ပထဝီဝင်နိုင်ငံရေးလမ်းဆုံမှ ဉာဏ်ရည်တု (AI)
Posted_Date
Image

Body
လွန်ခဲ့သောရက်သတ္တပတ်များက ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် Artificial Intelligence (AI) Action Summit သည် AI နှင့်စပ်လျဉ်း၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြားတွင် စိတ်ဝမ်းကွဲမှု ကြီးထွားလာခြင်းကို မီးမောင်းထိုးပြခဲ့သည်။ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံလုံးသည် လျင်မြန်သောတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို နှစ်သက်ကြသည်။ သို့သော် တရုတ်နိုင်ငံသည် အစိုးရ ကျောထောက်နောက်ခံပြု AI စမ်းသပ်မှုများကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်နေချိန်တွင် အမေရိကန် အနေဖြင့် ပုဂ္ဂလိကကဏ္ဍကို ပွဲထုတ်ရန် ကြိုးပမ်းနေသည်။ ဥရောပသည် ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် ပိုမိုသတိထားရမည့်လမ်းကြောင်းကိုရှာဖွေနေသည်။ အိန္ဒိယသည် အန္တရာယ် များကို သတိပြုမိသော်လည်း အလယ်အလတ်လမ်းစဉ်ကို ကိုင်စွဲလျက် AI ၏ အကျိုးကျေးဇူးများကို အားလုံးရရှိစေရန် “ကမ္ဘာ့စုပေါင်းကြိုးပမ်းအားထုတ်မှု” ကို ထောက်ခံအားပေးလျက်ရှိသည်။
ဤကွဲပြားသောချဉ်းကပ်မှုများသည် ကြီးထွားလာသော ဘက်စုံကမ္ဘာကြီးရှိ အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုဖြင့်ပုံဖော်ထားပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အရေးပါသော သက်ရောက်မှုရှိမည်ဖြစ်သည်။ အဓိကစဉ်းစားရန်အချက်မှာ AI စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ ကွဲပြားသောအမြင်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဝိရောဓိဖြစ်နေသလော သို့မဟုတ် နိုင်ငံတကာလုံခြုံရေးကို အာမခံပြီး အမျိုးသားအကျိုးစီးပွားများကို တိုးတက်အောင် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည်လောဟူသည့် မေးခွန်းဖြစ်သည်။
အင်အားကြီးနိုင်ငံများအား ချဉ်းကပ်လေ့လာမှု
ထိပ်သီးအစည်းအဝေးတွင် မီးမောင်းထိုးပြထားသည့်ချဉ်းကပ်မှုတစ်ခုမှာ အင်အားကြီးတို့၏ ပြိုင်ဆိုင်မှုရှုထောင့်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က AI ၏ အရေးပါမှုကို ဤသို့ အလေးပေးပြောကြားခဲ့သည်- “Artificial Intelligence သည် ရုရှားနိုင်ငံအတွက်သာမက လူသားအားလုံးအတွက်ပါ အနာဂတ်ဖြစ်သည် xxxxx ဤ (AI) နယ်ပယ်တွင် ခေါင်းဆောင်ဖြစ်လာသူသည် လောကကို အုပ်စိုးသူ ဖြစ်လာလိမ့်မည် xxxxx” ရှစ်နှစ်ကြာပြီးနောက်တွင် AI ထိပ်တန်းနိုင်ငံများ၏ မဟာဗျူဟာမြောက် အရေးပါမှုမှာ အဆမတန်ကြီးထွားလာခဲ့သည်။ ယနေ့ခေတ်တွင် ၂၁ ရာစု AI လက်နက်ပြိုင်ပွဲကို မိမိတို့ မြင်တွေ့ နေရသည်။
