ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ကမ္ဘာ့ရေဝပ်ဒေသများနေ့

(World Wetlands Day)

နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်သည် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wet-lands Day) ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ရေဝပ်ဒေသများ၏တန်ဖိုးကို မီးမောင်းထိုးပြရန်သာမက   ရေဝပ်ဒေသများရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေသတ္တဝါများ၊ ဆောင်းခိုငှက်များနှင့်  ရေဝပ်ဒေသ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်  တစ်ကမ္ဘာလုံးဆိုင်ရာ  အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်သောနေ့လည်း ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်  ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်ဖြစ်သည့် “Protecting Wetlands for Our Common Future”“အနာဂတ်ဘဝဖူလုံဖို့   ရေဝပ်ဒေသများကာကွယ်စို့” ဟူသည့်ဆောင်ပုဒ်သည် လူသားအားလုံး၏  လူမှုဘဝဖူလုံရေးအတွက် ရေဝပ်ဒေသများ၊ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေရင်းဒေသများကို   ထိရောက်စွာကာကွယ်ရေးသည် အရေးတကြီးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။

ရေဝပ်ဒေသများ

ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ၆ မီတာထက်ပိုမနက်သည့် အဏ္ဏဝါရေပြင်များအပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော သဘာဝ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားသော ရွှံ့ညွန်မြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများကို ခေါ်ဆိုပါသည်။ ရေဝပ်ဒေသများကို ပင်လယ်ကမ်းခြေရေဝပ်ဒေသများ၊ လူတို့ပြုလုပ်ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်းရေချိုရေဝပ်ဒေသများဟူ၍ သုံးပိုင်းခွဲခြားထားပါသည်။

ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွှံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်ဝ ဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတန်းဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာများ စသည့်နေရာများပါဝင်ပါသည်။

ရေဝပ်ဒေသများသည်  လူသားများအတွက် အရေးပါသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။ အဓိကအားဖြင့် မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှုတိုးပွားပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ခြင်း၊ ရေကြီးခြင်း၊ ရေလျှံခြင်း စသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊ ရေချိုများ ပံ့ပိုးပေးခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေးစသည့်လုပ်ငန်းများအတွက် အထောက်အပံ့ပြုပြီး စားရေရိက္ခာဖူလုံစေရန် ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် အရေးပါခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါသည်။

ရေဝပ်ဒေသများသည်   ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အရေးပါသည့်အလျောက် ရေဝပ်ဒေသများကိုဝိုင်းဝန်းထိန်းသိမ်းကြရန် “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar) ၌ ဖွဲ့စည်းခဲ့ပါသည်။  ယနေ့အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော  ရေဝပ်ဒေသပေါင်း   ၂၅၂၆ ခုရှိကာ စုစုပေါင်းဧရိယာ ၂၅၇,၅၃၈,၂၁၈ ဟတ်တာရှိပါသည်။

အာဖရိက၊ အာရှ၊ ဥရောပနိုင်ငံများ၊ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၊ မြောက်အမေရိက၊ သမုဒ္ဒရာပိုင်းနိုင်ငံများဟူ၍ ဒေသအလိုက် ပိုင်းခြားသတ်မှတ် ထိန်းသိမ်းထားလျက်ရှိပါသည်။ အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသများကို “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ” ဟုလည်း ခေါ်ဆိုပါသည်။ ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ အများဆုံးရှိသည့်နိုင်ငံများမှာ ယူနိုက်တက်ကင်းဒမ်းဖြစ်ပြီး  ရမ်ဆာရေဝပ်ဒေသ ၁၇၆ ခုရှိ၍ ဒုတိယအများဆုံးမှာ မက္ကဆီကို နိုင်ငံဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ ၁၄၄ ခု ရှိပါသည်။

 “ရမ်ဆာ (Ramsar) ရေဝပ်ဒေသ” အဖြစ် သတ်မှတ်ခံရနိုင်ရန်  စံသတ်မှတ်ချက် (၉) ချက်ရှိပြီး  အနည်းဆုံးတစ်ချက်နှင့်ကိုက်ညီသောရေဝပ်ဒေသများကို နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ အဓိကစံသတ်မှတ်ချက်များမှာ ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါးသော ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကို  ထိန်းသိမ်းရန်အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ၏  အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံးအခြေအနေကို ပေးနိုင်သော သို့မဟုတ်  မတူညီသော အသက်ရှင်နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့်အထက် ပုံမှန်ကျက်စားနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

ရမ်ဆာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ

အနေဖြင့် ကွန်ဗင်းရှင်းအပေါ် ထားရှိရသည့် အဓိက ကတိကဝတ်တစ်ခုမှာ  စံသတ်မှတ်ချက်နှင့်ကိုက်ညီသော ရေဝပ်ဒေသများကို Ramsar List ဟု လူသိများသည့် နိုင်ငံတကာအရေးပါသော ရေဝပ်ဒေသများစာရင်းတွင် ထည့်သွင်းသတ်မှတ်ဖော်ပြရန်ဖြစ်ပါသည်။ “ရေဝပ်ဒေသများကွန်ဗင်းရှင်း (Convention on Wetlands)” အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရေဝပ်ဒေသများအားလုံးကို အကျိုးရှိစွာ စနစ်တကျအသုံးချခြင်း၊ နိုင်ငံတကာအဆင့် အရေးပါသည့်  ရေဝပ်ဒေသများ (ရမ်ဆာရေဝပ်ဒေသများ)ကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာပူးပေါင်းမှုများဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိသော ရေဝပ်ဒေသများ၊ အဆိုပါရေဝပ်ဒေသများရှိ သားငှက်တိရစ္ဆာန်မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသ

