအသင်းများက တတ်စွမ်းသမျှ ပေါင်းစပ်ကူညီဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါသည်။ ။

ကျမ်းကိုး။ ။ သမဝါယမဦးစီးဌာန၏ စာရင်းအချက်အလက်များ

Source: www.moi.gov.mm

 

K ဇင်သစ်(မန်းတက္ကသိုလ်)

“ပေါက်လဲပွင့်တုံ၊

 ဆူးပန်းငုံ၊

 မီးပုံယာဂုပွဲ”

 (ကင်းဝန်မင်းကြီး)

ပေါက်ပန်း၊ လဲပန်း၊ ဆူးပန်းတို့ ဖူးပွင့်ခဲ့လေပြီ။ ပြာသိုမှာ ခွာညိုပန်းတို့ သင်းရနံ့လှိုင်ခဲ့ကြသလို တပို့တွဲလအခါသမယတွင်လည်း ပေါက်၊ လဲ၊ ဆူးတို့ မြူးကြွစွာ ဖူးပွင့်ခဲ့လေပြီ။

မြန်မာ့အလှသဘာဝကို ဖော်ဆောင်

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီတွင် လတိုင်းလတိုင်းသည် အနက်အဓိပ္ပာယ်နှင့် မြန်မာ့အလှသဘာဝကို ဖော်ဆောင်ရင်း ဘာသာရေးကို အခြေခံသောပွဲတော်များကို လအလိုက် ဆင်ယင်ကျင်းပခဲ့ကြသည်။ တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည့်အတွက် အလွန်အေးချမ်းလှသည့် ထိုရာသီတွင် အအေးလွန်ကဲ၍ နှာရည်များပင်ကျသည့်အတွက် ရှေးစာဆိုတော်ကြီးများက “နှာရည်ယိုရွှဲ တပို့တွဲ”၊ “တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ” ဟု တင်စားရေးသားခဲ့ကြသည်။

တပို့တွဲလသည် နှင်းမှုန်၊ နှင်းစက်၊ နှင်းငွေ့များဖြင့် ရီဝေမှုန်ဝါးကာ အေးချမ်းသာယာပြီး လူတို့၏ နှလုံးဘဝင်ကို စိတ်ပျော်ရွှင်စေသော လလည်းဖြစ်ပါသည်။ တပို့တွဲလကို ပုဂံခေတ် ကျောက်စာများတွင် တပိုဒ်တွယ်၊ တပိုတွဲ၊ တပိုင်တွဲဟူ၍ အမျိုးမျိုးရေးသားခဲ့ကြပြီး မျက်မှောက်ခေတ်တွင် တပို့တွဲဟူ၍သာ ခေါ်ဝေါ်ခဲ့ကြသည်။

တပို့တွဲလ၏အမည်သည် ထိုရာသီတွင် ဖူးကြသီးကြသော ထန်းပင်ကို အကြောင်းပြု၍ ခေါ်ဝေါ်ခဲ့ကြောင်း စာပေများတွင် တွေ့ရပေသည်။ တပို့တွဲလတွင် ထန်းဖူးထန်းခိုင်တို့ကို အောက်သို့ တွဲလောင်းကျအောင် ပြုလုပ်၍ ထန်းရည်နင်းသည်ကို အစွဲပြုကာ တပို့တွဲလဟု တွင်လာကြကြောင်း စာဆိုများက ရေးသားခဲ့ကြသည်။ တပို့တွဲလနှင့် ပတ်သက်၍ စာဆိုဦးယာက “ပေါက်လဲ ငုံကင်း၊ ထန်းယဉ်နင်းသည်၊ နှင်းစီစီငယ်နှင့်လေး” ဟူ၍ ရာသီပန်းနှင့် အေးချမ်းသောအချိန်အခါ၊ ထန်းများဖူးသောလကို စာဆိုရှင်က မြင်သာအောင် ရေးပြခဲ့သည်။ ထို့အတူ ကျော်အောင်စံထား ဆရာတော်ကြီးကလည်း ဝေါဟာရတ္ထပကာသနီကျမ်းတွင် လယ်သမားများသည် လယ်ယာကိစ္စအချို့ပြီး၍ လယ်ယာလုပ်ကိရိယာများဖြစ်သော ထမ်းပိုးများကို ဆွဲထားလေ့ရှိသောကြောင့် ထမ်းပိုးဆွဲမှ တပို့တွဲလဟူသောစကားဖြစ်ပေါ်လာသည်ဟု မြန်မာဆန်ဆန် ကြံစည်ယူဆခဲ့ကြသည်ဟု ဆိုထားပြန်သည်။

မီးဖုန်းပွဲနှင့် ထမနဲပွဲများ

မြန်မာတို့၏ ၁၂ လရာသီတွင် ဘာသာရေးကို အခြေခံသော ကောင်းမှုပွဲတော်များကို ဆင်ယင်ကျင်းပခဲ့ကြရာ၌ တပို့တွဲလတွင်လည်း ရှေးမြန်မာမင်းများ လက်ထက်ကပင် အဓိပ္ပာယ်အနှစ်သာရ ပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့ကြရာ တပို့တွဲလတွင် ဘာသာရေးကို အခြေခံသော မီးအလှူပွဲ (ခေါ်) မီးဖုန်းပွဲနှင့် ထမနဲ (ထမင်းနှဲ) ပွဲများမှာ မြန်မာ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ထင်ရှားပါသည်။

တပို့တွဲလ၏ အချမ်းအအေးဒဏ်ကြောင့် သုံးလောကထွတ်ထား မြတ်စွာဘုရားကိုယ်တော်တိုင်ပင် တပို့တွဲလညများ၌ ဆီးနှင်းများ ပြင်းထန်စွာကျ၍ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသောကြောင့် ဓာတ်ကြီးလေးပါးမျှတစေရန် မီးအိုးကင်းတွင် ရွှေလက်တော်တင်ကာ မီးလှုံတော်မူခဲ့ကြောင်း မှတ်သားရသည်။ ဤသည်ကို အစွဲပြု၍ ရှေးမြန်မာတို့သည် တပို့တွဲလတွင် မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ) ကို ဆင်နွှဲခဲ့ကြသည်။

မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ) တွင် နံ့သာထင်းများဖြင့် မြတ်စွာဘုရားအား ပူဇော်ခဲ့ကြသည်။ မြန်မာနိုင်ငံ မန္တလေး၊ ရွှေဘိုစသည့် အထက်အညာဒေသရှိ အချို့အရပ်များတွင် တပို့တွဲလဆန်းရောက်ပါ က တောထဲသို့သွား၍ သနပ်ခါးထင်းများ ခုတ်ကာ နေပူလှန်းထားကြသည်။ တပို့တွဲလပြည့်နေ့ ရောက်သောအခါတွင် ခြောက်နေပြီဖြစ်သော နံ့သာထင်းများကို စေတီပုထိုး ရုပ်ပွားတော်များရှေ့တွင် စေတီသဏ္ဌာန်၊ ပြာသာဒ်သဏ္ဌာန် ပြုလုပ်၍ မီးပူဇော်ကာ မီးကုသိုလ်အလှူကို ပြုကြသည်။ တချို့အရပ်ဒေသတွင် ဘုရားပုထိုးစေတီသာမက သံဃာများကိုလည်းကောင်း၊ သက်ကြီးရွယ်အိုများကိုလည်းကောင်း နံ့သာထင်းများဖြင့် မီးအိုးကင်းလှူတတ်ကြသည်။

မီးကုသိုလ်ပြုပွဲနှင့်ပတ်သက်၍ မြင်းခွာရွာစား၏ရတုတွင် “ပေါက်လဲ ပွင့်လှိုင်၊ လနှင့်ပြိုင်က၊ ဘုန်းခိုင်မြတ်ဖျား၊ ကိုယ်တော်စားဟု၊ သုံးပါးရတနာ၊ ဖြတ်ရာရာဝယ်၊ သဒ္ဓါကြည်လင်၊ ပျော်မြူးရွှင်လျက်၊ သဘင်မီးပုံး၊ တပြုံးပြုံးသည်” ဟု ဖွဲ့ဆိုထားသည်။

ထို့အတူ စာဆို ဦးယာကလည်း “သုံးလူ့ချာကို၊ ရှိန်ဝါရောင်ညီး၊ မီးပုံး ပူဇော်၊ လှူတော်လှူမြဲ၊ ရာသီပွဲ” ဟုလည်းကောင်း၊ ဆီသည်ရွာစား ဦးအောင်ကြီးက “ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံးသဘင်၊ လှူကြီးရင်သည်၊ ချောင်ရင်နိဗ္ဗာန်ကျွန်းတည့်လေ”ဟူ၍လည်းကောင်း ဖွဲ့ဆိုခဲ့ကြ သည်။ ယခုအခါ နံ့သာထင်းများ ရှားပါးလာသည့်အတွက် မီးကုသိုလ်ပွဲ (မီးဖုန်းပွဲ) ပြုလုပ်သည့် အလေ့အထမှာ တစ်စတစ်စ ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး မီးဖုန်းပွဲအစား ထမနဲပွဲကိုသာ ကျင်းပခဲ့ကြပေ သည်။

ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာကျင်းပ

မြန်မာတို့သည် တပို့တွဲလရောက်တိုင်း နိုင်ငံတစ်ဝန်း မြို့ရွာကျေးလက်အနှံ့ အလှူရှင် တစ်ဦးချင်းမှသည် အများစုပေါင်း၍ ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ အလှူရှင်များက ထမနဲများကို ရဟန်းသံဃာ၊ လူပရိသတ်အပေါင်းကို လှူဒါန်းကျွေးမွေးကုသိုလ်ပြုသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့တစ်ရပ်ကို ဖော်ပြလျက်ရှိသည်။

တပို့တွဲလ အခါသမယသည် အလွန်အေး၍ အဆီခြောက်ခန်းချိန်ဖြစ်သည့်အတွက် ထိုလတွင် ဆီနိုင်သော အပူစာထမနဲကို သုံးဆောင်လျှင် အသားအရေ စိုပြည်၍ အပူဓာတ်ရလာနိုင်သည့် ရာသီကိုက်ဓာတ်စာဖြစ်ကြောင်း ဆေးကျမ်းများတွင် ရေးသားထားပါသည်။ ယနေ့ခေတ်တွင် ထမနဲဟုခေါ်ကြသော်လည်း ထမင်းနှဲဟူ၍ ရေးထုံးရှိသည်။ ကောက်ညှင်းကို နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်းစသည်တို့ဖြင့် စီမံပြုလုပ်ထားသော ချိုဆိမ့်မွှေးအရသာရှိသည့် မြန်မာ့အစားအစာ ဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲကော်များ၊ ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟု ခေါ်ဆိုကြောင်း သိရသည်။ အလားတူ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသဖြင့် နှမ်းမနဲဟုလည်း ခေါ်ဆိုကြပြန်သည်။