အမေရိကန်နိုင်ငံတွင် မကြာသေးမီက တာဝန်ယူခဲ့ကြသည့်အစိုးရများသည် AI ကို စိတ်အားထက်သန်စွာအသုံးပြုရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းထားသည်။ ထိပ်သီးအစည်းအဝေး တွင် အမေရိကန် ဒုတိယသမ္မတ J.D. Vance က ဥရောပ၏ တင်းကြပ်သောစည်းမျဉ်းများကို ဝေဖန်ခဲ့ပြီး အလွန်အကျွံကြီးကြပ်မှုသည် ဆန်းသစ်တီထွင်မှုကို အဟန့်အတားဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်းသည် AI တွင် လျင်မြန်ပြီး အထိန်းအကွပ်မဲ့ တိုးတက်မှုအတွက် အမေရိကန်၏ ကတိကဝတ်ကို ထင်ဟပ်စေသည့် “all gas, no brakes” ဟူသည့် အစိုးရသစ်၏ အလုံးစုံဗျူဟာ သစ်ကို ယခင်က ဖော်ပြခဲ့ဖူးသည်။
မကြာသေးမီက Trump အစိုးရအဖွဲ့၏ အမိန့်သည် ဆန်းသစ်တီထွင်မှုကို အဟန့်အတား ဖြစ်စေသည်ဟုယူဆသော ယခင်မူဝါဒများကို ရုပ်သိမ်းလိုက်ပြီး စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေးကို အဓိကထားကာ အမေရိကန် AI ခေါင်းဆောင်မှုကို ဆက်လက်ထိန်းထားရန် ရက်ပေါင်း ၁၈၀ အတွင်း လုပ်ဆောင်ချက်အစီအစဉ်ကို ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် အမေရိကန်သည် OpenAI ၊ SoftBank နှင့် Oracle တို့ပါဝင်သော ဖက်စပ်လုပ်ငန်းဖြစ်သည့် "Stargate" ပရောဂျက်တွင် AI အခြေခံအဆောက်အအုံအတွက် ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။ AI စွမ်းရည်ကိုမြှင့်တင်ရန်နှင့် အဆိုပါနယ်ပယ်တွင် အမေရိကန်ခေါင်းဆောင်မှုကို လုံခြုံစေရန် နိုင်ငံတစ်ဝှမ်း ဒေတာစင်တာများဆောက်လုပ်ရန် ကနဦးစီစဉ်ထားပြီး တက္ကဆက်တွင် စတင် ဆောင်ရွက်လျက်ရှိသည်။
အမေရိကန်သည် AI ဖွံ့ဖြိုးတိုးတက်မှု၏ အချို့သောကဏ္ဍများကို ကန့်သတ်ချက်များအား ဖြေလျှော့ရန် မကြာသေးမီက ကြိုးပမ်းခဲ့သည့်အပြင် AI ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ဇာတ်ခုံတွင် ဝင်ရောက်ပြိုင်ဆိုင်မှုပြုရမည်ဟူသည့် မူဝါဒအပေါ်၌ တသမတ်တည်းရပ်တည်လျက်ရှိနေပါသည်။ အဆိုပါရပ်တည်ချက်အတွက် အစောပိုင်းလှုပ်ရှားမှုများထဲမှ တစ်ခုမှာ တရုတ်နည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချကာ ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို အားကောင်းလာ စေရန် ကြီးမားသောရန်ပုံငွေ ခွဲဝေပေးသည့် 2022 CHIPS and Science ဥပဒေဖြစ်သည်။ ယင်းဥပဒေတွင် AI ဖွံ့ဖြိုးတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်သည့် အဆင့်မြင့်တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအတွက် အမေရိကန်ထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံစေရန်ရည်ရွယ်သည့် ဖီးနစ်နှင့် အရီဇိုးနားတို့တွင် ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တည်ထောင်ရာတွင် ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြုပ်နှံမှုပါဝင်သည်။ လက်ရှိတွင် ထိုင်ဝမ်သည် ကမ္ဘာ့အဆန်းပြားဆုံးချစ်ပ်များ၏ ၉၀% ကျော်ကို ထုတ်လုပ်နေပြီး အထူးသဖြင့် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကိုကျူးကျော်မည်ဟု တရုတ်၏ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ AI နှင့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ အတွက် စိုးရိမ်ဖွယ်ဖြစ်နေသည်။
