ချဉ်ပေါင်၏ ကျန်းမာရေးလျှို့ဝှက်ချက်များ
Posted_Date
Image

Body
ပြည်တွင်း၌ ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူ၊ ချဉ်ပေါင်ခါး၊ ကုလားချဉ်ပေါင်ငယ်၊ ကုလားချဉ်ပေါင်ကြီး၊ တောချဉ်ပေါင်၊ ချဉ်ပေါင်နီလက်ခြား၊ သင်္ဘောချဉ်ပေါင်၊ ဘိလပ်ချဉ်ပေါင်၊ ရွှေဘိုချဉ်ပေါင်ဟူ၍ အမျိုးအမည်များပြားလှသည်။ ယင်းတို့အနက် လူသိများပြီး စားသုံးမှုအများဆုံးချဉ်ပေါင်မှာ ချဉ်ပေါင်ခါး၊ ချဉ်ပေါင်ဖြူနှင့် ချဉ်ပေါင်နီလက်ခြားတို့ဖြစ်ကြသည်။
- ချဉ်၍အနည်းငယ်ငန်သော ချဉ်ပေါင်ခါးပင်သည် သုံးပေမှ ငါးပေ အထိမြင့်ပြီး နူးညံ့သောဆူးနှင့်အမြှေးများပါရှိသည်။ အရွက်မှာ အကွဲများရှိပြီး အစိတ်အပိုင်းတိုင်းမှာ ခွေးသွားစိပ်များသဏ္ဌာန်ဖြစ် သည်။ အပွင့်ဝါ၍ အစေ့မည်းသည်။
- အပူဓာတ်ရှိ၍ အချဉ်ပေါ့သော ချဉ်ပေါင်ဖြူပင်သည် နှစ်ပေမှသုံးပေ အထိမြင့်ပြီး အရွက်မှာ အစွန်းသုံးခု သို့မဟုတ် ငါးခုစီပါရှိသည်။ အပွင့်မှာအဖြူရောင်ဖြစ်ပြီး တစ်ပင်လုံးဖြူဖွေးသောအမွေးနုများ ရှိကြသည်။
- ချဉ်၍အပူဓာတ်ရှိသော ချဉ်ပေါင်နီလက်ခြားပင်သည် ပျမ်းမျှ တစ်မိုက်သာသာခန့်သာမြင့်ပြီး အရွက်မှာ ဥပုံသဏ္ဌာန်ရှိ၍ အဖျား ချွန်းကာ အရွက်ပါးလျားသည်။ အပွင့်မှာဝိုင်း၍ဖြူသည်။ အသီးမှာ ဆီးသီးအလတ်စားအရွယ်ခန့်ရှိကာ နုစဉ် အစိမ်းရောင်ဖြစ်ပြီး မှည့်လျှင် ဝါသွားတတ်သည်။
ချဉ်ပေါင်ကို မိုးရာသီကုန်စတွင် ထွန်ယက်စိုက်ပျိုးပါမှ ချဉ်ပေါင် စေ့မှာ အပင်ပေါက်စိတ်ချရမည်။ အကယ်၍ ချဉ်ပေါင်ကို အအေး ဓာတ်ဝင်သည့်ဆောင်းရာသီတွင် စိုက်ပျိုးလိုပါက အစေ့ကို တစ်ညသိပ် ရေစိမ်၍သော်လည်းကောင်း၊ အစေ့ကို ရေနွေးဖြောပြီးမှသော်လည်း ကောင်း စိုက်ပျိုးပေးမှသာ ချဉ်ပေါင်စေ့အပင်ပေါက်နိုင်သည်။
ချဉ်ပေါင်စားဖွယ်စုံ
ချဉ်ပေါင်ရွက်ကို ချဉ်ရည်ဟင်း၊ ချဉ်ပေါင်လှော် သို့မဟုတ် ချဉ်ပေါင် သနပ် စသည့်အရန်ဟင်းလျာများအဖြစ် စားသုံးလေ့ရှိကြသည်။ အသား အမျှင်ထူသော အနီရောင်ချဉ်ပေါင်ဖူးကို ကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်သော်လည်းကောင်း ချက်စားနိုင်သည်။ တချို့ အရပ်ဒေသများတွင် အရွက်ရင့်ရင့်၊ အပွင့်နှင့်အသီးတို့ကို နေပူပူတွင် အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်းအဖြစ် သောက်ကြသည်။ ချဉ်ပေါင်ဖူးနှင့်ချဉ်ပေါင်ပွင့်တို့ကို ထန်းလျက် သို့မဟုတ် သကြားဖြင့် ယိုထိုး၍လည်းစားသုံးကြသည်။ ချဉ်ပေါင်ဖူးယိုက အနံ့၊ အရသာပိုစူးသော ကြောင့် ယင်းကို ဆီးယိုထက်ပို၍ လူကြိုက်များသည်။
ချဉ်ပေါင်နှင့်မြန်မာ့ဆေးစွမ်း