တပို့တွဲလတွင် ရှေးမြန်မာမင်းများ လက်ထက်ကပင် မီးဖုန်းပွဲနှင့်အတူ ထမနဲပွဲကို ကျင်းပခဲ့ကြသည်။ အစောဆုံးတွေ့ရသော ထမနဲပွဲမှာ ညောင်းရမ်း ခေတ်နောက်ပိုင်း (ဒုတိယအင်းဝခေတ်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စာပေကျမ်းဂန်များတွင် တွေ့ရှိရသည်။ ထမနဲထိုးရာတွင် ယောကျ်ားကြီးများ အားကောင်းမောင်းသန် ချွေးပြိုက်ပြိုက်ကျအောင် စည်းလုံးညီညွတ်စွာထိုးကြရသဖြင့် စည်းလုံးချစ်ခင်မှုနှင့်အတူ အေးမြသောရာသီကို အန်တုယှဉ်ပြိုင်ကာ  ထိုးကြရသဖြင့် ကျန်းမာရေးအတွက်လည်း ကောင်းမြတ်လှပေသည်။

တပို့တွဲလ၏ ထူးမြတ်ချက်မှာ မီးဖုန်းပွဲနှင့် ထမနဲပွဲတော်ကျင်းပခြင်းပင်ဖြစ်သည်။ ထိုပွဲတော်နှစ်ရပ်လုံးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်းကာ ပူဇော်သော အလှူပွဲများဖြစ်ရာ တပို့တွဲလအခါသမယသည် မြန်မာလူမျိုးတို့၏ ရိုးရာပွဲတော်များနှင့် အတူ ပျော်ရွှင်ကြည်နူးစရာ လတစ်လဖြစ်ပါတော့သည်။ ။

Source: www.moi.gov.mm

 

လွန်းပိုးအိမ်

ခရီးသွားခြင်းသည် အတွေ့အကြုံသစ်များကို ရရှိစေပြီး အတွေးအမြင်ကို တိုးတက်စေပါသည်။ ယဉ်ကျေးမှုအသစ်များကို ဖော်ထုတ်ပေးကာ မတူညီသောနောက်ခံများမှ လူအများနှင့် ချိတ်ဆက်ရန် ကူညီပေးသည်။ သမိုင်း၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို လက်တွေ့လေ့လာသင်ယူနိုင်သည်။ ထို့အပြင် ခရီးသွားခြင်းသည် အပန်းဖြေရန်၊ ဗဟုသုတရှာဖွေရန်နှင့် ရေရှည်တည်မြဲသော အမှတ်တရများကိုဖန်တီးရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ ခရီးစဉ်တစ်ခုသည် ကိုယ်ပိုင်တိုးတက်မှုနှင့် ရှာဖွေတွေ့ရှိမှုအတွက် အခွင့်အလမ်းဖြစ်သည်။ ခရီးသွားလာမှုပုံစံသည် ခေတ်အဆက်ဆက်ပြောင်းလဲလာပြီး ခေတ်မီလာသည့် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာသည်။ ခရီးသွားလုပ်ငန်းဟူသည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံးစီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးကို များစွာအထောက်အကူပြုလျက် မီးခိုးမထွက်သောစက်ရုံဟု တင်စားသတ်မှတ်ထားသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ အရေးပါမှု

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ ခိုင်မြဲရေးတို့ကို မြှင့်တင်ရာတွင် ဘက်စုံကဏ္ဍစုံမှ ခရီးသွားလုပ်ငန်းအခန်းကဏ္ဍကို အလေးပေး ဖော်ပြသည်။ COVID-19 ကူးစက်ရောဂါမတိုင်မီက ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင် နှုန်းနီးပါးရှိပြီး သန်းနှင့်ချီ၍ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုများ ဖန်တီးပေးခဲ့သည်။ ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေးကို ပံ့ပိုးပေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေသည်။ မြို့ပြနှင့် ကျေးလက်ဒေသများတွင်ရှိသည့် အမျိုးသမီးများ၊ လူငယ်များနှင့် ကျေးလက်နေပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်သည့်အပြင် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအရင်းအမြစ်များနှင့် အလှအပများကို ဖွင့်လှစ်ပြသနိုင်သည့် အခွင့်အလမ်းများလည်း ရရှိစေသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုကောင်းမွန်စေရေး စီမံခန့်ခွဲပေးနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်လျော်ညီသော ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးခဲ့ရ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID–19 Economic Relief Plan) အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့သည်။ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ခြောက်လရွှေ့ဆိုင်းပေးခြင်းအပြင် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်းလျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့သည်။ ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း လုပ်ကိုင်နေ သူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များ အောင်မြင်စေရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)”  ကို ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ကိုဗစ် - ၁၉ ကပ်ရောဂါပြန့်ပွားမှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်း ခရီးသွားလာမှုများ စတင်တိုးတက်လာသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာသည်။ မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ကာဗွန် ထုတ်လုပ်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အင်တာနက်အခြေခံဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးစသည့် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များကိုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် သွားလာလည်ပတ်နိုင်ရန်၊ ခရီးသွားများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာရရှိနိုင်အောင် စီစဉ်ပေးခြင်း၊ ခရီးသွားဧည့်သည်များ၏ ပြည်ဝင်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လွယ်ကူရှင်းလင်းစေခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ခဲ့သည်။

တာဝန်သိခရီးသွားအမူအကျင့်များ

ခရီးသွားလုပ်ငန်းသည် နိုင်ငံအများအပြားတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး ၎င်း၏အကျိုးကျေးဇူးများသည် စီးပွားရေးလုပ်ငန်းများထက် သာလွန်သည်။ ၎င်းသည်ယဉ်ကျေးမှုဖလှယ် ခြင်းကို အားပေးပြီး မတူကွဲပြားသော လူဦးရေများအကြား နားလည်မှုကို တိုးပွားစေသည်။ သို့သော် အထူးသဖြင့် ခရီးသွားလာမှုအပေါ် ကပ်ရောဂါ၏သက်ရောက်မှုကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေရှည်တည်တံ့မှုကို ဦးစားပေးသည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရန် အရေးကြီးပါသည်။ အမှိုက်နည်းစေရန်၊ ဒေသတွင်း စီးပွားရေးကို ပံ့ပိုးပေးခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကဲ့သို့သော တာဝန်သိခရီးသွားအမူအကျင့်များကို အားပေးအားမြှောက်ပြုရမည်ဖြစ်သည်။ တာဝန်ယူမှုရှိသော ခရီးသွားအမူအကျင့်သည် သွားရောက်လည်ပတ်သည့်နေရာများနှင့် တွေ့ဆုံမည့်သူများအပေါ် အကျိုးသက်ရောက်မှုရှိသည်။

ယဉ်ကျေးမှုကိုလေးစားမှုရှိခြင်း - ဒေသဆိုင်ရာဓလေ့ထုံးတမ်းများ၊ ရိုးရာဓလေ့များနှင့် ဘာသာစကားများကို လေ့လာပြီး လေးစားမှုရှိရပါမည်။ လူမှုအသိုင်းအဝိုင်းများနှင့် လေးစားစွာ ဆက်ဆံရပါမည်။

ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုရှိခြင်း - အမှိုက်ကို လျှော့ချခြင်း၊ တစ်ခါသုံးပလတ်စတစ်များကို ရှောင်ကြဉ်ပြီး အမှိုက်မပစ်ရန် စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ဂေဟစနစ်ဖြင့် သဟဇာတဖြစ်အောင် အတတ်နိုင်ဆုံး နေထိုင်ရပါမည်။

ဒေသန္တရစီးပွားရေးများကိုပံ့ပိုးခြင်း - နေရာထိုင်ခင်း၊ စားသောက်ခြင်းနှင့် သယ်ယူပို့ဆောင်မှုများအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ရွေးချယ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဒေသန္တရ လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့စေပါသည်။

တောရိုင်းတိရစ္ဆာန်ကာကွယ်ခြင်း - တောရိုင်းတိရစ္ဆာန်များကို အမြတ်ထုတ်သည့် ဆောင်ရွက်မှုများအား ရှောင်ကြဉ်၍ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီသင့်ပါသည်။

သဘာဝခရီးသွားလုပ်ငန်း (Eco-tourism) သည် ခရီးသွားသူများအား သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များနှင့် သဘာဝပုံရိပ်များကို ကာကွယ်သည့်နည်းလမ်းများကို ထောက်ပံ့သွားနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝစရိုက်များကို စီမံခန့်ခွဲနိုင်ခြင်း၊ သဘာဝအရင်းအမြစ်များကို လွတ်လပ်စွာ အသုံးပြုနိုင်သည့်အပြင် ဒေသခံများအား ကောင်းမွန်သောဝင်ငွေများကို ဖန်တီးပေးနိုင်သည်။ ခရီးသွားလုပ်ငန်း၌ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ အလေးထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို အထောက်အကူပြုသည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည်။

ခေတ်မီခရီးသွားလုပ်ငန်း (Modern Travel Business) သည် နည်းပညာတိုးတက်မှုများနှင့် အဆင့်မြင့်ဝန်ဆောင်မှုများကို ချိတ်ဆက်ပြီး ခရီးသွားအတွေ့အကြုံများကို အထူးပြုလုပ်သော လုပ်ငန်းမျိုးဖြစ်သည်။ ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းများသည် အင်တာနက်၊ မိုဘိုင်းအက်ပ်များ၊ ကွန်ပျူတာစနစ်များနှင့် ကုန်ပစ္စည်းအသစ်များကို အသုံးပြု၍ အချိန်တိုင်းခရီးသွားများအတွက် လွယ်ကူ၍ အဆင်ပြေသောဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည်။ ခေတ်မီခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှု များကို ပိုမိုအဆင့်မြင့်လုပ်ဆောင်နိုင်ရန် အနာဂတ်နည်းပညာများဖြစ်သော Virtual Reality (VR), Augmented Reality (AR), Artificial Intelligence (AI) နှင့် Blockchain စနစ်များကို အသုံးပြု၍ ခရီးသွားအတွေ့အကြုံများကို ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်ကြသည်။

