ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

မြန်မာ့သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်က စတင်အသုံးပြုခဲ့ကြကြောင်း နံရံပန်းချီအထောက်အထားများအရ   လေ့လာသိရှိရသည်။    ထိုမှဆက်တိုက် ပင်းယခေတ်၊  အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်မှသည်  ယနေ့မျက်မှောက်ခေတ်ထိခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်းသည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို  အမျိုးသား၊ အမျိုးသမီးမခွဲဘဲ  နှစ်ခြိုက်စွာ  အသုံးပြုကြသည်။

ဒြပ်မဲ့ယဉ်ကျေးမှု

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏  လူသားမျိုးနွယ်ကိုယ်စားပြု    ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (The  Representative List of The Intangible Cultural Heritage of Humanity)တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် သနပ်ခါးကို ကျောက်ပျဉ်နှင့်သွေးပြီး လိမ်းရသည့်ဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုမတိုင်ခင်က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇   ရက်အထိ   ပါရာဂွေးနိုင်ငံ   အာဆွန်စီယွန်မြို့၌ ကျင်းပသည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု     အမွေအနှစ် ညီလာခံတွင်  ယူနက်စကို၏   ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်သည်  မြန်မာနိုင်ငံ၏ ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာသကဲ့သို့  မြန်မာ့သနပ်ခါးသည်လည်း ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်လာစေရေး  ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။

မာကျူရီကင်းသော မြန်မာ့သနပ်ခါးအလှကုန်ပစ္စည်းအများစုကို Mercury၊ Hydroquinone၊    Betamethasone   17 Valerate စသည့် တားမြစ်ဓာတုဆေးဝါး များဖြင့် ပြုပြင်ဖော်စပ်ထားခြင်းဖြစ်သည်။

သုံးစွဲသူများကို      ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်မ်များအစား      ရှေးထုံးမပျက်   မြန်မာ့ရိုးရာသနပ်ခါးကို  ကိုယ်တိုင်သွေးလိမ်းပြီး  အလှဆင်သင့်သည်။

ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာကြရာ သနပ်ခါးမှာ    Antioxidant  (ခေါ်)   ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို    သက်သာစေသော ဓာတ်ပစ္စည်းများ၊   ဗက်တီးရီးယားများ ကို သေစေသောဓာတ်များနှင့် အရေပြားအရောင်ကို ပြောင်းလဲစေသော ဟော်မုန်းထွက်ရှိမှုကို      ဟန့်တားပေးနိုင်သည့်ဓာတ်ပစ္စည်းများ    သဘာဝအလျောက်ပါရှိနေကြောင်း  လေ့လာတွေ့ရှိထားကြသည်။ သနပ်ခါးသည် နေပူဒဏ်၊ နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားကြသည်။

အလားအလာကောင်းသော မြန်မာ့သနပ်ခါး

မြန်မာ့သနပ်ခါးကို    အသင့်လိမ်း၍ရသည့်အဆင့်ထိ  အချောထည်ထုတ်လုပ်ကာ  ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊   မြန်မာ့သနပ်ခါး   စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့သနပ်ခါးသည် ပြည်တွင်းစျေးကွက်၌ ရောင်းအားပုံမှန်ရှိပြီး  ပြည်ပစျေးကွက်အနေဖြင့် အကြမ်းထည်အဖြစ်  တင်ပို့၍မရသည့်အတွက်  လိမ်း၍ရသည့်အဆင့်ထိ အချောထည်ထုတ်လုပ်ကာ ခရင်မ်ပုံစံမျိုးပြုလုပ်ပြီး တင်ပို့ရမည်ဖြစ်ကြောင်း  သိရသည်။

ပြည်တွင်း၌ သနပ်ခါးကို  မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး  ခန့်မှန်းစိုက်ဧက သုံးသိန်းခန့်ရှိကြောင်းနှင့်  သနပ်ခါးပင်များသည်     ခြောက်နှစ်မှ   ခုနစ်နှစ်အတွင်း စျေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးများကို    အပင်သက်တမ်းငါးနှစ်မှ  ခြောက်နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်တစ်ပင်ရရှိရန် သက်တမ်း   ၃၅   နှစ်ကြာမြင့်ကြောင်း  လေ့လာသိရှိရသည်။

သနပ်ခါး၏ ဆေးဖက်ဝင်အသုံးပြုပုံများ

မြန်မာလူမျိုးများသည်  သနပ်ခါးကို အလှအပအတွက်   အသုံးပြုသည့်အပြင် ဆေးဖက်ဝင်သည့်    အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ကြိုက်နှစ်သက်ကြသည်။ မြန်မာ့ဆေးကျမ်းအရ သနပ်ခါးသည် ပူ၏၊ သွေးကိုကြွစေ၏၊ ပူခါးချုပ်ပွင့်ဖြစ်၏၊ ငန်းမန်းကိုနိုင်စေ၏၊ အပူနာ၊ အအေးနာ နှစ်မျိုးစလုံးတွင် သုံးနိုင်၏။ အပင်၏အရွက်၊ အသီး၊ ပင်စည်၊ အမြစ်အားလုံးကို အသုံးပြုနိုင်၏ဟု ဖော်ပြထားပါသည်။

အရွက်၏ ဆေးဖက်ဝင်ပုံ

သနပ်ခါးကို ဝက်ရူးပြန်ရောဂါကုသဆေးဖော်စပ်ရာတွင်  အသုံးပြုနိုင်သည်။  အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍   ရေချိုးပြီး   ချွေးအောင်းပေးပါ။   အရွက်ပြုတ်ရည်ကို   ဆားများများခတ်၍သောက်ပါက     ငှက်ဖျားရောဂါပျောက်စေသည်။ မြုံနေသောအနာများအတွက် အရွက်ကိုကြိတ်၍ ဆန်ဆေးရည်နှင့်   သောက်ပေးပါ။  အရွက်ခြောက်ကို နေလှန်း၊ အမှုန့်ပြုလုပ်ပြီး  ရေဖြင့်သောက်ပါက   အဖောအရောင်၊    အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ       ကင်းရှင်းပပျောက်စေသည်။

အသီး၏ဆေးဖက်ဝင်ပုံ

သနပ်ခါးသီးကို  အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သောအဖျားရောဂါများအတွက် ဖော်စပ်သောဆေးများတွင်  ထည့်သွင်းအသုံးပြုနိုင်သည်။   အရွက်  သို့မဟုတ် အသီးလက်တစ်ဆုပ်စာကို    ရေနွေးဖြင့်ပြုတ်ပြီး ခပ်နွေးနွေးအရည်ကို  ငုံဆေး၊ အဖတ်ကို နာနေသောနေရာပေါ်ကပ်ပေးပါက   သွားနာ၊ သွားကိုက်သက်သာစေသည်။

ပင်စည်၏ဆေးဖက်ဝင်ပုံ

သနပ်ခါးကို   တစ်ကိုယ်လုံးလိမ်းပေးပါက  ခန္ဓာကိုယ်တွင်းရှိ   မျက်စိဖြင့်မမြင်နိုင်သော  အညစ်အကြေးနှင့်  အခိုးတို့အား ခန္ဓာကိုယ်ပြင်ပသို့ သနပ်ခါးက      စုပ်ယူဆွဲငင်ယူပြီး အပူအပုပ်များ ထွက်စေပါသည်။  သနပ်ခါးကို မှန်မှန်လိမ်းပေးပါက  တင်းတိပ်၊ မှဲ့ခြောက်နှင့်  အဆီပြန်ခြင်းမှကင်းဝေးပြီး    အသားအရေအေးမြ၍ နေလောင်ဒဏ်သက်သာစေကာ  အသားအရေ   စိုပြည်လှပစေသည်။  ဝက်ခြံအစိုများအတွက်      သနပ်ခါးတုံးကိုသွေး၍ သံပရာရည်အနည်းငယ်ထည့် လိမ်းပေးပါ။ ဝက်ခြံအမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့၊ ညလိမ်းပါ။   သနပ်ခါးတွင်ဆားအနည်းငယ်ရောထည့်လိမ်းပေးခြင်းဖြင့်   မိတ်၊ အင်ပျဉ်တို့ယားယံခြင်းမှ သက်သာစေသည်။ ရေနွေးပူလောင်နှင့်     မီးပူလောင်ဒဏ်ရာများအတွက် သနပ်ခါးထူထူလိမ်းအုံပေးခြင်းဖြင့် အသားအရေကို ပကတိအတိုင်း ပြန်လည်ရရှိစေသည်။

အရေပြားပါးလွှာပြီး   ယားနာဖုများ  မကြာခဏထွက်လေ့ရှိသူများအနေဖြင့်  Dettol  ဆပ်ပြာသုံး၍  ရေချိုးသန့်စင်ပြီးနောက်  သနပ်ခါးထူထူလိမ်းပါ။ ငှက်ဖျား၊ ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနှင့်     အစာအိမ်နာရောဂါတို့ကို ကုသရာ၌လည်း သနပ်ခါးကို  ဆေးဝါးအဖြစ်  အသုံးပြုနိုင်သည်။  သနပ်ခါးတုံးအနှစ်သားကို   သွေး၍လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့အေးမြစေသည်။ 

(ခြွင်းချက်အနေဖြင့် သနပ်ခါးလိမ်းရာတွင် အရေပြားပါးလွှာ၍  နုနယ်သော  မျက်ဝန်းတစ်ဝိုက်ကို   ရှောင်ရပါမည်။  အဘယ်ကြောင့်ဆိုသော်  သနပ်ခါးပျစ်ပျစ်ထူထူလိမ်းပြီးနောက်  ခြောက်သွားသောအခါ အရေပြားကို    တင်းဆွဲနေသလိုခံစားရပါလိမ့်မည်။ ထို့ပြင်  မျက်ဝန်းတစ်ဝိုက်အရေပြားကို ဆွဲ၊ ဆန့်၊ ကျုံ့၍  တွန်းအားဖြစ်စေပြီး    မျက်ဝန်းတစ်ဝိုက်အရေပြားများကို    တွန့်လာစေမည်။)       သနပ်ခါးသွေးရည်ကို    တစ်ဝကြီးရှူရှိုက်ပေးခြင်းဖြင့် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခေါင်းကိုက်၊  ခေါင်းအုံ၊ ဇက်ကြောထိုး၊ နှာခေါင်းပိတ်စသောရောဂါများကို သက်သာပျောက်ကင်းစေသည်။ အနာတစ်ဝိုက်က အရေပြားပေါ် ကို သနပ်ခါးရည်ကြည် ပွတ်လိမ်းပေးခြင်းက   ငန်းမန်းကိုနိုင်ပြီး အပူနာ၊   အအေးနာနှစ်မျိုးစလုံးအတွက် ကောင်းကျိုးပြုသည်။  အမျိုးသမီးများ မီးယပ်ဖြူဆင်းပြီး   ခန္ဓာကိုယ်ပူနွေးနေလျှင်    ကံ့ကော်ဝတ်ဆံနှင့် သနပ်ခါးရောသွေးပြီး      သကြားအနည်းငယ်ထည့် သောက်ပါ။  အပူများသောဒေသများတွင် သနပ်ခါးခြောက်သွားသည်နှင့်     ထပ်ခါထပ်ခါလိမ်းပေးပါက အပူငြိမ်းစေပါသည်။  သနပ်ခါးက   ခါးသက်သက်အရသာရှိပြီး    ဆန်ဆေးရည်ဖြင့်သွေး၍    သောက်ပေးပါက       အနာဝင်(အနာမြုံ)ရောဂါကို    သက်သာပျောက်ကင်းစေသည်။  နွေရာသီ၌      ကလေးများတွင်ဖြစ်လေ့ရှိသော  အပူဖု၊   အပူနာ၊   ကျောက်၊     ဝက်သက်ပေါက်ချိန်များတွင်   သနပ်ခါးသန့်သန့်သွေးပြီး ခွံ့ပေးပါ။  တစ်ကိုယ်လုံးလိမ်းပေးပါ။ ရင်ခွင်ပိုက်ကလေးငယ်များ အညှော်မိရာတွင် သနပ်ခါးသွေးရည်အနည်းငယ်ခွံ့ပေးခြင်းဖြင့်    အညှော်ထွက်စေပါသည်။

အမြစ်၏ဆေးဖက်ဝင်ပုံ

သနပ်ခါးအမြစ်ကို   ဝမ်းနုတ်ဆေး၊   ချွေးထုတ်ဆေးတို့ဖော်စပ်ရာတွင်  ထည့်သုံးလေ့ရှိသည်။  မီးယပ်ရောဂါရှိသူများ အမြစ်ကို  နနွင်းမှုန့်နှင့်သွေး၍   သောက်ပေး၊ လိမ်းပေးပါက သွေးသားမှန်ကန်စေသည်။ ဆားနှင့်သွေးလိမ်းပါက အညောင်းအညာပျောက်ကင်းစေသည်။ ကလေးများ အအေးမိ၊ အစားမှား၊ချွဲကပ်   စသည်တို့အတွက်     သနပ်ခါးအမြစ်တုံးသွေး၍ ကွမ်းရွက်စိမ်းရည်ဆတူရောပြီး     တိုက်ကျွေးပေးပါ။   သနပ်ခါးမြစ်    ငါးပဲသားကို    ပျားရည်ခြောက်ပဲသားနှင့်ရော၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်းစေသည်။ သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့နှင့်ရော၍လျက်ပေးပါက အစာအိမ်ရှိ အဆိပ်ကိုပြေစေသည်။ အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေချောမွတ်စေပါသည်။  သနပ်ခါးအမြစ်ကို  ဆားနှင့်သွေးပြီး   နေ့စဉ်ပုံမှန်ရေနွေးကြမ်းပန်းကန်    တစ်ဝက်ခန့်သောက်သုံးပေးပါက  အသည်းရောင်ရောဂါပျောက်ကင်းစေသည်။

သတိပြုရန်

သဘာဝသနပ်ခါးတုံးစစ်စစ်များ ရှိကြသကဲ့သို့  ကြိတ်ပြီးသားအသင့်သုံး သနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍  သနပ်ခါးအရည်၊  အနှစ်စသည်ဖြင့် ဘူး၊ ပုလင်းတို့ကို   အလွယ်တကူဝယ်ယူရရှိနိုင်သည်။    ယင်းအသင့်သုံးသနပ်ခါး ဘူးနှင့်ပုလင်းများတွင် တာရှည်ခံစေရန်နှင့်  တခြားအမွှေးနံ့ပစ္စည်းများ  ပါဝင်သောကြောင့် လူတချို့၌ ဓာတ်မတည့်မှုများ  ဖြစ်စေနိုင်ပါသည်။ သို့သော် စျေးကွက်ထဲတွင် စံချိန်စံနှုန်းပြည့်အသိအမှတ်ပြု   သနပ်ခါးဘူး၊   ပုလင်းများရှိကြရာ မိမိအသားအရေနှင့်    ဓာတ်တည့်သော အသင့်လိမ်းသနပ်ခါးဘူးများကို ရွေးချယ်အသုံးပြုသင့်သည်။

၂၀၂၁   ခုနှစ်မှစ၍    နိုင်ငံတော်က တပို့တွဲလပြည့်နေ့ကို  "မြန်မာ့သနပ်ခါးနေ့"အဖြစ် အထူးတလည်သတ်မှတ်လိုက်သည်။ သနပ်ခါးစိုက်ဒေသများဖြစ်သော   အရာတော်၊ ရေစကြို၊ မြိုင်၊  ရွှေဘိုနှင့် ပေါက်မြို့များ၌ တပို့တွဲလပြည့်ညတွင်  မြို့အလိုက်   ဘုရားများတွင် သနပ်ခါးမီးပူဇော်ခြင်း   (သနပ်ခါးဖြင့် အနွေးဓာတ်ပူဇော်ခြင်း)များ   ပြုလုပ်ကြသည်။

အချုပ်ဆိုရသော်   ယခုအခါ  မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလွှာအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ  အားတက်သရောကြိုးပမ်းလျက်ရှိရာ    မြန်မာ့သနပ်ခါး    ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု  အမွေအနှစ်စာရင်းအဖြစ် ကမ္ဘာ့အလယ်တွင် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။

ပေါက်ပေါက်

ယမန်နေ့မှအဆက်

ကျန်းမာရေးအတွက်  အကျိုးရှိစေမည့်  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လေးမျိုးရှိပါသည်။ (၁) သက်လုံကောင်းမှုနှင့်သက်ဆိုင်သောလေ့ကျင့်ခန်း၊ (၂) ကြွက်သားအင်အားသန်မာမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း၊ (၃) ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့်  သက်ဆိုင်သောလေ့ကျင့်ခန်း၊  (၄)  ခန္ဓာကိုယ် ပျော့ပျောင်းမှုနှင့်  သက်ဆိုင်သောလေ့ကျင့်ခန်းတို့ ဖြစ်ပါသည်။

သက်လုံကောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းသည် ခန္ဓာကိုယ်ရှိ ကြွက်သားအများစုပါဝင်ပြီး အချိန်ကြာကြာ ဆောင်ရွက်ရသော   လေ့ကျင့်ခန်းဖြစ်ပါသည်။    နှလုံးသွေးကြောအဖွဲ့နှင့် အသက်ရှူလုပ်ငန်းအဖွဲ့၏ ကျန်းမာရေးကို အဓိကအထောက်အကူပြုသည်။  သက်လုံကောင်းလာခြင်းဖြင့်   မိမိလုပ်ကိုင်လိုသော အလုပ်များကို  ပိုမိုလုပ်ကိုင်နိုင်မည် ဖြစ်သည်။   ထို့ပြင်  နာတာရှည်ရောဂါများကိုလည်း မဖြစ်ပွားအောင်  ကာကွယ်နိုင်ပါသည်။   သက်လုံ ကောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ-ပြင်ပထွက်၍ လမ်းလျှောက်ခြင်း၊ လမ်းလျှောက်စက် နှင့် လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ တာဝေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ အာဂိုမီတာစက်ဘီးနင်းခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောကစားခြင်း၊    ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ခြင်းလုံးခတ်ကစားခြင်း၊ အေရိုး ဗစ်ကစားခြင်း၊ ခြေလျင်တောင်တက်ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။  ဖော်ပြပါကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများအနက်မှ မိမိနှစ်သက်ရာ/ဝါသနာပါရာ အမျိုး အစားတစ်မျိုးမျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ပါသည်။

ကြွက်သားအင်အားသန်မာမှုနှင့်သက်ဆိုင်သောလေ့ကျင့်ခန်းမှာ   အလေးတုံး/ အလေးမစက်များအသုံးပြု၍   အလေးမခြင်း၊  စပရင်များ/မျှော့ကြိုးများအသုံးပြု၍  လေ့ကျင့်ခြင်းများ၊  မိမိခန္ဓာကိုယ် အလေးချိန်ကို အသုံးပြုသော   လေ့ကျင့်ခန်းများ- ဒိုက်ထိုးခြင်း၊ ဘားတန်းခိုခြင်း၊ ထိုင်ထပြုလုပ်ခြင်းများပါဝင်ပါသည်။    ဖော်ပြပါကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအနက်မှ မိမိနှစ်သက်ရာ/ဝါသနာပါရာ အမျိုးအစားတစ်မျိုးမျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ပါသည်။ ခန္ဓာကိုယ်ရှိ ကြွက်သားများ ကြီးထွားသန်မာလာမှုသည်     ခန္ဓာကိုယ်ရွေ့လျား လှုပ်ရှား လုပ်ကိုင်နိုင်မှုကို အဓိကအထောက်အကူပြုပါသည်။ မူလချည့်နဲ့နေသူများအတွက်   ကြွက်သားအင်အား အနည်းငယ်တိုးရုံဖြင့် အမှီအခိုကင်းလှုပ်ရှားသွားလာပြုလုပ်နိုင်မည်ဖြစ်သည်။  ခန္ဓာကိုယ်အဆီမတိုးအောင် ထိန်းသိမ်းနိုင်သဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့ကို  ကာကွယ်ကုသမှုအတွက်  အထောက်အကူပြုပါသည်။

ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်းများမှာ ခြေတစ်ချောင်းထောက်ရပ်ခြင်း၊     ထိုင်နေရာမှ     လက်ကိုင်အားမပြုဘဲ မတ်တတ် ရပ်ခြင်း၊ ဘယ်ညာတစ်လှည့်စီ ဖနောင့်နှင့်ခြေဖျားထိပ် ထိကပ်လမ်းလျှောက်ခြင်း၊ ထိုက်ကျိကစားခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ထိန်းဘောလုံးပျော့များ၊ ဘုတ်ပြားများ အသုံးပြုလေ့ကျင့်ခြင်းတို့ ပါဝင်ပါသည်။ ခန္ဓာကိုယ်ဟန်ချက်ပျက်၍ လဲကျခြင်းစသော မတော်တဆထိခိုက် ဒဏ်ရာရခြင်းများကို ကာကွယ်ပေးပါသည်။

ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ ထိုက်ကျိ၊  ယောဂ၊ အကြောအဆစ် များဆွဲဆန့်ပေးခြင်းတို့ ဖြစ်ပါသည်။ ခန္ဓာကိုယ်အရိုး အဆစ်များပျော့ပျောင်းမှုသည်   ထိခိုက်ဒဏ်ရာရမှု၊ လဲကျမှုတို့ကို  ကာကွယ်တားဆီးပေးနိုင်ပါသည်။ သတိပြုရန်မှာ   ပျော့ပျောင်းလွန်းပါက   အဆစ်လွဲ တတ်ပြီး  တင်းလွန်းပါက အကြော၊ ကြွက်သားများ ပြတ်တတ်ပါသည်။