ကမ္ဘာ့ပထမဆုံး  ရမ်ဆာရေဝပ်ဒေသသည်   ဩစတြေးလျနိုင်ငံရှိ   ကိုဘော့(Cobourg) ကျွန်းဆွယ်(ဆိုက်အမှတ် ၁) ဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် သတ်မှတ်ခဲ့ပါသည်။ ကိုဘော့ (Cobourg) ကျွန်းဆွယ်သည် ဧရိယာအားဖြင့် ဟတ်တာ ၂၂၀,၇၀၀  ကျယ်ဝန်းပြီး ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစွာတည်ရှိသည့်အတွက် ကမ္ဘာ့ပထမဆုံး ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ 

ကိုဘော့ (Cobourg) ကျွန်းဆွယ်တွင် ကြီးမားသောအပင်များနှင့်   တောရိုင်းတိရစ္ဆာန်များ၊   ပင်လယ်လိပ်များကဲ့သို့ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များ၊ ရေပျော်ငှက်များ နေထိုင်ကျက်စားလျက်ရှိပြီး  မိကျောင်းများ၊ လင်းပိုင်များ၊ ငါးမန်းများ၊ လိပ်များ၊ ရေပျော်ငှက်များနှင့်   ငါးများအတွက် ဘေးကင်းသောပတ်ဝန်းကျင်တစ်ခုလည်းဖြစ်သည်။ အဆိုပါတိရစ္ဆာန်များအတွက် မျိုးပွားခြင်း၊ သားပေါက်ခြင်းနှင့်အစားအစာများအတွက် ခိုကိုးရာ၊ ထောက်ပံ့ပေးရာ နေရာလည်းဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သော ကမ်းရိုးတန်းငှက်များ၊ ရေပျော်ငှက်များ ခိုလှုံရာနေရာ (Refuge) အတွက် အရေးကြီးသော  နားခိုရာနေရာတစ်ခုလည်းဖြစ်သည်။ ဩစတြေးလျနိုင်ငံသည် ၁၉၇၅ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၆၇ ခု (ဟတ်တာ ၈ ဒသမ ၃ သန်းကျော်) သတ်မှတ်ထားပြီးဖြစ်ပါသည်။

ကမ္ဘာ့အကြီးဆုံး ရမ်ဆာရေဝပ်ဒေသဂီရိ-တွန်ဘာ-မိန်းဒွန်ဘီ   (Ngiri-Tumba-Maindombe) ရမ်ဆာရေဝပ်ဒေသ (ဆိုက်အမှတ်  ၉၅၀) သည် ရမ်ဆာကွန်ဗင်းရှင်းမှ အသိအမှတ်ပြုထားသည့် ကမ္ဘာ့အကြီးဆုံးရေဝပ်ဒေသဖြစ်သည်။

အဆိုပါနေရာသည် ကွန်ဂိုနိုင်ငံအနောက်ပိုင်းရှိ  တွန်ဘာရေကန် (Tumba Lake) ဝန်းကျင်ဒေသတွင်ရှိပြီး ဧရိယာအကျယ်အဝန်း ၆၅၆၉၆၂၄ ဟတ်တာရှိ၍ ဘယ်ဂျီယံနိုင်ငံ အရွယ်အစားထက် နှစ်ဆပိုကြီးမားပါသည်။ သစ်တောနှင့်အမြဲတမ်း သို့မဟုတ် ရာသီအလိုက် ရေကန်များနှင့် စိမ့်မြေ ဧရိယာကျယ်ပြန့်စွာပါဝင်နေသည့် အဆိုပါဧရိယာသည် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးတန်ဖိုးများစွာရှိသည်။

ရေဝပ်ဒေသအတွင်းတွင် ကျွဲ၊ မျောက်မျိုးစိတ်အမျိုးမျိုး၊ တောဆင်များ၊ ကျားသစ်များနှင့်    အခြားများစွာသော  တောရိုင်းတိရစ္ဆာန်များ၊ ရေပျော်ငှက်များစွာကို  တွေ့နိုင်ပါသည်။ စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ စုဆောင်းခြင်းကဲ့သို့သော   ဆောင်ရွက်မှုများသည် ရေဝပ်ဒေသအပေါ်တွင် မှီခိုနေသောဒေသခံ ပြည်သူများအတွက် ဝင်ငွေတိုးပွားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကွန်ဂိုနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ယနေ့အချိန်ထိ ရမ်ဆာရေဝပ်ဒေသ ၁၄ ခု(၁၃၈၁၃၈၆၅ ဟတ်တာ) သတ်မှတ်ထားပြီးဖြစ်ပါသည်။ 