Biden အစိုးရသည် တရုတ်နိုင်ငံ၏ AI တိုးတက်မှုကို ဟန့်တားရန်အတွက် တင်းကြပ်သော ပို့ကုန်ထိန်းချုပ်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။ AI ချစ်ပ်များ၊ cloud ဝန်ဆောင်မှုများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ပစ္စည်းများအပါအဝင် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ များအသုံးပြုခွင့်ကိုကန့်သတ်ရန် အမေရိကန်ကုန်သွယ်ရေးဌာန၏ စက်မှုနှင့်လုံခြုံရေးဗျူရိုမှ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီအမံများသည် တရုတ်နိုင်ငံ၏ စစ်ရေးနှင့် ထောက်လှမ်းရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် အရေးကြီးသော AI နည်းပညာများ လွှဲပြောင်းခြင်းကို တားဆီး ခြင်းဖြင့် အမေရိကန်၏အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။
သို့သော် အဆိုပါကန့်သတ်ချက်များရှိနေသော်လည်း တရုတ်နိုင်ငံ၏ AI ကဏ္ဍသည် ခံနိုင်ရည်ရှိမှုနှင့် ဆန်းသစ်တီထွင်မှုများကို ပြသနိုင်ခဲ့ကြောင်း သတိပြုသင့်ပေသည်။ တရုတ်၏ AI လုပ်ငန်းသစ်တစ်ခုဖြစ်သော DeepSeek သည် အဆင့်မြင့် AI မော်ဒယ်ကို တီထွင်ဖန်တီး၍ သိသာစွာ နည်းပါးသောကုန်ကျစရိတ်ဖြင့် လည်ပတ်ကာ အမေရိကန်နှင့်မိတ်ဖက်များကို တုန်လှုပ် ချောက်ချားစေခဲ့သည်။ ကာကွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အပါအဝင် အရေးကြီးသောကဏ္ဍများတွင် နည်းပညာသာလွန်မှုကိုထိန်းသိမ်းရန် အမေရိကန်၏ဆောင်ရွက် ချက်များကို ကျော်လွန်နိုင်ချေရှိသည့် တရုတ်နိုင်ငံ၏အရှိန်အဟုန်မြှင့် AI စွမ်းရည်များကို အသားပေး ခဲ့ခြင်းကြောင့်အဆိုပါအောင်မြင်မှုသည် အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။
နောက်ဆုံးတွင် အမေရိကန်နှင့် ယူကေတို့သည် AI စီမံအုပ်ချုပ်မှုဆိုင်ရာတွင် လက်ရှောင်ရန် အချင်းချင်းညှိခဲ့ကြပြီး ထိပ်သီးအစည်းအဝေး၏ နောက်ဆုံးကြေညာချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။ စျေးကွက်က လိုလားနေသည်မှာ ရှင်းနေသော်လည်း အမေရိကန်သည် AI မူဝါဒ များကို အခြေအတင် ဆွေးနွေးနေဆဲဖြစ်ပြီး အမေရိကန်၏အကျိုးစီးပွားကို ကာကွယ်ပေးမည့် ဥပဒေများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းတည်ဆောက်ရန်အတွက် လွှတ်တော်တွင် ခိုင်မာသော အခြေအတင် ဆွေးနွေးမှုများမှတစ်ဆင့် ပုံဖော်သင့်ပေသည်။
ဥရောပ၏ သတိထားချဉ်းကပ်မှု
