ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် ပြောင်းလဲမှီခိုမှုနှင့်အတူ ဒွန်တွဲနေသည့် စိန်ခေါ်မှုတစ်ရပ်
Posted_Date
Image

Body
လူသားတစ်ဦးအတွက် မွေးဖွားချိန်မှစ၍ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို မည်သို့မည်ပုံ အသုံးပြုရမည်ကို ရည်မှန်းလုပ်ဆောင်ကြ ရသည်။ အားလုံးသော လေ့လာဖော်ထုတ်မှုများနှင့် တီထွင်ဆန်းသစ်မှု များသည် အဆိုပါရည်မှန်းချက်ကို ရောက်ရှိအောင် ကြိုးပမ်းလုပ်ဆောင်ခြင်း၏ ရလဒ်များပင် ဖြစ်သည်။ သဘာဝအရင်းအမြစ်မှ ရရှိသည့် စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းနှင့်ပတ်သက်ပြီး အဓိကကျသည့် အကြောင်းအချက်များအနက်တစ်ခုမှာယင်းစွမ်းအင်အား သိုလှောင်သိမ်းဆည်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ လိုအပ်သည့်ပမာဏကိုသာ ထုတ်ယူသုံးစွဲခြင်းပင် ဖြစ်ပေသည်။
စွမ်းအင်ကို ဟန်ဘီးများ(flywheels)၊ ဘက်ထရီများ၊ လေဖိအားသုံး စက်များနှင့် ရေအားလျှပ်စစ်သုံးပန့်များကို အသုံးပြု၍ သမားရိုးကျနည်းများဖြင့် သိုလှောင်သိမ်းဆည်းခဲ့ကြသည်။ ယနေ့ခေတ်တွင် စွမ်းအင်ကဏ္ဍကို လေ့လာ လိုက်စားသူများအား ဆွဲကိုင်လှုပ်နိုင်ခဲ့သည့် နောက်ဆုံးပေါ် ခေတ်မီတိုးတက်လာမှုမှာ စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များ (superconducting magents)၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors)၊ အလင်းစနစ်သုံး စွမ်းအင်ပြောင်းပစ္စည်းများ (photonic energy conversions)နှင့် ဟိုက်ဒရိုဂျင်သုံး လျှပ်စစ်ပစ္စည်းများ (hydrogen electrolysis) ပင် ဖြစ်သည်။
ယနေ့အချိန်အထိ လက်လှမ်းမီပြီး အသုံးပြုနိုင်သည့် အကောင်းဆုံး စွမ်းအင်သိုလှောင်ပစ္စည်းမှာ ဓာတုဗေဒစနစ်သုံး ဘက်ထရီပင် ဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် အလျင်အမြန် ပြောင်းလဲမှီခိုမှုကြောင့် ဘက်စုံသုံးနိုင်ပြီး စွမ်းအင်ချွေတာနိုင်သည့် ရေရှည်အသုံးပြုနိုင်သော စွမ်းအင်သိုလှောင်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်မှာ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာပေသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency-IEA) က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (RE) ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် ၉,၀၀၆ ထရီလီယံဝပ် ထုတ်လုပ်နိုင်ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၁၇,၀၃၂ ထရီလီယံ ဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားပါသည်။ အဆိုပါပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ကောင်းမွန်သည့်လျှပ်စစ်သွယ်တန်းမှုစနစ်ရှိရန် လိုအပ်ပြီး အားနည်းချက်အနေဖြင့် စွမ်းအင်ထုတ်လုပ်နိုင်ခြင်းမရှိသည့်အခါ အနာဂတ်တွင် အသုံးပြုနိုင်ရန်အတွက် စွမ်းအင်သိုလှောင်သိမ်းဆည်းရန် မလုံလောက်မှုပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရုပ်ကြွင်းလောင်စာ မဟုတ်သော အရင်းအမြစ်များ အခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများကို ၂၀၃၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တည်ဆောက်ရန်နှင့် နိုင်ငံ၏ GDP ကို ၃၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ရည်မှန်းထားရှိကြောင်း အိန္ဒိယနိုင်ငံ ပြန်လည်ဖွံ့ဖြိုးရေး စွမ်းအင်ဆိုင်ရာဝန်ကြီးဌာန (Ministry of New and Renewable Energy) က ဆိုသည်။