အရွယ်ရောက်ပြီးသူဖြစ်ပါက ပြင်းထန်မှုအတော် အသင့်ရှိသော     ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း  (ဥပမာ- တစ်နာရီ ၃  မိုင်နှုန်းလမ်းလျှောက်ခြင်း) ကို တစ်ပတ်လျှင် မိနစ် ၁၅၀၊ တစ်နေ့ ၃၀ မိနစ်၊ တစ်ပတ် လျှင်ငါးရက်၊ ကြွက်သားအင်အား သန်မာမှုအတွက် ကြွက်သားအုပ်စုများစွာ ပါဝင်သော     လေ့ကျင့်ခန်းကို  တစ်ပတ်လျှင်နှစ်ရက်နှင့် အထက်ပြုလုပ်ခြင်း သို့မဟုတ်       ပြင်းထန်သောကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (ဥပမာ - ရွရွပြေးခြင်း၊ တစ်နာရီ ၅ မိုင်နှုန်းနှင့်အထက်ပြေးခြင်း)  ကို  တစ်ပတ်လျှင် ၇၅ မိနစ်၊ တစ်နေ့ ၂၅ မိနစ်၊ တစ်ပတ်လျှင်သုံးရက် သို့မဟုတ်  ပြင်းထန်မှုအတော်အသင့်ရှိသော ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်း (ဥပမာ - တစ်နာရီ ၃ မိုင် နှုန်းလမ်းလျှောက်ခြင်း) ကို တစ်နေ့ မိနစ် ၃၀ ၊ တစ် ပတ်လျှင်သုံးရက်၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (ဥပမာ - ရွရွပြေးခြင်း၊ တစ်နာရီ ၅ မိုင် နှုန်းနှင့်အထက်ပြေးခြင်း) ကို   တစ်နေ့ ၁၅ မိနစ်၊ တစ်ပတ်လျှင်နှစ်ရက်  (ကြွက်သားအင်အားသန်မာမှု အတွက် လေ့ကျင့်ခန်းကိုဆောင်ရွက်ရာတွင် တစ် နေ့လျှင်နှစ်ခါ၊ တစ်ခါလျှင်ရှစ်ကြိမ်မှ  ၁၂  ကြိမ်၊  တစ် ပတ်လျှင်နှစ်ရက် သုံးရက်ခြား၍ ပြုလုပ်ရပါသည်။)

ကြာမြင့်ချိန်သတ်မှတ်ချက်အနေဖြင့်  သက်လုံကောင်းသောလေ့ကျင့်ခန်းအတွက် ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးမိခင်များအတွက် တစ်ပတ်လျှင် မိနစ် ၁၅၀၊ လူကြီးနှင့် သက်ကြီးရွယ်အိုများအတွက် တစ် ပတ်လျှင်  မိနစ်  ၁၅၀  မှ  ၃၀၀၊  ကလေးသူငယ်များ အတွက် တစ်နေ့လျှင် မိနစ်  ၆၀ (တစ်ပတ်လုံး) သတ် မှတ်ထားပြီး ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းကို  လူကြီးများအတွက်  တစ်ပတ်နှစ်ကြိမ်နှင့် သက်ကြီးရွယ်အိုများအတွက် တစ်ပတ်သုံးကြိမ် သတ် မှတ်ထားပါသည်။  မည်သူမဆိုလုပ်ဆောင်နိုင်ပါက တစ်ပတ်လျှင် မိနစ် ၃၀၀ အထက် ဆောင်ရွက်နိုင်ပါ က ပိုကောင်းသည်။

လေ့ကျင့်ခန်း ပြင်းထန်မှုကို    ခန့်မှန်းရာတွင် လွယ်ကူရိုးရှင်း၍ လက်တွေ့ခန့်မှန်းနိုင်သောနည်းမှာ စကားပြောစမ်းသပ်မှုနည်း ဖြစ်ပါသည်။ ပြင်းထန်မှုအတော်အသင့်ရှိသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် ကိုယ်လက်လှုပ်ရှား ပြုလုပ်နေစဉ် စကားကောင်းစွာ ပြောနိုင်သော်လည်း သီချင်းမဆိုနိုင်သော အတိုင်းအတာဖြစ်ပြီး    ပြင်းထန်သောကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းသည် အသက်ရှူမနားဘဲ စကား လုံးအနည်းငယ်ထက်  ပို၍မပြောနိုင်သောအတိုင်း အတာဖြစ်ပါသည်။ တခြားတိကျသောနည်းမှာ နှလုံး ခုန်နှုန်းဖြင့်  သတ်မှတ်ခြင်း ဖြစ်ပါသည်။   ပြင်းထန်မှု အတော်အသင့်ရှိသော ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းသည် အမြင့်ဆုံးနှလုံးခုန်နှုန်း၏ ၆၀-၇၀ ရာခိုင်နှုန်း ဖြစ်ပြီး ပြင်းထန်သောကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းသည်  အမြင့်ဆုံးနှလုံးခုန်နှုန်း၏ ၇၀-၈၀ ရာခိုင် နှုန်းဖြစ်ပါသည်။ လမ်းလျှောက်စက်/အာဂိုမီတာစက် များတွင်    ပြင်းထန်မှုအတွက်    စွမ်းအင်အသုံးချမှု (ကယ်လိုရီ/မိနစ်)နှင့်ပြပါသည်။ ပြင်းထန်မှုအတော် အသင့်ရှိသော       ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း သည်  စွမ်းအင်အသုံးချမှု ၃ ဒသမ ၆ - ၅ (ကယ်လိုရီ/မိနစ်)    ဖြစ်ပြီး    ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် စွမ်းအင်အသုံးချမှု ၅ ဒသမ ၁ - ၇ ဒသမ ၅ (ကယ်လိုရီ/မိနစ်) ဖြစ်ပါသည်။

ကြွက်သားအင်အားသန်မာမှု     လေ့ကျင့်ခန်းအတွက်မူ ပြင်းထန်မှုကို တစ်ကြိမ်သာ မ နိုင်သော အများဆုံး အလေးချိန် (One Repetition Maximun) ၏ရာခိုင်နှုန်းနှင့်တွက်ဆပါသည်။      ပြင်းထန်မှု အတော်အသင့်ရှိသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် တစ်ကြိမ်သာ မ နိုင်သောအများဆုံးအလေးချိန်၏ ၅၀ - ၆၉ ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် တစ်ကြိမ်သာ မ နိုင်သောအများဆုံး အလေးချိန်၏ ၇၀ - ၈၄ ရာခိုင် နှုန်းဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို မကူးစက်နိုင် သောနာတာရှည်ရောဂါရှိသူများတွင်  တခြားလိုအပ် သောကုသမှုများ ပြုလုပ်နေစဉ်တွင်ပင်     ထည့်သွင်းလုပ်ဆောင်စေနိုင်ပါသည်။     ရောဂါကုသရာတွင် အထောက်အကူ ရပါသည်။  ဦးစွာ  လူနာ၏လက်ရှိခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအနေအထားကို   အကဲဖြတ်ဆန်းစစ်ရန် လိုပါသည်။     ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် လမ်းညွှန်ရာတွင် အကျိုးကျေးဇူး အပြည့်အဝရရှိရန် လေ့ကျင့်ခန်းအမျိုးအစား၊   ပြင်းထန်မှု၊ အချိန်၊ အကြိမ်အရေအတွက်တို့ကို အခြေခံ ထားစဉ်းစားရပါမည်။ ရောဂါအမျိုးအစားတစ်ခုချင်း အတွက်     လုပ်ဆောင်ရမည့်သတ်မှတ်ထားသော  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဟူ၍ သီးသန့်မရှိပါ။ လက်ရှိလူနာ၏ကျန်းမာရေးအခြေအနေ၊     ရောဂါ အတိုင်းအတာ၊ ကုသထားသောအနေအထား၊  ပေးထားသောဆေးဝါးနှင့်  ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေ တို့ကို  လူနာတစ်ဦးချင်းအလိုက် ပြည့်စုံစွာထည့်သွင်း စဉ်းစားရပါမည်။

ကျန်းမာရေးနှင့်ညီညွတ်သော     နေထိုင်မှုဘဝတိုးတက်လာစေရန် ဆရာဝန်များနှင့် ကျန်းမာရေး စောင့်ရှောက်သူများ အနေဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အဆင့် (၃) ဆင့်ရှိပါသည်။ အဆင့် (၁)- ဆရာဝန်နှင့် ကျန်းမာရေးစောင့်ရှောက်သူများသည် မိမိနှင့် တွေ့ဆုံရန် လာရောက်သူများ၊  လူနာများကို  ၎င်း၏ပြုလုပ်လျက် ရှိသော ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာပမာဏကို   အကဲဖြတ်ရန်လိုအပ်ပါသည်။    အကဲဖြတ်ရန်  မေးခွန်းနှစ်ခုမေးရပါမည်။ (၁) ပျမ်းမျှအားဖြင့် ပြင်းထန်မှုအတော်အသင့်မှ ပြင်းထန်သောကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို  တစ်ပတ်တွင် ရက်ပေါင်းမည်မျှလုပ် ပါသလဲ။  (၂)  ပျမ်းမျှအားဖြင့်  ဖော်ပြပါကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းကို  တစ်ရက်တွင်  မိနစ်မည်မျှ ပြုလုပ်ပါသလဲ။ (၃) ၁ နှင့် ၂ ကိုမြှောက်ပါက တစ်ပတ် အတွင်းလုပ်ဆောင်သော    မိနစ်ပေါင်းရရှိပါမည်။ အဖြေထုတ်ခြင်း ဥပမာ - တစ်ပတ်တွင်  ပြင်းထန်မှု အသင့်အတင့် ပြင်းထန်မှုရှိသောကိုယ်လက်လှုပ်ရှား မှုကို မိနစ် ၁၅၀ မလုပ်ဖြစ်ပါက ထိုသူသည် ကိုယ် လက်လှုပ်ရှားမှုနည်းပါးသူစာရင်းတွင်ပါဝင်မည်။

အဆင့်(၂)  -  ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ရန် လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအတွက်လိုအပ်သော   ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို လမ်းညွှန်ပေးရာတွင်  ရိုးရှင်းလွယ်ကူပြီး  အလွယ်တကူဆောင်ရွက်နိုင်မည့် အမျိုးအစားများကို မှန်ကန်သောအတိုင်းအတာ (ပြင်းထန်မှု၊ အချိန်၊ အကြိမ် အရေအတွက်) တို့ဖြင့်  လမ်းညွှန်ပေးရမည်။  ဆောင်ရွက်နိုင်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအမျိုး အစားများကို You Tube၊   TV အစီအစဉ်များနှင့်ကျန်းမာကြံ့ခိုင်မှုအကများ ဥပမာ- ဇွန်ဘာ(Zumba)၊ မြန်မာ့ကြံ့ခိုင်မှုအက  (Myanmar  Fitness  Dance)  တို့မှအလွယ်တကူရွေးချယ်လမ်းညွှန်နိုင်ပါသည်။ အရေးကြီးသည့်အချက်မှာ   မိမိလမ်းညွှန်မှုပေးမည့်သူအတွက် လိုအပ်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအမျိုး အစား၊ ပြင်းထန်မှု၊ အကြိမ်အရေအတွက်၊ အချိန်တို့ကို အဓိကထားစဉ်းစားပေးရပါမည်။    ထို့ပြင်    လူနာ၏ လက်ရှိကျန်းမာရေးအခြေအနေ၊ ရောဂါအတိုင်းအတာ၊ ကုသပေးနေသောအဆင့်၊  ပေးထားသောဆေးဝါးများ၊ လူနာ၏ခန္ဓာကိုယ်ကြံ့ခိုင်မှု ခံနိုင်ရည်တို့ကို တစ်ဦး ချင်းအလိုက် ထည့်သွင်းစဉ်းစားရပါမည်။ လေ့ကျင့် ခန်းစတင်ရာတွင် လုပ်ဆောင်ရမည့်ပမာဏကို နည်း နည်းဖြင့်စတင်၍ လိုအပ်သောအတိုင်းအတာပမာဏ သို့ တဖြည်းဖြည်းချင်းသာ တိုးမြှင့်ဆောင်ရွက်စေရ ပါမည်။

အဆင့် (၃) - ဆရာဝန်များမှ လူနာများကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း  စနစ်တကျမှန်ကန်စွာ ပြုလုပ်နိုင်ရန် လွှဲပို့ခြင်း၊  ယင်းအတွက်  ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းကို    စနစ်တကျလေ့ကျင့်ပေးနိုင်သော ပညာရှင်များ ပြုစုပျိုးထောင်ခြင်း အစီအစဉ်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သော အခြေအနေ၊ အထောက်အကူပြုပစ္စည်းများ   ပံ့ပိုးကူညီဆောင်ရွက်ခြင်းများ အတွက် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

အချုပ်အားဖြင့် တင်ပြလိုသည်မှာ -

(က)   တီဗွီကြည့်ခြင်း၊ ကွန်ပျူတာဂိမ်းကစားခြင်း၊ကွန်ပျူတာနှင့်  ဖုန်းစသည်တို့ကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကို လျှော့ရပါမည်။

(ခ)   ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အထိုင်များ သောနေထိုင်မှုပုံစံတို့သည် မည်သည့်အသက်အရွယ်၊  ကျန်းမာရေးအခြေအနေတွင်မဆို   ဆိုးကျိုးများသာ ရရှိမည်ဖြစ်ပါသည်။

(ဂ)   ခန္ဓာကိုယ်လှုပ်ရှားမှုရှိခြင်းက    ကျန်းမာရေး အတွက် အကျိုးရှိပါသည်။ ထို့ကြောင့် လမ်းလျှောက်နိုင်သော ခရီးအကွာအဝေးကို လမ်းလျှောက်သွားပါ။ ဓာတ်လှေကားသုံးမည့်အစား  လှေကားဖြင့်တက်ပါ။  ဖုန်းကို လမ်းလျှောက်ရင်းပြောပါ။ တီဗွီကြည့်နေစဉ် ကြော်ငြာဝင်ချိန်၊ ကွန်ပျူတာအသုံးပြုစဉ် မိနစ် ၂၀- ၃၀ တစ်ခါ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ပါ။ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်ပင်ပန်းပင်ရေလောင်းခြင်း စသည့်အိမ်အလုပ်များကို လုပ်ဆောင်ပါ။

(ဃ)    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပို၍ လုပ်ဆောင်နိုင်သည်နှင့်အမျှ    ပို၍အကျိုးရရှိနိုင်ပါသည်။

ရောဂါရှိခြင်းနှင့်   အသက်အရွယ်ကြီးလာခြင်းသည် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းအတွက် အဟန့်အတားမဟုတ်ပါ။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊  ကင်ဆာရောဂါရှိသူများပင်      ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို   သက်ဆိုင်ရာဆရာဝန်နှင့်   တိုင်ပင် ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ရောဂါကုသရာတွင် များစွာအထောက်အကူဖြစ်စေပါသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည်  ရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့်  ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ခြင်း    လုပ်ငန်းများအတွက် အကုန်အကျသက်သာပြီး မိမိကိုယ်တိုင်ဆောင်ရွက် နိုင်သည့်လုပ်ငန်းဖြစ်ပါသည်။

တန်ဆေးလွန်ဘေးဟူသော စကားကိုလည်း အမြဲသတိထားပါ။ မိမိ၏ကျန်းမာရေးအခြေအနေကြံ့ခိုင် မှုတို့ထက်ပိုသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြင်းထန်လွန်းပါက ဆိုးကျိုးခံစားရနိုင်ပါသည်။

မလှုပ်ရှားလျှင် ရောဂါဝင်နေ့စဉ်လှုပ်ရှား အကျိုးများ

ဆေးဝါးမည်ထိုက်၊ Exercise တစိုက်မတ်မတ်၊ လုပ်ဆောင်အပ်။

(ကိုးကား- ၂၂-၁-၂၀၂၅  ရက်နေ့ကကျင်းပသော (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၊ ကျန်းမာရေးပြဿနာဖြစ်စေနိုင် သည့်အချက်အလက်များဖော်ထုတ်ခြင်းဖြင့် ကျန်းမာ ရေးနှင့်ညီညွတ်သောလူမှုဘဝမြှင့်တင်စေရန်ဆောင်ရွက်ခြင်း ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲမှ 'အထိုင် လျှော့ပါ၊  များများလှုပ်ရှားပါ၊  လေ့ကျင့်ခန်းသည် ဆေးဖြစ်သည်။')

Source: Myawady Web Portal

ဒေါက်တာရဲတင့်လွင်(ဆေးသုတေသန)

တပ်မတော်သည်  နိုင်ငံတော်၏ မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်သည်။

မရှိမဖြစ်ဟုဆိုရခြင်းမှာ   ယနေ့ခေတ်မြန်မာနိုင်ငံသားများ   ပိုင်ဆိုင်သော  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တပ်မတော်၏အစဖြစ်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်က စတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်စေဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်   ရဲဘော်သုံးကျိပ်တို့  ဦးဆောင်ဖွဲ့စည်းခဲ့သည့် တပ်မတော်က စတင်ကြိုးပမ်းခဲ့ရသည်။  တပ်မတော်အနေဖြင့်   လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ဖက်ဆစ်တော်လှန်ရေးကာလတို့တွင်  ထဲထဲဝင်ဝင်ဦးဆောင်ပါဝင်ခဲ့ရသလို လွတ်လပ်ရေး ရရှိပြီးနောက်တွင် ရရှိထားသောလွတ်လပ်ရေးကြီး ပြန်လည်ဆုံးရှုံးနိုင်သည့် အခြေအနေနှင့်ကြုံလေတိုင်း တပ်မတော်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင်    ဦးဆောင်ပါဝင်ခဲ့ရသည်။

မြန်မာနိုင်ငံ၏   ဖြစ်စဉ်သမိုင်းကိုဆစ်ပိုင်းလေ့လာကြည့်ပါက  မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များအရ ပါလီမန်ဒီမိုကရေစီ စနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်မှသည် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်    ပါတီစုံဒီမိုကရေစီ စနစ်ဟူ၍  မည်သည့်စနစ်  ကျင့်သုံးသည်ဖြစ်စေ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊  လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို အစဉ်တစိုက်   ထမ်းဆောင်နေသည်သာ ဖြစ်သည်။   တပ်မတော်ဟုဆိုရာ၌  ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါဝင်သော     နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို  ခေါ်ဆိုခြင်းဖြစ်သည်။

ကြည်း/ရေ/လေတပ်များသည် နိုင်ငံတော်အတွက် သုံးနားညီတြိဂံပမာ  ညီညွတ်စုစည်းစွာရပ်တည်လျက်ရှိသည်။ တပ်မတော်တစ်ရပ်၏   စွမ်းအားဆိုသည်မှာ လူ၊ လက်နက်၊ နည်းပညာတို့ စုံလင်စွာရှိနေရမည်ဖြစ်သည်။ ခေတ်မီတန်ဖိုးကြီးသော စစ်လက်နက်ပစ္စည်းများကို ပိုင်ဆိုင်ထားစေကာမူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုတတ်ပါက အကျိုးရှိမည်မဟုတ်ပေ။

ထို့ကြောင့်  တပ်မတော်တွင် လေ့ကျင့်ရေးသည် ပဓာနအကျဆုံးသောကဏ္ဍတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ လေ့ကျင့်မှု မရှိဘဲ မည်သည့်အရာမျှတတ်မြောက်လိမ့်မည်မဟုတ်ပေ။ လေ့ကျင့်ရေးသည် စစ်ဆင်ရေးဟူသော    ဆောင်ပုဒ်ကို ကြည့်လျှင်   လေ့ကျင့်ရေးလုပ်ချိန်တွင် စစ်ဆင်ရေးတစ်ရပ်ကို  ဆင်နွှဲသကဲ့သို့ သဘောထားရှိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တပ်မတော်သားတိုင်းသည်  မိမိတို့၏ကိုယ်ပိုင်ဆန္ဒဖြင့်   တပ်မတော်သို့ ဝင်ရောက်ကာ  နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်လာသူတိုင်းသည်   သက်ဆိုင်ရာသင်တန်းကျောင်းများတွင် လေ့ကျင့်သင်ကြားပြီးမှသာ တပ်မတော်သားအဖြစ်သို့ ရောက်ရှိခြင်း ဖြစ်သည်။

ထို့အတူ တပ်မတော်သားအဖြစ် နိုင်ငံ့တာဝန်များကို   ထမ်းဆောင်နေရင်း မိမိတို့၏ပညာအရည်အချင်းနှင့် စစ်မှုထမ်းသက်အရ    သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံလာသည့်အခါ ၎င်းတို့၏ဘဝတိုးတက်ရေးအတွက်  သင့်လျော်သည့် သင်တန်းများကို   ဆက်လက်တက်ရောက်ကြရသည်။ အဆိုပါသင်တန်းများတွင် ဗိုလ်လောင်းသင်တန်းသည်လည်း  တစ်ခုပါဝင်သည်။ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)တွင်     တက်ရောက်ခွင့်ရရှိသူများကို ဗိုလ်သင်တန်းကျောင်းရှိ နည်းပြများက “အနာဂတ်၏စစ်ခေါင်းဆောင်”များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြရသည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းကို   ပြင်ဦးလွင်(မေမြို့)တွင် စတင်တည်ထောင်ခဲ့သည်။  ထိုမှတစ်ဆင့် ၁၉၆၃ ခုနှစ်တွင် မှော်ဘီမြို့၌ဖွင့်လှစ်ခဲ့သည်။ ထိုမှတစ်ဖန် ၁၉၉၁ ခုနှစ် ဩဂုတ်လတွင်   မှော်ဘီမြို့မှ  ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

လူတိုင်းသည် မိမိတို့၏ဘဝတိုးတက်ရေးကို အစဉ်အမြဲကြိုးစားနေကြရမည်ဖြစ်သည်။ တပ်မတော်သားတိုင်းသည် တပ်မတော်တွင်   အထက်ကပေးအပ်သောအမိန့်နှင့်တာဝန်ကို  ကျေပွန်စွာထမ်းဆောင်ရင်း မိမိတို့တစ်ဦးချင်းစီ၏ အရည်အသွေးထက်မြက်အောင် ကြိုးစားနေကြရသည်။ မြန်မာနိုင်ငံအကြောင်းကို စုံလင်စွာ   သိရှိနေရမည် ဖြစ်သကဲ့သို့ နိုင်ငံတကာရေးရာများကိုလည်း အချိန်နှင့်တစ်ပြေးညီသိရှိနိုင်အောင် လေ့လာကြရသည်။   အသိပညာနှင့် အတတ်ပညာထူးချွန်သူများကို သတ်မှတ်ချက်နှင့်အညီ ဗိုလ်လောင်းသင်တန်းများသို့ ရွေးချယ် တက်ရောက်စေခြင်းဖြင့်  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)သို့ တက်ရောက်ခွင့်ရရှိကြသည်။ သူများထက်ပိုတော်ချင်လျှင် သူများထက်ပို၍ ကြိုးစားကြရမည်မှာဓမ္မတာဖြစ်သည်။