ထိပ်သီးအစည်းအဝေးတွင် ပြင်သစ်သမ္မတ Emmanuel Macron က “နည်းပညာဆိုင်ရာ ကြိုးနီစနစ်ကို ဖြတ်တောက်ရန်” ကတိပြုခဲ့သော်လည်း ဥရောပမှ ချဉ်းကပ်မှုအလုံးစုံသည် သတိထား နေဆဲဖြစ်သည်။ နည်းပညာကဏ္ဍကို ပစ်မှတ်ထားသည့် ထိန်းချုပ်မှုများပြီးနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ဥရောပသမဂ္ဂ၏ Artificial Intelligence ဥပဒေသည် AI အတွက် ကမ္ဘာ့ပထမဆုံး ပြည့်စုံသောဥပဒေမူဘောင်ကို ကိုယ်စားပြုပါသည်။ ၎င်းတွင် AI application များအား အန္တရာယ်အမျိုးအစားခွဲခြားမှုကို- “လက်မခံနိုင်သော၊ မြင့်မားသော၊ အကန့်အသတ်နှင့် အနည်းဆုံး” စသဖြင့် အဆင့်သတ်မှတ်ခွဲခြားထားသည်။ အန္တရာယ်မြင့်မားသော application များ ပေါ်တွင် တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး စီးပွားဖြစ်အဆင့်မြင့်လက်နက်များ တီထွင် ထုတ်လုပ်နိုင်မှုများအတွက် သက်ရောက်မှုရှိသောအန္တရာယ်များအပါအဝင် လက်မခံနိုင်ဟု ယူဆရမှု များအားလုံးကို လုံးဝပိတ်ပင်ထားသည်။ AI စနစ်များသည် အခြေခံအခွင့်အရေးများနှင့် ဘေးကင်းရေး စံနှုန်းများကို လိုက်နာကြောင်းသေချာစေရန် ဒေတာအရည်အသွေးစံနှုန်းများ၊ ပွင့်လင်းမြင်သာမှု၊ လူကိုယ်တိုင်ကြီးကြပ်မှုနှင့် တာဝန်ခံမှုဆိုင်ရာအစီအမံများ အပါအဝင် တင်းကြပ်သောပြဋ္ဌာန်းချက် အချို့ကို ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
EU သည် AI စနစ်များတွင် ဆိုက်ဘာလုံခြုံရေးကို အားကောင်းစေရန် ဆိုက်ဘာဥပဒေ အပြင် ပွင့်လင်းမြင်သာမှု၊ အကြောင်းအရာပိုင်းဖြတ်မှုနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် တရား မျှတသောယှဉ်ပြိုင်မှုတို့ကို မြှင့်တင်ရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဥပဒေနှင့် ဒစ်ဂျစ်တယ် စျေးကွက်များဥပဒေတို့အပါအဝင် AI နှင့် ပိုမိုကျယ်ပြန့်သော နည်းပညာကဏ္ဍအတွက် သက်ရောက်မှု ရှိသော အခြားသောအဓိကကျသည့် စည်းမျဉ်းများကိုလည်း ပြဋ္ဌာန်းခဲ့သည်။
ဤသတိထားရမည့်ချဉ်းကပ်မှုကို နိုင်ငံအများအပြားက သဘောတူမျှခဲ့ကြပြီး ၇၉ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်ကျင်းပသည့် ၂၀၂၄ ခုနှစ် ကုလသမဂ္ဂအနာဂတ်ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ပဓာနကျသောအချက်ဖြစ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးအတွင်း ကမ္ဘာ့ ခေါင်းဆောင်များသည် AI ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်စပ်လျဉ်းသည့် ပထမဆုံးကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် Global Digital Compact ပါ၀င်သည့် အနာဂတ်အတွက် သဘော တူညီချက်ကို အတည်ပြုခဲ့သည်။ သဘောတူညီချက်သည် AI ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုတွင် တာဝန်ခံမှုရှိစေမည့် မူဘောင်များအတွက် လှုံ့ဆော်ပေးသည့် "AI အသုံးပြုမှုဆိုင်ရာကျင့်ဝတ်" ကို အလေးပေး ဖော်ပြထားသည်။ ထိပ်သီးအစည်းအဝေးအတွင်း မီးမောင်းထိုးပြထားသည့် စိုးရိမ် ပူပန်မှုများမှာ လူမှုမငြိမ်မသက်မှုများကို ပိုမိုဆိုးရွားလာစေနိုင်သည့် AI ၏ အလားအလာများကို ဖော်ပြထားပြီး အဆိုပါအချက်များတွင် လူ့အခွင့်အရေးကို ချိုးဖောက်ကာ လုပ်သားစျေးကွက်ကို ထိခိုက်စေခြင်း၊ ကမ္ဘာတဝှမ်းရှိ အကြမ်းဖက်ပဋိပက္ခများနှင့် ဆက်နွှယ်နေသည့် ပြဿနာအားလုံး စသည်တို့ ပါဝင်သည်။