- ဒဗ္ဗဂုဏပကာသနီဆေးကျမ်းတွင် ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူ၊ ချဉ်ပေါင်ခါးဟူ၍ သုံးမျိုးကွဲပြား၏။ များသောအားဖြင့် ချဉ်ပေါင်နီ၊ ချဉ်ပေါင်ဖြူရွက်သည် ချဉ်၏။ ပူ၏။ ပူနာ၊ သလိပ်နာ၊ သည်းခြေနာ တို့ကိုနိုင်၏။ လေကိုပျက်စေတတ်၏။ ခံတွင်းနာ၊ နှုတ်မမြိန်နာ တို့နှင့်သင့်၏။ ချဉ်ပေါင်ခါးသည် ချဉ်၏။ ငန်၏။ အဆီမရှိ။ လေ သလိပ်ကိုနိုင်၏။ အဆိပ်နာ၊ မြင်းသရိုက်နာများနှင့်သင့်၏။ နှုတ် ကိုမြိန်စေတတ်၏ဟုဆိုထားသည်။
- ဆေးအဘိဓာန်တွင် ချဉ်ပေါင်ရွက်သည် ဝမ်းမီးတောက်၏။ သည်း ခြေနာ၊ ကြက်ညှာနာ၊ မြင်းသရိုက်နာတို့ကို သက်သာစေတတ်၏ ဟုဆိုထားသည်။
- ဇီဝိတဝဃုနဆေးကျမ်းတွင် ချဉ်ပေါင်ရွက်သည် ချဉ်၍ချွဲ၏။ ယင်းသည် လက်ခြားတစ်မျိုး၊ အနီတစ်မျိုးဟူ၍ နှစ်မျိုးရှိ၏။ အနီမှာအထူးချဉ်၏။ လက်ခြားမျိုးသည်လည်း အဖြူနှင့်အညို နှစ်မျိုးရှိရာ အညိုက စား၍ကောင်း၏။ နုန်းမြေ၊ မြေနုအရပ်တွင် ပေါက်သောချဉ်ပေါင်သည် အချဉ်နည်း၍ အချွဲအဖန်မများလှသောကြောင့် စား၍အထူးကောင်း၏။ တပေါင်း၊ တန်ခူးလများတွင် ကြက်သွန်ခင်းပတ်ဝန်းကျင်တို့အနီးစိုက်ပျိုးသော ချဉ်ပေါင် လက်ခြားများက အချဉ်နည်း၊ အချွဲလည်းနည်းသဖြင့် အလွန်ပင်စားကောင်း၏။ ချဉ်ပေါင်ရွက်သည် သလိပ်ကိုစိုစေ၊ ပွစေတတ်၏။ ဆီးဝမ်းကိုမှန်မှန်သွားစေတတ်သော သီတဂိုဏ်းဝင်အမျိုး အစားပေတည်းဟုဆိုထားသည်။
- ရှုတော်မူဆေးကျမ်းတွင် ချဉ်ပေါင်ခါးရွက်သည် အဖြူ၊ အနီဟူ၍ နှစ်မျိုးနှစ်စားရှိ၏။ ခါး၏။ အနည်းငယ်ချဉ်၏။ အနီမျိုးသည် ဝမ်းမီးကိုတောက်စေတတ်သဖြင့် အစာကြေလွယ်ခြင်းကို ဖြစ်စေတတ်၏။ ပိတ်ကိုက်နာ၊ မြင်းသရိုက်နာ၊ လေနာ၊ သည်းခြေနာ၊ ကြက်ညှာနာတို့ကိုနိုင်၏။ ရင်ကိုလည်း ချောင်စေတတ်၏။ ချဉ်ပေါင်ခါးအဖြူသည်လည်း အနီနှင့်အကျိုးပေးတူ၏။ သို့သော်အဖြူကား အနီလောက်မထက်။ ထိုချဉ်ပေါင်မျိုးတို့ကို ဓာတ်ချဉ်ပေါင်၊ ကိုင်းချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြားဟူ၍ အမျိုးမျိုးခေါ်ကြ၏။ ကိုင်းချဉ်ပေါင်ခါးမျိုးသည် အရိုးတွင် သေးငယ်သောဆူးလေးရှိ၏။ အရွက်တွန့်လိပ်သယောင်ရှိ၏။ ချဉ်ပေါင်လက်ခြားကား အရိုး အကြောနီ၏။ သို့သော် အကျိုးပေးခြင်းတူ၏ဟုဆိုထားသည်။
- မြန်မာ့ဆေးကျမ်းများတွင် (က) ချဉ်ပေါင်ခါးကို အစာကြေဆေး၊ နှုတ်မြိန်ဆေး၊ သွေးဝမ်း၊ မြင်းသရိုက်နာပျောက်ဆေး၊ ဝဖြိုးဆေး၊ ကာမအားတိုးဆေး၊ နားကိုက်ပျောက်ဆေး၊ လည်ချောင်းနာ ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဆစ်အမျက်လွဲနာကျင် ပျောက်ဆေး၊ ဝမ်းနုတ်ဆေး၊ သည်းခြေရောဂါနှင့် နှာစေးချောင်းဆိုး ပျောက်ဆေးအဖြစ် ဆေးဝါးများဖော်စပ်ရာတွင် သုံးလေ့ရှိသည်။ (ခ) ချဉ်ပေါင်ဖြူကို ဝမ်းပျက်ခြင်းအတွက် ဆေးဖော်လေ့ရှိသည်။ (ဂ) ချဉ်ပေါင်နီလက်ခြားကို ဆီးရွှင်ဆေး၊ ရေငတ်ပျောက်ဆေး၊ နှုတ်မြိန်ခံတွင်းကောင်းဆေး၊ သည်းခြေရောဂါ၊ မူးဝေခြင်း၊ လေနာ ရောဂါ၊ နူနာရောဂါ၊ အဆုတ်ရောဂါ၊ အသားအရေညိုညစ်ခြင်း၊ သားသည်မိခင်များ နို့ရည်လိုက်ဆေးအဖြစ် ဆေးဝါးဖော်စပ်ကြ သည်။