ကြိုးစားမှုရှိသူမှန်သမျှသည်  မိမိတို့၏ကြိုးစားမှုနှင့်ညီမျှသောအောင်မြင်မှုကို  ရရှိကြသည်။

တပ်မတော်(ကြည်း)   ဗိုလ်သင်တန်းကျောင်း(ဗထူး)သည်  အရာရှိငယ်များကို နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိရာ   ယခုအခါ  ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သို့ရောက်ရှိခဲ့ပြီဖြစ်သည်။   “တပ်မတော်(ကြည်း)တွင် အရည်အချင်းပြည့်ဝသောအရာရှိများဖြစ်ပေါ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍  စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်”ရည်ရွယ်ချက်ဖြင့် ဗိုလ်လောင်းများကို   မွေးထုတ်ပေးနေခြင်းဖြစ်သည်။    သင်တန်းကာလတွင်   စစ်နည်းဗျူဟာ၊ ခေါင်းဆောင်မှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့် အခြားဘာသာရပ်များကို  စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးထားသည်။  တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက်လေ့ကျင့်ရေးများကိုလည်း လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည်။

တပ်မတော်သားတို့သည်  နေ့စဉ်ရွတ်ဆိုနေသည့် သစ္စာလေးချက်နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်သည်။  သက်စွန့်ကြိုးပမ်းထမ်းဆောင်ရသည့်  နိုင်ငံ့ဂုဏ်ဆောင်လုပ်ငန်းဖြစ်၍ လေ့ကျင့်ရေးကို  အမှန်တကယ်စိတ်ရောကိုယ်ပါ  လေ့ကျင့်ကြရသည်။   “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း   တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သင်တန်းသားများသည် လေ့ကျင့်ရေး တာဝန်များကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်သည်။ မိမိတို့တစ်ဦးချင်းဦးဆောင်ရသည့် တပ်စု၊ တပ်ဖွဲ့များကို ခေါင်းဆောင်ကောင်းများအဖြစ် ဦးစီးလုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

တပ်မတော်သားတစ်ယောက်ဖြစ်လာရသည်မှာ  ဂုဏ်ယူစရာကောင်းသည့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုဖြစ်သည်။ ပို၍ဂုဏ်ယူဖွယ်ကောင်းသည်မှာ တပ်မတော်သို့ ဝင်ရောက်အမှုထမ်းနေသူများသည် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ ကိုယ်ပိုင်ဆန္ဒအရဝင်ရောက်ခဲ့သူများဖြစ်ခြင်း ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံသားအားလုံး၏တာဝန်ဖြစ်ပြီး  တပ်မတော်သည်နိုင်ငံအတွက် မရှိမဖြစ် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ တပ်မတော်သည်သမိုင်းအစဉ်အလာကောင်းများနှင့် ရပ်တည်ခဲ့ကြောင်းကို သမိုင်းတွင်  အထင်အရှားရှိထားပြီးဖြစ်သည်။ နိုင်ငံတော်သမိုင်းနှင့်တပ်မတော်သမိုင်းသည် ခွဲခြား၍  မရနိုင်သည့်သမိုင်းဖြစ်သည်။  နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်နှင့်ကြုံရလေတိုင်း တပ်မတော်သည်  အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် ပါဝင်ထမ်းဆောင်ခဲ့ရသည်။

နိုင်ငံတော်ပြိုကွဲမည့်    အန္တရာယ်ဆိုသည်မှာ မည်သည့်အချိန်တွင် မည်ကဲ့သို့ပေါ်ပေါက်လာမည်ဟု မည်သူမှကြိုတင်မှန်းဆ၍ ရနိုင်သည်မဟုတ်ပေ။ ထို့ကြောင့်တပ်မတော်သားတို့သည် “အမြဲလေ့ကျင့်၊ အမြဲစစ်ရေးသတိရှိ၊   အမြဲတိုက်ပွဲဝင်အသင့်ရှိ”ဟူသော မြဲ(၃)မြဲနှင့်နေထိုင်ကြရသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ တိုင်းရင်းသားအမည်ခံကာ  တရားမဝင်လက်နက်စွဲကိုင်နေသည့်အဖွဲ့အစည်းအချို့သည် တိုင်းရင်းသားများအရေး၊   တန်းတူညီမျှရေး စသည်ဖြင့်အကြောင်းအမျိုးမျိုးပြကာ လက်နက်စွဲကိုင်နေသော်လည်း  အမှန်တကယ် လုပ်ဆောင်နေသည်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ နိုင်ငံ၏သယံဇာတများကို ခိုးထုတ်ကာ ပြည်ပသို့ရောင်းချခြင်း၊ အရွယ်မရောက်သေးသူကလေးများကို  အတင်းအဓမ္မ  လူသစ်စုဆောင်းကာ  လက်နက်ကိုင်ဆောင်စေခြင်း၊   ဒေသခံပြည်သူတို့အပေါ် ဆက်ကြေးကောက်ခံခြင်း စသည်များကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေကြသည်။

နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများကင်းစင်ပပျောက်မှသာ နိုင်ငံတော်သည် ဖွံ့ဖြိုးတိုးတက်ပြီး  ပြည်သူများ၏ လူနေမှုဘဝလည်း အေးချမ်းသာယာမည်ဖြစ်သည်။

နိုင်ငံတော် အစိုးရအနေဖြင့်   နိုင်ငံရေးပြဿနာကို   နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက်   လက်နက်ကိုင် ဆောင်ခြင်းအစား   ပါတီဖွဲ့စည်းတည်ထောင်၍ရွေးကောက်ပွဲဝင်ကြရန်လည်း အသိပေးထားပြီး ဖြစ်သည်။ အဆိုပါနည်းလမ်းမှာ  အလွန်ကောင်းမွန်သည့်နည်းလမ်းကောင်းဖြစ်သည်။    မိမိတို့ကိုယ်စားပြုသည့် လူမျိုးများ၏ ရပိုင်ခွင့်များအားလုံးကို တရားဝင်တင်ပြ တောင်းဆိုနိုင်သည်။  အဆိုပါအခွင့်အရေးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပေးအပ်ထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ    နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။   နိုင်ငံရေးဦးတည်ချက်တွင် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး”ကိုကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ ဤအကြောင်းအရာများမှာ အနာဂတ်၏ စစ်ခေါင်းဆောင်များ  သိရှိထားရမည့် အကြောင်းအရာများ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များက အကြောင်းပြနေသည့် ဖက်ဒရယ်စနစ်ကို  နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပုံဖော်ပေးနေပြီဖြစ်သည်။   နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအဆက်ဆက်က   ဆောင်ရွက်ပေးနေသော်လည်း  အကြမ်းဖက်လက်နက်ကိုင် ဆောင်နေသည့်   အဖွဲ့အစည်းတို့၏   ဖျက်ဆီးနှောင့်ယှက်မှုများကြောင့်  နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကောင်းမွန်စွာတည်ဆောက် ပေးထားသည့် ဒေသဖွံ့ဖြိုးရေးတို့မှာ ပျက်စီးခဲ့ရသည်။

ထင်ရှားစွာမြင်တွေ့နိုင်သော သာဓကများအနက် ငွေကြေးအကုန်အကျများစွာကုန်ကျခံကာ ခေတ်မီတည်ဆောက်ထားသည့် “လွိုင်ကော်တက္ကသိုလ်”၏  အခြေအနေကို   မြင်တွေ့ကြရပြီးဖြစ်သည်။

ထို့ကြောင့်    ပြည်သူများအနေဖြင့် တပ်မတော်သာ  အားကိုးရာအဖြစ် တပ်မတော်ကိုစဉ်ဆက်မပြတ် အားပေး ထောက်ခံလျက်ရှိသည်။   တပ်မတော်သည်   ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို     အစဉ်ကာကွယ် စောင့်ရှောက်နေသကဲ့သို့    ပြည်သူလူထု၏ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားသည်။  ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းမပျက်ယွင်းရေးအတွက် တပ်မတော်က  တည့်မတ်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က  (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ  တပ်မတော်ရဲ့အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားခြင်းဟာ အတိတ်သမိုင်းစဉ်မှာကြုံတွေ့ခဲ့ရတဲ့အားနည်းချက်တွေကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရခြင်းပဲဖြစ်တယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့အခန်းကဏ္ဍမှာပါတဲ့ ပြဋ္ဌာန်းချက်အပိုဒ်တွေဟာ တပ်မတော်အတွက် ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံတော်အကျိုးကိုမျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းထားခြင်းသာ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း တပ်မတော်သည်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။  ထို့ပြင်  “တပ်မတော်သည် အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော   ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” ဆိုသည့်အတိုင်း တပ်မတော်သားတို့က ကြိုးပမ်းတည်ဆောက်နေကြရမည် ဖြစ်သည်။ အဆိုပါတည်ဆောက်မှုတွင် ယခုအခါ   သင်တန်းပြီး မြောက်ပြီဖြစ်သည့် တပ်မတော်(ကြည်း)   ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ သင်တန်းဆင်းအရာရှိငယ်များသည်လည်း ပါဝင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည်  အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်   နိုင်ငံဖြစ်သည်။  

နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်ရမည်။  နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသောနိုင်ငံ ဖြစ်သည်။ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်။ အဆိုပါအချက်များအားလုံးသည် ကမ္ဘာတည်သရွေ့  မြန်မာနိုင်ငံတော်တည်ရှိနေရေးအတွက်   အခြေခံမူများဖြစ်သည်။

ထိုအခြေခံမူများခိုင်မာစွာ  တည်တံ့နေစေရန်မှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်သားအားလုံးသည်  စစ်ရေးစွမ်းရည်၊  အုပ်ချုပ်ရေးစွမ်းရည်နှင့်  စည်းရုံးရေးစွမ်းရည်များ ပြည့်ဝနေကြရမည်ဖြစ်သည်။ ထိုသို့ပြည့်ဝနေစေရေးအတွက် သက်ဆိုင်ရာသင်တန်းကျောင်းများ၌ စာတွေ့သင်ကြားပေးပြီး ဖြစ်သည့်အတွက်  လက်တွေ့လိုက်နာ လုပ်ဆောင်ကြရန်ဖြစ်သည်။ တပ်မတော်သည်  စည်းကမ်းစနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် စည်းကမ်းသည်   တပ်မတော်၏ကျောရိုးမဏ္ဍိုင် ဖြစ်သည်။  စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)နှင့်အညီ ပြုမူကျင့်ကြံနေထိုင်ကြရသည်။ တပ်မတော်သား မှန်သမျှသည် ၁၉၅၉ ခုနှစ်   တပ်မတော်အက်ဥပဒေကိုလိုက်နာကြရ သကဲ့သို့   နယ်ဘက်ဥပဒေများကိုလည်း   လိုက်နာကြရသည်။  နိုင်ငံတော်အတွက် တပ်မတော်သားကောင်းများရှိနေသမျှကာလပတ်လုံး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် တည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ဗိုလ်လောင်းများသည် သင်တန်းပြီးမြောက်ကာ  သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များတွင်    တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ ထိုသို့ တာဝန်ထမ်းဆောင်ကြရာတွင် သိပ္ပံပညာထွန်းကားမှုကြောင့်   စစ်မှုအတတ်ပညာ(Military Technology) များ ပြောင်းလဲ တိုးတက်နေခြင်း၊ စစ်မှုအတတ်ပညာ တိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများပြောင်းလဲနေခြင်း စသည်များကို ခေတ်နှင့်အညီ  ရင်ပေါင်တန်းနိုင်ရန် လေ့လာဆည်းပူး လေ့ကျင့်ပွားများလျက် နိုင်ငံတော်ကာကွယ်ရေးအတွက်  အရည်အချင်း ပြည့်ဝသူများ ဖြစ်ကြပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။     ။

Source: Myawady Web Portal

ဘုန်းမောင်ဝင်း(ဖျာပုံ)

မြန်မာနိုင်ငံ၏ ဆီလိုအပ်မှုအခြေအနေ

 လူတစ်ဦး တစ်နေ့ဆီ ၁ ဒသမ ၇ ကျပ်သားနှုန်း စားသုံးသည်ဟု တွက်ပါက လူတစ်ဦးသည် တစ်နှစ်လျှင် ၆ ပိဿာ စားသုံးပါသည်။ ၂၀၂၄ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ဖြင့် ဆိုပါက တစ်နှစ်လျှင် ဆီတန်ချိန်  ၅  သိန်းကျော်  လိုအပ်မည်ဖြစ်သည်။ စားသောက်ကုန် ထုတ်လုပ် သည့် လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်မိုတယ်တည်းခိုခန်းများ၊ တိရစ္ဆာန်အစားအစာ တွင် အသုံးပြုမှုများနှင့် အခြားသော အသုံးပြုမှုများအရ တစ်နှစ်လျှင်တန်ချိန် ၃-၄ သိန်းခန့် လိုအပ် မည်ဟု ခန့်မှန်းသည်။ သို့ဖြစ်၍ တစ်နှစ်လျှင် မြန်မာနိုင်ငံ၏ ဆီလိုအပ်ချက်မှာ တန်ချိန် ၈ သိန်းမှ ၉  သိန်းခန့်   လိုအပ်မည်ဖြစ်သည်။  အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၂၀၂၀  ပြည့် နှစ်မတိုင်မီက တစ်နှစ်လျှင် စားသုံးဆီတန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာသန်း ၆၀၀‌ ကျော်အထိ ကုန်ကျခဲ့သည်။

စားအုန်းဆီ

စားအုန်းဆီသည် ဆီအုန်းပင်များမှ  ထွက်ရှိပြီး   ဆီထွက်သီးနှံများတွင် ဆီထုတ်လုပ်နိုင်မှု အများဆုံးဖြစ်ခြင်းကြောင့် စားသုံးဆီများတွင် စားအုန်းဆီသည်    နေရာရရှိလာသည်ကို  တွေ့နိုင်သည်။

မြန်မာနိုင်ငံသို့ စားအုန်းဆီကို ၁၉၇၆ ခုနှစ်ခန့်မှ စတင်တင်သွင်းခဲ့သည်ဟု သိရသော်လည်း အများအပြား တင်သွင်းလာသည်မှာ  ၁၉၉၀   ပြည့်နှစ်တွင်မှဖြစ်သည်။   ထိုစဉ်က   စားအုန်းဆီသည် ဈေးနှုန်းသက်သာခြင်းကြောင့်  ဝင်ငွေနည်းသော လုပ်သားပြည်သူများအတွက်  ဈေးသက်သက်  သာသာဖြင့် စားသုံးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

စားသုံးဆီတစ်မျိုးချင်း၏ အားသာချက် အားနည်းချက်များ

 စားသုံးဆီတစ်မျိုးချင်း အနေဖြင့် အားသာချက်၊ အားနည်းချက်များရှိကြသည်။ ထိုအထဲတွင် စားသုံးဆီများအကြောင်း  သိထားသင့်သည်မှာ စားသုံးဆီတိုင်းတွင်  ပြည့်ဝဆီ (Saturated fatty acid)၊ မိုနိုမပြည့်ဝဆီ (Monounsaturated fatty acid) နှင့် ပိုလီမပြည့်ဝဆီ (Polyunsaturated fatty acid) ဟူသော  အမျိုးအစားသုံးမျိုးသာ ပါဝင်ကြသည်။

ပြည့်ဝဆီ  (Saturated fatty acid) ပါဝင်မှုများသော ဆီသည်  ကျန်းမာရေးကို  များစွာထိခိုက်စေနိုင်သည်။   မိုနိုမပြည့်ဝဆီ (Monounsaturated fatty acid)  နှင့်ပိုလီမပြည့်ဝဆီ (Polyunsaturated  fatty acid) များသည် ကျန်းမာရေးအတွက် ကောင်းမွန်သည်။

မပြည့်ဝဆီထဲတွင် ပါဝင်သော အိုမီဂါ- ၃ သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ဟုဆိုသည်။   ထိုအထဲတွင် ပြည့်ဝဆီ (Saturated fatty acid) ပါဝင်မှုများသော ဆီများမှာ  ဝက်ဆီ၊  အမဲဆီနှင့်  စားအုန်းဆီတို့ဖြစ်ကြပြီး အဆိုပါဆီများကို စားသုံးပါက လူ့ခန္ဓာကိုယ်၏  သွေးကြောများကိုကျဉ်းစေကာ  နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါတို့ကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

ထိုအချက်အပြင်  အရေးကြီးသော အချက်တစ်ခုမှာ  စားသုံးဆီများ၏ အရည်အသွေးတစ်ခုအဖြစ်   သတ်မှတ်ထားသော   အိုင်အိုဒင်းတန်ဖိုး (Iodine Value - IV) ပါဝင်မှုရာခိုင်နှုန်းဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးသည် ပြည့်ဝဆီ၊ မပြည့်ဝဆီတို့နှင့် သက်ဆိုင်နေ၍  ပြည့်ဝဆီများလေလေ  အိုင်အိုဒင်းတန်ဖိုးနည်းလေလေဖြစ်ပြီး   ပြည့်ဝဆီနည်း၍  မပြည့်ဝဆီများလေလေ  အိုင်အိုဒင်းတန်ဖိုးများ လေလေဖြစ်သည်။ ထို့ကြောင့် စားသုံးဆီများကို စားသုံးရန်အတွက် ရွေးချယ်မည်ဆိုပါက အိုင်အိုဒင်းတန်ဖိုးများသော ဆီများကိုသာ‌ ရွေးချယ်စားသုံးသင့်သည်ဟု အကြံပြုလိုသည်။ ပြည်တွင်း၌ အများဆုံးထုတ်လုပ်သော  စားသုံးဆီများဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့သည် အားသာချက်များစွာရှိသည်ကို အများသိရှိပြီးဖြစ်သည်။ ထိုဆီများနှင့် နိုင်ငံခြားငွေများသုံးစွဲပြီး   တင်သွင်းနေရသော စားအုန်းဆီတို့ကို နှိုင်းယှဉ်၍ တင်ပြလိုသည်။

မြေပဲဆီကို ပထမဦးစွာ ကြည့်မည်ဆိုပါလျှင် မြေပဲဆီတွင်ပါဝင်သော အာဟာရဓာတ် မိုနိုမပြည့်ဝဆီ ၄၆ ဂရမ်၊  ပိုလီမပြည့်ဝဆီ  ၃၂  ဂရမ်ပါဝင်ပြီး ကျန်းမာရေးအတွက် မကောင်းသော ပြည့်ဝဆီမှာ ၁၇ ဂရမ်ခန့်သာ   ပါဝင်သည်ဟုသိရသည်။ မြေပဲ၏အားသာချက်တစ်ခုမှာ အချို့သောဆီများကဲ့သို့  အရောင်အနံ့ချွတ်ရန်မလိုအပ်ဘဲ သဘာဝအတိုင်း ကြိတ်ခွဲထုတ်လုပ်နိုင်သဖြင့် သဘာဝအရောင် အရသာများအတိုင်းရရှိစေသည်။  မြေပဲဆီတွင် ကိုလက်စထရော မပါဝင်သကဲ့သို့ ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်အီးနှင့် သွပ်ဓာတ်များ ပါဝင်ကြသည်။ 

မြေပဲတွင် အဓိကသတိပြုရမည်မှာ မခြောက်သွေ့လျှင် အာဖလာတောက်ဆင်မှိုဆိပ် ပါဝင်လာမည်ဖြစ်သည်။ အိုင်အိုဒင်းတန်ဖိုးမှာ ၈၅ မှ ၁၁၀ ဂရမ်/ ၁၀၀ ဂရမ်အထိပါဝင်သည်။ ထို့ကြောင့် ရောနှောဆီအဖြစ် အခြား အိုင်အိုဒင်းတန်ဖိုးနိမ့်သောဆီ   (ဥပမာ- စားအုန်းဆီ အိုင်အိုဒင်းတန်ဖိုး ၅၈)  ဖြင့် ရောနှောပါက ရော‌နှောဆီသည်   စားအုန်းဆီသက်သက်ထက် အရည်အသွေးတက်လာမည်ဖြစ်သည်။  မြေပဲဆီကို မြန်မာနိုင်ငံတွင်   လူကြိုက်အများဆုံး ဆီအဖြစ် သတ်မှတ်ရမည်ဖြစ်သည်ကို တွေ့ရှိနိုင်သည်။

စိုက်ပျိုးထုတ်လုပ်မှုတွင်လည်း  အများဆုံးစိုက်ပျိုးထုတ်လုပ်ခြင်း၊ စိတ်ချရသော နာမည်ကြီး ဆီစက်ကြီးများကလည်း မြေပဲဆီများ ကြိတ်ခွဲဖြန့်ဖြူးနေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက်ဆိုပါက မြေပဲ ဆီကို စားသုံးရန် အသင့်ဆုံးအခြေအနေဖြစ်သည်ဟု ဆိုနိုင်သည်။ စားသုံးဆီဖူလုံပါက မြေပဲဆီကိုသာ လူထုက‌ရွေးချယ် စားသုံးကြမည်မှာ သေချာလျက်ရှိသည်။