အာရှအကြီးဆုံး ရေဝပ်ဒေသတရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းမွန်ဂိုးလီးယားဒေသ (Inner   Mongolia) ရှိ အာဂန်း (Ergun) ရေဝပ်ဒေသသည် တရုတ်နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်အကောင်းဆုံးနှင့်ဂေဟဗေဒအရ အရေးပါဆုံး ရေဝပ်ဒေသများထဲမှတစ်ခုဖြစ်ပြီး  ကျယ်ပြန့်သော မြက်ခင်းများ၊ စိမ့်မြေများ၊ မြစ်များနှင့် သစ်တောများ   လွှမ်းခြုံထားပါသည်။ အကွေ့အကောက်များသော အာဂန်း (Ergun) မြစ်နှင့် ၎င်း၏မြစ်လက်တက်များသည် စီးဆင်းနေသော ရေလမ်းကြောင်းနှင့် စိမ်းလန်းစိုပြည်သော ရှုခင်းများကို ဖန်တီးပေးသည့် ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့် ကျော်ကြားခြင်းဖြစ်ပါသည်။

ရေစိုမြေများ၊ စိမ့်များ၊ ရေလွှမ်းမြေများ၊ သစ်တောများနှင့် ကွဲပြားနေသော ရေကန်အချို့ကို လွှမ်းခြုံထားသည်။ မတူကွဲပြားသော အပင်မျိုးစိတ်များ၊ ငှက်များနှင့် အခြားတောရိုင်းတိရစ္ဆာန်များအတွက် မရှိမဖြစ်လိုအပ်သော နေရင်းဒေသတစ်ခုလည်းဖြစ်သည်။ အာဂန်း (Ergun) ရေဝပ်ဒေသသည်  ဧရိယာဟတ်တာ ၁၂၀၀၀ ကျော် ကျယ်ဝန်းပြီး တရုတ်နိုင်ငံတွင် အကြီးဆုံးရေဝပ်ဒေသဖြစ်သကဲ့သို့  အာရှတွင်လည်း  အကြီးဆုံးရေဝပ်ဒေသများထဲမှ တစ်ခုဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အခြားထင်ပေါ်ကျော်ကြားသော ရမ်ဆာရေဝပ်ဒေသတစ်ခုမှာ ဂွန်ဒေါင်းရှန်ကျန်းဖူတီယန် ဒီရေတောရေဝပ်ဒေသ  (Guangdong Shenzhen Futian Mangrove Wetlands) (ဆိုက်အမှတ်  ၂၅၁၈) ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပါသည်။   ရှန်ကျန်းပင်လယ်အော်၏ အရှေ့မြောက်ဘက်   ကမ်းရိုးတန်းတစ်လျှောက်တွင်တည်ရှိပြီး ကျယ်ပြန့်သောရွှံ့ညွန်တောများနှင့် ဒီရေတောများရှိသော မြစ်ကမ်းစပ်၊ မြစ်များဆုံစည်းရာပင်လယ်ပြင်တွင် တည်ရှိပါသည်။  ၎င်းရမ်ဆာရေဝပ်ဒေသသည်  အရှေ့အာရှ-ဩစတြေးလျ  ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australasian Flyway- EAAF) တွင်လည်း ကျရောက်နေပါသည်။

ဖူတီယန်ဒီရေတောတွင်  ဒီရေတောအပင်မျိုးစိတ် ၁၉ မျိုးကို ထိန်းသိမ်းထားရှိပြီး ငှက်မျိုးစိတ် ၂၆၀  ကျက်စားလျက်ရှိပါသည်။  နှစ်စဉ်ရေပျော်ငှက်ကောင်ရေ ၁၀၀,၀၀၀ ၏ ဆောင်းခိုရာနေရာတစ်ခုလည်း ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို ဂေဟဗေဒစနစ်ထိန်းသိမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေးအမြင်ဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်စေရေးအတူတကွ စီမံဆောင်ရွက်လျက်ရှိပါ‌သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်  ၁၉၉၂ ခုနှစ်တွင်  ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာကာ လက်ရှိအချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၈၂ ခု သတ်မှတ်ထားပြီးဖြစ်ပါသည်။ စုစုပေါင်း ရေဝပ်ဒေသဧရိယာ ၇,၆၄၇,၈၉၅ ဟတ်တာရှိပြီး ရေဝပ်ဒေသအမျိုးအစား စုံလင်ပြည့်စုံစွာ ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်ပါသည်။

အရှေ့တောင်အာရှဒေသ၏ ထင်ရှားသောရေဝပ်ဒေသများ

ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသသည် ကမ္ဘောဒီးယားနိုင်ငံရှိ ရမ်ဆာရေဝပ်ဒေသငါးခုအနက် အထူးထင်ရှားကျော်ကြားသော ရေဝပ်ဒေသတစ်ခုဖြစ်ပါသည်။   ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၉ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ  (ဆိုက်အမှတ် ၂၂၄၅)သည် အကောင်းမွန်ဆုံးသော ရေလွှမ်းလွင်ပြင်များ၊ ရေချိုဂေဟစနစ် ရွှံ့ညွန်တောများ ဖုံးလွှမ်းလျက်ရှိပြီး ဧရိယာအားဖြင့် ၂၁,၃၄၂ ဟတ်တာရှိပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။