ထိုမျှမက ၉၆ ပါးသော ဝေဒနာများအတွက်ကိုလည်း ချဉ်ပေါင်ရွက် ကုထုံးဖြင့် အောက်ပါဆေးမြီးတိုများအဖြစ် ကုသပျောက်ကင်းနိုင်ပါ သည်။
- ချဉ်ပေါင်ခါး အပွင့် ၁၂ ပွင့်ကို သကြားနှစ်ပဲသားနှင့်ရောကြိတ်၍ ငရုတ်ကောင်းအနည်းငယ်ရောထည့်သောက်ပေးခြင်းဖြင့် အပူလွန် ၍ အချဉ်ပြန်သော အစာမကြေရောဂါပျောက်ကင်းစေနိုင်သည်။
- နာကျင်ကိုက်ခဲသောဝေဒနာများအတွက် ချဉ်ပေါင်ခါးအစေ့ကို အမှုန့်ကြိတ်၍ ထိုအမှုန့်နှစ်ပဲသားကို နှမ်းဆီလက်ဖက်စားဇွန်း နှစ်ဇွန်း ရောစပ်လိမ်းပေးနိုင်သည်။
- ချဉ်ပေါင်နီအရွက်နှင့် ချဉ်ပေါင်ဖူးတို့ကို နေရိပ်တွင် အခြောက်လှန်းပြီး ရေနွေးဆူဆူတွင် သင့်ရုံထည့်၍ သကြားနှင့်ရောစပ်သောက်ပေးခြင်းဖြင့် ဆီးရောဂါနှင့် ရေငတ်အာခြောက်ခြင်းကို သက်သာစေသည်။
- ချဉ်ပေါင်ခါးအစေ့ကိုလှော်၍ အမှုန့်ပြုလုပ်ပါ။ ထိုအမှုန့်တစ်ပဲသားကို ရေနွေးနှင့် နေ့စဉ်သောက်ပေးပါက အစာမကြေ ဝမ်းပျက်ရောဂါကို ပျောက်ကင်း စေသည်။
- ဗိုက်နာပြီး အကျိအရွဲများနှင့် ဝမ်းသွားခြင်းအတွက် ချဉ်ပေါင်ခါး သို့မဟုတ် ချဉ်ပေါင်ဖြူ သို့မဟုတ် ချဉ်ပေါင်နီလက်ခြားတို့၏ အမြစ်သွေးရည်တစ်ဇွန်းကို တစ်ရက်နှစ်ကြိမ် သောက်ပေးခြင်း ဖြင့် သက်သာပျောက်ကင်းစေသည်။
- ချဉ်ပေါင်နီလက်ခြားအရွက်ကို ထမင်းနှင့်ရောကြိတ်ပြီး ပြည် တည်နာ၊ အနာစိမ်း၊ ခွေးကိုက်နာ၊ ကြောင်ကိုက်နာ၊ အနာအို၊ အနာဆွေးများပေါ်အုံပြီး အဝတ်သန့်နှင့်စည်းထားပေးခြင်းဖြင့် အနာရင်းခြင်း၊ ငန်းမန်းလိုက်ခြင်းမရှိဘဲ အမြန်ဆုံးသက်သာ ပျောက်ကင်းစေသည်။
- မြွေ၊ ကင်းကိုက်ခံရပါက ကုလားချဉ်ပေါင်ကို ကြိတ်၍အုံပေးပါ။
- အစာအိမ်လေပူမှုတ်ခြင်းအတွက် ကုလားချဉ်ပေါင်အရွက်သတ္တု ရည်သောက်ပါ။
- ဝမ်းပျက်ခြင်းအတွက် ကုလားချဉ်ပေါင်အစေ့ကိုလှော်၍ အမှုန့် လုပ်ပြီး သောက်ပါ။
- အဆစ်အမျက်ကိုက်ခဲခြင်းနှင့် အဆစ်လွဲခြင်းတို့အတွက် ချဉ်ပေါင်ခါးအစေ့ သို့မဟုတ် အရွက်တို့ကို ထောင်းထု၍ လိမ်းအုံပေးပါ။
- နှာစေးချောင်းဆိုးခြင်းအတွက် ချဉ်ပေါင်ခါးရွက်ကို ဖျော်ရည်လုပ်သောက်ပါက ပျောက်ကင်းစေနိုင်သည်။
ချဉ်ပေါင်နှင့်သိပ္ပံဆေးစွမ်း
- အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုသည်။
- ချဉ်ပေါင်ရွက်တွင် Hydroxy နှင့် Amino Acid များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအားကောင်းစေသည်။ ဆီးရွှင်၍ ဝမ်းသက်စေသည်။