ခရီးသွားလုပ်ငန်းသည် စွန့်ဦးလုပ်ငန်းရှင်များနှင့် MSME ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနိုင်သည်။ ခရီးသွားကဏ္ဍ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် အခြားသော ထုတ်လုပ်မှုကဏ္ဍများအပေါ်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လျက်ရှိရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည်။ ထို့ပြင် တည်းခိုနေထိုင်ရေးနှင့် ဧည့်သည်အား ဝန်ဆောင်မှုပေးခြင်းကဏ္ဍအပြင် ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ ပတ်ဝန်းကျင်သာယာလှပရေးကဏ္ဍ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနိုင်သည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသများအတွက်သာမက ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသဖြင့် ‌ဒေသခံများအား အလုပ်အကိုင်နှင့် ပုံမှန်ဝင်ငွေကို တိုးပွားစေပါသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြား ထူးခြားလှပသော သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့်အရာများ ဖြစ်ကြသည်။ ခရီးသွားလုပ်ငန်းသည် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများစွာပြောင်းလဲသွားမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

Source: www.moi.gov.mm

 

 

 


 

ကိုဘုန်း(ထုတ်လုပ်)

ပြည်တွင်း၌ ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူ၊ ချဉ်ပေါင်ခါး၊ ကုလားချဉ်ပေါင်ငယ်၊ ကုလားချဉ်ပေါင်ကြီး၊ တောချဉ်ပေါင်၊ ချဉ်ပေါင်နီလက်ခြား၊ သင်္ဘောချဉ်ပေါင်၊ ဘိလပ်ချဉ်ပေါင်၊ ရွှေဘိုချဉ်ပေါင်ဟူ၍ အမျိုးအမည်များပြားလှသည်။ ယင်းတို့အနက် လူသိများပြီး စားသုံးမှုအများဆုံးချဉ်ပေါင်မှာ ချဉ်ပေါင်ခါး၊  ချဉ်ပေါင်ဖြူနှင့် ချဉ်ပေါင်နီလက်ခြားတို့ဖြစ်ကြသည်။

- ချဉ်၍အနည်းငယ်ငန်သော ချဉ်ပေါင်ခါးပင်သည် သုံးပေမှ ငါးပေ အထိမြင့်ပြီး နူးညံ့သောဆူးနှင့်အမြှေးများပါရှိသည်။ အရွက်မှာ အကွဲများရှိပြီး အစိတ်အပိုင်းတိုင်းမှာ ခွေးသွားစိပ်များသဏ္ဌာန်ဖြစ် သည်။ အပွင့်ဝါ၍ အစေ့မည်းသည်။

- အပူဓာတ်ရှိ၍ အချဉ်ပေါ့သော ချဉ်ပေါင်ဖြူပင်သည် နှစ်ပေမှသုံးပေ အထိမြင့်ပြီး အရွက်မှာ အစွန်းသုံးခု သို့မဟုတ် ငါးခုစီပါရှိသည်။ အပွင့်မှာအဖြူရောင်ဖြစ်ပြီး တစ်ပင်လုံးဖြူဖွေးသောအမွေးနုများ ရှိကြသည်။

- ချဉ်၍အပူဓာတ်ရှိသော  ချဉ်ပေါင်နီလက်ခြားပင်သည်  ပျမ်းမျှ တစ်မိုက်သာသာခန့်သာမြင့်ပြီး အရွက်မှာ ဥပုံသဏ္ဌာန်ရှိ၍ အဖျား ချွန်းကာ အရွက်ပါးလျားသည်။ အပွင့်မှာဝိုင်း၍ဖြူသည်။ အသီးမှာ ဆီးသီးအလတ်စားအရွယ်ခန့်ရှိကာ   နုစဉ်  အစိမ်းရောင်ဖြစ်ပြီး မှည့်လျှင် ဝါသွားတတ်သည်။

ချဉ်ပေါင်ကို  မိုးရာသီကုန်စတွင်  ထွန်ယက်စိုက်ပျိုးပါမှ ချဉ်ပေါင် စေ့မှာ   အပင်ပေါက်စိတ်ချရမည်။  အကယ်၍ ချဉ်ပေါင်ကို အအေး ဓာတ်ဝင်သည့်ဆောင်းရာသီတွင် စိုက်ပျိုးလိုပါက အစေ့ကို တစ်ညသိပ် ရေစိမ်၍သော်လည်းကောင်း၊  အစေ့ကို  ရေနွေးဖြောပြီးမှသော်လည်း ကောင်း စိုက်ပျိုးပေးမှသာ ချဉ်ပေါင်စေ့အပင်ပေါက်နိုင်သည်။

ချဉ်ပေါင်စားဖွယ်စုံ

ချဉ်ပေါင်ရွက်ကို ချဉ်ရည်ဟင်း၊ ချဉ်ပေါင်လှော် သို့မဟုတ် ချဉ်ပေါင် သနပ် စသည့်အရန်ဟင်းလျာများအဖြစ် စားသုံးလေ့ရှိကြသည်။ အသား အမျှင်ထူသော အနီရောင်ချဉ်ပေါင်ဖူးကို ကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်သော်လည်းကောင်း   ချက်စားနိုင်သည်။   တချို့ အရပ်ဒေသများတွင် အရွက်ရင့်ရင့်၊  အပွင့်နှင့်အသီးတို့ကို   နေပူပူတွင် အခြောက်လှန်းပြီး      လက်ဖက်ရည်ကြမ်းအဖြစ်   သောက်ကြသည်။ ချဉ်ပေါင်ဖူးနှင့်ချဉ်ပေါင်ပွင့်တို့ကို  ထန်းလျက်  သို့မဟုတ် သကြားဖြင့် ယိုထိုး၍လည်းစားသုံးကြသည်။ ချဉ်ပေါင်ဖူးယိုက အနံ့၊ အရသာပိုစူးသော ကြောင့် ယင်းကို ဆီးယိုထက်ပို၍ လူကြိုက်များသည်။

ချဉ်ပေါင်နှင့်မြန်မာ့ဆေးစွမ်း

- ဒဗ္ဗဂုဏပကာသနီဆေးကျမ်းတွင်  ချဉ်ပေါင်နီ၊  ချဉ်ပေါင်ဖြူ၊ ချဉ်ပေါင်ခါးဟူ၍ သုံးမျိုးကွဲပြား၏။ များသောအားဖြင့် ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူရွက်သည် ချဉ်၏။ ပူ၏။ ပူနာ၊ သလိပ်နာ၊ သည်းခြေနာ တို့ကိုနိုင်၏။ လေကိုပျက်စေတတ်၏။ ခံတွင်းနာ၊ နှုတ်မမြိန်နာ တို့နှင့်သင့်၏။ ချဉ်ပေါင်ခါးသည် ချဉ်၏။ ငန်၏။ အဆီမရှိ။ လေ သလိပ်ကိုနိုင်၏။ အဆိပ်နာ၊ မြင်းသရိုက်နာများနှင့်သင့်၏။ နှုတ် ကိုမြိန်စေတတ်၏ဟုဆိုထားသည်။

- ဆေးအဘိဓာန်တွင် ချဉ်ပေါင်ရွက်သည် ဝမ်းမီးတောက်၏။ သည်း ခြေနာ၊ ကြက်ညှာနာ၊  မြင်းသရိုက်နာတို့ကို သက်သာစေတတ်၏ ဟုဆိုထားသည်။

- ဇီဝိတဝဃုနဆေးကျမ်းတွင်  ချဉ်ပေါင်ရွက်သည်  ချဉ်၍ချွဲ၏။ ယင်းသည် လက်ခြားတစ်မျိုး၊ အနီတစ်မျိုးဟူ၍ နှစ်မျိုးရှိ၏။ အနီမှာအထူးချဉ်၏။  လက်ခြားမျိုးသည်လည်း  အဖြူနှင့်အညို နှစ်မျိုးရှိရာ အညိုက စား၍ကောင်း၏။ နုန်းမြေ၊ မြေနုအရပ်တွင် ပေါက်သောချဉ်ပေါင်သည် အချဉ်နည်း၍ အချွဲအဖန်မများလှသောကြောင့် စား၍အထူးကောင်း၏။  တပေါင်း၊  တန်ခူးလများတွင် ကြက်သွန်ခင်းပတ်ဝန်းကျင်တို့အနီးစိုက်ပျိုးသော  ချဉ်ပေါင် လက်ခြားများက အချဉ်နည်း၊  အချွဲလည်းနည်းသဖြင့်  အလွန်ပင်စားကောင်း၏။ ချဉ်ပေါင်ရွက်သည် သလိပ်ကိုစိုစေ၊ ပွစေတတ်၏။ ဆီးဝမ်းကိုမှန်မှန်သွားစေတတ်သော သီတဂိုဏ်းဝင်အမျိုး အစားပေတည်းဟုဆိုထားသည်။

- ရှုတော်မူဆေးကျမ်းတွင်  ချဉ်ပေါင်ခါးရွက်သည်  အဖြူ၊ အနီဟူ၍ နှစ်မျိုးနှစ်စားရှိ၏။ ခါး၏။ အနည်းငယ်ချဉ်၏။ အနီမျိုးသည် ဝမ်းမီးကိုတောက်စေတတ်သဖြင့် အစာကြေလွယ်ခြင်းကို ဖြစ်စေတတ်၏။ ပိတ်ကိုက်နာ၊ မြင်းသရိုက်နာ၊  လေနာ၊  သည်းခြေနာ၊  ကြက်ညှာနာတို့ကိုနိုင်၏။  ရင်ကိုလည်း ချောင်စေတတ်၏။ ချဉ်ပေါင်ခါးအဖြူသည်လည်း အနီနှင့်အကျိုးပေးတူ၏။ သို့သော်အဖြူကား အနီလောက်မထက်။ ထိုချဉ်ပေါင်မျိုးတို့ကို ဓာတ်ချဉ်ပေါင်၊ ကိုင်းချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြားဟူ၍ အမျိုးမျိုးခေါ်ကြ၏။ ကိုင်းချဉ်ပေါင်ခါးမျိုးသည် အရိုးတွင် သေးငယ်သောဆူးလေးရှိ၏။  အရွက်တွန့်လိပ်သယောင်ရှိ၏။  ချဉ်ပေါင်လက်ခြားကား  အရိုး အကြောနီ၏။ သို့သော် အကျိုးပေးခြင်းတူ၏ဟုဆိုထားသည်။