ပုံမှန်နေကြာဆီ ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ (အိုမီဂါ-၃နှင့် အိုမီဂါ-၆)  ၆၅ ဒသမ ၇ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုမီဂါ-၉၊ အိုးလီရစ်အက်စစ်) ၁၉ ဒသမ  ၅ ဂရမ်၊ ပြည့်ဝဆီ ၁၀ ဒသမ  ၃ ဂရမ်တို့ပါဝင်သည်။  နေကြာဆီ၏ ရူပဓာတုဂုဏ်သတ္တိများတွင် အိုင်အိုဒင်းတန်ဖိုး ၇၈ မှ ၁၂၂ ဂရမ်/ ၁၀၀ ဂရမ်အထိ ပါဝင်နေသည်ကို  တွေ့ရကြောင်းသိရသဖြင့် နေကြာဆီသည် မြေပဲဆီထက်ပင် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု   ဆိုနိုင်သည်။   နေကြာဆီ၏ အားသာချက်တစ်ခုမှာ အာဖလာတောက်ဆင်မှိုဆိပ် လုံးဝကင်းစင်ခြင်းဖြစ်သည်ဟု သိရသည်။ မှိုဆိပ်ကင်းစင်သည့်အပြင် ဗီတာမင်ကေနှင့်  ဗီတာမင်အီးကြွယ်ဝခြင်း၊ ကျန်းမာ‌ရေးအတွက် အထူးကောင်းမွန်သည့် အိုမီဂါ-၃ နှင့် အိုမီဂါ-၉ တို့ များစွာပါဝင်သည်။ နေကြာဆီကို  ဆီပါးသည်ဟု ယူဆကြသော်လည်း အမှန်မှာ နေကြာဆီသည် အနံ့၊ အရသာကောင်းမွန်သဖြင့်      ချက်ပြုတ်ခြင်းအပြင် ကြော်လှော်သည့် နေရာတွင်လည်း သုံးစွဲနိုင်သည်။

နှမ်းဆီ ၁၀၀ ဂရမ်တွင် ပါဝင်သော အာဟာရဓာတ်များတွင် မိုနိုမပြည့်ဝဆီ အိုးလီရစ်အက်စစ်  ၄၂ ဂရမ်၊ ‌ပိုလီမပြည့်ဝဆီ  လီနိုလီရစ်အက်စစ် ၄၃ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်နှင့် ဗီတာမင်ကေနှင့်အီးတို့    ပါဝင်ကြသည်။  ကိုလက်စထရောလည်း   မပါဝင်ပါ။ အိုင်အိုဒင်းတန်ဖိုးမှာလည်း ၁၀၄ မှ ၁၂၀ ဂရမ်/၁၀၀ ဂရမ်အထိ ပါဝင်ကြသည်။ နှမ်းဆီကို မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသကဲ့သို့   မက်မက်မောမော  စားသုံးကြသည်။  ရိုးရာတိုင်းရင်းဆေးအဖြစ်  သုံးစွဲလေ့ရှိပြီး အိန္ဒိယတွင် လိမ်းဆေးအဖြစ်လည်း သုံးစွဲလေ့ရှိသည်။

နှမ်းဆီကိုကြော်ရာတွင် အမြှုပ်ထွက်များသည်ဟုဆိုကာ အိမ်ရှင်မများက  ကြိုက်နှစ်သက်မှု နည်းတတ်သော်လည်း  အမှန်အားဖြင့်  နှမ်းဆီ၏ ဆီခိုးမှတ်မှာ ၃၅၀ မှ ၄၅၀ ဒီဂရီဖာရင်ဟိုက်အထိ ရှိသဖြင့် ကောင်းစွာကြော်လှော်နိုင်သည်။   ယခုအခါ ဆီစက်များ၏  အရည်အသွေး တိုးတက်လာသဖြင့် နှမ်းဆီကောင်းများ   ပိုမိုရရှိလာပြီး နှမ်းဆီကို ကောင်းစွာသုံးစွဲနိုင်ပြီဖြစ်သည်။ နှမ်းလှော်ဆီမွှေး သည် များစွာတန်ဖိုးရှိသဖြင့် ပြည်တွင်းဖူလုံမှုအတွက်အပြင်  ပြည်ပတင်ပို့ရေးအတွက်လည်း  နှမ်းဆီ ကို ကြိတ်ခွဲထုတ်လုပ်သင့်သည်။ စားရန်သင့်တော်သော ဆီတစ်မျိုးမှာ ပဲပုပ်ဆီ (Soybean Oil) ဖြစ်သည်။ အဆိုပါဆီကို ဆီစက်သမားများက  ပဲပိစပ်ဆီဟုလည်း အမည်ပေးတတ်ပါသည်။ “ပုပ်” ဆိုသော  စကားလုံးနှင့် အသံထွက်ကို မသုံးလိုသဖြင့်  ပြောင်းလဲသုံးစွဲခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ခေါ်တွင်စေကာမူ အဆိုပါ Soybean Oil ၁၀၀ ဂရမ်တွင် ပိုလီမပြည့်ဝဆီ [ လီနိုလီရစ်အက်စစ် (အိုမီဂါ-၆) ၅၀ ဂရမ်နှင့် (အိုမီဂါ- ၃) ၁၀ ဂရမ်] ၆၀ ဂရမ်၊ မိုနိုမပြည့်ဝဆီ (အိုးလီရစ်အက်စစ် အိုမီဂါ- ၉) ၂၅ ဂရမ်၊ ပြည့်ဝဆီ ၁၅ ဂရမ်၊ ဗီတာမင်အီးနှင့်   ဗီတာမင်ကေ   အနည်းငယ်ပါဝင်သည်။ အိုင်အိုဒင်းတန်ဖိုးမှာ အလွန်မြင့်မားပြီး ၁၂၀-၁၃၆ ဂရမ်/ ၁၀၀ ဂရမ်အထိ   ရှိသည်ဟုသိရှိရသည်။ ပဲပုပ်ဆီသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ကြောင်း သိရသည်။ 

အထက်ပါ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ပဲပုပ်ဆီတို့အပြင် ပန်းနှမ်းဆီ၊ ဖွဲနုဆီနှင့် ပြောင်းဆီ တို့မှာလည်း မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ကြပြီး စားသုံးရန်သင့်တော်သည့်အပြင်   ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊   အရွယ်တင်နုပျိုခြင်းစသော အချက်များကိုလည်း  ဤဆီများထဲတွင် တွေ့နိုင်သည်။

ပြည်တွင်း၌ အနည်းငယ်သာထုတ်လုပ်နိုင်ပြီး ဈေးသက်သာသဖြင့် ပြည်ပမှ တင်သွင်းနေရသည့် စားအုန်းဆီနှင့်ပတ်သက်၍ သိထားသင့်သည်များကို တင်ပြလိုပါသည်။ စားအုန်းဆီသည် အုန်းဆီပြီးလျှင် ပြည့်ဝဆီပါဝင်မှု အများဆုံးဆီဖြစ်သည်။  အုန်းဆီထက် နိမ့်သည်ဆိုသော်လည်း အုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီမှာ ကျန်းမာရေးအတွက် သင့်တော်ပြီး စားအုန်းဆီတွင်ပါဝင်သော ပြည့်ဝဆီမှာမူ မကောင်းကျိုးဘက်သို့ ပိုမိုရောက်သည်ဟု     ဆိုနိုင်ကြောင်းသိရသည်။

စားအုန်းဆီ ၁၀၀ ဂရမ်တွင် ပြည့်ဝဆီ ၅၄ ဒသမ  ၃ ဂရမ်၊ မိုနိုမပြည့်ဝဆီ  ၃၆  ဒသမ   ၆  ဂရမ်နှင့် ပိုလီမပြည့်ဝဆီ   ၉   ဂရမ်ခန့်သာပါဝင်သည်။    အခြားသော   ဗီတာမင်ဓာတ်များလည်း   ပါဝင်မှုမရှိဟုသိရသည်။ အိုင်အိုဒင်းတန်ဖိုးမှာ ပုံမှန်အားဖြင့် ၅၀ မှ ၅၅ ဂရမ်ခန့်သာ ပါဝင်တတ်သည်။

ယခုတင်သွင်းသော စားအုန်းဆီမှာ စားသုံးသူများအတွက် သင့်တင့်သော အရည်အသွေးရစေရန် အိုင်အိုဒင်းတန်ဖိုး ၅၈  ဂရမ် တင်သွင်းထားခြင်းဖြစ်သည်။ထို့ကြောင့်  သာမန်စားအုန်းဆီထက် ဈေးအနည်းငယ်မြင့်နေခြင်းဖြစ်သည်။

နယ်စပ်မှဝင်သော   ပုစွန်နှစ်ကောင်အစရှိသော စားအုန်းဆီများမှာ  အရည်အသွေး စစ်ဆေးထားခြင်းမရှိကြပါ။  “စားအုန်းဆီနှင့် ကျန်းမာရေးအန္တရာယ်”ဟု ဒေါက်တာခင်မောင်လွင် (Fame) က သူ၏ ဆောင်းပါးပေါင်းချုပ်စာအုပ်တွင်ဖော်ပြထားပါသည်။  ဖော်ပြထားသောအချက်များမှာ စားအုန်းဆီတွင် ပါဝင်သော ပြည့်ဝဆီ၌  ပါဝင်သည့်အက်စစ်မှာ ပါမစ်တစ်အက်စစ်ဖြစ်ပြီး ပြည့်ဝဆီ (၅၄ ဒသမ  ၃ ဂရမ်တွင်) ၄၄ ဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရသည်။

အဆိုပါဆီသည် အစားအသောက်များမှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းရောက်ပါက    အသည်းမှ တစ်ဆင့်  အယ်ဒီအယ်လ်ကိုလက်စထရောများကို ထုတ်လုပ်ပေးရန် ကုန်ကြမ်းများအဖြစ် သွေးတွင်း တွင် အဆိုပါကိုလက်စထရောကို မြင့်တက်စေသည်။ တစ်ခါတစ်ရံနှင့် နည်းနည်းသာစားပါက ပြဿနာနည်းနိုင်သော်လည်း  နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် သုံးပါက သွေးကြောအတွင်း အဆီများစုလာကာ သွေးကြောများ ကျဉ်းလာမည်ဖြစ်သည်။ ထို့ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်လာကာ    နောက်ဆက်တွဲရောဂါအဖြစ် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားများ ထိခိုက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့်    စားအုန်းဆီပါဝင်မှုများသော အစားအစာများကို  ရှောင်ကြဉ်သင့်သည်။  အထူး သဖြင့်  အဝလွန်သူများ၊  သွေးတိုးရောဂါရှိသူများ၊ အသက်ကြီးရင့်သူများ၊  လှုပ်ရှားမှုနည်းသူများ မစားသင့်ကြောင်း သိရသည်။  ဆရာက စားအုန်းဆီစားသုံးမှုကိုလျှော့ပြီး ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီတို့ကို စားသုံးသင့်ကြောင်း အကြံပြုထားသည်။ မြေပဲဆီဈေးက မြင့်နေလျှင် လည်း စားအုန်းဆီဝယ်မည့်ငွေကြေးအား မြေပဲဆီစသည့် ပြည်တွင်းထုတ်ဆီကို ရသလောက် ဝယ်ယူပြီး ရေလည်ဆီလည်ချက်စားသင့်ကြောင်း အကြံပေးထားသည်။ မှန်ပါသည်။ ပြည်တွင်းဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာဆီများကို ပိုမိုအားပေးသင့်သည်။ ကျန်းမာရေးထိခိုက်ပါက ကြီးမားသော   ဆေးကုသစရိတ်ကိုပါ  ထပ်မံကုန်ကျမည်ကို  အထူးသတိချပ်သင့်သည်။  

ထို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းနေသော စားအုန်းဆီအစား ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုအားပေးဝယ်ယူစားသုံးသင့်သည်။

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို ပြည်တွင်းဈေးကွက်၌  ရောင်းချခြင်းဖြင့်  သင့်တော်သောဝင်ငွေရရှိနိုင်ရေးအတွက် ဆီစက်များ  များများ လည်ပတ်နိုင်ရန် လိုအပ်သည်။ ပြည်တွင်းတွင် ဆီစက်များ  တိုးတက်လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းလည်း တိုးတက်လာနိုင်သည်။    နိုင်ငံခြားငွေကိုသုံးစွဲပြီး ပြည်ပမှတင်သွင်းရကာ  ဈေးကြီးပေး ဝယ်စားနေရ သော  စားအုန်းဆီများအစား    ပြည်တွင်း၌ ထုတ်လုပ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ပိုမိုစားသုံးခြင်းဖြင့်   ပြည်တွင်းစက်မှုကဏ္ဍကို အားပေးရာလည်းရောက်သည်။ ထို့ပြင်အထက်တွင် ဖော်ပြသကဲ့သို့   အလုပ်အကိုင်အခွင့်အလမ်း များပြားလာခြင်း၊ Supply Chain တစ်ခုလုံး လိုက်ပါ လည်ပတ်ပြီး တောင်သူ၊ ကုန်သည်၊ ဆီစက်ပိုင်ရှင်နှင့် စားသုံးသူများအားလုံး   အကျိုးကျေးဇူးလည်း တိုးတက်ရရှိလာနိုင်သည်။

ပြည်တွင်းဖြစ်ကိုအားပေးခြင်းသည် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ရာလည်း ရောက်မည်ဖြစ်သည်ကို မျှော်လင့်ခြင်းများစွာဖြင့် တင်ပြလိုက်ရပါသည်။ ပြည်ပမှတင်သွင်းလာသော စားအုန်းဆီများသည် ပြည်တွင်းထုတ်မြေပဲဆီ၊နှမ်းဆီများထက် ဈေးနှုန်းချိုသာသဖြင့် စားသုံးခဲ့ရခြင်းဖြစ်သည်။ ပေါပေါရတိုင်း များများသုံးခဲ့ခြင်း၏ အကျိုးဆက်အနေဖြင့် ကျန်းမာရေးထိခိုက်မှုကို ကြုံကြရသည်။ ထို့ကြောင့် စားအုန်းဆီဝယ်မည့်ငွေကို ပြည်တွင်းထုတ်မြေပဲဆီ၊ နေကြာဆီနှင့် နှမ်းဆီ စသည်တို့ကို ဝယ်ယူစားသုံးသင့်သည်။ ငွေလည်းချွေတာ၊    ကျန်းမာရေးအတွက် လည်းကောင်း၊ ပြည်တွင်းစက်မှု လုပ်ငန်းများကိုလည်း အားပေးရာရောက်သဖြင့် ပြည်တွင်းဖြစ်ကို အားပေးကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း ထပ်လောင်းပြောလိုက်ပါရစေခင်ဗျား။    ။

မျိုးသူ(ကုန်သွယ်မြှင့်)

အမိပြည်ထောင်စုမြန်မာတော်သည် ရှေးပဝေသဏီကာလကပင် ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့် ကမ္ဘာ့အလယ်တွင် တင့်တည်ထည်ဝါစွာ ရပ်တည်ခဲ့သော နိုင်ငံဖြစ်ပါသည်။ တကောင်းအဘိရာဇာမင်းကြီးလက်ထက်မှသည် မယိမ်းမယိုင် တည်တံ့ခိုင်မြဲသော ကျွန်ုပ်တို့ နိုင်ငံသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက် (အေဒီ ၁၀၄၄) ပထမမြန်မာနိုင်ငံတော်၊ အင်းဝခေတ် ဘုရင့်နောင်မင်းလက်ထက် (အေဒီ ၁၅၅၁) ဒုတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက် (အေဒီ ၁၇၅၂) တတိယမြန်မာနိုင်ငံတော် စသဖြင့် အင်ပါယာ ဘဝသို့ပင် ၃ ကြိမ်တိုင်တိုင် ရောက်ခဲ့ဖူးသော နိုင်ငံဖြစ်ပါသည်။[1]

ရှေးယခင်က မြန်မာဘုရင်မင်းမြတ်များသည် ဘုန်းမီးနေလ တောက်ပခဲ့ကြသဖြင့် မြန်မာဘုရင်များထံသို့ စော်ဘွားများ၊ နယ်စား၊ နယ်ရှင်များက အခွန်ဘဏ္ဍာများ ဆက်သခဲ့ ကြပြီး ဘုန်းတော်ရိပ်တွင် ခိုလှုံခဲ့ကြသည်မှာ ငြင်းမရနိုင်သည့် သမိုင်းအမှန်ပင်ဖြစ်ပါသည်။ ခိုင်လုံသော သမိုင်းသက်သေအထောက်အထားများအရ ဗမာတိုင်းရင်းသားများသာ လူဦးရေ အရဖြစ်စေ၊ နယ်မြေအနေအထားအရဖြစ်စေ၊ စီးပွားရေးအင်အားအရဖြစ်စေ အင်အား တောင့်တင်းကာ တစ်ထီးတစ်နန်းဖြင့် အနီးပတ်ဝန်းကျင်နယ်မြေများသာမက ယိုးဒယားစသည့် တိုင်းတပါးနယ်မြေများအထိပါ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရား ဖြစ်ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ထို့နောက်တွင်ကား ဗြိတိသျှနယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ် တွင် ပထမအကြိမ်၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိတိ အနိုင်ကျင့်ဗိုလ်ကျ၍ ကျူးကျော်စစ် ဆင်နွှဲခဲ့သဖြင့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်)တွင် ထီးကျိုးစည်ပေါက်၍ တစ်နိုင်ငံလုံးသူ့ကျွန် ဘဝ ကျရောက်ခဲ့ရသည်။

ကမ္ဘာ့သမိုင်းတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ခင်းကြရာဝယ် စစ်နိုင်သည့်နိုင်ငံက စစ်ရှုံးသည့် နိုင်ငံကို ကိုလိုနီအဖြစ်သိမ်းပိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အင်္ဂလိပ် တို့က မြန်မာနိုင်ငံအပေါ် ကောက်ကျစ်စဉ်းလဲသည့်နည်းလမ်းများဖြင့် စစ်ပြုခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပါသည်။ ကောက်ကျစ်စဉ်းလဲသော နယ်ချဲ့အင်္ဂလိပ် တို့၏ လုပ်ရပ်အဖြစ် ထင်ရှားသည့်သာဓကတစ်ခုမှာ “မြင်ကွန်းအရေးတော်ပုံ” ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်အကြံအစည်ရှိသည့် နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် နောင်တစ်ချိန် မြန်မာနှင့် တတိယအကြိမ် စစ်ပွဲဖြစ်ပွားမည့်အချိန်၌ အနှောင့်အယှက် ဖြစ်နိုင်သည့် မြန်မာဘုရင် မင်းတုန်းမင်းကြီး၏ ညီတော်ဖြစ်သောဘက်စုံထူးချွန်သူ အိမ်ရှေ့စံ ကနောင်မင်းသားကို လုပ်ကြံသတ်ဖြတ်ရန်အတွက် နယ်ချဲ့အင်္ဂလိပ်တို့က ပြည်တွင်း သစ္စာဖောက် များဖြစ်ကြသည့် ဘုရင့်အာဏာရယူလိုသော မြင်ကွန်းနှင့် မြင်ခုံတိုင်မင်းသား တို့ကို အသုံးချခဲ့ကြောင်း တွေ့ရှိရပါသည်။ 

လွတ်လပ်ရေးဆုံးရှုံးပြီးနောက် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ တိုင်းရင်းသားလူမျိုး များက အမျိုးသားဇာတိမာန်တက်ကြွစွာဖြင့် ရရာလက်နက်စွဲကိုင်ကာ ကိုလိုနီနယ်ချဲ့တို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ် နှင့်အခြေအနေ၊ အချိန်အခါကို တွက်ဆထောက်ချင့်၍ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ကျွန်သက် ၁၂၃ နှစ်တိုင်တိုင် သက်ဆိုးရှည်ခဲ့ရပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့က သွေးခွဲအုပ်ချုပ်ရေး (Divide and Rule) နည်းဗျူဟာဖြင့် မြေပြန့် ဒေသနှင့် တောင်တန်းဒေသဟူ၍ ခွဲခြားမှုများပြုလုပ်ခဲ့ခြင်း၊ ‘တောင်တန်းဒေသများရှိ တိုင်းရင်းသား များသည် မြေပြန့်ဒေသများရှိ ဗမာတိုင်းရင်းသားများထက် အဆင့်အတန်း မြင့်မားစွာနေထိုင်ခဲ့သည်၊ ဗမာတိုင်းရင်းသားများက လွှမ်းမိုးသိမ်းပိုက်ခဲ့သည်’စသဖြင့် သမိုင်း အချက်အလက် အမှားများဖြင့် ရိုးသားသောတိုင်းရင်းသားများကို သွေးထိုးမြှောင့် ပင့်လှုံ့ဆော် ခြင်းနှင့် သေးငယ်သော ချီးမြှင့်မြှောက်စားခြင်းတို့ဖြင့် မြန်မာတိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်စွာဖြင့် တည်ရှိနေသော အခြေအနေကို ရည်မှန်းချက်ရှိရှိ၊ အကွက်ကျကျ ဖျက်ဆီးခဲ့ပေသည်။

အလားတူ ဂျပန်ခေတ်အတွင်း၌လည်း နယ်ချဲ့အင်္ဂလိပ်တို့က ခလောက်ဆန်အကြံဖြင့် မရိုးသားသောလုပ်ရပ်များ ဆောင်ရွက်ခဲ့ကြပါသည်။ သာဓကအချို့ တင်ပြရမည်ဆိုပါက ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ “ဗမာပြည်စီမံကိန်း”(Blueprint for Burma) အစီရင်ခံစာအား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ(တောင်တန်းဒေသ) နှင့်ပတ်သက်၍ “သီးခြားဒေသများဖြစ်ကြသည့်  ရှမ်း၊ ချင်း၊ ကချင်၊ ကရင်ဒေသတို့မှာ မြန်မာ ဒိုမီနီယံနိုင်ငံနှင့် ပူးပေါင်းရန်ဆန္ဒရှိကြောင်း ထုတ်ဖော်မပြမချင်း ထိုဒေသများကို မြန်မာဒိုမီနီယံ နိုင်ငံထူထောင်ရာတွင် သီးခြားဒေသများ၏ လက်ရှိအနေအထားကို ပြောင်းလဲရေးမှာ အဓိက လိုအပ်ချက်ဟူ၍ ကော်မတီက သဘောမထားပေ[2]ဟူ၍ စဉ်းလဲသောဉာဉ်ဖြင့်ဖော်ပြခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားလူမျိုးများအကြား သပ်လျှိုသွေးခွဲခဲ့သည့် ထင်ရှားသည့် သာဓကတစ်ခုပင် ဖြစ်ပါသည်။