- ဗီတာမင် C နှင့် သတ္တုဓာတ်တို့ အမြောက်အမြားပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေခြင်း၊ Free Radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ခြေအလားအလာနည်းပါးစေခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုးကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့မှ လည်း ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။
- ကယ်လ်စီယမ်အမြောက်အမြားပါရှိသဖြင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့် ကြွက်သားများဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲရောဂါမှကာကွယ်ပေးခြင်း၊ ခြေလက်များ တဆစ်ဆစ်နာကျင်ခြင်းနှင့် ထုံထိုင်းလေးလံခြင်း တို့ကို သက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။
- ချဉ်ပေါင်ပန်းပွင့်များသည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သည်။
- ချဉ်ပေါင်ဖူး၏အစေ့မှလည်း အဆီထုတ်ယူနိုင်သည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိ အနာအမျိုးမျိုးတို့ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်း ခြင်းကိုသက်သာစေပြီး အနာမြန်မြန်ကျက်စေသည်။
- ပြတ်ရှနာများ၊ ဖက်ခွက်နာနှင့်ပြည်တည်နာများအတွက် ချဉ်ပေါင်ရွက်ကိုမီးမြှိုက်၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
- ချဉ်ပေါင်ဖူးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါသက်သာပျောက်ကင်းစေသည်။ လူကိုလန်းဆန်းစေနိုင်သည်။
- ချဉ်ပေါင်စေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အစာနင်ခြင်းနှင့်အစာမကြေခြင်းတို့မှ သက်သာပျောက်ကင်းစေနိုင်သည်။
- ချဉ်ပေါင်ရွက်ခြောက်ကို လက်ဖက်ရည်ကြမ်းကဲ့သို့ သောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုကောင်းမွန်စေသည်။ ကင်ဆာ ရောဂါအမျိုးမျိုးတို့ကို ဟန့်တားကာကွယ်ပေးနိုင်သည်။
- ဒူးရင်းသီးစားပြီးနောက် ချဉ်ပေါင်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် အပူကန်ခြင်းကိုကာကွယ်နိုင်ပါသည်။
သတိပြုရန်
သွေးတိုးရောဂါရှိသူများ သွေးပေါင်ချိန်တက်နိုင်၍ အလွန်အကျွံမစား သင့်ပေ။ ချောင်းဆိုးရင်ကျပ်ဝေဒနာသည်များနှင့်လည်း မသင့်တော်ပါ။
အချုပ်ဆိုရသော် ရွှေချဉ်ပေါင်လက်ခြား ကြက်သားနှင့်မလဲပေါင် ဆိုရိုးစကားရှိပါသည်။ ကြက်သားနှင့်ပင်မလဲနိုင်လောက်အောင် အရသာရှိလှပြီး စျေးနှုန်း လည်းမကြီးဘဲ မိမိတို့လက်တစ်ကမ်းတွင် တစ်နှစ်ပတ်လုံးအလွယ်တကူရရှိနိုင်သော ချဉ်ပေါင်ရွက်ကို အစာလည်း ဆေး၊ ဆေးလည်းအစာအဖြစ် စားသောက်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။
Source: https://myawady.net.mm/stories