ပဲရစ်တွင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က AI သည် ၎င်း၏ ရည်ရွယ်ချက်များ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးအခွင့်အလမ်းများကိုဖွင့်လှစ်ရန် ဆောင်ရွက်ပေး နိုင်ကြောင်း သေချာစေရန် အုပ်ချုပ်မှုမူဘောင်များ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ချဉ်းကပ်မှုပုံစံသည် ဆန်းသစ်တီထွင်မှုနှင့်ကြီးကြပ်မှုကို မျှတစေပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးတို့တွင် အားလုံးပါဝင်နိုင်သော တိုးတက်မှုအတွက် AI ကို မောင်းနှင်အားတစ်ခုအဖြစ် အသုံးပြုရန်ဖြစ်သည်။ အလားတူ အာဖရိက သမဂ္ဂသည် စွန့်စားမှုများကို လျော့နည်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် AI ကို အသုံးချရန် အာဖရိကတိုက်လုံးဆိုင်ရာ AI မဟာဗျူဟာ (Continental Artificial Intelligence Strategy) ကို ကျင့်သုံးရေး ထောက်ခံအားပေးခဲ့သည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပုံဖော်ခြင်း
ဂရိသမိုင်းပညာရှင် Thucydides က “အားကြီးသူများသည် ၎င်းတို့ ထိုးနှက်နိုင်စွမ်းရှိသမျှ ထိုးနှက်ကြပြီး အားနည်းသူများမှာ ခံစားရန်ရှိသမျှ ခံစားကြရသည်” (တူဖြစ်လျှင်နှံ၊ ပေဖြစ်လျှင်ခံ) ဟု ဆိုခဲ့လေသည်။ ယခင်က နည်းပညာဆိုင်ရာ တော်လှန်ရေးများကဲ့သို့ပင် AI ပြိုင်ပွဲသည် အရင်းအမြစ်များနှင့် ဗျူဟာမြောက်ကြီးစိုးလိုစိတ်ရှိသူတို့က ပုံဖော်ကြမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမရှိပါက AI သည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက် နိုင်သည့် အင်အားစုတစ်ရပ် ဖြစ်လာနိုင်သည်။
အန္တရာယ်ရှိနည်းပညာများကို အရှိန်အဟုန်ဖြင့် အရှိန်မြှင့်တင်ခြင်းသည် နျူကလီးယား မတည်ငြိမ်မှု သို့မဟုတ် နိုင်ငံဖြတ်ကျော်အကြမ်းဖက်မှုတို့ကဲ့သို့ပင် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုတစ်ခု မျှသာ မကပေ။ ၎င်းသည် မကြုံစဖူးသော အရှိန်အဟုန်ဖြင့် အခြားခြိမ်းခြောက်မှုအားလုံးကို ပိုမို ဆိုးရွားအောင် လုပ်နိုင်စွမ်းရှိသော လောင်စာတစ်ခုပင်ဖြစ်သည်။ ဤအခင်းအကျင်းတွင် AI သည် ယင်း၏ဆိုးကျိုးဆက်များကို ကမ္ဘာကြီးက ထိန်းချုပ်ဖြေရှင်းကိုင်တွယ်နိုင်စွမ်းထက်ကျော်လွန်၍ ပိုမို လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် အဆင့်အမြင့်ဆုံး အင်အားဆပွားစွမ်းအင်တစ်မျိုးဖြစ်လာသည်။