နောက်ထပ်သာဓကတစ်ခုမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ မြန်မာပြည်စိုးမိုးရေး လမ်းစဉ် (Burma Statement Policy by X.M.J, 1945) သို့မဟုတ် ဆင်းမလား စီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင် “မြန်မာနိုင်ငံတော်အလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော မြန်မာ လူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့၊ ထုံးစံ၊ နိုင်ငံရေးတိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်သည့် ရှမ်းပြည်နယ်မြေများနှင့် နိုင်ငံတော်အစွန်အဖျား လူမျိုးစုတို့နေထိုင်သော တောတောင် ဒေသများ ပါဝင်သည့်စာရင်းပါ နယ်မြေများကိုမူကား ထိုလူမျိုးများက မိမိတို့ နေထိုင်သော ရပ်ကွက်ဒေသများကို မြန်မာလူမျိုးတို့နှင့် သင့်တော်သောနည်းဖြင့် ပေါင်းစပ် လိုပါသည်ဟု မိမိတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည့်အချိန်သို့ မရောက်သေးမီ အတေ အတွင်း ၌ ဘုရင်ခံမင်းကြီးက အထူးစီမံအုပ်ချုပ်ထားလိမ့်မည်ဖြစ်ကြောင်း[3]  စသဖြင့် သွေးခွဲစကား ဖော်ပြထားပြန်သည်ကိုတွေ့ရှိနိုင်ပါသည်။

တစ်ဖန်မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၏ သမိုင်းဝင်စာချုပ်တစ်ရပ်ဖြစ်သော ပင်လုံ စာချုပ် မချုပ်ဆိုနိုင်သေးမီကာလများ၌လည်း ဗြိတိသျှအစိုးရက စေလွှတ်ခဲ့သော မစ္စတာ ဘော်တွမ်လေ ကဲ့သို့ နယ်ချဲ့ကိုယ်စားလှယ်များသည် တောင်တန်းဒေသများမှ တိုင်းရင်းသား များနှင့် အကြိမ်ကြိမ်တွေ့ဆုံ၍တောင်တန်းဒေသကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မတွေ့ဆုံမီ သွေးထိုးအကြံပေးမှုများဖြင့် မြှောက်ထိုးပင့်ကော်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့၏ သွေးထိုးပေးမှုကြောင့် ပင်လုံညီလာခံကာလတွင် ရှမ်းနှင့်ကချင်တို့က ဦးဆောင်၍ စာတမ်းရှည်တစ်ခုတင်သွင်းခဲ့ပြီး အဆိုပါစာတမ်းတွင် “လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ ပြည်ထောင်စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင် ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင်ခွင့် ရှိစေမည်[4] ဟူသောအချက်ကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

အထက်ပါဥပမာများသည် နယ်ချဲ့အင်္ဂလိပ်တို့၏ စဉ်းလဲသော မဟာဗျူဟာ၊ နည်းဗျူဟာ ရည်မှန်းချက်များအနက် မပြောပလောက်သော ဆောင်ရွက်ချက်အချို့သာဖြစ်ပြီး မြန်မာတိုင်းရင်းသားများအကြား အချင်းချင်းသွေးကွဲပြီး အစဉ်ဒုက္ခကြုံ တွေ့နေရစေရန်အတွက် သမိုင်းစဉ်ဆက် တစ်လျှောက် ထိုထက်မက ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့က သမိုင်းအချက်အလက်အမှားများဖြင့် သွေးထိုးမှုများကို လွတ်လပ် ရေး ရပြီးသည့် ကာလနောက်ပိုင်းတွင်လည်း တွေ့ရှိခဲ့ရပါသည်။ သာဓကတစ်ရပ်အနေဖြင့် ရန်ကုန် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အင်္ဂလိပ်လူမျိုး ပါမောက္ခဂေါ်ဒင်လုစ် (Gordon Luce) က ခေတ်ပြိုင်သမိုင်းအထောက်အထားများ ခိုင်လုံစွာမပြနိုင်ဘဲ “မြန်မာအစ ကျောက်ဆည်က” ဟူ၍ အတင်းအကြပ် ပြောကြားခဲ့ခြင်းကြောင့် အဆိုပါအချက်မှာ မှန်သည်/ မမှန်သည် အပထား၊ မြန်မာ့သမိုင်းတွင် အငြင်းပွားမှုနှင့် ရှုပ်ထွေးမှုများသာပိုမိုဖြစ်ပေါ်ခဲ့ပြီး စုပေါင်းအဖြေရှာရန်ထက် သူ့ဘက်ကိုယ့်ဘက် အုပ်စုများသာ ကွဲသွားခဲ့ကြပါသည်။ ထိုမျှ သာမက ကျောက်ဆည်တွင် ဗမာ၊ ကရင်နှင့် မွန်စသည့် တိုင်းရင်းသားများနေထိုင်ကြရာမှ ဗမာများက လွှမ်းမိုးသိမ်းပိုက် အုပ်ချုပ်ခဲ့သည်ဟူ၍လည်း သမိုင်းလိမ်၊ သမိုင်းညာများ ထုတ်လွှင့်ကာ မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်မှုကို အဆိပ်မှိုင်း တိုက်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

အချို့ရာဇဝင်ဆရာများကလည်း မြန်မာလူမျိုးအစမှာ အရှေ့တစ်လွှားရှိ တိဗက်တိုဘား မင်းအနွယ်များဖြစ်ပြီး ကနဦးကာလ မြန်မာ့မြေပေါ်တွင် လာရောက်နေထိုင်လျက် ထိုမှ မွန်ခမာ၊ မွန်မြန်မာဟူ၍ ဖြစ်လာဟန်ရှိကြောင်း၊ ပျူ၊ ကမ်းယံ၊ သက် အစရှိသည်တို့ပင် တိဗက် အနွယ်မှ ကွဲပြားဆင်းသက်လာဟန်ရှိကြောင်း ဒွိဟသံသယများဖြစ်စေရန် ခိုင်မာသော အထောက်အထား များမရှိဘဲ ရေးသားခဲ့ကြပါသည်။[5]

ထိုကဲ့သို့ နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးထိုးလှုံ့ဆော်မှု၊ သွေးခွဲအုပ်ချုပ်မှုလုပ်ရပ်များ၏ ဆိုးကျိုးအဖြစ် ထိုစဉ်က တိုင်းရင်းသားအချို့မှာ လွတ်လပ်သောပြည်ထောင်စု နိုင်ငံကြီးအဖြစ် ဝင့်ကြွားစွာ နေထိုင်ရခြင်းထက် တောင်တန်းဒေသအုပ်ချုပ်ရေး အောက်တွင် နေထိုင်လိုသည့် ဆန္ဒများ ရှိလာခဲ့ခြင်း (ယခုအချိန်တွင်လည်း အချို့က ကိုယ်ပိုင်အုပ်ချုပ်ရေးကို အကြောင်းပြ၍ ခွဲထွက်ခွင့်ကို ဦးတည်လုပ်ဆောင်နေခြင်း)၊ လူမျိုးရေးအတ္တအကျိုးစီးပွားနှင့် စစ်ဘုရင်ဝါဒကို ရှေ့တန်းတင် အသားပေးလာခဲ့ခြင်း၊ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ဖုံးကွယ်ရန် “ဗမာလူမျိုးကြီး ဝါဒ”ဟူသော နယ်ချဲ့အင်္ဂလိပ်တို့၏ ခြိမ်းခြောက်သွေးဆောင် ဖြားယောင်းလှည့်ဖျားမှု စကားရပ် ကို ယနေ့အချိန်ထိ အသုံးပြုနေခြင်းတို့သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်၍ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ်အယောင်များပင် ဖြစ်ပါသည်။

 တစ်ထီးတစ်နန်းနေခဲ့သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝရောက်ရှိခဲ့စဉ် မည်သည့် ဒေသမှ ကြွင်းကျွန်ရစ်ခဲ့ခြင်းမရှိဘဲ အားလုံးအတူတူ ကျွန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကချင်း၊ ချင်း၊ ရှမ်း၊ ကရင်ဟူ၍ ကွက်ကျန်နေခဲ့ခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ ထိုစဉ်အချိန်ကတည်းက မြန်မာနိုင်ငံဟု တစ်စုတစ်စည်းတည်းရှိခဲ့ပြီး ကျွန်ဖြစ်ခဲ့ချိန်တွင်လည်း တိုင်းရင်းသားအားလုံး ကျွန်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့က တတိယမြန်မာ-အင်္ဂလိပ်စစ်ပွဲတွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ခြင်းသာဖြစ်ပါသည်။ ရှမ်းနိုင်ငံ၊ ကချင်နိုင်ငံ၊ ချင်းနိုင်ငံဟူ၍ တိုက်ခိုက်ခဲ့သည်ဟု မည်သည့်သမိုင်းမှာမျှ တွေ့ရှိခဲ့ရခြင်းမရှိချေ။ အနောက်နိုင်ငံများက ဘက်လိုက်စွာဖြင့် ပြုစုရေးသားသည့် မြန်မာ့သမိုင်းများတွင်သော်မှ ထိုကဲ့သို့ တွေ့ရှိရခြင်း မရှိချေ။[6] လွတ်လပ်ရေး မဆုံးရှုံးမီကာလနှင့် သူ့ကျွန်ဘဝရောက်ခဲ့ရစဉ်ကာလများ၌ တစ်စု တစ်စည်းတည်း စုပေါင်းနေထိုင်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်က ရှေ့ဆောင်ရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးရရှိချိန်မှသာ ပြည်ထောင်စုမှ ခွဲထွက်ကာ တစ်သီးတစ်သန့်နေလိုသည့် ပြည်တွင်း/ပြည်ပ အမျိုးဖျက်များကြောင့် မြန်မာနိုင်ငံ၏ အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲမည့် အန္တရာယ်များ ကျရောက်ကြုံတွေ့လျက်ရှိသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏“အမျိုးသားစည်းလုံးညီညွတ်ရေး”အပေါ် အဆိပ်မှိုင်း၊ ဝါဒမှိုင်းတိုက်ခဲ့ သော အင်္ဂလိပ်နယ်ချဲ့တို့၏ ကောက်ကျစ်စဉ်းလဲသော၊ သွေးထိုးလှုံ့ဆော်လှည့်ဖျားသော လုပ်ရပ်များ၏ အကျိုးဆက်များကြောင့်သာမက အနောက်အုပ်စုနိုင်ငံများက သတင်းမီဒီယာ များနှင့် ငွေကြေး အင်အားများအသုံးပြု၍ အားပေးအားမြှောက်ပြုလုပ်နေခြင်းများသည် ယနေ့ အချိန်ထိ အမျိုးသား စည်းလုံးညီညွတ်ရေး (National Solidarity)အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေလျက်ရှိပြီး ကိုယ်ကျိုးစီးပွား ရှေ့တန်းထားတင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ သဘောထားနှင့် လုပ်ရပ်များ၊ NUG နှင့် CRPH စသည့် အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သမား PDF များ၏ အဖျက်အမှောက်လုပ်ရပ်များကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း နှောင့်နှေးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်ဆိုသည့် နိုင်ငံတော်၏ အန္တိမ ရည်မှန်းချက်နှင့် အလှမ်း ဝေးကွာလျက်ရှိပါသည်။

နိဂုံးချုပ်အားဖြင့် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတိုင်ပင်ကာ မိမိတို့ပြည်တွင်း ရေးကို မိမိတို့နည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုများ၊ ဝင်ရောက်စွက်ဖက်မှုများနှင့် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို လစ်လျူရှု၍ အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းတို့ကြောင့် ယနေ့အချိန်အခါတွင် အမျိုးသားရင်ကြားစေ့ရန်၊ တစ်နည်းအားဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုဖော်ဆောင်ရန် ခက်ခဲနှောင့်နှေးလျက် ရှိသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခြင်းသာဖြစ်ပါသည်။

ပြည်ထောင်စုနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ၊ စိတ်ခံစားချက်များထက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့တန်းတင်ကာ အမြင်ကျယ်ကျယ်၊ နားလည်မှုရှိရှိဖြင့် အင်အားကြီးနိုင်ငံအချို့၏ ဖိနှိပ်ခြယ်လှယ်အုပ်စိုးလိုသည့် ဘေးအန္တရာယ်များ၊ တန်းတူနိုင်ငံအချို့၏ ပျက်စီးရာ ပျက်စီးကြောင်း လိုလားသည့် လုပ်ဆောင်ချက်များကို လက်တွဲပူးပေါင်း၊ ဝိုင်းဝန်းဖြေရှင်းသွားရန် ချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
 

[1]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀။

[2]။ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့၊ ‘တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပထမတွဲ’။ စာ-၇၅။

[3]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။

[4]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။

[5]။  စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၄၉။

[6]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀၊ ၅၁။

Photo: Pinterest

ဦးနေဟိန်း၊ ညွှန်ကြားရေးမှူး၊ NSPD

လူသားတစ်ဦးအတွက် မွေးဖွားချိန်မှစ၍ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို မည်သို့မည်ပုံ အသုံးပြုရမည်ကို ရည်မှန်းလုပ်ဆောင်ကြ ရသည်။ အားလုံးသော လေ့လာဖော်ထုတ်မှုများနှင့် တီထွင်ဆန်းသစ်မှု များသည် အဆိုပါရည်မှန်းချက်ကို ရောက်ရှိအောင် ကြိုးပမ်းလုပ်ဆောင်ခြင်း၏ ရလဒ်များပင် ဖြစ်သည်။ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်ပြီး အဓိကကျသည့် အကြောင်းအချက်များအနက်တစ်ခုမှာယင်းစွမ်းအင်အား သိုလှောင်သိမ်းဆည်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လိုအပ်သည့်ပမာဏကိုသာ ထုတ်ယူသုံးစွဲခြင်းပင် ဖြစ်ပေသည်။

စွမ်းအင်ကို ဟန်ဘီးများ(flywheels)၊ ဘက်ထရီများ၊ လေဖိအားသုံး စက်များနှင့် ရေအားလျှပ်စစ်သုံးပန့်များကို အသုံးပြု၍ သမားရိုးကျနည်းများဖြင့် သိုလှောင်သိမ်းဆည်းခဲ့ကြသည်။ ယနေ့ခေတ်တွင် စွမ်းအင်ကဏ္ဍကို လေ့လာ လိုက်စားသူများအား ဆွဲကိုင်လှုပ်နိုင်ခဲ့သည့် နောက်ဆုံးပေါ် ခေတ်မီတိုးတက်လာမှုမှာ စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များ (superconducting magents)၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors)၊ အလင်းစနစ်သုံး စွမ်းအင်ပြောင်းပစ္စည်းများ (photonic energy conversions)နှင့် ဟိုက်ဒရိုဂျင်သုံး လျှပ်စစ်ပစ္စည်းများ (hydrogen electrolysis) ပင် ဖြစ်သည်။

ယနေ့အချိန်အထိ လက်လှမ်းမီပြီး အသုံးပြုနိုင်သည့် အကောင်းဆုံး စွမ်းအင်သိုလှောင်ပစ္စည်းမှာ ဓာတုဗေဒစနစ်သုံး ဘက်ထရီပင် ဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် အလျင်အမြန် ပြောင်းလဲမှီခိုမှုကြောင့် ဘက်စုံသုံးနိုင်ပြီး စွမ်းအင်ချွေတာနိုင်သည့် ရေရှည်အသုံးပြုနိုင်သော စွမ်းအင်သိုလှောင်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်မှာ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာပေသည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency-IEA) က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (RE) ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် ၉,၀၀၆ ထရီလီယံဝပ် ထုတ်လုပ်နိုင်ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၁၇,၀၃၂ ထရီလီယံ ဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားပါသည်။ အဆိုပါပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကောင်းမွန်သည့်လျှပ်စစ်သွယ်တန်းမှုစနစ်ရှိရန် လိုအပ်ပြီး အားနည်းချက်အနေဖြင့် စွမ်းအင်ထုတ်လုပ်နိုင်ခြင်းမရှိသည့်အခါ အနာဂတ်တွင် အသုံးပြုနိုင်ရန်အတွက် စွမ်းအင်သိုလှောင်သိမ်းဆည်းရန် မလုံလောက်မှုပင် ဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ရုပ်ကြွင်းလောင်စာ မဟုတ်သော အရင်းအမြစ်များ အခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများကို ၂၀၃၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တည်ဆောက်ရန်နှင့် နိုင်ငံ၏ GDP ကို ၃၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ရည်မှန်းထားရှိကြောင်း အိန္ဒိယနိုင်ငံ ပြန်လည်ဖွံ့ဖြိုးရေး စွမ်းအင်ဆိုင်ရာဝန်ကြီးဌာန (Ministry of New and Renewable Energy) က ဆိုသည်။

သဘာဝစွမ်းအင်များဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ (Renewable Energy-RE) မှ ရရှိလာသည့် စွမ်းအင်ပမာဏများစွာသည် ဓာတ်အားလိုင်းအတွင်း ပေါင်းစပ်စီးဝင်သည့်အတွက် ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်းထားရမည်ဖြစ်သည်။ အဆိုပါ RE စွမ်းအင်သည် အရင်းအမြစ်အမျိုးမျိုး (ဥပမာ- လေအား၊ ရေအား၊ ဆိုလာ) မှ ရရှိနိုင်ပြီး ၎င်းတို့အားလုံးကို တစ်ပြိုင်တည်း ပေါင်းစပ်စီးဝင်စေခြင်းဖြင့် မဟာဓာတ်အားလိုင်း၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သဖြင့် အဆိုပါ အရင်းအမြစ်များကို ကာလ၊ ဒေသ၊ ရာသီဥတုအခြေအနေများအပေါ်တွင် အခြေခံကာ ရွေးချယ်စဉ်းစားရမည် ဖြစ်သည်။ ထင်သာမြင်သာရှိသည့်အချက်မှာ လျှပ်စစ်သုံးစွဲမှုဝန်အား အမြင့်ဆုံး ဖြန့်ဖြူးနိုင်မှုသည် အခြေအနေအရ ပြောင်းလဲ(လျော့ကျ) သွားမည် ဖြစ်သဖြင့် အပြန်အလှန်အားဖြင့် လျှပ်စစ်သုံးစွဲမှုအပေါ် အခွန်ကောက်ခံနိုင်မှုကိုလည်း ကမောက်ကမ ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် RE စွမ်းအင်အတွက် လုံလောက်မှုရှိသည်အထိ စွမ်းဆောင်နိုင်သည့် စွမ်းအင်သိုလှောင်မှုစနစ်တစ်ခု ဖော်ဆောင်ခြင်းသည် အဆိုပါစိန်ခေါ်မှု အားလုံး၏ ဖြေရှင်းနိုင်မည့် အဖြေဖြစ်သည်။

မည်သည့်စွမ်းအင်သိုလှောင်ပစ္စည်းမဆို ကန့်သတ်ချက်များရှိပေသည်။ ကုန်ကျစရိတ်ကြီးမားသည့် စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များသည်လည်း သုံးစွဲနိုင်သည့်ကာလ ကန့်သတ်ချက်ရှိခြင်း၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors) သည်လည်း ကုန်ကျစရိတ် မြင့်မားပြီး လျှပ်စစ်ပမာဏအနိမ့်ကိုသာ ခံနိုင်စွမ်းရှိခြင်း၊ ဗို့အားထိန်းညှိသည့် လျှပ်စီးပတ်လမ်းနှင့် စွမ်းအားမြင့် Converter လိုအပ်ခြင်းစသည့် အကန့်အသတ်များ ရှိကြသည်။

သို့ရာတွင် ၎င်းကို ဘက်ထရီများက ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများစုမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ထုတ်လွှင့်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင် DC ဓာတ်အား အရန်အဖြစ် ခဲအက်ဆစ် ဘက်ထရီ များကို အသုံးပြုကြသည်။ ထိုအချက်သည် ခဲအက်ဆစ် ဘက်ထရီများက အိန္ဒိယဈေးကွက်အား လွှမ်းမိုးထိန်းချုပ်နိုင်မှုကို ဖြစ်စေခဲ့သည်။ အဆိုပါ ခဲအက်ဆစ်ဘက်ထရီများသည် အကြမ်းခံသော်လည်း သံချေးကိုက်ခြင်း၊ ဘက်ထရီ ငုတ်များအား အက်စစ် စားခြင်း၊ လျှပ်စစ်အား သယ်ဆောင်ပေးသည့် Electrolyte အရည်များမှ ညစ်ညမ်းမှုကို ဖြစ်စေခြင်းနှင့် ဘက်ထရီအတွင်းရှိ အခန်းများ ပေါက်ပြဲခြင်း စသည့် ပြဿနာများ ရှိနေပေသေးသည်။ ထို့အပြင် ဘက်ထရီများတွင် အက်ဆစ်အရည်နှင့် ခဲတို့ကိုအသုံးပြုခြင်းအားဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင် ပါသည်။ ဘက်ထရီအပိုင်းအစများ စွန့်ပစ်ခြင်းအရေးကိစ္စသည်လည်း စက်ရုံအလုပ်ရုံအားလုံးအတွက် စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။ 