- မြန်မာ့ဆေးကျမ်းများတွင် (က) ချဉ်ပေါင်ခါးကို အစာကြေဆေး၊ နှုတ်မြိန်ဆေး၊ သွေးဝမ်း၊ မြင်းသရိုက်နာပျောက်ဆေး၊ ဝဖြိုးဆေး၊ ကာမအားတိုးဆေး၊    နားကိုက်ပျောက်ဆေး၊  လည်ချောင်းနာ ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဆစ်အမျက်လွဲနာကျင် ပျောက်ဆေး၊ ဝမ်းနုတ်ဆေး၊ သည်းခြေရောဂါနှင့် နှာစေးချောင်းဆိုး ပျောက်ဆေးအဖြစ် ဆေးဝါးများဖော်စပ်ရာတွင် သုံးလေ့ရှိသည်။ (ခ) ချဉ်ပေါင်ဖြူကို ဝမ်းပျက်ခြင်းအတွက် ဆေးဖော်လေ့ရှိသည်။ (ဂ) ချဉ်ပေါင်နီလက်ခြားကို  ဆီးရွှင်ဆေး၊  ရေငတ်ပျောက်ဆေး၊ နှုတ်မြိန်ခံတွင်းကောင်းဆေး၊ သည်းခြေရောဂါ၊ မူးဝေခြင်း၊ လေနာ ရောဂါ၊ နူနာရောဂါ၊ အဆုတ်ရောဂါ၊ အသားအရေညိုညစ်ခြင်း၊ သားသည်မိခင်များ နို့ရည်လိုက်ဆေးအဖြစ် ဆေးဝါးဖော်စပ်ကြ သည်။

ထိုမျှမက  ၉၆ ပါးသော ဝေဒနာများအတွက်ကိုလည်း ချဉ်ပေါင်ရွက် ကုထုံးဖြင့် အောက်ပါဆေးမြီးတိုများအဖြစ်  ကုသပျောက်ကင်းနိုင်ပါ သည်။

- ချဉ်ပေါင်ခါး အပွင့် ၁၂ ပွင့်ကို သကြားနှစ်ပဲသားနှင့်ရောကြိတ်၍ ငရုတ်ကောင်းအနည်းငယ်ရောထည့်သောက်ပေးခြင်းဖြင့်  အပူလွန် ၍ အချဉ်ပြန်သော အစာမကြေရောဂါပျောက်ကင်းစေနိုင်သည်။

- နာကျင်ကိုက်ခဲသောဝေဒနာများအတွက်   ချဉ်ပေါင်ခါးအစေ့ကို အမှုန့်ကြိတ်၍  ထိုအမှုန့်နှစ်ပဲသားကို  နှမ်းဆီလက်ဖက်စားဇွန်း နှစ်ဇွန်း ရောစပ်လိမ်းပေးနိုင်သည်။

- ချဉ်ပေါင်နီအရွက်နှင့်   ချဉ်ပေါင်ဖူးတို့ကို  နေရိပ်တွင်  အခြောက်လှန်းပြီး ရေနွေးဆူဆူတွင်  သင့်ရုံထည့်၍   သကြားနှင့်ရောစပ်သောက်ပေးခြင်းဖြင့်  ဆီးရောဂါနှင့်  ရေငတ်အာခြောက်ခြင်းကို သက်သာစေသည်။

- ချဉ်ပေါင်ခါးအစေ့ကိုလှော်၍   အမှုန့်ပြုလုပ်ပါ။      ထိုအမှုန့်တစ်ပဲသားကို   ရေနွေးနှင့်  နေ့စဉ်သောက်ပေးပါက   အစာမကြေ ဝမ်းပျက်ရောဂါကို ပျောက်ကင်း စေသည်။

- ဗိုက်နာပြီး  အကျိအရွဲများနှင့် ဝမ်းသွားခြင်းအတွက် ချဉ်ပေါင်ခါး သို့မဟုတ်  ချဉ်ပေါင်ဖြူ သို့မဟုတ်  ချဉ်ပေါင်နီလက်ခြားတို့၏ အမြစ်သွေးရည်တစ်ဇွန်းကို တစ်ရက်နှစ်ကြိမ် သောက်ပေးခြင်း ဖြင့် သက်သာပျောက်ကင်းစေသည်။

- ချဉ်ပေါင်နီလက်ခြားအရွက်ကို  ထမင်းနှင့်ရောကြိတ်ပြီး  ပြည် တည်နာ၊ အနာစိမ်း၊ ခွေးကိုက်နာ၊  ကြောင်ကိုက်နာ၊   အနာအို၊  အနာဆွေးများပေါ်အုံပြီး အဝတ်သန့်နှင့်စည်းထားပေးခြင်းဖြင့် အနာရင်းခြင်း၊   ငန်းမန်းလိုက်ခြင်းမရှိဘဲ    အမြန်ဆုံးသက်သာ ပျောက်ကင်းစေသည်။

- မြွေ၊ ကင်းကိုက်ခံရပါက ကုလားချဉ်ပေါင်ကို ကြိတ်၍အုံပေးပါ။

- အစာအိမ်လေပူမှုတ်ခြင်းအတွက် ကုလားချဉ်ပေါင်အရွက်သတ္တု ရည်သောက်ပါ။

- ဝမ်းပျက်ခြင်းအတွက်  ကုလားချဉ်ပေါင်အစေ့ကိုလှော်၍  အမှုန့် လုပ်ပြီး သောက်ပါ။ 

- အဆစ်အမျက်ကိုက်ခဲခြင်းနှင့် အဆစ်လွဲခြင်းတို့အတွက် ချဉ်ပေါင်ခါးအစေ့ သို့မဟုတ် အရွက်တို့ကို ထောင်းထု၍ လိမ်းအုံပေးပါ။

- နှာစေးချောင်းဆိုးခြင်းအတွက် ချဉ်ပေါင်ခါးရွက်ကို ဖျော်ရည်လုပ်သောက်ပါက ပျောက်ကင်းစေနိုင်သည်။

ချဉ်ပေါင်နှင့်သိပ္ပံဆေးစွမ်း

- အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုသည်။

- ချဉ်ပေါင်ရွက်တွင် Hydroxy နှင့်  Amino  Acid များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအားကောင်းစေသည်။  ဆီးရွှင်၍ ဝမ်းသက်စေသည်။

- ဗီတာမင် C နှင့် သတ္တုဓာတ်တို့  အမြောက်အမြားပါရှိသောကြောင့်   ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊     ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊ Free Radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊  အရွယ်ကိုနုပျိုစေခြင်း၊  ကင်ဆာရောဂါများ   ဖြစ်နိုင်ခြေအလားအလာနည်းပါးစေခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊  အအေးပတ်ခြင်း၊  ရာသီပေါ်နှာစေးချောင်းဆိုးကူးစက်ရောဂါများနှင့်     နှာရည်ယိုနှာပိတ်ခြင်းတို့မှ လည်း ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။

- ကယ်လ်စီယမ်အမြောက်အမြားပါရှိသဖြင့်   အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့် ကြွက်သားများဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲရောဂါမှကာကွယ်ပေးခြင်း၊ ခြေလက်များ တဆစ်ဆစ်နာကျင်ခြင်းနှင့်  ထုံထိုင်းလေးလံခြင်း တို့ကို သက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ   ကာကွယ်ပေးခြင်း စသည်ဖြင့်    ကောင်းကျိုးပြုသည်။

- ချဉ်ပေါင်ပန်းပွင့်များသည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည်။

- ချဉ်ပေါင်ဖူး၏အစေ့မှလည်း အဆီထုတ်ယူနိုင်သည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိ အနာအမျိုးမျိုးတို့ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်း ခြင်းကိုသက်သာစေပြီး အနာမြန်မြန်ကျက်စေသည်။

- ပြတ်ရှနာများ၊ ဖက်ခွက်နာနှင့်ပြည်တည်နာများအတွက် ချဉ်ပေါင်ရွက်ကိုမီးမြှိုက်၍    အုံပေးခြင်းဖြင့်    သက်သာပျောက်ကင်းနိုင်သည်။

- ချဉ်ပေါင်ဖူးဖျော်ရည်ကို သောက်သုံးခြင်းဖြင့်  ချောင်းဆိုးရောဂါသက်သာပျောက်ကင်းစေသည်။ လူကိုလန်းဆန်းစေနိုင်သည်။

- ချဉ်ပေါင်စေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့်  အစာနင်ခြင်းနှင့်အစာမကြေခြင်းတို့မှ  သက်သာပျောက်ကင်းစေနိုင်သည်။  

- ချဉ်ပေါင်ရွက်ခြောက်ကို လက်ဖက်ရည်ကြမ်းကဲ့သို့ သောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊  ကိုယ်အလေးချိန်ကျစေပြီး  သွေးလည်ပတ်နှုန်းကိုကောင်းမွန်စေသည်။  ကင်ဆာ ရောဂါအမျိုးမျိုးတို့ကို ဟန့်တားကာကွယ်ပေးနိုင်သည်။

- ဒူးရင်းသီးစားပြီးနောက်  ချဉ်ပေါင်သီးဖျော်ရည်သောက်ပေးခြင်းဖြင့်  အပူကန်ခြင်းကိုကာကွယ်နိုင်ပါသည်။

သတိပြုရန်  

သွေးတိုးရောဂါရှိသူများ  သွေးပေါင်ချိန်တက်နိုင်၍ အလွန်အကျွံမစား သင့်ပေ။  ချောင်းဆိုးရင်ကျပ်ဝေဒနာသည်များနှင့်လည်း မသင့်တော်ပါ။

အချုပ်ဆိုရသော် ရွှေချဉ်ပေါင်လက်ခြား   ကြက်သားနှင့်မလဲပေါင် ဆိုရိုးစကားရှိပါသည်။      ကြက်သားနှင့်ပင်မလဲနိုင်လောက်အောင် အရသာရှိလှပြီး   စျေးနှုန်း လည်းမကြီးဘဲ   မိမိတို့လက်တစ်ကမ်းတွင် တစ်နှစ်ပတ်လုံးအလွယ်တကူရရှိနိုင်သော ချဉ်ပေါင်ရွက်ကို အစာလည်း ဆေး၊ ဆေးလည်းအစာအဖြစ် စားသောက်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