ပါရီထိပ်သီးအစည်းအဝေးက ကမ္ဘာ့ချဉ်းကပ်မှုများအကြား သိသာစွာကွဲလွဲမှုများ (အမေရိကန်နှင့် တရုတ်တို့က ဦးဆောင်ထားသည့် AI လွှမ်းမိုးမှုအတွက် အထိန်းအကွပ်မဲ့ ပြိုင်ဆိုင်မှုနှင့် ဥရောပကဦးဆောင်ပြီး ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းပေါင်းစုံမှ ကျောထောက် နောက်ခံပြုထားသည့် သတိထား၍ နည်းလမ်းတကျသွားလိုသည့်လမ်းကြောင်း) ကို အလေးပေး ဖော်ပြခဲ့သည်။
သမိုင်းအစဉ်အလာရှိခဲ့သည့်အတိုင်း အဆိုပါချဉ်းကပ်မှုများသည် အပြန်အလှန်ဖယ်ထုတ် နေကြမည်တော့မဟုတ်ပါ။ စစ်အေးတိုက်ပွဲကို နျူကလီးယားလက်နက်တပ်ဆင်မှုပြိုင်ပွဲဟု သတ်မှတ် ခဲ့သကဲ့သို့ တစ်ချိန်တည်းမှာပင် လက်နက်ထိန်းချုပ်ရေးစာချုပ်များနှင့် အဟန့်အတားနည်းဗျူဟာ များကို တပြိုင်နက်တည်း ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် AI ခေတ်တွင်လည်း ချဉ်းကပ်မှုနှစ်မျိုး လိုအပ်မည်ဖြစ်သည်။ ဦးဆောင်နိုင်ငံများသည် မဟာဗျူဟာမြောက်အားသာချက်များ ရရှိရန်အတွက် AI ကို မလွဲမသွေတွန်းအားပေးရန် ကြိုးပမ်းနေကြသော်လည်း တပြိုင်နက်တည်းမှာပင် ကပ်ဘေး ဆိုးကျိုးများကိုကာကွယ်ရန် ခိုင်မာသောအုပ်ချုပ်မှုမူဘောင်များ အရေးတကြီးလိုအပ်ပါသည်။ အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်များနှင့် မဟာဗျူဟာမြောက် တည်ငြိမ်ရေးဆွေးနွေးပွဲများဖြင့် အဏုမြူခေတ်၏ အဆိုးရွားဆုံးလွန်ကဲမှုများကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သလိုပင် AI အုပ်ချုပ်မှုမူဘောင်သည် မဟာဗျူဟာအကျိုးစီးပွားများကို ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုနှင့် ချိန်ခွင်လျှာညှိရန် ကြိုးပမ်းရမည်ဖြစ်ပေသည်။
အမေရိကန်သည် AI ကဏ္ဍတွင် ပြိုင်ဘက်ကင်းသော ဆန်းသစ်တီထွင်မှုနှင့် စက်မှုစွမ်းအား တို့ဖြင့် ဦးဆောင်သင့်သည်။ သို့သော် ကောင်းမွန်သောမူဝါဒများဖြင့် အမေရိကန်၏ အကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းမပြုနိုင်ကြောင်း သေချာစေရန် အကာအကွယ်ပေးသင့်သည်။ ပရပ်ရှားစစ်ရေးသုတေသီ Clausewitz က “စစ်ပွဲ၏သွင်ပြင်လက္ခဏာသည် ပြောင်းလဲတတ်သော်လည်း ၎င်း၏သဘော သဘာဝမှာ ပုံသေရှိနေသည်” ဟု ဆိုခဲ့လေသည်။ AI နှင့်ပတ်သက်၍ များစွာမသိရသေးသော်လည်း သေချာသည်မှာ အန္တရာယ်ကောင်များသည် ၎င်းကိုအသုံးချကာ အကြမ်းဖက်မှုများ ဆောင်ရွက်မည် သာပင်။ ထို့အပြင် ပြည့်စုံလုံလောက်သော ကာကွယ်မှုများမရှိပါက ကြိုတင်မျှော်မှန်းမထားသည့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမည်ဖြစ်ပေသည်။
(USIP Website တွင် ဖော်ပြထားသည့် စာရေးသူ Andrew Cheatham ၏ “AI at a Geopolitical Crossroads: The Tension Between Acceleration and Regulation” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။)
ဘာသာပြန်ဆိုသူ-ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