မြန်မာနိုင်ငံရှိ အင်းလေးကန်ကဲ့သို့ပင် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏  ဒေသခံပြည်သူများသည် ရေပေါ်အိမ်များတွင် နေထိုင်ကြပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းခြင်းနှင့်  အခြားရေလုပ်ငန်းများအပေါ် မှီခိုနေထိုင်ကြသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်သည့် နေရာလည်းဖြစ်ပါသည်။ ရေပျော်ငှက်မျိုးစိတ်များစွာအတွက် နေရင်းဒေသများ၊ သားပေါက်မွေးမြူနိုင်သည့် နေရင်းဒေသများစွာကို ထောက်ပံ့ပေးထားသည်။ ဂေဟစနစ်ကောင်းမွန်သော   ရေလွှမ်းလွင်ပြင်များကို ပိုင်ဆိုင်သည့် ပရက်တိုး (Prek Toal) ရေဝပ်ဒေသသည် ရေချိုဂေဟစနစ်ရွှံ့ညွန်တောများကို ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်များဖြစ်သည့်  River Terrapin (Batagur baska)၊ Giant Barb (Catlocarpio siamensis)၊ Siamese crocodile (Crocodylus siamensis) နှင့်  Mekong giant catfish (Pangasia-nodon gigas) တို့ ကျက်စားနေထိုင်ပါသည်။  မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်ဖြစ်သည့်  Greater  Adjutant (Leptoptilos dubius)  နှင့်  Masked Finfoot (Heliopais personatus) တို့ ကျက်စား နေထိုင်ခြင်းသည် ပရက်တိုး (Prek Toal) ရမ်ဆာရေဝပ်ဒေသ၏ ထူးခြားသောတန်ဖိုးများဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ ကရာဘီမြစ်ဝှမ်း (Krabi Estuary)ရမ်ဆာရေဝပ်ဒေသ(ဆိုက်အမှတ် ၁၁၀၀) သည် ထင်ရှားကျော်ကြားသော ရမ်ဆာရေဝပ်ဒေသဖြစ်ပြီး ဧရိယာအားဖြင့် ၂၁၂၉၉ ဟတ်တာရှိကာ ၂၀၀၁  ခုနှစ် ဇူလိုင်လ  ၅  ရက်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။  ထိုင်းနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာကာ လက်ရှိအချိန်ထိ ရမ်ဆာရေဝပ်ဒေသပေါင်း ၁၅  ခု  သတ်မှတ်ထားပြီးဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသ အမျိုးအစားများမှာ အဏ္ဏဝါအမျိုးသားဥယျာဉ်များ (Marine National Park)၊ မြစ်ဝှမ်းဒေသများ (Estuaries) ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ (Wildlife Sanctuaries)၊ မြစ်ကြောင်းဧရိယာများ အစရှိသဖြင့် အမျိုးအစားစုံလင်လှပါသည်။ ကရာဘီမြစ်ဝှမ်း ရမ်ဆာရေဝပ်ဒေသအပါအဝင် ရမ်ဆာရေဝပ်ဒေသများတွင်  ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်အတူ ကျေးရွာလူထုအခြေပြုထိန်းသိမ်းရေးနှင့်ခရီးသွားလုပ်ငန်းဆောင်ရွက်မှုများကို  အဓိကထား

လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသများ

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ်လ ၁၇  ရက်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်    စတင်ပါဝင်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများစီမံအုပ်ချုပ်သည့်အဖွဲ့အစည်း (Administrative Authority) အဖြစ် ရေဝပ်ဒေသထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ရမ်ဆာရေဝပ်ဒေသများကို သတ်မှတ်ထိန်းသိမ်းလျက်ရှိရာ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ မုတ္တမပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း) ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ နံသာကျွန်းနှင့် မေယုမြစ်ဝဒေသကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း၊ တံတားဦးမြို့ အနီးရှိ ပြူကန်ရေဝပ်ဒေသကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံတွင်   နိုင်ငံတကာအသိအမှတ်ပြု ရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈,၉၁၃ ဟတ်တာကျော်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရမ်ဆာရေဝပ်ဒေသမှာ  မိုးယွန်းကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော  (ဆိုက်အမှတ် ၁၄၃၁ )ဖြစ်ပြီး မိုးယွန်းကြီးအင်းအပါအဝင် ရေဝပ်ဒေသများ၌ နယ်မြေခွဲခြားခြင်းကို အမာခံထိန်းသိမ်းရေးနယ်မြေ (ငှက်နှင့်ငါးသားပေါက်ရန်၊  ဆောင်းခိုငှက်များ မှီခိုကျက်စားနိုင်ရန်အတွက်  သုတေသနလုပ်ငန်းမှအပ ဝင်ရောက်ခြင်းခွင့်မပြု)၊ ကြားခံနယ်မြေ (ဖွံ့ဖြိုးရေးဇုန်တွင် ငါးဖမ်းခြင်း၊ အင်းဆက်စုဆောင်းခြင်းနှင့် အကျိုးရှိစွာ အသုံးပြုရေးဇုန်နယ်မြေတွင် ငါးဖမ်းခြင်း၊ အင်းဆက်စုဆောင်းခြင်း၊ ကျွဲ၊ ဘဲ စားကျက်ချခြင်း၊ ဆိုင်ရာဆိုင်ခွင့်နှင့်အညီ လယ်စိုက်ခြင်း) စသည်ဖြင့်  ခွဲခြားပြီး စီမံအုပ်ချုပ်ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ်အောက်တိုဘာလမှဧပြီလအထိ လာရောက်ကျက်စားကြပါသည်။ မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ်ပို့ချပ်ခေါင်းစိမ်း(Baer’s Pochard)၊   မျိုးသုဉ်းရန်  အန္တရာယ်ကျရောက်နိုင်သော    မျိုးစိတ်ပို့ချပ်ဘဲ (Common   Pochard)၊   မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် ဘဲနီစပ် (Ferruginous Pochard)၊  ခရုစုတ်အနက် (Black-headed Ibis)၊ နှုတ်သီးကောက်ကြီး (Eurasian  Curlew)၊  ဘဲတောင်ရှည် (Falcated -Duck) နှင့် ဌာနေရေပျော်ငှက်များတွင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်ကြိုးကြာခေါင်းနီ (Sarus Crane)၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါးမျိုးစိတ် ငှက်ကြီးဝန်ပို (Spot-billed Pelican)၊ ဥပန်း (Oriental Darter) မျိုးစိတ်များကို အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် တွေ့ရှိနိုင်ပါသည်။