ယခုအခါ Lithium-ion ဘက်ထရီများသည် ခဲအက်ဆစ်ဘက်ထရီများ၏ ပြိုင်ဘက်အဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့ သည်။ အဆိုပါ Lithium-ion ဘက်ထရီများသည် ရာသီဥတုပူပြင်းသည့် အိန္ဒိယနိုင်ငံအတွက် သင့်လျော် ကောင်းမွန်မှု ရှိသည်။ သို့သော် ကုန်ကျစရိတ် မြင့်မားခြင်း၊ နည်းပညာဆိုင်ရာကန့်သတ်ချက်ရှိခြင်း၊ ကုန်ကြမ်း ရရှိနိုင်မှု ခက်ခဲခြင်းနှင့် လုပ်ငန်းအရွယ်အစား ကြီးမားခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထို့ပြင် ခဲအက်ဆစ် ဘက်ထရီများသည် recycle လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး American Chemical Society ၏ အစီရင်ခံစာတစ်စောင်တွင် အဆိုပါ ခဲအက်ဆစ်ဘက်ထရီများ၏ ၉၉ ရာခိုင်နှုန်းကို ရာနှုန်းပြည့် recycle လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သော်လည်း Lithium ဘက်ထရီများကိုမူ လက်ရှိအချိန်အထိ ၅ ရာခိုင်နှုန်းသာ recycle လုပ်နိုင် သေးကြောင်း ရေးသားဖော်ပြခဲ့ပါသည်။ 

ဘက်ထရီများအား တရားမဝင် recycle ပြုလုပ်ခြင်းနှင့် မြေဖို့ရာတွင် အသုံးပြုခြင်းတို့သည် သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်သဖြင့် အိန္ဒိယနိုင်ငံတွင် ဘက်ထရီနှင့် စွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြုပြင်ပြောင်းလဲခြင်းဆိုင်ရာဝန်ကြီးဌာန (MoEFCC) က ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဘက်ထရီများအား recycle လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် အဆောက်အအုံများ တိုးတက်ဖြစ်ထွန်းရေးနှင့် ပြည်သူလူထုအား အသိပညာပေးရေး စသည့်လုပ်ငန်းစဉ်များတွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အတူတကွပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ ဘက်ထရီ စွန့်ပစ်ပစ္စည်းများအား မသင့်မလျော် စွန့်ပစ်ခြင်း၏ ဆိုးကျိုးများကို သတိပြုနိုင်ရန်အတွက် ပညာပေးအစီအစဉ်များ၊ ကျန်းမာရေး အသိပညာပေးအစီအစဉ်များနှင့် Media Campaigns များ လုပ်ဆောင်ပေးခြင်း၊ စာသင်ကျောင်းများတွင် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်းနှင့် လူမှုအဖွဲ့အစည်းများစုပေါင်း၍ အသိပညာပေး အစီအစဉ်များ ဖော်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်သင့်ပေသည်။

တင်းကြပ်သည့်လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် လူထုအား အသိပညာပေးမှုများ လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးမည်ဆိုပါက ခဲအက်ဆစ်ဘက်ထရီများသည် ကန့်သတ်ချက်များ ရှိလင့်ကစား စွမ်းအင်သိုလှောင်မှုပြဿနာအတွက် ဖြစ်နိုင်ချေအရှိဆုံးသော အဖြေတစ်ခုအဖြစ် သက်သေပြနိုင်မည် ဖြစ်ပေသည်။ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အဆိုပါစိန်ခေါ်မှုများကို ကြိုတင်မျှော်တွေး လုပ်ဆောင်ရာတွင် မိမိတို့၌ နည်းလမ်းများ၊ အရင်းအမြစ်များနှင့် မူဝါဒများရှိပေသည်။ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယှဉ်ပြိုင်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ လိုအပ်သော်လည်း မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများဖြင့် မိမိတို့ လျှောက်လှမ်းရမည့်လမ်းကြောင်းကို အတူတကွ လက်တွဲလျှောက်လှမ်းမှသာလျှင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

(Rajiv Gandhi Institute of Petroleum Technology မှ စွမ်းအင်ပြောင်းလဲမှုဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ပေးအပ်ရေး အမှုဆောင်အဖွဲ့ဝင် Gunjan Patel ရေးသားထားသည့် “Energy Storage: A grappling challenge for green energy revolution” ကို ထက်ထက်အောင်(နစက-၄) က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

ကိုးကား- https://energy.economictimes.indiatimes.com/

Gunjan Patel

ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမဆို မိမိနိုင်ငံရှင်သန်ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ အမြဲလုပ်ဆောင်နေရမှာ ဖြစ်တယ်။  နိုင်ငံအတွက်အလိုအပ်ဆုံး မရှိမဖြစ်အရေးပါတဲ့ အဖွဲ့အစည်းက တပ်မတော်ပဲ ဖြစ်ပါတယ်။  အလားတူပဲ ပြည့်အင်အားသည် ပြည်တွင်းမှာပဲရှိသည်ဆိုတဲ့အတိုင်း နိုင်ငံ့အင်အား တောင့်တင်းခိုင်မာမှ ကမ္ဘာ့အလယ်ဝင့်ထည်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်စွယ်များကို ကာကွယ်ရေးတွင်  ရွပ်ရွပ်ချွံချွံ  ထမ်းဆောင်နေကြတဲ့   မြန်မာတပ်မတော်ဟာလည်း အင်အားတောင့်တင်းခိုင်မာနေစေရန် အထူးပင် အရေးကြီးလှပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့နေ့ရက် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကတော့ အခုမှအသစ် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ် ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုတာရှိပါတယ်။  အဲ့ဒီနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ဥပဒေအမှတ် (၂၇/၂၀၁၀) နဲ့ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇/၂၀၁၀) နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်းမှာ မြန်မာပြည် လွတ်လပ်ရေးရတဲ့အခါမှာ မြန်မာပြည်ကိုကာကွယ်ဖို့ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်တယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။ တိုင်းပြည်ကာကွယ်ဖို့ စစ်သားတွေလိုလာမယ်။ အဲ့ဒီအခါ မြန်မာတိုင်း၊ အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့လုပ်ရမယ်။ ခင်ဗျားတို့ တိုက်ချင်တိုက်၊ မတိုက်ချင်လည်း တိုက်ရမယ် ဒါမှလွတ်လပ်ရေးတာဝန်ကျေမယ်လို့ ပြောကြားခဲ့တာ တွေ့ရမှာဖြစ်တယ်။ ဒီလိုပြောကြားချက်တွေဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်တစ်ရပ်ဖြစ်တာကို တွေ့ရှိရမှာဖြစ်တဲ့အပြင် အင်အားတောင့်တင်းတဲ့ တပ်မတော်အင်အားရှိရန်လိုအပ်တာကို အမြော်အမြင်ကြီးစွာနဲ့ မီးမောင်းထိုးပြခဲ့တာကို တွေ့မြင်နိုင်မှာဖြစ်တယ်။

ဒီပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်းဟာ  ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်မှာ နိုင်ငံသားတွေရဲ့ မူလတာဝန်ဝတ္တရားတွေရှိပြီး ပုဒ်မ ၃၈၅ မှာတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၈၆ မှာတော့ နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားရန်နဲ့   နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေနဲ့အတူတူပဲ ဒီနိုင်ငံသားတိုင်း စစ်မှုတာဝန် ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်ဟာ ပုဒ်မ ၂၀(ဃ)မှာ တပ်မတော်သည် နိုင်ငံတော် လုံခြုံရေးနဲ့ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ပုဒ်မ ၃၄၀ မှာ တပ်မတော်ဟာ အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိပါတယ်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် အတိအလင်းပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ယခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အခန်း ၈ ခန်း ပါဝင်ပြီး အရေးကြီးတဲ့အချက်တွေကို ထုတ်နုတ်ပြီးပြောလိုပါတယ်။ အခန်း ၁ မှာတော့ စစ်မှုထမ်းရမယ့်ကာလတွေ၊ စစ်မှုထမ်းရမယ့် ကာလတွေမှာ ဒီစစ်မှုထမ်းရမယ့် အသက်အရွယ်တွေ၊ ကာလတွေ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အနေနဲ့ နိုင်ငံသားတိုင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီး ၃၅ နှစ် မကျော်သေးတဲ့သူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်သေးတဲ့သူတွေဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များ အနေနဲ့ကတော့ အမျိုးသား အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့သူတွေ အားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန်ရှိပါတယ်။ စစ်မှုထမ်းဆောင်ရမယ့် ကာလကတော့ ၂၄ လ (၂ နှစ်) ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ (၃ နှစ်) ဖြစ်ပါတယ်။

စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသား၊ အမျိုးသမီးအားလုံးတို့ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း စစ်မှုထမ်းရန်မလိုအပ်ဘဲ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်က ဆင့်ခေါ်ခံရသည့် လိုအပ်သည့် အင်အားသာ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ထိုသို့ဆင့်ခေါ်ခံရသူများ သည်လည်း ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့က လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများအောင်မြင်မှ စစ်မှုထမ်းဆောင်ရမှာ ဖြစ်တာကိုလည်း သိရှိထားရန်လိုပါတယ်။ ဒါ့ကြောင့် စစ်မှုထမ်းရန်အကျုံးဝင်သော သူများအနေဖြင့် အလွန်အမင်း စိုးရိမ်ကြောင့်ကြမှု မရှိကြရန်နှင့် မိမိတို့အလှည့်ရောက်မှသာ သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းရမည်ကို သိရှိကြရမှာဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရဥပဒေအရ  စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်စာနဲ့ အခေါ်ခံရတဲ့လူငယ်တိုင်း သတ်မှတ် အရည်အချင်း ပြည့်မီဖို့ လိုပါတယ်။

အရည်အချင်းမပြည့်မီရင် ထမ်းဆောင်ခွင့်ရမှာမဟုတ်ပါဘူး။ ဆင့်ခေါ်ခံရသူတိုင်း လူစဉ်မီမှ၊ ကျန်းမာသန်စွန်းမှ စစ်မှုထမ်းခွင့်ရမှာဖြစ်ပါတယ်။  လူငယ်လူရွယ်တွေအနေဖြင့် နိုင်ငံတော်ကပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ လက်တွန့်မနေဘဲ ဂုဏ်ရှိရှိစစ်မှုထမ်းဖို့လိုပါတယ်။ ၂ နှစ်ကာလ စစ်မှုထမ်းပြီးရင် မြန်မာပြည်ထဲနေမလား၊ နိုင်ငံခြားထွက်မလား မိမိနိုင်ငံအတွက် တာဝန်ကျေသော လူငယ်လူရွယ်တွေဖြစ်လာကြမယ်၊ ဂုဏ်ရှိရှိ ရင်ကော့ပြီးနေလို့ ရတယ်ဆိုတာ လူငယ်တွေ သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပါတီနိုင်ငံရေးမှိုင်းမိ နေသော ဆန့်ကျင်ဘက်အဖွဲ့အစည်း များ၏စကားကိုနားယောင်ပြီး အကြမ်းဖက်အဖွဲ့များထံသွားရောက်ကြပါက တစ်ဘဝလုံးဆုံးရှုံးကာ လူမသိသူမသိဘဝနဲ့ နိဂုံးချုပ်သွားမှာကို သတိပြုရန်လိုအပ်ပါတယ်။ အကြမ်းဖက်အဖွဲ့များက လူငယ်တွေဟာ သူတို့ရဲ့အသုံးချခံ မဟာအကျိုးစီးပွားဖြစ်တယ်ဆိုတာ အသိဉာဏ်ရှိတဲ့လူတိုင်း စဉ်းစားကြရမှာပေါ့။ ဒါတွေကိုမိဘများကပါ မှန်ကန်သော အတွေးအခေါ်ရှိကြဖို့လိုအပ်ပါတယ်။ ကိုယ်တိုင်က ပိတ်နေပိန်းနေရင်တော့ သားသမီးဘဝလည်း တစ်သက်လုံး လူလုံးမလှနိုင်ဘူးဆိုတာ သတိပြုစေလိုပါတယ်။ လက်ရှိအခြေအနေတွင် ကျွန်တော်တို့နိုင်ငံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအပေါ် စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံမှာ ဒီလိုစစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အခါမှာတော  ပြည်သူများအကြား  စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ စတဲ့စကားသံကိုလည်း ကြားလာရပါတယ်။ မြန်မာနိုင်ငံမှာ ယခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လက်ရှိကမ္ဘာ့နိုင်ငံများမှာ ပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေများနည်းတူ ပြဋ္ဌာန်းချက်တွေနဲ့ အကျိုးခံစားခွင့်တွေ ပါဝင်နေတယ်ဆိုတာကိုလည်း သေသေချာချာလေ့လာကြဖို့လိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ဆင့်ခေါ်ခံရသူဟာ-

-        ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း     သက်ဆိုင်ရာ တပ်မတော် စစ်ဆေးရေးဘုတ်အဖွဲ့၏ထောက်ခံချက်ရရှိထားသူများ၊

-        နိုင်ငံ့ဝန်ထမ်းများ၊

-        ပညာသင်ကြားနေသူများ၊

-        အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော   မိအိုဖအိုများကို      ပြုစုလုပ်ကျွေးနေသူများ၊

-        မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများနှင့်

-        ထောင်ဒဏ်ကျခံနေရသူများသည် ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်မှာဖြစ်ပါတယ်။ အဲ့သလို ယာယီရွှေ့ဆိုင်းထားတဲ့ကာလမှာ ဥပဒေအရ သတ်မှတ်ထားတဲ့ စစ်မှုထမ်းရမယ့်အသက်အရွယ် ကျော်လွန်ခဲ့ပါကလည်း စစ်မှုထမ်းဆောင်ရမည့် ကာလပြည့်မီအောင် တာဝန်ထမ်းဆောင်ရမည်ကို သတိပြုရန်လည်း လိုပါတယ်။

ဒါ့အပြင်  စစ်မှုထမ်းဆောင်ရန်  အသက်အရွယ်ရောက်ရှိသော ပုဂ္ဂိုလ်များဟာ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဟု တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရကြမှာဖြစ်ပါတယ်။ အဆိုပါ ကင်းလွတ်ခွင့်ရသည့်အတွက် စစ်မှုထမ်းရန် အရည်အချင်းပြည့်မီသူများသည် စစ်မှုထမ်းခြင်းမှ ရှောင်တိမ်းရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်ခဲ့ရင်လည်း သာသနာ့ဝန်ထမ်းတိုင်းအား ကင်းလွတ်ခွင့်ပေးမည်မဟုတ်ဘဲ သာသနာ့ဝန်ထမ်းဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အကျုံးဝင်သည့်သူများကိုသာ ကင်းလွတ်ခွင့်ပေးမည်ကို သိရှိထားရန်လည်းလိုပါတယ်။

ထိုသို့ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲလိုသော ရည်ရွယ်ချက်ဖြင့် သာသနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်ခဲ့ကြောင်း ပေါ်ပေါက်ပါက ဥပဒေပါ ပြစ်ဒဏ်အား ချမှတ်ခံရမည်ကိုလည်း သိရှိထားရန်လိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသော အကြံဖြင့် မိမိကိုယ်ကို မသန်မစွမ်းဖြစ်အောင် ပြုလုပ်ခြင်း၊ ဟန်ဆောင်ခြင်းတို့ကို ပြုလုပ်ပါကလည်း  ဥပဒေအရအပြစ်ပေးခံရမည့်အပြင်   ပြစ်ဒဏ်ထင်ရှားစီရင်ခြင်း ခံရပြီးပါကလည်း  ပြည်သူ့စစ်မှုထမ်းဆောင်ရခြင်းမှ ကင်းလွတ်ခွင့်မရနိုင်ကြောင်းကို သိရှိကြရန် လိုအပ်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းများသည် လူမှုကွန်ရက်များမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားဝင်ဥပဒေ မဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများထံ သွားရောက် ပူးပေါင်းကြရန် သွေးဆောင်စည်းရုံးမှုများကိုလည်း နားမယောင်ကြဖို့ လိုအပ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားအား တရားဝင်ပြဋ္ဌာန်းထားပြီး ဖြစ်တဲ့အတွက် စစ်မှုထမ်းကာလပြီးဆုံးချိန်မှာလည်း စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ကို ကိုင်ဆောင်ကာ နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်ပြီး ဖြစ်သည့်အတွက် မည်သည့်နေရာ၊ မည်သည့်အလုပ်အကိုင်မျိုးကိုမဆို ဂုဏ်ယူဝင့်ကြွားစွာနဲ့ သွားလာလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းများရဲ့ သွေးထိုးလှုံ့ဆော်မှုများကိုနားယောင်ကာ အကြမ်းဖက်အဖွဲ့အစည်းများထံသို့  သွားရောက်ပူးပေါင်းကြမယ်ဆိုရင် မိမိတို့၏အနာဂတ်ဘ၀  ထိခိုက်ပျက်သုဉ်း ရမည်ကိုလည်း  သတိချပ်စေချင်ပါတယ်။

ထို့ပြင် အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် ပြည်သူလူထုအား စစ်မှုထမ်းချိန်မှာ ငါတို့ရဲ့မိဘတွေကို ဘယ်သူကလာကျွေးမလဲလို့ ဆိုပြီး နောက်ဆံတင်းစေမယ့် စကားလုံးတွေနဲ့ စစ်မှုထမ်းဆောင်လိုစိတ် နည်းပါးအောင် စည်းရုံးလှုံ့ဆော်နေကြသည်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဥပဒေမှာ အသက်အရွယ်ကြီးရင့်ပြီး ပြုစုစောင့်ရှောက်မှုမရှိတဲ့ မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေကြသူများကို ဆင့်ခေါ်ခံရချိန်မှာ စစ်မှုထမ်းဆောင်ရမယ့်တာဝန်ကနေ ယာယီရွှေ့ဆိုင်း ရန် လျှောက်ထားနိုင်ပါတယ်။ စိစစ်ရေးအဖွဲ့တွေကလည်း စိစစ်ပြီးနောက် မှန်ကန်ပါက ယာယီရွှေ့ဆိုင်းပေးမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်သမားများအနေနဲ့ ပြည်သူများက ဥပဒေပြဋ္ဌာန်းချက်အတိုင်း   စစ်မှုထမ်းဆောင်ရန် ဝင်ရောက်လာတဲ့အခါ အင်အားတောင့်တင်းသော တပ်မတော်တစ်ရပ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောက်ရွံ့ တဲ့အတွက် ပြည်သူများ စစ်မှုထမ်းဆောင်မှုမပြုကြရန်၊ တပ်မတော်နှင့်ပြည်သူများကို သွေးကွဲစေရန်အတွက် လေလှိုင်းပေါ်မှ တစ်ဆင့်  သွေးထိုးလှုံ့ဆော်မှုများကို   ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်းတစ်ဦးသည် ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေးထားသည့်အပြင် အလုပ်သမားတစ်ဦးသည်လည်း လုပ်ငန်းတာဝန်မှ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရပါကလည်းတာဝန်ပြီးဆုံးချိန်တွင်  မူလထမ်းဆောင်ခဲ့သော  အလုပ်အကိုင်ကို ပြန်လည်ရရှိမည်ဖြစ်ကြောင်းဥပဒေဖြင့် အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးပါက မူလအလုပ်အကိုင်ကို ပြန်လည်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အလုပ်ရှင်များအနေဖြင့်လည်း  အလုပ်ခန့်ထားရာမှာ စစ်မှုထမ်းပြီးသူများကို ဦးစားပေးခန့်ထား လာနိုင်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အလုပ်ရှင်များအနေဖြင့် အလုပ်ပြန်မခန့်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူ့စစ်မှုထမ်းဆောင်ထားခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့်မလို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ လောလောဆယ်အကျုံးဝင်သူ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ မလိုအပ်သေးပါဘူး။ အဆင့်တစ်အနေနဲ့ ရွေးချယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းပေးရမယ်။ အဆင့်နှစ်အနေနဲ့ ရပ်ကျေးအဆင့် လိုအပ်တဲ့ ပမာဏကိုသာ ခေါ်ယူရမယ်။ အဆင့်သုံးအနေနဲ့ ရွေးချယ်ရေးအဖွဲ့က ခေါ်ယူသူသာ သတင်းပို့ရမှာဖြစ်တယ်။ ခေါ်ယူသတင်းပို့သူကို ဆေးစစ်ပြီးအောင်မြင်သူမှသာ တာဝန်ထမ်းဆောင်ခွင့်ရမယ် ဆိုတာကို သိစေချင်တယ်။ လက်ရှိကမ္ဘာ့နိုင်ငံများတွင် စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီး တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံအများအပြားရှိတယ်။ https://www.thesoldiersproject.org အင်တာနက် စာမျက်နှာမှာ ဖော်ပြချက်အရ ကမ္ဘာ့နိုင်ငံ ၄၉ နိုင်ငံတွင် ကျင့်သုံးကြောင်း တွေ့ရပါတယ်။ ဒါ့ကြောင့် စစ်မှုမထမ်းမနေရ ဥပဒေဆိုတာ  မြန်မာတစ်နိုင်ငံတည်းက ကျင့်သုံးတဲ့ ဥပဒေမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံကြီး များတွင်လည်း ကျင့်သုံးကြတဲ့ ဥပဒေဖြစ်တဲ့အတွက် နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ  ပျော်ရွှင်စွာ စစ်မှုထမ်းဆောင်ပြီး နိုင်ငံတော်ကို ကာကွယ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။  ။

Source: Myawady Web Portal

 

မြူမင်းမင်းဝေ(ဉပဒေ)

ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် အဓိကအရေးပါသည့် ကမ်းလွန်ရေကြောင်းပြစခန်း

မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ရေမိုင် ၁၂၆၀ ကျော်ကို  ပိုင်ဆိုင်သည့် ပင်လယ်ပိုင်နက်နိုင်ငံဖြစ်သဖြင့် နိုင်ငံတကာကုန်သွယ်မှု တန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်လျက်ရှိပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုသာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  ကုန်သွယ်လျက်ရှိသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် မိမိနိုင်ငံ၏ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်သည်။  ထိုနည်းတူစွာပင် ဆိပ်ကမ်းလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်ရန်နှင့်   အထူးသဖြင့် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကို ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာရာတွင် ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရန်ကုန်မြစ်အတွင်းသို့ စတင်ဝင်ရောက်မည့်ပင်လယ်ဝမှသည် ရန်ကုန်မြစ်ရေလမ်းကြောင်းတစ်လျှောက် နေ့/ည ရာသီမရွေး တာဝန်ထမ်းဆောင်နေကြရသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာဝန်ထမ်းများဖြစ်ကြသည့် ရေကြောင်းပြမှူးကြီး(Pilot)များနှင့် အဆင့်ဆင့်သောဝန်ထမ်းများ၏တာဝန်ကျေပွန်စွာဆောင်ရွက်နေမှုအခြေအနေများကို ဂုဏ်ယူစွာရေးသားတင်ပြလိုက်ရပါသည်။

ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ဇန်နဝါရီလ ၂၅ ရက်တွင် ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station)သို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ  ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် စာရေးသူအနေဖြင့်လည်း လိုက်ပါခွင့်ရခဲ့သဖြင့် ဆိပ်ကမ်းနှင့်ရေကြောင်းပြဆိုင်ရာ ဝန်ထမ်းများနှင့် ကမ်းလွန်ရေကြောင်းပြစခန်း၏  အတိတ်နှင့်ပစ္စုပ္ပန်ဆောင်ရွက်နေမှုအခြေအနေအရပ်ရပ်ကို  ကောင်းစွာလေ့လာသိရှိခွင့်ရခဲ့သည်။

၂၀၁၅ ခုနှစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ၏ ပုဒ်မ ၅၆၊  ပုဒ်မခွဲ(က)တွင် “ဆိပ်ကမ်းသို့ ဝင်ရောက်သော သို့မဟုတ် ဆိပ်ကမ်းမှထွက်ခွာသော   ရေယာဉ်နှင့်ကုန်ပါ စုစုပေါင်းတန်ချိန် ၅၀၀ ထက်ပိုသည့်ရေယာဉ်၏   ရေယာဉ်မှူးသည်-  ရေကြောင်းပြမှူးကြီးမပါဘဲ ဝင်/ထွက်ခွင့် တောင်းခံရယူနိုင်ရန် ရေကြောင်းဌာနက သတ်မှတ်ထားသော  စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ပါက ရေကြောင်းပြမှူးကြီး၏အကူအညီကို  မဖြစ်မနေ တောင်းခံရယူပြီး    ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ခြင်း၊ ရပ်နားခြင်း၊ ထွက်ခွာခြင်း သို့မဟုတ် ဆိပ်ကမ်းနယ်နိမိတ်အတွင်း   နေရာရွှေ့ပြောင်းခြင်းပြုရမည်”ဟု ထည့်သွင်းပြဋ္ဌာန်းထားသည့်အတိုင်း ဒေသတွင်းနှင့် နိုင်ငံတကာဆိပ်ကမ်းများနည်းတူ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာကြသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများသည် ပင်လယ်ဝနှင့်ဆိပ်ကမ်းတံတားများအကြား ရေလမ်းကြောင်း တစ်လျှောက် ဘေးကင်းလုံခြုံစွာ ဝင်/ထွက်သွားလာနိုင်ရေးအတွက်  ရေကြောင်းပြဝန်ဆောင်မှု(Pilotage Service)ကို မပျက်မကွက် ရယူကြရသည်။

၂၀၁၉  ခုနှစ်မတိုင်မီ  နှစ်များဆီသို့ ပြန်ပြောင်းတွေးဆကြည့်ပါက နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကို ရေကြောင်းပြဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရေကြောင်းပြရေယာဉ်(Pilot Vessel) နှစ်စင်းဖြစ်သောအလျား ၆၀ မီတာဝန်းကျင်၊ တန်ချိန်(Gross Tonnage-GT) ၇၇၈  နှင့် ၅၀၀ အသီးသီးရှိကြသည့်သမ္မတရေယာဉ်နှင့် ဧကရီရေယာဉ်တို့ကို  ရေကြောင်းပြစခန်း(Pilot Station)အဖြစ်  ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်ရေမိုင် ၂၀ ခန့်အကွာတွင် အလှည့်ကျကျောက်ချထားရှိဆောင်ရွက်ရသည်။ ထိုအချိန်က ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် ရေကြောင်းပြရေယာဉ်ပေါ်တွင်ပင် အနေအစားပင်ပန်းဆင်းရဲစွာ စခန်းချနေထိုင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်ကြသည့် သင်္ဘောကြီးများပေါ်ကို  ရေကြောင်းပြ ကြို/ပို့ခြင်းလုပ်ငန်းကို သစ်သားကတ္တူလှေငယ်(Pilot Cutter)များဖြင့် လှိုင်းကြားလေကြား အန္တရာယ်ကြားမှခက်ခဲစွာရေကြောင်းပြ ကြို/ပို့ခြင်း (Pilot Transfer Operation)ဆောင်ရွက်၍  တက်/ဆင်းမောင်းနှင်ပေးခဲ့ကြရသည်။  ထိုအချိန်ကာလများတွင် ရေကြောင်းပြမှူးကြီးများနှင့်ရေကြောင်းပြဝန်ထမ်းများ လှိုင်းလေထန်လှသည့် ပင်လယ်ပြင်တွင် ကတ္တူလှေငယ်ဖြင့် သင်္ဘောကြီးများဆီသို့ သတိပြုချဉ်းကပ်၍ တက်/ဆင်းရပုံများကို ယူကျူ(Youtube)ပေါ်တွင် မြန်မာရေကြောင်းပြမှူးကြီး၏ နေ့စဉ်ဘဝ (Daily Life of Myanmar Pilot)အမည်ဖြင့် မြန်မာရေကြောင်းပြမှူးကြီးများအသင်း (Myanmar Maritime Pilot Association)မှ ဗဟုသုတအဖြစ် လွှင့်တင်ပေးထားသည်ကိုလည်း ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ရာသီဥတုဆိုးရွားချိန်များတွင် ရေကြောင်းပြစခန်းအဖြစ်အသုံးပြုသော ရေကြောင်းပြရေယာဉ်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းရခြင်း၊ ရေယာဉ်များ၏သက်တမ်းအရ ရေယာဉ်ပြုပြင် ထိန်းသိမ်းစရိတ် ကြီးမြင့်လာပြီး ဘေးကင်းလုံခြုံမှုအဆင့်လျော့ကျလာခြင်းနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့်အတူ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနေသည့်   ပင်လယ်ရေကြောင်း ကုန်သွယ်မှုလိုအပ်ချက်အရ  ရန်ကုန်ဆိပ်ကမ်းသည်လည်း နိုင်ငံတကာကုန်သွယ်ရေယာဉ်ကြီးများ အဝင်/အထွက် ပိုမိုများပြားလာပြီး ရေကြောင်းပြလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရမည့်ဝန်ထမ်းများ ပိုမိုများပြား လာသောကြောင့် ရေကြောင်းပြရေယာဉ်ဖြင့် ဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်ရန်အတွက်  နေရာလုံလောက်မှု မရှိခြင်း၊ လှိုင်းဒဏ်လေဒဏ်ကို တိုက်ရိုက်ခံစားကြရခြင်းနှင့်   ကိုယ်စိတ်လုံခြုံမှု (Physical and Mental Safety and Security) အားနည်းခြင်း စသည့်ကန့်သတ်ချက်များကြုံတွေ့လာခဲ့ရသည်။

အဆိုပါကြုံတွေ့လာရသည့်အခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဌာနအကြီးအမှူးအဆင့်ဆင့်တို့သည် အမြော်အမြင်ကြီးစွာ ချင့်ချိန်သုံးသပ်၍ ရေကြောင်းပြမှူးကြီးများနှင့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာနှင့်ဆက်သွယ်ရေးဆိုင်ရာဝန်ထမ်းများအတွက် ကမ်းလွန်ရေကြောင်းပြစခန်း တည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများကို  အိမ်နီးချင်းနှင့်   ဒေသတွင်းနိုင်ငံဆိပ်ကမ်းများသို့သွားရောက်လေ့လာစေခဲ့ပြီး လေ့လာတွေ့ရှိချက်များအပေါ်  ပြန်လည်သုံးသပ်၍ ရန်ကုန်ဆိပ်ကမ်းနှင့်မြစ်ကြောင်းအနေအထား၊  ရေလမ်းကြောင်းအနေအထားတို့ နီးစပ်တူညီမှုရှိသည့်   ထိုင်းနိုင်ငံ  ဗန်ကောက်ဆိပ်ကမ်း၏  ပင်လယ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း၏ ပုံစံကိုနမူနာယူပြီး အခြေခံဒီဇိုင်း(Conceptual Design)ကိုရေးဆွဲခဲ့ကြသည်။ ထို့နောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံပိုင်သတင်းစာများ၌ ကြော်ငြာထည့်သွင်း၍ ပြည်တွင်း/ပြည်ပမှ ကမ်းဝေးပင်လယ်ပြင်တည်ဆောက်ရေး လုပ်ငန်းအတွေ့အကြုံရှိလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့ရာ China Harbour Engineering Co., Ltd. (CHEC)မှ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းဖြင့် တင်ဒါအောင်မြင်တည်ဆောက်ခဲ့သည်။

ကမ်းလွန်ရေကြောင်းပြစခန်းကို မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၂ ဒသမ ၇ လက်မနှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆ ဒသမ ၇ လက်မတွင် အလျား ၃၃ ဒသမ၂ မီတာနှင့်အနံ ၃၀ ဒသမ ၄ မီတာအရွယ်အစားရှိ  သံကူကွန်ကရစ်သုံးထပ်အဆောက်အအုံအဖြစ်တည်ဆောက်ထားခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းအားလုံးပြီးစီး၍   ဖွင့်ပွဲအခမ်းအနား(Grand Opening Ceremony)ကို ၃၀-၃-၂၀၁၉ရက်တွင်ပြုလုပ်ခဲ့ပြီး  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှလွှဲပြောင်းလက်ခံရယူကာ Operation လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ စီမံကိန်းလုပ်ငန်းတွင် တန်ချိန် GT ၁၅၀၀ အရွယ်အစားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ ၂၀ မီတာ ရေကြောင်းပြ ကြို/ပို့ ဖိုက်ဘာရေယာဉ်(Pilot Boat) သုံးစင်း၊ မီးစက်၊ ရေချိုချက်လုပ်သည့်စနစ် (Desalination System)၊ ရေဆိုးသန့်စင်စက်၊ မီးငြှိမ်းသတ်စနစ်၊ ရေကြောင်းပြလုပ်ငန်းထိန်းချုပ်ခန်း(Control Room)နှင့် ရေကြောင်းဆိုင်ရာ ဆက်သွယ်ရေးစက်ကိရိယာများစ်ကြသည့် ရေဒါ(Radar)နှင့် အလိုအလျောက် ရေယာဉ်အမျိုးအစားနှင့် အချက်အလက်ဖော်ပြသည့်စနစ်(Auto-matic Identification System – AIS)တို့ ပါဝင်သည်။ ထို့ပြင် ဘုရားခန်း၊ လူနေတစ်ယောက်/နှစ်ယောက်/သုံးယောက်အိပ်ခန်းများ၊ အားကစားခန်း၊ ရိက္ခာသိုလှောင်ခန်း၊ မီးဖိုခန်း၊ စားသောက်ခန်းနှင့် ရေချိုးခန်း၊ သန့်စင်ခန်း၊ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ စက်သုံးဆီသိုလှောင်ကန် စသည်တို့ပါဝင်ပြီး ဝန်ထမ်း ၃၆ ဦးသက်သောင့်သက်သာ အဆင်ပြေစွာနေထိုင်၍ တာဝန်ထမ်းဆောင်နိုင်သောအဆောက်အအုံတစ်ခုဖြစ်သည်။

Operation လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းရာသီ၌ ရေကြောင်းပြ ကြို/ပို့ ဖိုက်ဘာရေယာဉ်များဖြင့် ဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ အတက်/အဆင်းပြုလုပ်ရာတွင်    အဆင်ပြေမှု ရှိသော်လည်း   မိုးရာသီမုတ်သုံ ကာလ၌ လှိုင်းလေပြင်းထန်ချိန်တွင် လှိုင်းလေဒဏ်မခံနိုင်သောကြောင့် အန္တရာယ်ရှိသဖြင့် ဖိုက်ဘာရေယာဉ် များကို မြစ်ကြောင်းအတွင်း   ရေကြောင်းပြကြို/ပို့ရန်သာအသုံးပြုပြီး   ပင်လယ်ပြင်တွင်အသုံးပြုနိုင်ရန်အတွက် သံထည်ဖြင့်ပြုလုပ်ထားသော ၂၀ မီတာရှိသည့် PilotBoat  သုံးစင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းလျာထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏  သိမ်ဖြူသင်္ဘောကျင်းတွင် ပုဂ္ဂလိကနှင့်ပူးပေါင်းပြီး ထပ်မံတည်ဆောက်  ဖြည့်တင်းပေးခဲ့သည်။  ထို့ပြင်  ရေကြောင်းပြစခန်း၏ လေကွယ်ရာဘက်တွင် Pilot Boat များ အန္တရာယ်ကင်းရှင်းစွာဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ လုံခြုံစိတ်ချစွာ အတက်/အဆင်းပြုလုပ်နိုင်ရေးအတွက် ထပ်တိုးရေယာဉ်ဆိုက်ကပ်ရန်နေရာတစ်ခုကိုလည်း ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် CHEC နှင့် ညှိနှိုင်း၍ တည်ဆောက်ပေးခဲ့သည်။ အဆိုပါရေကြောင်းပြစခန်းသည် ရန်ကုန်မြို့တွင်း   ဆိပ်ကမ်းဧရိယာမှ ရေမိုင် ၃၆ မိုင် ကွာဝေးသဖြင့် ဒီရေအတက်/အကျအခြေအနေများအပေါ်မူတည်ပြီး ရေကြောင်းပြစခန်းသို့ရောက်ရှိရန် ခုတ်မောင်းချိန် လေးနာရီမှခြောက်နာရီခန့်အထိ ကြာမြင့်နိုင်သည်။

စာရေးသူသည်  ခရီးစဉ်တွင်  ခေတ်မီ Pilot Boat ဖြင့် ရန်ကုန်မြစ်အတွင်းသို့ ဝင်ရောက်မည့် ကုန်သွယ်သင်္ဘောကြီးပေါ်သို့ ရေကြောင်းပြကြို/ပို့ခြင်းလုပ်ငန်းစဉ်ကို စောင့်ကြည့်မှတ်တမ်းတင်ခွင့်ရရှိခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ရန်အတွက် သင်္ဘောကြီးများကို သတ်မှတ်အချိန်တွင် ကျောက်ချဧရိယာ (Anchorage Area)မှ စတင်ဝင်ရောက်လာရန်ခေါ်ယူခြင်း၊ Pilot Boat စေလွှတ်ခြင်းနှင့်  ပြန်လည်ခေါ်ယူခြင်း၊  တာဝန်ကျရေကြောင်းပြမှူးကြီး၏ဦးဆောင်မှုဖြင့် သင်္ဘောကြီး ရန်ကုန်မြစ်ရေလမ်းကြောင်းသို့ ဝင်ရောက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ရေကြောင်းပြစခန်းရှိ Control Room တာဝန်ကျရေ ယာဉ်မှူးကြီးများနှင့်   ဆက်သွယ်ရေးတာဝန်ခံတို့က    ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ခြင်း(Pilot Transfer Coordi-nation)ကို Radar နှင့် AIS စနစ်များ၊ ဆက်သွယ်ရေးစက်များအသုံးပြု၍ စောင့်ကြည့်ဆက်သွယ်ဆောင်ရွက်ပေးကြရသည်။

ဤခေတ်မီ ကမ်းလွန်ရေကြောင်းပြစခန်းနှင့်  Pilot  Boat  များအတွက်  နိုင်ငံတော်မှ ရင်းနှီးတည်ဆောက် ဖြည့်တင်းပေးရသည်နှင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများဖြစ်သော နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာရာတွင်လည်းကောင်း၊ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းအောင်စီမံ ဆောင်ရွက်ပေးနိုင်ခြင်းအပြင် တာဝန်ထမ်းဆောင်သူများ၏ ကိုယ်စိတ်လုံခြုံမှုပိုမိုရရှိပြီး မိမိကိုယ်ကိုယုံကြည်မှု(Self-Confidence)ရှိစွာ တာဝန်ထမ်းဆောင်နိုင်ခြင်း၊ အကျိုးဆက်အနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ဆိပ်ကမ်းနှင့် ရေကြောင်းပြဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ငန်းခွင် မတော်တဆမှုနှင့် ထိခိုက်မှုအနည်းဆုံး (Zero Accident) အဆင့်သို့ရောက်ရှိထိန်းသိမ်းလာနိုင်ပြီး ဆိပ်ကမ်းသုံးစွဲသူ နိုင်ငံတကာသင်္ဘောလိုင်းများနှင့်  ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၏ ယုံကြည်မှု(Trust)ပိုမိုရရှိလာနိုင်ပြီ ဖြစ်သောကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ ပုံရိပ်(Image)သည်လည်း ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ပြင်  ရေကြောင်းပြမှူးကြီးများ၊ ဆိပ်ကမ်းနှင့်ရေကြောင်းဆိုင်ရာ၊ ဆက်သွယ်ရေးဝန်ထမ်းများအနေဖြင့် ကမ်းလွန်ရေကြောင်းပြစခန်းတွင် လှိုင်းလေဒဏ်ကို    တိုက်ရိုက်မခံစားရတော့ဘဲ Facilities အပြည့်အစုံဖြင့်  လုံခြုံစိတ်ချစွာနေထိုင်နိုင်ပြီဖြစ်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာယုံကြည်မှု အပြည့်ဖြင့်  တာဝန်ထမ်းဆောင်နေနိုင်ကြပြီဖြစ်သည်။ ပင်လယ်ပြင်ရာသီဥတု ဆိုးရွားချိန်များတွင် အခြားလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန် မလိုအပ်တော့ခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် လျှော့ချနိုင်ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရခြင်း၊ ထင်ရှားသည့်ရေကြောင်းပြအမှတ်အသားအဖြစ်   ပင်လယ်ဝကျောက်ချဧရိယာအနီးတွင် တည်ရှိနေသောကြောင့် ဖြတ်သန်းသွားလာသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများနှင့်   တပ်မတော် (ရေ) အပါအဝင်  အရပ်ဘက်ကုန်တင်သင်္ဘောများအတွက် ရေကြောင်းပြ အမှတ်အသားအဖြစ် အထောက်အကူပေးနိုင်ခြင်း၊ ယခင်က ရေကြောင်းပြလုပ်ငန်းကို ၂၄ နာရီအပြည့်မဆောင်ရွက်နိုင်ဘဲ  ယခုအခါ ရန်ကုန်ဆိပ်ကမ်းများသို့  ဝင်/ထွက်ဆိုက်ကပ်သည့် နိုင်ငံတကာကုန်သွယ်ရေယာဉ်ကြီးများကို ရာသီမရွေး၊ ၂၄ နာရီ နေ့/ည အချိန်အခါမရွေး၊ ဆိပ်ကမ်းနှင့်ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးလာနိုင်ပြီး နိုင်ငံ၏ သွင်းကုန်/ ပို့ကုန်များကို ပိုမိုကိုင်တွယ်လာနိုင်ခြင်းဖြင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုစေနိုင်သည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာကို ရှာဖွေပေးနိုင်လျက်ရှိသည်။

ဒုတိယဝန်ကြီးအနေဖြင့်လည်း ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများကို  တွေ့ဆုံအားပေးစကားပြောကြားရာတွင်  နိုင်ငံတော်အနေဖြင့် မိမိဝန်ထမ်းများ၏ လုပ်အားတန်ဖိုးကို အလေးထားပြီး  ဝန်ထမ်းများ ဘေးကင်းလုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ကြစေရန် ငွေလုံးငွေရင်းစိုက်ထုတ်ရင်းနှီး ဆောင်ရွက်ပေးထားမှုကြောင့်  မိမိဝန်ထမ်းများ ရေကြောင်းပြစခန်းကြီးတွင် ဘေးအန္တရာယ်ကင်းစွာနေထိုင်၍ တာဝန်ထမ်းဆောင်နေနိုင်ပြီ ဖြစ်သည့်အတွက်   များစွာဝမ်းမြောက်ရကြောင်း၊  နှစ်စဉ်လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးထားမှုနှင့်  နေထိုင်ရေးအပြင် စားသောက်ရေးအတွက်ပါ ပြည့်စုံအောင် ဆောင်ရွက်ပေးထားမှုတို့ကို တန်ဖိုးထားကာ ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်၊ ဌာနနှင့်ဝန်ထမ်းများအတွက် အရေးပါလှသည့် Offshore Fixed Pilot Station ကြီးကို ရေရှည် ကောင်းမွန်စွာအသုံးပြုနိုင်ရေး တန်ဖိုးထားဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန်၊  မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်များကိုလည်း  စဉ်ဆက်မပြတ် မွေးမြူလေ့ကျင့်ပေးရန်၊  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန်၊  လုပ်ငန်းတာဝန်များကို စွမ်းအားပြည့်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်း ကျန်းမာရေးကို အထူးသတိပြု ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအားပေးပြောကြားခဲ့သည်။

 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၌ လက်ရှိကာလတွင် တပ်မတော်(ရေ)မှပြောင်းရွှေ့လာသည့် ရေကြောင်းပြမှူးကြီး ၃၅ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ဌာနတွင်းမှ ကျွမ်းကျင်လက်မှတ်ရ ရေယာဉ်မှူးကြီးများ၊  ရေယာဉ်မှူးများနှင့်  ရေယာဉ်အင်ဂျင်နီယာမှူးကြီးများ၊ ဆက်သွယ်ရေး အရာရှိများနှင့်အတူပူးတွဲ၍ ကမ်းလွန်ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်စေလျက်ရှိသည်။ ရန်ကုန်ဆိပ်ကမ်းအနေဖြင့်  ပင်လယ်ရေကြောင်း ကုန်သွယ်မှု လိုအပ်ချက်အရ နှစ်အလိုက်  နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများပိုမိုများပြားစွာ ဝင်/ထွက်လျက်ရှိပြီး ကုန်ကိုင်တွယ်ရရှိမှုသည်လည်း တိုးတက်လျက်ရှိနေသည်။