ပေါက်ပေါက်

သတင်းသမားတစ်ဦးဖြစ်တာနဲ့အညီ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရရှိသူများနဲ့ အဘက်ဘက်မှကူညီပံ့ပိုးသူများအား  ဂုဏ်ပြုညစာစားပွဲသို့ ညီနောင်မီဒီယာများနဲ့အတူ ညစာစားပွဲကျင်းပရာ    မြဝတီမီဒီယာစင်တာသို့ရောက်ရှိခဲ့ပါတယ်။ ဒီနေရာကို ဒုတိယအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး     ပထမတစ်ကြိမ်ကတော့   ရုပ်ရှင်ဇာတ်ကား Red Carpet Show ပြသတဲ့ပွဲပါ။   မြဝတီမီဒီယာစင်တာရဲ့ ခမ်းနားမှုကိုတော့ အဲ့ဒီကတည်းက သိခဲ့ရတာပါ။ ရုပ်ရှင်ရုံရဲ့လေအေးပေးစက်စနစ်ကောင်းမွန်တာရော ရုပ်ရှင်ပိတ်ကား၊ ရုပ်ရှင်ပြစက်နဲ့ အသံစနစ်တွေ ခေတ်မီတာရောတွေ့ခဲ့ရပါတယ်။

ဒီနေ့ည ညစာစားပွဲကတော့ မြဝတီမီဒီယာစင်တာရဲ့ ဆဋ္ဌမအလွှာ ခုနစ်ထပ်က Ballroom ခန်းမမှာကျင်းပတဲ့ အကယ်ဒမီဂုဏ်ပြုညစာစားပွဲပါ။ အချိန် စောနေတာနဲ့     မီဒီယာအဖွဲ့ကိုပေးတဲ့ ထမင်းဘူးလေးကိုယူရင်း ခန်းမနဲ့တွဲလျက် လေသာဆောင်ဝရန်တာကို     ထွက်လို့ ရန်ကုန်မြို့ရှုခင်းကို  ကြည့်မိပါတယ်။ လေသာဆောင်ကလည်း    ကျယ်ဝန်းလှသမို့ လူ ၃၀၀-၄၀၀ လောက်ဆံ့နိုင်ပြီး  ရန်ကုန်မြို့ရှုခင်းကို အပေါ်စီးကကြည့်ရှုခံစားရင်း ညနေခင်းဆည်းဆာ ပွဲ တစ်ခုအဖြစ် စိတ်ကူးယဉ်နေမိပါတယ်။

အတွေးစိတ်ကူး   မဆုံးခင်မှာဘဲ အကယ်ဒမီညစာစားပွဲမှာ စိန်နန်းတော်က စီစဉ်ထားတဲ့ Media Corner ကို ပြန်လှည့်ရပါတယ်။ ကိုယ့် Entertainment Media logo ပါတဲ့ MIC လေးနေသားတကျချထားပြီး အနုပညာရှင်ဖန်တီးရှင်များရဲ့ အကယ်ဒမီမုဒိတာစကားတွေကို တစ်ဦးပြီးတစ်ဦး ရယူရပါတော့တယ်။ ၂၀၂၄ အကယ်ဒမီဆု၁၆ ဆုပေမယ့်   ပေါင်းလိုက်တော့ ဇာတ် ကားကခြောက်ကားပါပဲ။ ကိုယ့်တိုက်ပိုင်က  အကယ်ဒမီအချက်အလက်တွေသေသေချာချာဖတ်မှတ်ရယူဖို့ မှာကြားတော့ ကျွန်တော့်  Hand Phone ထဲမှာ အသင့်ရှိပါကြောင်း၊ ဖတ်မှတ်ပြီးပါကြောင်း Viber ပေါ်ကနေ Report ပြန်လုပ်ရပါတယ်။

Media Corner မှာ အင်တာဗျူးသတင်းတွေရယူရသလိုပဲ   အကယ်ဒမီဂုဏ်ပြုညစာစားပွဲရဲ့ အစီအစဉ်ကိုလည်း အာရုံပြုရပြန်ပါတယ်။ ညစာစားပွဲကျင်းပတဲ့ Ballroom ရဲ့ ကျယ်ဝန်းတဲ့အနေအထား၊ မီးပန်းဆိုင်းတွေရဲ့အလှက ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေရဲ့ Ballroom မျိုးပါပဲခမ်းနားလှပါတယ်။ Stage စင်မြင့်ပေါ်မှာ ကြီးမားတဲ့ LED ကြီးနဲ့အတူ အကယ်ဒမီရွှေစင်ရုပ်တုနှစ်ခုကလည်း    ဘယ်ညာဟန်ချက်ညီခံ့ထည်နေပါတယ်။  တဖွဲဖွဲရောက်ရှိလာကြတဲ့ တက်ရောက်ချီးမြှင့်ကြသူတွေကို မှတ်တမ်းတင်ရင်း ခင်းကျင်းထားတဲ့ စင်မြင့်ပေါ်က စားပွဲပေါ်မှာ အကယ်ဒမီရွှေစင်ရုပ်တုကိုးဆုရှိနေတာ ရေတွက်မိပါတယ်။ ၁၆ ဆုဆိုတော့ အကယ်ဒမီဆုရသူ ခုနစ်ယောက်ရောက်ဖို့ကျန်သေးတယ်လို့ တွက်ဆမိပြီး ၂၀၂၄ အကယ်ဒမီဆုချီးမြှင့်ပွဲအကြောင်းဖတ်မှတ်သွားဖို့ မှာကြားချက်ကို    ကျေးဇူးတင်မိနေပါတယ်။

စင်မြင့်ရဲ့ LED Board ပေါ်မှာ  စိန်နန်းတော် ရတနာဆိုင်ရဲ့ ကြော်ငြာကိုလည်း မြိုင်မြိုင် ဆိုင်ဆိုင်တွေ့ရပါတယ်။ အဲ့ဒီကြော်ငြာပြီးတော့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ (၇၉)နှစ်မြောက်   နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၄ အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားတွေကို    ပြန်လည် ပြသမယ့် မြန်မာ့ရုပ်ရှင် ရက်သတ္တပတ် ကြော်ငြာကလည်း ရှေ့ဆင့်နောက်ဆင့်ပေါ် လာပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့(၇၉) နှစ်မြောက်နေ့ဆိုတော့လည်း မနှစ်က ရန်ကုန် ဝင်္ဂပါလမ်းက    အစည်းအရုံးပရိဝုဏ်ထဲမှာကျင်းပခဲ့တဲ့ မတ်လ ၈ ရက်နေ့က    (၇၈)နှစ်မြောက်နေ့ကိုလည်း ပြန်သတိရမိတယ်။ ပြန်ကြားရေး ဒုတိယဝန်ကြီးတက်ရောက်တာကို  သတင်းရယူခဲ့တာရယ် နိဗ္ဗာန်စျေးလိုစျေးတန်းတွေက မုန့်တွေစားခဲ့ရတာရယ် အမှတ်ရမိတယ်။ တစ်နှစ်ဆိုတာမကြာလိုက်ပါလား။

ရုပ်ရှင်ကိုချစ်   ရုပ်ရှင်ကြည့်ရတာကြိုက်လို့လည်း Entertainment Media သတင်းသမားဖြစ်ခဲ့ရတာပါ။   အကယ်ဒမီဆုရဇာတ်ကားတွေ တစုတစည်းတည်းကြည့်ရမှာဆိုတော့  သိပ်ကောင်းတဲ့အစီအစဉ်လို့လည်းခံစားမိလိုက်ပါတယ်။  လက်ရှိရုပ်ရှင်လောကအခြေအနေကိုသိနေတော့ ရုပ်ရှင်ရုံအခက်အခဲရှိတာလည်းသိနေပါတယ်။ ရုံတင်ဖို့တန်းစီနေရတဲ့ ဇာတ်ကားတွေကလည်း   ရာဂဏန်းရှိနေတယ်လို့ ကြားသိရပါတယ်။ ရုံအခက်အခဲရှိနေတဲ့ကြားက ၂၀၂၄ အကယ်ဒမီဆုရဇာတ်ကားတွေကိုပြသမယ့်  အစီအစဉ်ကောင်းတွေကို ဘယ်လိုပြမှာလဲ၊   ဘယ်ရုံမှာပြမှာလဲဆိုတာသိချင်လာပါတယ်။