သစ်တောဦးစီးဌာန၏  နှစ်စဉ်ငှက်စာရင်းကောက်ယူမှုများအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ   ဒီဇင်ဘာလအတွင်း အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်   ငှက်မျိုးစိတ်   ၁၁၁ မျိုးနှင့် ကောင်ရေ ၂၃,၉၃၆၊  မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်  ငှက်မျိုးစိတ် ၁၂၄ မျိုးနှင့် ကောင်ရေ ၄၈,၄၆၄၊  အင်းလေးကန်‌တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်  ငှက်မျိုးစိတ် ၁၂၈ မျိုးနှင့် ကောင်ရေ  ၁၆,၆၈၀၊   မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်   ငှက်မျိုးစိတ်  ၁၄၉  မျိုးနှင့်  ကောင်ရေ ၁၈,၈၉၃ တို့ နေထိုင်ကျက်စားကြောင်း လေ့လာတွေ့ရှိရပါသည်။

အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့

ယခုအခါတွင် လူဦးရေတိုးတက်လာမှု၊ မြို့ပြများနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအဆောက်အအုံများ တိုးချဲ့လာခြင်း၊ ရေအလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊  အမှိုက်သရိုက်များ ပလတ်စတစ်များ၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ရွှေနှင့်ဓာတ်သတ္တုတူးဖော်ခြင်းလုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများ များပြားလာခြင်း၊ အိမ်ထောင်စုများမှ အညစ်အကြေးများစွန့်ပစ်မှုနှင့် အခြားမြေအသုံးချမှုသို့ ပြောင်းလဲမှုများကြောင့် ရေဝပ်ဒေသများပျောက်ကွယ်ခြင်းနှင့် ပျက်စီးယိုယွင်းခြင်း၊ အရည်အသွေးကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

မြို့ပြပတ်ဝန်းကျင်ရှိ ရေဝပ်ဒေသများ၏ ရေလွှမ်းလွင်ပြင်ဧရိယာများလျော့ပါးခြင်း၊ ပျောက်ကွယ်ခြင်းတို့ကြောင့် ရေဝပ်ဒေသများ၏ ရေစီးဆင်းသိုလှောင်နိုင်မှု စွမ်းရည်များကျဆင်းပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်စေပါသည်။ ရေဝပ်ဒေသဂေဟစနစ် ယိုယွင်းပျက်စီးခြင်းကြောင့် ရေနေသတ္တဝါအမျိုးမျိုး၊ ဒေသမျိုးရင်း ငါးမျိုးစိတ်များနှင့် ရေနေအပင်များ ဆုံးရှုံးပျောက်ကွယ်သကဲ့သို့ ရေလုပ်ငန်းများကို မှီခိုနေရသော ဒေသခံရေလုပ်ငန်းများ၏လူမှုစီးပွားကျဆင်းစေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်ပါသည်။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဂေဟစနစ်တည်ငြိမ်ရေးအတွက် အလွန်အရေးပါသော ရေဝပ်ဒေသများထိန်းသိမ်းရေးကို နိုင်ငံအဆင့် စဉ်ဆက်မပြတ်အကောင်အထည်ဖော်နိုင်ရန် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကို လည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး “အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများ” ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။    မြန်မာနိုင်ငံ၏အမျိုးသားရေဝပ်ဒေသမူဝါဒ(၆) ရပ်ဖြစ်သည့် ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များတွင်  ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုမြှင့်တင်ခြင်း၊ ဒေသနှင့်နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်းစသည့် မူဝါဒလုပ်ငန်းစဉ်များ အောင်မြင်စေရန် အထူးအရေးကြီးပါသည်။

ထို့ကြောင့်လည်း ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ရေဝပ်ဒေသဂေဟစနစ်နှင့် ရေပျော်ငှက်ထိန်းသိမ်းရေးလုပ်ငန်းများ၌ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံတကာက သိမြင်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတို့၌ ရေဝပ်ဒေသများ၏ အရေးကြီးသည့် အခန်းကဏ္ဍကို ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သူများအကြား ပိုမိုသိရှိနားလည်စေရန်နှင့်ဆက်စပ်ပတ်သက်သူများအကြား ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့်အကျိုး

ရှိစွာအသုံးချခြင်းတို့တွင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိပါသည်။