ရန်ကုန်ဆိပ်ကမ်းအနေဖြင့် တစ်နှစ်လျှင် သင်္ဘောစင်းရေ ၁၄၀၀ ခန့်၊ ကုန်သေတ္တာ (ပေ ၂၀၊ Twenty-foot Equivalent Unit – TEU) တစ်သန်းခန့်နှင့်  အထွေထွေကုန်စည်မက်ထရစ်တန် လေးသန်းခန့်၊ စက်သုံးဆီ မက်ထရစ်တန်  လေးသန်းကျော်နှင့် စားသုံးဆီ မက်ထရစ်တန် ငါးသန်းခန့်ကိုင်တွယ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ပို့ကုန် ဆန်တန်ချိန် ၂ ဒသမ ၇၈ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၇၃ သန်း၊ ပဲအမျိုးမျိုး တန်ချိန် နှစ်သန်းခန့်၊   နှမ်းတန်ချိန် ၆၇၂၂၀ အသီးသီးတင်ပို့နိုင်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့်     ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုလွယ်ကူအဆင်ပြေချောမွေ့ဖွံ့ဖြိုးတိုးတက်စေရန်   အဓိကဆိပ်ကမ်းကြီးဖြစ်သော    ရန်ကုန်ဆိပ်ကမ်း၏ ရန်ကုန်ဧရိယာတွင် ဆိပ်ကမ်းတံတား ၂၈ စင်း၊ သီလဝါဧရိယာတွင် ဆိပ်ကမ်းတံတား ၂၀ စင်း  စုစုပေါင်းဆိပ်ကမ်းတံတား ၄၈ စင်းဖြင့်  ဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာကြသည့် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများအတွက်  ဘေးကင်းလုံခြုံစွာ ဆိပ်ကမ်းနှင့်ရေကြောင်းပြဝန်ဆောင်မှုလုပ်ငန်းများကို ၂၄ နာရီ လှိုင်းလေကြားက ဝန်ဆောင်မှုပေးနေကြသော ရေကြောင်းပြမှူးကြီးများနှင့် သတ်မှတ်ကာလအလိုက် အလှည့်ကျ တာဝန်ထမ်းဆောင်နေကြသည့်  ဆိပ်ကမ်းဆိုင်ရာ၊  ရေကြောင်းဆိုင်ရာနှင့်ဆက်သွယ်ရေးဆိုင်ရာဝန်ထမ်းများကိုယ်စိတ်လုံခြုံစွာ  ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အပြည့်အဝအထောက်အကူဖြစ်စေသည့်  ရန်ကုန်မြစ်ဝရှိ  ကမ်းလွန်ရေကြောင်းပြ စခန်းကြီး(Offshore Fixed Pilot Station)နှင့်   တာဝန်ထမ်းဆောင်နေကြသည့်   ဝန်ထမ်းများအားလုံးကို  ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါကြောင်း။      ။

Source: Myawady Web Portal

 

ဒေါက်တာအာကာ(ဆိပ်ကမ်း)

ရောဂါပိုးမွှားစုံလင်လှတဲ့  ယနေ့ကာလမှာ ဝိတ်ချဖို့ထက် ကိုယ်ခံအားကောင်းအောင်၊  ကျန်းမာရေးနဲ့ညီညွတ်ပြီး     ရှိသင့်ရှိထိုက်တဲ့ကိုယ်အလေးချိန်နဲ့ ဟော်မုန်းဓာတ်ညီမျှအောင် စားသောက်ပြုမူနေထိုင်သင့်ပါတယ်။

လူ့ခန္ဓာကိုယ်မှာ   သိုင်းရွိုက်ဂလင်း၊ အက်ဒရီနယ်ဂလင်း၊  ပစ်ကျူထရိဂလင်း၊  သားဥအိမ်၊  ပန်ကရိယ စတဲ့ကိုယ်တွင်းအင်္ဂါတွေကနေ        ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း၊ အီစတြိုဂျင်၊   တတ်စတိုစတီရုန်း၊ အင်ဆူလင် စတဲ့ဟော်မုန်းတွေက   သွေးစီးဆင်းမှုနဲ့အတူ ခန္ဓာကိုယ်အနှံ့လှည့်လည်ပြီး  ကျန်းမာရေးအပေါ်  များစွာသက်ရောက်မှုရှိပါတယ်။     ခန္ဓာကိုယ်မှာ     ဟော်မုန်းညီမျှမှုမရှိပါကမျိုးမပွားနိုင်တာ၊ ကိုယ်အလေးချိန်များတာ၊ စိတ်ကျတာ၊  မောပန်းနွမ်းနယ်တာ၊ အိပ်မပျော်တာ၊  ဆံပင်ကျွတ်တာ စတဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

ဟော်မုန်းအစားထိုးကုသနိုင်တယ်ဆိုပေမယ့် ဒီနည်းလမ်းက ဘေးထွက်ဆိုးကျိုးလည်းရှိတာကြောင့်      အရေးကြီးတဲ့ကျန်းမာရေးအခြေအနေမဟုတ်ဘူးဆိုရင် သဘာဝနည်းလမ်းတွေနဲ့ဟော်မုန်းညီမျှအောင် လုပ်ဆောင်နိုင်ပါတယ်။

အဆိပ်အတောက်ဖြစ်နိုင်တာတွေကိုဖယ်ရှားသင့်ပါတယ်

ခန္ဓာကိုယ်အဆိပ်အတောက်ထိတွေ့မှုလျော့နည်းအောင် ဒီအီးအေ(DEA)၊ ပါရာဘင်၊ ပရိုဖိုင်လင်းဂလိုင်ကော(Propylene Glycol)၊ ဆိုဒီယမ်လိုင်း(Sodium Lyne)နဲ့    ဆာလဖိတ်ပါဝင်တဲ့   အလှကုန်ပစ္စည်းတွေအသုံးပြုမှုကို ရှောင်ကြဉ်ဖို့လိုတယ်။    ပလတ်စတစ်ဘူးတွေ၊ ပန်းကန်တွေ၊  ခွက်တွေ အသုံးပြုမယ့်အစားဖန်ခွက်နဲ့  စတီးပစ္စည်းတွေကို  အစားထိုးသုံးစွဲသင့်ပါတယ်။    ဟင်းလျာတွေချက်ပြုတ်ရာမှာ    ဟင်းအိုးမကပ်စေဖို့နဲ့    ဆီကုန်သက်သာစေဖို့    အိမ်ရှင်မတွေအသုံးပြုတတ်ကြတဲ့ လက်ကိုင်ကိုင်းပါတဲ့ ဒယ်အိုးတွေက  ခန္ဓာကိုယ်ရဲ့ဟော်မုန်းစနစ်  ပြောင်းလဲမှုဖြစ်စေလို့ အသုံးမပြုသင့်ပါဘူး။

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာရှောင်ကြဉ်သင့်ပါတယ်

သင့်တင့်တဲ့လေ့ကျင့်ခန်းပြုလုပ်တာက ကျန်းမာရေးအတွက်ကောင်းမွန်စေသလို    ခန္ဓာကိုယ်တွင်းဟော်မုန်း ပမာဏကိုလည်း ညီညွတ်မျှတ‌စေပါတယ်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာကြောင့်     အန်ဒေါ်ဖင်(Andorphin)၊ တတ်စတိုစတီရုန်း (Testosterone)၊ ကြီးထွားဟော်မုန်း(Growth Hormone)၊ အင်ဆူလင်(Insulin) စတဲ့ဟော်မုန်းတွေညီညွတ်မျှတပြီး စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။  ခန္ဓာကိုယ်ခုခံစွမ်းအား ပိုမိုကောင်းမွန်စေတာ၊    ဇီဝရုပ်ဖြစ်ပျက်မှု မှန်ကန်စေတာ၊      ကိုယ်အလေးချိန်ထိန်းသိမ်းပေးတာ  စတဲ့င်းကျိုးတွေ ရရှိစေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို    ပြင်းပြင်းထန်ထန်ပြုလုပ်တာက  ဟော်မုန်းထုတ်လုပ်မှုကိုပြောင်းလဲစေပါတယ်။

ကော်ဖီသောက်သုံးမှုလျှော့ချသင့်ပါတယ်

ကော်ဖီကို     အလွန်အကျွံသောက်တာကြောင့်အိပ်စက်မှုကို  အနှောင့်အယှက်ဖြစ်စေတယ်။ စိတ်ဖိစီးမှုဟော်မုန်းလို့ခေါ်တဲ့  ကော်တီစုန်း မြင့်မားစေပြီး သိုင်းရွိုက်ဟော်မုန်းပမာဏကို     လျော့နည်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ကော်ဖီ ၁-၂ ခွက်ထက်ပိုမသောက်သင့်ပါဘူး။      ကော်ဖီသောက်သုံးမှုကို လျှော့ချလိုက်ပါက ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ကာ    ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေလျော့နည်းစေတဲ့ ကောင်းကျိုးတွေရစေပါတယ်။

အိပ်ရေးဝဝအိပ်စက်သင့်ပါတယ်

တစ်ညကို   ပုံမှန်အိပ်ချိန် ၆-၈    နာရီအပြည့်အိပ်သင့်ပါတယ်။ အိပ်ချိန်နည်းပါးတာ၊ နေ့ညအိပ်ချိန်မှားယွင်းစွာ အိပ်တာက   ခန္ဓာကိုယ်မှာ   ဟော်မုန်းညီညွတ်မျှတမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ဘာကြောင့်လဲဆိုတော့    ဟော်မုန်းတွေက  အချိန်အပိုင်းအခြားနဲ့  အလုပ်လုပ်တာကြောင့်ဖြစ်ပါတယ်။  

စိတ်ဖိစီးမှုဖြစ်စေတဲ့အခါ  ထွက်ရှိတဲ့  ကော်တီစုန်းဟော်မုန်းက ညဉ့်နက်သန်းခေါင်ကျော်ချိန်မှာ ပုံမှန်ထွက်ရှိမှုဖြစ်အောင်     ပြန်လည်ထိန်းညှိပါတယ်။

အိပ်ချိန်နောက်ကျပြီး ညဉ့်နက်သန်းခေါင်မှ အိပ်စက်သူတွေအနေနဲ့     စိတ်ဖိစီးမှုဟော်မုန်းထွက်ရှိမှုကို    ပုံမှန်ပြန်လည်ပြုလုပ်ချိန်မရှိတာကြောင့် စိတ်ဖိစီးမှုနဲ့ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေ  ခံစားရနိုင်ပါတယ်။   ဟော်မုန်းထုတ်လုပ်မှုပုံမှန်ဖြစ်စေဖို့၊   ခန္ဓာကိုယ်က  ပြုပြင်ချိန်ရဖို့အတွက်  ည ၁၀ နာရီမှာ  ပုံမှန်အိပ်စက်သင့်ပါတယ်။

ဗီတာမင်  D3 ဖြည့်စွက်သင့်ပါတယ်

အမေရိကန်အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ  ဗီတာမင်  D3 ရဲ့  ကျန်းမာရေးအပေါ်ကောင်းကျိုးတွေကို ရေးသားဖော်ပြထားပါတယ်။ လူအများစုက ရုံး၊ အလုပ်၊   ကျောင်း၊   အိမ်တွင်းမှာ နေ့လယ်နေ့ခင်းအချိန်တွေ ကုန်ဆုံးတတ်တာကြောင့်  နေရောင်ခြည်နဲ့ထိတွေ့မှုမရှိလို့ တခြားကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။

ဗီတာမင်  D3 ကတော့  ပန်ကရိယက အင်ဆူလင်ဟော်မုန်းထုတ်လုပ်မှုကို  ပုံမှန်ဖြစ်စေပါတယ်။ နှလုံးလုပ်ငန်းတွေ ကောင်းမွန်စေတာ၊ သွေးဖိအားကို ပုံမှန်ဖြစ်စေတာ၊     သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးတာ   စတဲ့ကောင်းကျိုးတွေကို    ရရှိစေပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့မှုမရှိပါက တစ်နေ့ကိုဗီတာမင်  D3 ပမာဏ ၂၀၀၀-၅၀၀၀  အိုင်ယူဖြည့်စွက် သောက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသင့်ပါတယ်။

အချိုစာများ

အညိုရောင်ချောကလက်၊  ရေခဲမုန့်၊   ကိတ်မုန့်စတာတွေမှာ    ကယ်လိုရီများစွာပါဝင်လို့    ကိုယ်အလေးချိန်တက်လိုသူတွေ        စားသုံးသင့်ပါတယ်။

ဒါပေမဲ့  လွန်လွန်ကဲကဲစားသုံးမှုကိုတော့ ရှောင်ရှားသင့်တယ်။ အများစုက  အချိုကဲတဲ့အစားအစာတွေ စားသုံးရတာ နှစ်ခြိုက်တတ်ကြတယ်။ သကြား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေပါဝင်တဲ့      အစားအစာတွေက ကိုယ်အလေးချိန်ကို အမြန်တက်စေပါတယ်။

နို့နှင့်နို့ထွက်ပစ္စည်းများ

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ အဆီများစွာပါဝင်နေလို့ ကြွက်သားတည်ဆောက်ဖိုနဲ့    ကိုယ်အလေးချိန်တက်ဖို့အတွက်     များစွာအထောက်အကူဖြစ်စေပါတယ်။

အစေ့အဆန်များ

မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့  စတဲ့အစေ့အဆန်တွေမှာ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ် စတဲ့အာဟာရဓာတ် များစွာပါဝင်ပါတယ်။ အစေ့အဆန်တစ်မျိုးမျိုးကို  နေ့စဉ်စားသုံးပေးပါက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး    ကိုယ်အလေးချိန်လည်း  အနည်းငယ်တက်စေပါတယ်။    အစေ့အဆန်တွေထဲမှာ မရှိမဖြစ်အဆီပါဝင်လို့ ကိုယ်အလေးချိန် အမြန်တက်စေဖို့အားပေးပါတယ်။

အသား

အသားစားသုံးရာမှာ   အဖြူရောင်အသားနဲ့ အနီရောင်အသားဆိုပြီးနှစ်မျိုးရှိပါတယ်။   ကြက်သား၊ကြက်ဆင်သား၊ ငါးတို့က အဖြူရောင်အသားတွေဖြစ်ပြီး  ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့  အဆီအနည်းငယ်ပါဝင်ပါတယ်။     အမဲသား၊ ဆိတ်သားက အနီရောင်အသားတွေဖြစ်ပြီး   ကယ်လိုရီနဲ့  အဆီဓာတ်ပါဝင်ပါတယ်။ ကိုယ်အလေးချိန်တက်စေဖို့  စားသုံးသင့်ပြီး အလွန်အကျွံစားသုံးမှုကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ

ဆန်လုံးညို၊   ကွေကာ၊   အုတ်ဂျုံနဲ့   နှံစားပြောင်းစတာတွေက ကောက်နှံတစ်ခုလုံး ပါဝင်စာတွေဖြစ်ပြီး အာဟာရဓာတ်မျိုးစုံရရှိနိုင်ပါတယ်။    ဆန်လုံးညိုနဲ့အုတ်ဂျုံမှာပါဝင်တဲ့   ကာဗိုဟိုက်ဒရိတ်က  ကြွက်သားတွေ တည်ဆောက်ရာမှာ    အားပေးကူညီပါတယ်။ ကွေကာက  ကယ်လိုရီပါဝင်မှုများလို့ နံနက်စာအဖြစ်စားသုံးဖို့သင့်တော်ပါတယ်။

ငှက်ပျောသီး

ကိုယ်အလေးချိန်တက်လိုသူတွေအတွက်   ငှက်ပျောသီးစားသင့်ပါတယ်။ ငှက်ပျောသီးတစ်လုံးမှာ ၁၂၀ ကယ်လိုရီပါဝင်ပြီး    အဆီ၊    ပိုတက်ဆီယမ်နဲ့  တခြားသတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ငှက်ပျောသီးအမှည့်ကိုအခွံနွှာပြီးစားနိုင်သလို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးနိုင်ပါတယ်။

ထောပတ်

ထောပတ် ၅ ဂရမ်ကနေ ၃၆ ကယ်လိုရီရရှိနိုင်လို့ကိုယ်အလေးချိန်တက်လိုသူတွေအနေနဲ့    စားသုံးဖို့ သင့်တော်ပါတယ်။   မြေပဲထောပတ်မှာ    ကယ်လိုရီ၊ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြင်  တခြား အာဟာဓာတ်တွေလည်း များစွာပါဝင်ပြီး  ကိုယ်အလေးချိန်တက်ဖို့ဆိုရင်  စားသုံးဖို့ အကောင်းဆုံး အစားအစာပဲဖြစ်ပါတယ်။

အာလူး

အာလူးမှာ  ကာဗိုဟိုက်ဒရိတ်နဲ့  ပရိုတင်းများစွာပါဝင်လို့ ကိုယ်အလေးချိန်တက်စေဖို့ အားပေးကူညီပါတယ်။   ဂျပန်နပန်းသမားတွေစားသုံးတဲ့   အစားအစာထဲမှာ အာလူး အဓိကပါဝင်ပါတယ်။

သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်တွေသောက်သုံးတာက ကယ်လိုရီများစွာရရှိ‌စေလို့  ကိုယ်အလေးချိန်တက်ဖို့ အားပေးကူညီပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး  ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်နဲ့  သတ္တုဓာတ်များစွာရရှိစေပါတယ်။     သစ်သီးဖျော်ရည်တစ်ခွက်ကနေ ၅၇  ကယ်လိုရီရရှိစေပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးက   ကယ်လိုရီကြွယ်ဝပြီး   ခန္ဓာကိုယ်အတွက်လိုအပ်တဲ့  ပရိုတင်း၊ အဆီ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ မျက်စိ၊ ဦးနှောက်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို      ဖြည့်ဆည်းပေးတဲ့အပြင်ကိုယ်အလေးချိန်တက်စေဖို့လည်း အထောက်အကူပြုပါတယ်။ 

Source: Myawady Web Portal

 

ဒေါက်တာလွင်သန့်

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ယူကရိန်း၏ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအတွက် ဗြိတိန်စစ်တပ်များကို စေလွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ပြောကြားလိုက်ပါသည်။ ထိုလုပ်ဆောင်ချက်မှာ အမေရိကန်နှင့်ရုရှားအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဉရောပနိုင်ငံများကို ပါဝင်လာစေရန် ကြိုးပမ်းမှုဖြစ်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖုန်းခေါ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်ပြီး ဥရောပနိုင်ငံများကိုမူ ဆွေးနွေးမှုမှန် ချန်လှပ်ထားခဲ့ပါသည်။

Starmer သည် ဗြိတိန်စစ်သားများကို အန္တရာယ်များပြားလှသည့်နေရာများသို့ ပို့ဆောင်ရန် ဆုံးဖြတ်ချက်မှာ လွယ်ကူစွာ ချမှတ်ခဲ့ခြင်း မဟုတ်ကြောင်း ယူကရိန်း၏ လုံခြုံရေးကို အာမခံပေးရန် ငြိမ်းချမ်းရေးတည်တံ့မှုသည် အရေးကြီးကြောင်း ပြောကြားထားပါသည်။

အဆိုပါထုတ်ဖော်ပြောကြားချက်မှာ ပြင်သစ်သမ္မတ Macron ၏ ဖိတ်ကြားချက်အရ ယူကရိန်းနှင့် ဥရောပလုံခြုံရေးဆိုင်ရာအရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပါရီမြို့တွင် မကျင်းပမီ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

Starmer သည် ဥရောပနိုင်ငံများက ယူကရိန်း၏ လုံခြုံရေးအာမခံချက်များတွင် ပိုမိုပါဝင်လာကြရန် အထူးလိုအပ်နေကြောင်း၊ ဥရောပနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ငြိမ်းချမ်းရေးတည်တံ့မှုအတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားပါသည်။

ပါရီမြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်တို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး ဥရောပလုံခြုံရေးနှင့် ယူကရိန်း အနာဂတ်ကို ဆွေးနွေးကြမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည့် ၂၀၂၅ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှာလည်း  ဥရောပလုံခြုံရေးကို မိမိဘာသာတာဝန်ယူကြရန် အမေရိကန်ဒုတိယသမ္မတ JD Vance ၏ သတိပေးပြောကြားချက်ကြောင့် လက်ရှိအချိန် စစ်ရေးဘဏ္ဍာငွေ အကျပ်အတည်းကြောင့် လက်ရှောင်နေကြသော ဥရောပခေါင်းဆောင်များအတွက် ကြိတ်မနိုင်ခဲမရ အနေအထားဖြင့် အဆုံးသတ်သွားကြပါသည်။ 

ဒေါ်နယ်ထရန့်၏ ယူကရိန်းကိစ္စအပေါ် ဥရောပကို လျစ်ရှုပြုမှုနှင့် အမေရိကန်ဒုတိယသမ္မတက မြူးနစ်ညီလာခံတွင် ပြောကြားသည့် ဥရောပအပေါ် အမေရိကန်ရပ်တည်ချက်တို့ကြောင့် ဥရောပနိုင်ငံများအကြား သဘောထားကွဲလွဲနေကြပြီး အချို့နိုင်ငံများက နေတိုးမှ တရားဝင်နုတ်ထွက်သွားမည် မဆိုသော်လည်း ကိုယ်ပိုင်တပ်မတော် ထူထောင်ရန် အဆင့်ထိ လမ်းကြောင်းရှာနေကြပါသည်။ ယူကရိန်းအနာဂတ်နှင့် ဥရောပလုံခြုံရေးကို လာမည့် ပါရီလုံခြုံရေးဆိုင်ရာ အရေးပါ်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးရတော့မည် ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အတ္တလန္တိတ်သမုဒ္ဒရာနှစ်ဖက် အမေရိကန်-ဥရောပအခင်းအကျင်း (transatlantic )ရွေ့လျားပြောင်းလဲသွားပြီလား စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။ 

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ အခွန်အယူခံခုံအဖွဲ့ရုံး