သွားပါများ    ခရီးရောက် မေးပါများစကားရဆိုသလို ရုပ်ရှင်အစည်းအရုံးက နှံ့စပ်သူဆီ စနည်းနာရတာပေါ့။ ၂၀၂၄အကယ်ဒမီ ၁၆ ဆုချီးမြှင့်ခဲ့ပြီး    ရုပ်ရှင်ဇာတ်ကားခြောက်ကားကရရှိခဲ့တာဖြစ်လို့ရုပ်ရှင်ဆင်ဆာခွင့်ပြုချက်ရရှိခဲ့တဲ့ ရက်စွဲအလိုက် ဘိုးတော်ကင်း၊ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ မီး၊ နှောင်၊ အိပ်မက်ကာရန်နဲ့ တိမ်ပန်းချီဇာတ်ကားတွေကို တစ်ကားကို သုံးရက်နှုန်းနဲ့ မတ်လ ၉ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ထိ ရက်သတ္တပတ် သုံးပတ်ကြာ မြန်မာ့ရုပ်ရှင်ရက်သတ္တပတ် အဖြစ်ပြသသွားမှာဖြစ်ပါတယ်။ ပြသမယ့်ရုံက Star Cinema ဖြစ်တဲ့ မြဝတီမီဒီယာ စင်တာရဲ့ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ပြသမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်အတွက် အထူးအစီအစဉ်အနေနဲ့ အစည်းအရုံးရဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်စွာ အကယ်ဒမီရဇာတ်ကားတွေ သီးသန့်ပြသတဲ့ မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်အဖြစ်   စီစဉ်လိုက်ရတာလို့လည်းသိလိုက်ရတော့ စဉ်းစားစီစဉ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က ဒီခြောက်ကားမှာ နှောင်နဲ့တိမ်ပန်းချီဇာတ်ကားရဲ့ ပရီမီယာရှိုးတွေ သွားရောက်သတင်းယူခဲ့တာမို့ အကယ်ဒမီ ဘယ်လိုတွေရတယ်လို့ သိရှိပြီးပေမယ့်ကျန်လေးကားကို    မကြည့်လိုက်ရလို့တောင့်တနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ဇာတ်ကားတွေပြမယ့် ရက်တွေကိုဆက်ပြီး စပ်စုမိပြန်ပါတယ်။ တစ်ရက်ကို  မွန်းလွဲ ၁ နာရီပွဲနဲ့ ၄ နာရီတို့မှာ နှစ်ပွဲပြမှာဖြစ်ပြီး ၉-၃-၂၀၂၅ ရက်နေ့မှ ၁၁-၃-၂၀၂၅ ရက်နေ့ထိ ဘိုးတော်ကင်း၊ ၁၃-၃-၂၀၂၅ ရက်နေ့မှ ၁၅-၃-၂၀၂၅ ရက်နေ့ထိချစ်သူသာ   ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊၁၆-၃-၂၀၂၅ ရက်နေ့မှ  ၁၈-၃-၂၀၂၅ ရက်နေ့ထိ မီး၊ ၂၀-၃-၂၀၂၅ ရက်နေ့မှ ၂၂-၃-၂၀၂၅ ရက်နေ့ထိ နှောင်၊ ၂၃-၃-၂၀၂၅ ရက်နေ့မှ ၂၅-၃-၂၀၂၅ ရက်နေ့ထိ အိပ်မက်ကာရန်၊ ၂၇-၃-၂၀၂၅ ရက်နေ့မှ ၂၉-၃-၂၀၂၅ရက်နေ့ထိ တိမ်ပန်းချီတို့ပြမှာဖြစ်ပါတယ်။ ကျွန်တော်မကြည့်ရသေးတဲ့ ဇာတ်ကားတွေကို Entertainment News တွေအဖြစ်သတင်းရယူရင်း   ကြည့်ရမယ့် ဇာတ်ကားတွေ ရက်စွဲတွေ ပွဲချိန်တွေကို မှတ်သားမိနေပါတယ်။ ကြည့်ရမယ့်နေရာကလည်း တစ်ကြိမ်ကြည့်ခဲ့ဖူးပြီး အစစခေတ်မီပြည့်စုံလှတဲ့ ရန်ကင်း၊ ဘောက်ထော်၊  မိုးကောင်းလမ်းမပေါ်က မြဝတီမီဒီယာစင်တာရဲ့ အဆင့်မြင့်ရုပ်ရှင်ရုံမှာဆိုတော့ အကယ်ဒမီဆုရဇာတ်ကားကောင်းတွေက  သွားရောက်ကြည့်ရှုဖြစ်မယ့် ကျွန်တော်အပါအဝင် ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက်  ရသတွေအပြည့်အဝပေးတော့မယ်ဆိုတာ  မြေကြီးလက်ခတ်မလွဲပါလို့   သတင်းကောင်းပါးလိုက်ပါရစေတော့။   ဇာတ်ကားကောင်းတွေကိုသွားရောက်ကြည့်ရှုရင်း   မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ (၇၉)နှစ်မြောက်နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုကြိုဆိုရင်းမြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ကိုစောင့်မျှော်နေရင်း........ ။     ။

Source: https://myawady.net.mm/stories

 

သတင်းထောက် လှဘထွန်း

သင်သိပါသလား။ သင့်ခန္ဓာကိုယ်မှာသွေးကြောတွေရဲ့အရှည်က မိုင်ပေါင်း ၆၀,၀၀၀လောက်ရှိတယ်ဆိုတာ။ နှလုံးနဲ့ တခြားကြွက်သားတွေကြားမှာ ဒီသွေးကြောတွေနဲ့သွေးလည်ပတ်မှုစနစ်ဖြစ်ပေါ်နေတာပါ။ အဲဒီသွေးကြောကွန်ရက် ကြီးက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အစွန်အဖျားတိုင်းအထိ သွေးပို့လွှတ်လည်ပတ်နေတာမို့ သွေးလည်ပတ်မှု မကောင်းရင် သွေးအရောက်နှေးတာ၊ ပိတ်ဆို့တာတွေဖြစ်လာနိုင်တယ်။ ဒီလိုဆို ခန္ဓာကိုယ်ထဲကဆဲလ်တွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ အလုံအလောက်မရနိုင်တော့ပါဘူး။

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အရမ်းနေထိုင်မကောင်းလောက်အောင် သိသာတဲ့လက္ခဏာမပြပါဘူး။ ဟို နည်းနည်း၊ ဒီနည်းနည်းနဲ့ဖြစ်နေတာ သိပ်ပြီးသတိမထားမိကြပါဘူး။ အရေးကြီးတာက လက္ခဏာ သိသာတာ ဖြစ်ဖြစ်၊ မသိသာတာဖြစ်ဖြစ် သွေးလည်ပတ်မှုမကောင်းတာ အန္တရာယ်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်ပြပြီး အကြံပြုချက်အတိုင်းလိုက်နာနေထိုင်ပါ။

သွေးလည်ပတ်မှုမကောင်းရင် ဘာလက္ခဏာတွေပြတတ်လဲ

ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ အဖြစ်များဆုံးလက္ခဏာကတော့ လက်ဖျားခြေဖျားတွေမှာ ထုံတာ၊ ကျဉ်တာပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကို တစုံတခုကြောင့် အဟန့်အတားဖြစ်စေတဲ့အခါ ခြေဖျားလက်ဖျားတွေဆီကို အလုံအလောက်သွေးမရောက်နိုင်တော့ပါဘူး။ အဲဒီမှာ ထုံကျဉ်မှုကိုခံစားရတော့တာပါပဲ။

ခြေဖျားလက်ဖျားအေးတာ

ခြေထောက်နဲ့လက်ကိုသွေးရောက်ရှိမှုနည်းနေတဲ့အခါ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပိုအေးနေတတ် ပါတယ်။ ရှိသင့်တဲ့နှုန်းနဲ့သွေးမရောက်ရှိနိုင်တာကြောင့် ခြေနဲ့လက်အဖျားက အရေပြားနဲ့အာရုံကြောအစွန်းတွေမှာ အပူချိန်အတက်အကျရှိစေနိုင်ပါတယ်။

ဖောရောင်တာ

သွေးလည်ပတ်မှုမကောင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတချို့မှာ အရည်တွေစုလာစေနိုင်ပါတယ်။ အဲဒီအခါ ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်တို့မှာ edema လို့ခေါ်တဲ့ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။

Edema က နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓာကိုယ်အနှံ့ကို သွေးအလုံအလောက် လည်ပတ်မပို့လွှတ်နိုင်တဲ့အခါ ဒီလိုဖြစ်လာနိုင်တာပါ။ ခန္ဓာကိုယ်အောက်ပိုင်းဧရိယာတွေမှာ သွေးတွေစုလာတဲ့အခါ ဖောရောင်ခြင်းတွေဖြစ်လာတာပါ။ ဖိအားတွေဖြစ်လာပြီးသွေးကြောထဲက အရည်တွေကို ဘေးတဝိုက်က တစ်ရှူးတွေဆီရောက်ရှိစေပါတယ်။

ဖောရောင်ခြင်းလက္ခဏာတွေက –

လေးလံပြီးရောင်ရမ်းတာ၊

အရေပြားတင်းပြီး ပူနေတာ၊

အဆစ်အမြစ်တောင့်တင်းတာ၊

နာကျင်တာ တို့ပါဝင်ပါတယ်။

တချို့မှာဆို အဝတ်အစားကျပ်နေတာ(ဝလာတာမဟုတ်ဘဲ)၊ လက်ဝတ်လက်စားတွေ ကျပ်နေတာမျိုး သတိထားမိ တတ်ပါတယ်။

ဦးနှောက်မှတ်ဉာဏ်ပြဿနာဖြစ်လာတာ

သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်ပြီး မေ့လျော့လွယ်တာ၊ အာရုံစူးစိုက်ရ ခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက –

ဦးနှောက်ကိုသွေးအရောက်နည်းတာ၊

ခန္ဓာကိုယ်အနှံ့ကို ပို့ထုတ်ပေးလိုက်တဲ့သွေးပမာဏမလုံလောက်တာ၊

သွေးဖိအားအပြောင်းအလဲဖြစ်တာတွေကြောင့်လည်း ပါဝင်ပါတယ်။

အစာခြေစနစ်ပြဿနာရှိလာတာ

အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်ကသွေးလည်ပတ်မှုကို အားထားရတာမို့ သွေးလည်ပတ်မှုမကောင်းရင် ဝမ်းဗိုက်ရဲ့ သွေးကြောတွေရဲ့ အမြှေးပါးနံရံအတွင်း အဆီတွေစုလာနိုင်တယ်။ သွေးရောက်ရှိမှုနည်းခြင်းနဲ့ဆိုင်တဲ့ အစာခြေ ပြဿနာတွေက –

ဗိုက်အောင့်တာ၊

ဝမ်းပျက်ဝမ်းလျှောတာ၊

ဝမ်းမှာသွေးပါတာ၊ ဝမ်းချုပ်တာ တို့ပါဝင်ပါတယ်။

မောပန်းနုံးချိနေတာ

သွေးလည်ပတ်မှုမကောင်းရင် နှလုံးက ပိုညှစ်ရတယ်၊ ပိုအလုပ်လုပ်ရတဲ့အတွက် ဘာမှမလုပ်ဘဲတောင် ပိုပြီး မောပန်းအားကုန်ရပါတယ်။

အရိုးအဆစ်နဲ့ကြွက်သား နာကျင်ကိုက်ခဲတာ

ခြေထောက်နဲ့လက်မှာသွေးလည်ပတ်မှုမကောင်းရင် နာကျင်ကိုက်ခဲမှုတွေဖြစ်စေနိုင်တယ်။ ထိုင်တာ၊ မတ်တပ် ရပ်တာ ကြာသွားတယ်ဆို နာကျင်တောင့်တင်းမှုက ပိုဆိုးတတ်ပါတယ်။

အသားအရောင်ပြောင်းလဲတာ

ခန္ဓာကိုယ်တစ်ရှူးတွေဆီကို သွေးအလုံအလောက်မရောက်ရှိနိုင်တဲ့အခါ အသားအရေကဖြူဖျော့တာ ဒါမှမဟုတ် ပြာတာတာဖြစ်လာနိုင်တယ်။ ဆံချည်မျှင်သွေးကြောတွေကနေ သွေးတွေယိုလာတဲ့အခါ အဲဒီဧရိယာလေးတွေမှာ ပြာနှမ်းသလိုဖြစ်လာနိုင်တယ်။ အသားအရောင်ပြောင်းလဲနိုင်တဲ့ အပိုင်းတွေက –