“Protecting Wetlands  for  Our Common Future” “အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဟူသည့် ယခုနှစ်    ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်နှင့်အညီ   ကောင်းမွန်သော အနာဂတ်များပိုင်ဆိုင်နိုင်ရန် ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်းနှင့်စီမံအုပ်ချုပ်ခြင်းများတွင် ဆက်စပ်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများ၊ ဌာနေ

တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ အားလုံးတက်ကြွစွာ   ပူးပေါင်းပါဝင်ပေးကြပါရန်   အလေးထားတိုက်တွန်းနှိုးဆော်လျက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ကို ဂုဏ်ပြုလိုက်ပါသည်။      ။

Source: Myawady Web Portal

 

သစ်တောမောင်

လူငယ်ဆိုသည်မှာ   အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်၍ ပစ္စုပ္ပန်ကာလတွင် လူငယ်များကို ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိနိုင်ငံနှင့်လူမျိုးကိုချစ်တတ်သည့်စိတ်၊ နိုင်ငံနှင့်လူမျိုးအတွက်ဆိုလျှင် ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်မည်ဆိုသည့်စိတ်တို့ ရှိနေရမည်ဖြစ်သည်။  လွန်ခဲ့သော အတိတ်ကာလတွင်  မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်နေရစဉ်    ကိုလိုနီလက်အောက်ခံအဖြစ်မှ လွတ်မြောက်အောင်   ကြိုးစားခဲ့ကြသည်မှာလည်း လူငယ်များပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ဝိုင်အမ်ဘီအေအသင်းကို ဦးဆောင်တည်ထောင်ခဲ့ကြသူများမှာလည်း  လူငယ်များသာဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည်   ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးစီးဦးဆောင်ပြုခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်ကျော် ၂၆ နှစ်မျှသာရှိသေးသည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသားတို့အတွက်ဟူသော စိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သည်။ နိုင်ငံနှင့် လူမျိုးကိုချစ်သည့်စိတ်ဓာတ်  အရင်းခံရှိနေခြင်းကြောင့် မည်သည့်အန္တရာယ် အခက်အခဲကိုမဆို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး   နိုင်ငံလွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လူငယ်တို့၏စိတ်ဓာတ်ကို ဗိုလ်ချုပ်အောင်ဆန်းက အကောင်းဆုံးအသုံးချကာ စွမ်းဆောင်ပြသသွားသည်။

ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားသည်၊ ချစ်ခင်မြတ်နိုးသည်ဟုဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံချစ်စိတ်မွေးမြူ ကြရမည်ဖြစ်သည်။ လူငယ်တိုင်းနိုင်ငံကို ချစ်သည့်စိတ် ထားရှိကြမည်ဆိုလျှင် လက်ဝယ်ပိုင်ပိုင် ရရှိထားသော  နိုင်ငံ့လွတ်လပ်ရေးသည် ခိုင်ခိုင်မာမာ တည်တံ့နေမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးထမ်းရွက်ရမည့် မွေးရာပါတာဝန်ဖြစ်သည်။ ထိုတာဝန်ကိုအဓိကအားဖြင့် လူငယ်မျိုးဆက်သစ်အဆက်ဆက်တို့က မဖြစ်မနေ ထမ်းဆောင်ကြရပေမည်။

ထိုသို့   တာဝန်ထမ်းဆောင်နိုင်စေရန်ယခုအခါ   ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေပြီဖြစ်သည်။     ပြည်သူ့စစ်မှုထမ်းဥပဒေသည်    နိုင်ငံတော်ကိုကာကွယ်လိုသောလူငယ်မောင်မယ်များအတွက်    အခွင့်အလမ်းတစ်ခုဖြစ်သည်။   အသက်အရွယ်ကြီးရင့်သည့် အခါကျမှ စစ်မှုထမ်းဆောင်ချင်၍ ဖြစ်နိုင်သည့်အရာမဟုတ်ပေ။ သူ့အသက် အရွယ်နှင့်သူ  ထမ်းဆောင်ရသည့်တာဝန်ဖြစ်သည်။ မိမိတို့၏ဘိုးဘွားများ တည်ထောင်ထားခဲ့သည့်နိုင်ငံ၊  လွတ်လပ်ရေး ရယူပေးထားသည့်နိုင်ငံကို မိမိတို့လူငယ်များလက်ထက်တွင်  ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရမည်သာ ဖြစ်သည်။

မိသားစုတစ်စုအနေဖြင့် မိမိတို့နေထိုင်သည့်    အိမ်နှင့်ခြံမပျက်ယွင်းစေရေး၊ ရန်စွယ်အန္တရာယ်များမှ လွတ်ကင်းအောင်ကာကွယ်ရေးမှာ   မိသားစုအားလုံး၏ တာဝန်ဖြစ်သကဲ့သို့ မိမိနိုင်ငံအား အမျိုးမျိုးသော ဘေးရန်အပေါင်းမှ ကာကွယ်စောင့်ရှောက်ရန်မှာလည်း မိသားစုတစ်ခုနှင့်တူသော နိုင်ငံသားများ၏ တာဝန်သာဖြစ်သည်။ ထိုတာဝန်သည် မွေးရာပါတာဝန်ဟုဆိုထားသည့်အတိုင်း လူငယ်တိုင်းက အားကြိုးမာန်တက်ထမ်းဆောင်ကြရမည်ဖြစ်သည်။     ရေသာခိုအချောင်လိုက်ချင်သော စိတ်ဓာတ်မျိုးသည် မိမိတို့ဘဝတွင် ကြီးမားသော အနှောင့်အယှက်ဖြစ်သည်။ ဘဝ၏တိုးတက်လမ်းကို ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပေမည်။ သူများလုပ် နိုင်သည့်အလုပ်ကို ငါလည်းလုပ်နိုင်သည်။