သဘာဝစွမ်းအင်များဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ (Renewable Energy-RE) မှ ရရှိလာသည့် စွမ်းအင်ပမာဏများစွာသည် ဓာတ်အားလိုင်းအတွင်း ပေါင်းစပ်စီးဝင်သည့်အတွက် ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်းထားရမည်ဖြစ်သည်။ အဆိုပါ RE စွမ်းအင်သည် အရင်းအမြစ်အမျိုးမျိုး (ဥပမာ- လေအား၊ ရေအား၊ ဆိုလာ) မှ ရရှိနိုင်ပြီး ၎င်းတို့အားလုံးကို တစ်ပြိုင်တည်း ပေါင်းစပ်စီးဝင်စေခြင်းဖြင့် မဟာဓာတ်အားလိုင်း၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သဖြင့် အဆိုပါ အရင်းအမြစ်များကို ကာလ၊ ဒေသ၊ ရာသီဥတုအခြေအနေများအပေါ်တွင် အခြေခံကာ ရွေးချယ်စဉ်းစားရမည် ဖြစ်သည်။ ထင်သာမြင်သာရှိသည့်အချက်မှာ လျှပ်စစ်သုံးစွဲမှုဝန်အား အမြင့်ဆုံး ဖြန့်ဖြူးနိုင်မှုသည် အခြေအနေအရ ပြောင်းလဲ(လျော့ကျ) သွားမည် ဖြစ်သဖြင့် အပြန်အလှန်အားဖြင့် လျှပ်စစ်သုံးစွဲမှုအပေါ် အခွန်ကောက်ခံနိုင်မှုကိုလည်း ကမောက်ကမ ဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် RE စွမ်းအင်အတွက် လုံလောက်မှုရှိသည်အထိ စွမ်းဆောင်နိုင်သည့် စွမ်းအင်သိုလှောင်မှုစနစ်တစ်ခု ဖော်ဆောင်ခြင်းသည် အဆိုပါစိန်ခေါ်မှု အားလုံး၏ ဖြေရှင်းနိုင်မည့် အဖြေဖြစ်သည်။
မည်သည့်စွမ်းအင်သိုလှောင်ပစ္စည်းမဆို ကန့်သတ်ချက်များရှိပေသည်။ ကုန်ကျစရိတ်ကြီးမားသည့် စွမ်းအားမြင့် လျှပ်ကူးမှုစနစ်သုံး သံလိုက်များသည်လည်း သုံးစွဲနိုင်သည့်ကာလ ကန့်သတ်ချက်ရှိခြင်း၊ စွမ်းအားမြင့် လျှပ်သိုပစ္စည်းများ (supercapacitors) သည်လည်း ကုန်ကျစရိတ် မြင့်မားပြီး လျှပ်စစ်ပမာဏအနိမ့်ကိုသာ ခံနိုင်စွမ်းရှိခြင်း၊ ဗို့အားထိန်းညှိသည့် လျှပ်စီးပတ်လမ်းနှင့် စွမ်းအားမြင့် Converter လိုအပ်ခြင်းစသည့် အကန့်အသတ်များ ရှိကြသည်။
သို့ရာတွင် ၎င်းကို ဘက်ထရီများက ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အများစုမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ထုတ်လွှင့်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင် DC ဓာတ်အား အရန်အဖြစ် ခဲအက်ဆစ် ဘက်ထရီ များကို အသုံးပြုကြသည်။ ထိုအချက်သည် ခဲအက်ဆစ် ဘက်ထရီများက အိန္ဒိယဈေးကွက်အား လွှမ်းမိုးထိန်းချုပ်နိုင်မှုကို ဖြစ်စေခဲ့သည်။ အဆိုပါ ခဲအက်ဆစ်ဘက်ထရီများသည် အကြမ်းခံသော်လည်း သံချေးကိုက်ခြင်း၊ ဘက်ထရီ ငုတ်များအား အက်စစ် စားခြင်း၊ လျှပ်စစ်အား သယ်ဆောင်ပေးသည့် Electrolyte အရည်များမှ ညစ်ညမ်းမှုကို ဖြစ်စေခြင်းနှင့် ဘက်ထရီအတွင်းရှိ အခန်းများ ပေါက်ပြဲခြင်း စသည့် ပြဿနာများ ရှိနေပေသေးသည်။ ထို့အပြင် ဘက်ထရီများတွင် အက်ဆစ်အရည်နှင့် ခဲတို့ကိုအသုံးပြုခြင်းအားဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင် ပါသည်။ ဘက်ထရီအပိုင်းအစများ စွန့်ပစ်ခြင်းအရေးကိစ္စသည်လည်း စက်ရုံအလုပ်ရုံအားလုံးအတွက် စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။