နှာခေါင်း၊

နှုတ်ခမ်း၊

နားရွက်၊

ရင်သားထိပ်၊

လက်ဖျား၊

ခြေဖျား တို့ဖြစ်ပါတယ်။

ခြေထောက်အနာလေးတွေဖြစ်တာ

ခြေထောက်သွေးပြန်ကြောတွေထဲမှာသွေးတွေစုအိုင်လာတဲ့အခါ အရေပြားအောက်မှာရောင်ရမ်းတာနဲ့ အနာလေးတွေ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

သွေးကြောထုံးတာ

သွေးလည်ပတ်မှုမကောင်းလို့သွေးကြောထုံးတာကမြင်သာပါတယ်။ သွေးကြောထုံးခြင်းကြောင့် နှလုံးကို သွေးပြန် ပို့ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်စေနိုင်ပါတယ် –

ခြေထောက်မှာလေးလံနေတာ၊

ခြေထောက်မှာ နာကျင်တာ၊

ယားယံတာ၊

ရောင်ရမ်းတာ၊

အရေပြားမှာသွေးကြောထုံးတဲ့အရာလေးတွေမြင်နေရတာ စတာတွေပါဝင်ပါတယ်။

ဒီလိုဖြစ်တာကတော့ အချိန်ကြာရှည် မတ်တပ်ရပ်ရတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါ့ကြောင့် သွေးလည်ပတ်မှု ကောင်းချင်ရင် အကောင်းဆုံးက ကိုယ်လက်လှုပ်ရှားမှုအတွက်အချိန်ပေးပါ။ လမ်းမလျှောက်နိုင်၊ အားကစား မလုပ်နိုင်ရင်တောင်မှခြေထောက်လေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်းလေးတွေ၊သွေးပူလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးဖို့လိုပါမယ်။

ကိုးကား- Hello ဆရာဝန်

 

Hello SayarWon

လူ့ခန္ဓာကိုယ်အနှံ့ကို သွေးကြောတွေနဲ့ ကွန်ရက်ဖြန့်ကြက်လွှမ်းခြုံထားတဲ့ သွေးလည်ပတ်မှုစနစ်က ကျန်းမာရေး အတွက် သိပ်ကိုအရေးကြီးပါတယ်။သွေးလည်ပတ်မှုမကောင်းခြင်းက အဝလွန်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကိုလက်စထရောများခြင်း၊ ဆီးချိုသွေးချိုရောဂါတို့လို တခြားကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေ နိုင်ပါတယ်။

ဒါတွေမဖြစ်အောင် သွေးလည်ပတ်မှုကောင်းချင်တယ်ဆိုရင် အရင်ဆုံးလုပ်ရမယ့် (၃) ချက်ရှိတယ် –

(၁) ဆေးလိပ်မသောက်ပါနဲ့။

(၂) အဆီများတာတွေလျှော့စားပါ။

(၃) အချိန်အကြာကြီး ထိုင်မနေပါနဲ့။

နေ့စဉ်သွားလာနေထိုင်မှုပုံစံတွေထဲ ဒီအချက်တွေကို ဂရုစိုက်ပေးရင်သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

(၁) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်သိပ်မများ၊ သိပ်မနည်းဘဲ ပုံမှန်ထိန်းထားနိုင်တယ်ဆိုရင် သွေးလည်ပတ်မှုပိုကောင်းစေနိုင်တယ်။ လူတစ်ယောက်က ကိုယ်အလေးချိန်များနေတယ်ဆိုရင်သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

(၂) လှုပ်ရှားပါ

ကိုယ်လက်လှုပ်ရှားမှုတော့ ပုံမှန်ရှိသင့်ပါတယ်။ အားကစားတွေ၊ workout တွေမလုပ်နိုင်ရင်တောင် ခပ်ဖွဖွ ပြေးတာ၊ သွေးပူလေ့ကျင့်ခန်းလုပ်တာလောက်တော့ လုပ်သင့်ပါတယ်။ ယောဂ ကစားတာကလည်း လှုပ်ရှားမှု မျိုးစုံ ပါဝင်တာမို့ ခပ်ပျော့ပျော့နဲ့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သွေးပြန်ကြောတွေကို ဖိလိုက် လွှတ်လိုက် လုပ်ရင် လှုပ်ရှားမှုတွေဖြစ်စေတာမို့ သွေးလည်ပတ်မှုကိုလည်း ပိုကောင်းစေပါတယ်။ သုတေသနတွေ အရယော ဂကစားခြင်းက နှလုံးသွေးကြောစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်တို့အတွက် အကျိုးရှိတယ်လို့တွေ့ရှိထားပါတယ်။

(၃) အဆီများတဲ့ငါး စားပါ

အကျိုးပြုအဆီဓါတ် omega-3fatty acidsတွေများတဲ့ ငါးတွေကို စားရင် နှလုံးသွေးကြော ကျန်းမာရေးနဲ့ သွေး လည်ပတ်မှုကို ပိုကောင်းစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အဆီများတဲ့ငါးတွေက – ဆယ်လ်မွန်ငါး၊ မက်ခရယ်ငါး၊ ဆာဒင်း၊ တူနာ တို့ပါဝင်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေအတွက်တော့ ကိုက်လန်၊ ပင်ပွားစေ့၊ အခွံမာသီးနဲ့အစေ့အဆန်တွေကို စားလို့ရပါတယ်။

(၄) နှိပ်နယ်ပါ

ခပ်ကြမ်းကြမ်းအနှိပ်ခံဖို့မဟုတ်ပါဘူးနော်။ Spa သွားပြီးတော့လည်း ငွေကုန်စရာမလိုပါဘူး။ ကိုယ့်ရဲ့ခြေထောက်၊ ခြေမျက်စိ၊ ခြေဖဝါးတို့ကို သံလွင်ဆီလေးနဲ့ အသာအယာနှိပ်နယ်ပေးလို့ရပါတယ်။ လက်ချောင်းထိပ်လေးနဲ့ ခပ်ဖွဖွ နှိပ်နယ်ပေးတာက သွေးကြောတွေကိုကျယ်စေပြီး ကြွက်သားတွေကို ပြေလျော့စေတယ်၊ ရောင်ရမ်းမှုတွေကို သက်သာစေတယ်။

(၅) သံဓါတ်ပမာဏကို ထိန်းပါ

သံဓါတ်ဟာသွေးလည်ပတ်မှုစနစ်အတွက် မရှိမဖြစ်အရေးပါတဲ့သတ္တုဓါတ်ဖြစ်ပါတယ်။ သူက သွေးနီဥဆဲလ်တွေမှာ အဓိကပါဝင်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်ဖို့ကို သံဓါတ်လိုအပ်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ ဟင်းနုနွယ်၊ ပဲနဲ့ အသည်း စတာတွေကနေ ရရှိနိုင်ပါတယ်။

ဒါပေမယ့် အားဆေးတွေသောက်၊ သံဓါတ်ကြွယ်ဝတာတွေစားလွန်းရင် သံဓါတ်လွန်ကဲတတ်တာ သတိပြုပါ။ သံဓါတ်လွန်ကဲတဲ့အခါ နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်နော်။ ၂၀၁၃ ခုနှစ်က သုတေသနအရ ခန္ဓါကိုယ်ထဲ သံဓါတ်လွန်ကဲနေခြင်းက ကိုလက်စထရောများခြင်း၊ ခါးပတ်လည်အဆီများခြင်းတို့နဲ့ ဆက်နွှယ်နေတာ တွေ့ရပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက် အဓိကကျတဲ့ သွေးလည်ပတ်မှုစနစ်ကို ကောင်းအောင် ဂရုစိုက်ပေးလိုက်ပါ။ နေရတာ ထူးခြားလာပါလိမ့်မယ်နော်။

ကိုးကား- Hello ဆရာဝန်

Hello SayarWon

သွေးတွင်း မကောင်းတဲ့ကိုလက်စထရော(LDL- Low Density Lipoprotein) များနေရင် သွေးလည် ပတ်စီးဆင်းမှုမကောင်းပါဘူး။ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက အာဟာရဓာတ်နဲ့ အောက်ဆီဂျင်တွေကိုခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးပါတယ်။ သွေးလည်ပတ်စီးဆင်းမှုမကောင်းတဲ့အခါခန္ဓာကိုယ်မှာကျန်းမာရေးပြဿနာတွေဖြစ်လာပါတယ်။ အဲဒီကျန်းမာရေးပြဿနာတွေက-

ခြေထောက်တွေဖောရောင်ခြင်း

ခြေထောက်တွေဖောရောင်တာက အထိုင်များတာ  ဒါမှမဟုတ် မတ်တတ်ရပ်များတာတွေကြောင့် ဖြစ်နိုင်သလို အငန်စားသုံးမှုများတာ၊ အာဟာရချို့တဲ့ တာ၊ အဝလွန်တာ၊ အသက်အရွယ်ကြီးတာ၊ လှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံ၊  ဓမ္မတာမလာမီ  ကိုက်ခဲတာ၊ ကိုယ်ဝန်ဆောင်တာ စတာတွေကြောင့်  သွေးစီးဆင်း မှုမကောင်းလို့ဖြစ်ရပါတယ်။ သွေးစီးဆင်းမှုမကောင်း တာကြောင့်  ကျောက်ကပ်ကသွေးတွေ  တစ်သျှူး တစ်ဝိုက်မှာ  စုပုံနေပြီး  ရောင်ရမ်းတာဖြစ်လာရပါ တယ်။ ခြေထောက်မှာ  သွေးစီးဆင်းမှုမကောင်းတာဆိုးရွားလာရင်  အနာတွေဖြစ်လာနိုင်တယ်။  ခြေ ထောက်ရောင်ရင်  လဲလျောင်းတဲ့အခါ ခြေထောက် ကို အပေါ်မြှင့်ထားသင့်ပါတယ်။ အရောင်မသက်သာ ဘဲ ရက်ရှည်နေရင်  ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။

ခုခံစွမ်းအားနည်းလာခြင်း

သွေးလည်ပတ်မှုမကောင်းတာကြောင့် ခုခံအားစနစ်အပေါ် များစွာသက်ရောက်မှုရှိပါတယ်။ သွေးလည်ပတ်မှုမကောင်းတဲ့အခါ  ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုအပ်တဲ့နေရာတွေဆီမရောက်တာကြောင့် ရောဂါပိုးမွှားတွေကိုတိုက်ထုတ်ဖို့ ခုခံစွမ်းအားလျော့နည်းနေတတ်ပါတယ်။ခန္ဓာကိုယ်မှာ ခုခံစွမ်းအားနည်းတဲ့အခါ ရောဂါပိုးမွှားတွေ အလွယ်တကူဝင်နိုင်ပြီး မကြာခဏဖျားနာတာ၊ ထိခိုက်ရှနာဖြစ်ပြီးတဲ့အခါ တော်ရုံအနာမကျက်တာတွေဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းပြီး ခုခံစွမ်းအားမြင့်မားစေဖို့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ နေ့စဉ် နာရီဝက်ကနေ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ 