လုပ်ဆောင်နိုင်အောင် ကြိုးစားမည်ဟူသောစိတ်သည် ဘဝကိုတိုးတက်မြင့်မားစေသည့်စိတ်ဖြစ်သည်။ လူငယ်တိုင်းက သူ့ထက်ငါသာအောင် ကြိုးစားမည်ဟူသောစိတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံအတွက်၊ အထူးသဖြင့် နိုင်ငံ၏အနာဂတ်အတွက် အထူးပင်ရှိသင့်ရှိထိုက်သည့် ဥပဒေဖြစ်သည်။ မျိုးဆက်သစ်အဆက်ဆက်က နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ပြီးပါက လူငယ်အားလုံးသည် စစ်ပညာတတ်မြောက်ပြီး ဖြစ်နေပေလိမ့်မည်။ တစ်နိုင်ငံလုံးရှိလူငယ်အားလုံး စစ်ပညာတတ်မြောက်ထားပြီး ကာကွယ်ရေးအင်အားကို အချိန်တိုအတွင်းစုစည်းနိုင်သည့် အနေအထားမျိုးကို ရောက်အောင်မြန်မာနိုင်ငံမှာလည်း ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ဆိုပါလျှင် လူငယ်တိုင်းစစ်မှုထမ်းဆောင်ရန် အချိန်ကျရောက်သည်နှင့် ဂုဏ်ယူဝင့်ကြွားစွာ စစ်မှုထမ်းဆောင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို  ကျင့်သုံးခဲ့သည်။ အဆိုပါဥပဒေမှာ ၂၀၁၀ ပြည့်နှစ်ကတည်းက အတည်ပြု ရေးဆွဲထားရှိပြီးဖြစ်သည့် ဥပဒေဖြစ်သည်။ ယနေ့အချိန်ကာလရောက်မှသာ  ကျင့်သုံးခြင်းဖြစ်သည်။ ထိုဥပဒေအရ သတ်မှတ်ချက်နှင့်ကိုက်ညီသူများ စတင်အမှုထမ်းကြသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။   လူငယ်များ၏ တက်ကြွသောအားမာန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်  ထမ်းဆောင်လိုစိတ်များမှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ကောင်းလှသည်။  ယခုအခါ  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိသည်။  သင်တန်းဆင်းစစ်မှုထမ်းများအနေဖြင့်လည်း   မိမိတို့တာဝန်ကျရာတပ်များတွင်  အထက်ကပေးအပ်သောအမိန့်နှင့်တာဝန်ကို   ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း   တစ်ရာကျော်နေထိုင်သည့်  နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အဓိကသော့ချက်သည် ဒို့တာဝန်အရေးသုံးပါးဖြစ်သည်။   ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် အမျိုးသားနိုင်ငံရေးတာဝန်လည်း  ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမည်မှာ နိုင်ငံသားအားလုံးနှင့်ဆိုင်သော ကိစ္စရပ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊  နိုင်ငံသားတို့အတွက်  အသက်သွေးကြောဖြစ်သည်။ အမျိုးသားရေး အသိအမြင်များ မှန်ကန်နိုးကြားရှင်သန်ရေး၊ နိုးကြားရှင်သန်နေသောအသိအမြင်များ ခိုင်မာနေရေးတို့အတွက် အစဉ်အမြဲဆောင်ရွက်နေရန်မှာ တစ်မျိုးသားလုံး၏တာဝန်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက် တစ်ဆင့်ပြီးတစ်ဆင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသစ်အသစ်ဖြစ်ထွန်းပေါက်ဖွားနေသည့် နိုင်ငံသားတိုင်း၏ အမျိုးသားရေး အသိအမြင် မှန်ကန်မှုပေါ်တွင်အခြေခံလျက်ရှိသည်။ ထို့ကြောင့်အနာဂတ်မျိုးဆက်သစ်များအား မှန်ကန်သော အမျိုးသားနိုင်ငံရေးအသိအမြင်များကို လက်ဆင့်ကမ်းကြရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တက်ကြွစွာထမ်းဆောင်လိုစိတ်သည် လူငယ်တိုင်းတွင်ရှိနေရမည့်နိုင်ငံချစ်စိတ်ဖြစ်သည်။