ယခုအခါ Lithium-ion ဘက်ထရီများသည် ခဲအက်ဆစ်ဘက်ထရီများ၏ ပြိုင်ဘက်အဖြစ် တိုးတက်ဖြစ်ပေါ်လာခဲ့ သည်။ အဆိုပါ Lithium-ion ဘက်ထရီများသည် ရာသီဥတုပူပြင်းသည့် အိန္ဒိယနိုင်ငံအတွက် သင့်လျော် ကောင်းမွန်မှု ရှိသည်။ သို့သော် ကုန်ကျစရိတ် မြင့်မားခြင်း၊ နည်းပညာဆိုင်ရာကန့်သတ်ချက်ရှိခြင်း၊ ကုန်ကြမ်း ရရှိနိုင်မှု ခက်ခဲခြင်းနှင့် လုပ်ငန်းအရွယ်အစား ကြီးမားခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထို့ပြင် ခဲအက်ဆစ် ဘက်ထရီများသည် recycle လုပ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး American Chemical Society ၏ အစီရင်ခံစာတစ်စောင်တွင် အဆိုပါ ခဲအက်ဆစ်ဘက်ထရီများ၏ ၉၉ ရာခိုင်နှုန်းကို ရာနှုန်းပြည့် recycle လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သော်လည်း Lithium ဘက်ထရီများကိုမူ လက်ရှိအချိန်အထိ ၅ ရာခိုင်နှုန်းသာ recycle လုပ်နိုင် သေးကြောင်း ရေးသားဖော်ပြခဲ့ပါသည်။
ဘက်ထရီများအား တရားမဝင် recycle ပြုလုပ်ခြင်းနှင့် မြေဖို့ရာတွင် အသုံးပြုခြင်းတို့သည် သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်သဖြင့် အိန္ဒိယနိုင်ငံတွင် ဘက်ထရီနှင့် စွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြုပြင်ပြောင်းလဲခြင်းဆိုင်ရာဝန်ကြီးဌာန (MoEFCC) က ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဘက်ထရီများအား recycle လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် အဆောက်အအုံများ တိုးတက်ဖြစ်ထွန်းရေးနှင့် ပြည်သူလူထုအား အသိပညာပေးရေး စသည့်လုပ်ငန်းစဉ်များတွင် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အတူတကွပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ ဘက်ထရီ စွန့်ပစ်ပစ္စည်းများအား မသင့်မလျော် စွန့်ပစ်ခြင်း၏ ဆိုးကျိုးများကို သတိပြုနိုင်ရန်အတွက် ပညာပေးအစီအစဉ်များ၊ ကျန်းမာရေး အသိပညာပေးအစီအစဉ်များနှင့် Media Campaigns များ လုပ်ဆောင်ပေးခြင်း၊ စာသင်ကျောင်းများတွင် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်းနှင့် လူမှုအဖွဲ့အစည်းများစုပေါင်း၍ အသိပညာပေး အစီအစဉ်များ ဖော်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်သင့်ပေသည်။
တင်းကြပ်သည့်လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် လူထုအား အသိပညာပေးမှုများ လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးမည်ဆိုပါက ခဲအက်ဆစ်ဘက်ထရီများသည် ကန့်သတ်ချက်များ ရှိလင့်ကစား စွမ်းအင်သိုလှောင်မှုပြဿနာအတွက် ဖြစ်နိုင်ချေအရှိဆုံးသော အဖြေတစ်ခုအဖြစ် သက်သေပြနိုင်မည် ဖြစ်ပေသည်။ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အဆိုပါစိန်ခေါ်မှုများကို ကြိုတင်မျှော်တွေး လုပ်ဆောင်ရာတွင် မိမိတို့၌ နည်းလမ်းများ၊ အရင်းအမြစ်များနှင့် မူဝါဒများရှိပေသည်။ အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယှဉ်ပြိုင်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ လိုအပ်သော်လည်း မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများဖြင့် မိမိတို့ လျှောက်လှမ်းရမည့်လမ်းကြောင်းကို အတူတကွ လက်တွဲလျှောက်လှမ်းမှသာလျှင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
(Rajiv Gandhi Institute of Petroleum Technology မှ စွမ်းအင်ပြောင်းလဲမှုဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ပေးအပ်ရေး အမှုဆောင်အဖွဲ့ဝင် Gunjan Patel ရေးသားထားသည့် “Energy Storage: A grappling challenge for green energy revolution” ကို ထက်ထက်အောင်(နစက-၄) က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)