ခြေလက်တွေ ထုံကျဉ်နေခြင်း

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုခု ထုံကျဉ်နေတာ၊ အဓိက  လက်နဲ့ခြေထောက်တွေမှာ  ထုံကျဉ်မှုတွေဖြစ်ရတာက    သွေးလည်ပတ်မှုမကောင်းလို့ဖြစ်ပါတယ်။    လက်ကိုဖိပြီးအိပ်မိတာ၊    အရမ်းအေးတဲ့အရာကိုကိုင်တွယ်မိတာ၊ အာရုံကြောခဏတာညပ် တာ၊ လှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံနဲ့   နေထိုင်တာ၊ဗီတာမင် B 12 နဲ့ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တာ စတာ တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။    လက်သန်းနဲ့ လက်သူကြွယ်တစ်ဝိုက်ကလွဲပြီး  ကျန်လက်ချောင်း တွေထုံကျဉ်နေတာ၊ ဆီးချိုသွေးချိုရှိတာ၊ သိုင်းရွိုက် ဂလင်းအလုပ်အလွန်လုပ်နေတာ စတဲ့ရောဂါတွေမှာ ခြေ၊ လက်ထုံကျဉ်တာကို လက္ခဏာတစ်ရပ်အနေနဲ့ ပြတတ်ပါတယ်။

ခြေထောက်သွေးပြန်ကြောထုံးခြင်း

ခြေထောက်မှာ  သွေးပြန်ကြောတွေ   ထင်ထင်ရှားရှားပေါ်လွင်နေတာ သွေးလည်ပတ်မှုမကောင်းတာကြောင့်ဖြစ်ပါတယ်။ ခြေထောက်သွေးပြန်ကြောသွေးတွေက သွေးလည်ပတ်မှုမကောင်းတာနဲ့ ကမ္ဘာမြေကြီးဆွဲအားကြောင့် အပေါ်ပြန်မတက်နိုင်တဲ့အခါ သွေးကြောတွေရောင်တာ၊ လိမ်တာတွေဖြစ်လာပါတယ်။  အဲဒါတွေက  သိသိသာသာဖြစ်ပြီး  မျက်စိနဲ့မြင်တွေ့နိုင်ပါတယ်။ သွေးပြန်ကြောတွေရောင်တာကြောင့် နာကျင်တာ၊ ယားယံတာ၊ ခြေထောက်လှုပ်တာ၊ ပူစပ်ပူလောင်ခံစားရတာ၊ ခြေထောက်ကြီးတာ စတာတွေဖြစ်ပေါ်နိုင်ပါတယ်။ ခြေထောက်သွေးပြန်ကြောရောင်တာက မျိုးရိုးလိုက်တာ၊ အဝလွန်တာ၊ဝမ်းချုပ်တာ၊     ဟော်မုန်းပြောင်းလဲမှုတွေဖြစ်တာ စတဲ့ ခန္ဓာကိုယ်ရဲ့အပြောင်းအလဲပေါ်မူတည်ပြီးလည်းဖြစ်နိုင်ပါတယ်။ ခြေထောက်သွေးပြန်ကြောရောင်တာခံစားရရင် သွေးလည်ပတ်မှုကောင်းအောင်ခြေအိတ်ကျပ်ကျပ်ဝတ်အိပ်သင့်ပါတယ်။

ခြေလက်တွေအေးနေခြင်း

သွေးလည်ပတ်စီးဆင်းမှုက    ခန္ဓာကိုယ်အပူချိန် ကိုထိန်းပေးပါတယ်။ သွေးစီးဆင်းမှုပြတ်တောက်သွားတာက  ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို  မထိန်းထားနိုင်ပါဘူး။ သွေးစီးဆင်းမှုမကောင်းရင်  ခန္ဓာကိုယ်ရဲ့ အစွန်အဖျားနေရာတွေဖြစ်တဲ့  လက်ချောင်း၊ ခြေချောင်းလေးတွေဆီကိုသွေးမရောက်ရှိတာကြောင့် အေးနေတာပဲဖြစ်ပါတယ်။

သွေးမရောက်ရင် အဲဒီနေရာတွေဆီ အောက်ဆီဂျင် ပမာဏလုံလောက်စွာမရောက်နိုင်ပါဘူး။ အေးနေတဲ့နေရာကို ပွတ်ပေးရင် သဘာဝအတိုင်း သွေးစီးဆင်းမှု ပြန်ကောင်းစေပါတယ်။ သိုင်းရွိုက်ဂလင်းလုပ်‌ဆောင်မှုများတာ၊  လက်နဲ့ခြေထောက်မှာရှိတဲ့   အာရုံကြောတွေပျက်စီးတာကြောင့်ဖြစ်တဲ့ လက်ဖျား၊ ခြေဖျားအေးတာဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ရုတ်တရက်ဆံပင်ကျွတ်ခြင်း

သွေးလည်ပတ်မှုမကောင်းတာကြောင့်ရုတ်တရက်ဆံပင်ကျွတ်နိုင်ပါတယ်။သွေးလည်ပတ်မှုမကောင်းတဲ့အခါ ဦးရေပြားက လိုအပ်တဲ့အာဟာရ ဓာတ်တွေမရရှိတာကြောင့် ဆံသားခြောက်သွေ့တာ၊ ဆံပင်ကျဲတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။ ဆံပင်ကျွတ်တာသက်သာစေဖို့ အဆီတစ်မျိုးမျိုးကို ဦးရေပြားအနှံ့လိမ်းပြီး ညင်သာစွာနှိပ်နယ်ပေးသင့်ပါတယ်။  အသက်အရွယ်ကြီးတာ၊  စိတ်ဖိစီးမှုများတာ၊ ဆေးလိပ်အလွန်အကျွံသောက်တာ၊ သိုင်းရွိုက်ဂလင်းပြဿနာရှိတာ၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါရှိတာ၊ နာတာရှည်ဖျားနာနေတာ စတာတွေကြောင့်လည်း ဆံပင်ကျွတ်တာဖြစ်နိုင်ပါတယ်။

အမြဲတမ်းမောပန်းနွမ်းနယ်ခြင်း

ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်ပြီးတဲ့အခါနဲ့ တချို့ဆေးဝါးတွေကြောင့် မောပန်းနွမ်းနယ်မှုတွေကို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ သွေးလည်ပတ်မှု မကောင်းတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆီကို သွေးမရောက်တဲ့အခါမျိုးမှာလည်း မောပန်းနွမ်းနယ်တာဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှု မကောင်းတာကြောင့်ခံစားရတဲ့ မောပန်းနွမ်းနယ်မှု တွေဖြစ်တဲ့အခါ   အသက်ရှူမြန်တာ၊  သက်လုံမကောင်းတာနဲ့ ကြွက်သားနာကျင်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တာ၊ ကော်ဖီအများအပြားသောက်သုံးတာ၊ အိပ်ရေးပျက်များတာ၊  ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊  စိုးရိမ်စိတ် များတာ၊  စိတ်ဓာတ်ကျတာ၊  စိတ်ဖိစီးမှုများတာ တွေကြောင့်လည်း မောပန်းနွမ်းနယ်မှုတွေကို ခံစားရနိုင်ပါတယ်။

သွေးတွင်းမကောင်းတဲ့ကိုလက်စထရောများခြင်း

သွေးတွင်းမကောင်းတဲ့ကိုလက်စထရော(LDL-Low Density Lipoprotein)က ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စထရောဖြစ်ပြီး HDL-High Density Lipoprotein က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ကိုလက်စထရောဖြစ်ပါတယ်။ သွေးတွင်းမကောင်းတဲ့ကိုလက်စထရော(LDL) များတာက  အသံတိတ်လူသတ်သမားဖြစ်ပါတယ်။

ကိုလက်စထရောက ခန္ဓာကိုယ်က ဆဲလ်တိုင်းမှာ ရှိပါတယ်။  ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအကောင်းဆုံးလည်ပတ်စေဖို့  လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။  နေ့စဉ် စားသုံးတဲ့အစားအစာတွေထဲ ကနေ  ရရှိနိုင်ပါတယ်။  ဒါပေမဲ့  သင့်တင့်တဲ့ပမာဏ ထက် ကျော်သွားမယ်ဆိုရင်တော့ ရုတ်တရက် နှလုံး ရပ်တာ၊   လေဖြတ်တာမျိုးရောဂါတွေ ခံစားရနိုင်ပါ တယ်။  သွေးတွင်းမကောင်းတဲ့  ကိုလက်စထရော(LDL)   များနေတဲ့လက္ခဏာတွေက မျက်ခွံမှာ  အဝါရောင်အဖုတွေထွက်ပြီး မျက်ကြည်လွှာတစ်ဝိုက်မှာ မီးခိုးရောင်အရစ်လေးတွေဖြစ်နေမယ်။  အပေါ်မျက်ခွံမှာဖြစ်ဖြစ်၊     အောက်မျက်ခမ်းမှာဖြစ်ဖြစ်နာကျင်မှုမရှိတဲ့  ခပ်ပျော့ပျော့အဖုလေးတွေစမ်းမိ နေရင်   အမြင်အာရုံကိုထိခိုက်မှုဖြစ်စေမယ့်   သွေး တွင်းမကောင်းတဲ့ကိုလက်စထရော (LDL) များနေ တတ်ပါတယ်။ မှန်ကြည့်တဲ့အခါ မျက်ကြည်လွှာ တစ်ဝိုက်ကို  သေချာစိုက်ကြည့်လို့  မျက်ကြည်လွှာ တစ်ဝိုက်မှာ မီးခိုးရောင်အရစ်ကလေးဖြစ်နေတာ တွေ့ရင် ဒါက သွေးတွင်းမကောင်းတဲ့ကိုလက်စထရော (LDL) များနေတာဖြစ်ပါတယ်။ အသက် ၄၅ နှစ်အထက်တွေမှာ အဖြစ်များပါတယ်။ ဒါတွေက ကိုယ်တွင်းသွေးလည်ပတ်စီးဆင်းမှု  မကောင်းတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။

Source: https://myawady.net.mm/stories

 

ဒေါက်တာလွင်သန့်