နိုင်ငံသားတိုင်း၏ပင်မတာဝန်သည် မည်သည့်အစိုးရလက်ထက်၊ မည်သည့်အယူ၊ မည်သည့်ဝါဒ ကျင့်သုံးသည်ဖြစ်စေ ပိုင်နက်အမိမြေကို   ယုတ်လျော့မှုမရှိစေရေး ကာကွယ်စောင့်ရှောက်ကြရန်ဖြစ်သည်။ ထို့အတူ မိမိတို့ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များ၊ တောတောင်ရေမြေ၊ မြေပေါ် မြေအောက်သယံဇာတ အရင်းအမြစ်ပစ္စည်းများ မဆုံးရှုံးရန်ဖြစ်သည်။ ထို့ပြင် မိမိတို့ပိုင်ဆိုင်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်တည်တံ့နေရန်ဖြစ်သည်။ သို့မှသာကမ္ဘာတည်သမျှ မြန်မာနိုင်ငံသည် ထည်ဝါခံ့ညားစွာတည်ရှိနေမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာကြည့်လျှင်  အင်အားကြီးနိုင်ငံအချို့သည်     အင်အားနည်းပါးသော နိုင်ငံငယ်တို့အပေါ် တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဗိုလ်ကျစိုးမိုးရန် လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း ပြည်ပ၏စွက်ဖက်မှု၊ လွှမ်းမိုးရန် ကြိုးပမ်းမှုများကို ရင်ဆိုင်နေရသည်။ ထိုအခြေအနေများကို ကာကွယ်သွားရန်  မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးခြင်းမှာ နိုင်ငံအတွက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ပေးလိုက်ခြင်းပင်ဖြစ်သည်။

တပ်မတော်သားအဖြစ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ဖူးမှသာ တပ်မတော်သားတို့ဘဝကို  စာနာနားလည်လာမည် ဖြစ်သကဲ့သို့ တပ်မတော်သားတို့အပေါ်တန်ဖိုးထားကြလိမ့်မည်ဖြစ်သည်။ အရွယ်ရောက်သူတိုင်းက  စစ်ပညာသင်ကြားတတ်မြောက်ကာ စစ်မှုထမ်းပြီးဖြစ်ကြမည်ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေး၏ သဘောတရား၊ တာဝန်များကို လူငယ်တို့ပိုမိုနားလည်လာမည်ဖြစ်သည်။  နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူများရှိနေမှ မိမိတို့နိုင်ငံသည်   အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်တည်ရှိနေမည်ဖြစ်သည်။

လူငယ်တိုင်းတွင် စွန့်လွှတ်စွန့်စားသည့်စိတ်ကိုယ်စီရှိကြသည်။ အဆိုပါစိတ်ဓာတ်ရှိနေ၍လည်း မိမိတို့၏ ဘိုးဘွားများဖြစ်သောလူငယ်တို့သည် သူ့ခေတ်သူ့အခါက မိမိနိုင်ငံ၊ မိမိတို့လူမျိုးဂုဏ်ရှိန် မြင့်မားစေရေး တာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ကြသည်။ မိမိတို့လူမျိုးဟုဆိုရာတွင် မြန်မာနိုင်ငံအတွင်း    နှစ်ပရိစ္ဆေဒကြာမြင့်စွာ အေးအတူပူအမျှ နေထိုင်လာခဲ့ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊  ရှမ်း စသော  တိုင်းရင်းသားများကိုဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် တိုင်းရင်းသားအားလုံး၏ တာဝန်၊ နိုင်ငံအတွင်းမှီတင်းနေထိုင်သူအားလုံး၏ တာဝန်ဖြစ်သည်မှာ ထင်ရှားလှသည်။ ထို့ထက်ပို၍  ထင်ရှားစွာပြဆိုရလျှင် မြန်မာနိုင်ငံအတွင်း   တိုင်းရင်းသားလူမျိုးများ နေထိုင်မှုပုံစံမှာ သူ့ပြည်နယ်သူနေ၊ ကိုယ့်ပြည်နယ်ကိုယ်နေပုံစံမျိုး မဟုတ်ပေ။ မြန်မာနိုင်ငံ၏ နေရာဒေသတိုင်းတွင်  တိုင်းရင်းသားပေါင်းစုံတို့သည် အေးအတူပူအမျှ နေထိုင်ကြခြင်းဖြစ်သည်။

ထို့ကြောင့်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံအတွင်းမှီတင်းနေထိုင်သူအားလုံးနှင့် သက်ဆိုင်သည်။ ယနေ့အချိန်ကာလတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို   တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ဖွင့်လှစ်ပေးလျက်ရှိသည်။ လူငယ်များအနေဖြင့်လည်း မိမိနိုင်ငံကို မိမိတို့ မဖြစ်မနေကာကွယ်ကြမည် ဟူသော စိတ်ဓာတ်ဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်လျက်ရှိသည်။ အဆိုပါလူငယ်များ၏ စွမ်းဆောင်ချက်ကို ပြည်သူအားလုံးက ကြိုဆိုသည်။

စာရေးသူအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းအားလုံးကို ကြိုဆိုပါသည်။ ထိုသို့ကြိုဆိုသောအားဖြင့် “တာဝန်လည်းရှိ တာဝန်လည်းသိသောလူငယ်များ” ဟူသောခေါင်းစဉ်ဖြင့်   လူငယ်များကို   ဂုဏ်ပြု ရေးသားလိုက်ပါသည်။  ။

Source: Myawady Web Portal

 

မန္တလာကိုကိုဝင်း

ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲရုံနဲ့  ကျန်းမာရေးပိုကောင်းနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက    ဖော်ထုတ်ထားပါတယ်။  ဒါကြောင့်   နေ့စဉ်ဘယ်လိုစားသောက်နေထိုင်မှုတွေ ပြောင်းလဲရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

နှလုံးရောဂါကာကွယ်ဖို့    ဖရဲသီးစားသင့်ပါတယ်။ ဖရဲသီးက သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေထဲမှာ လိုင်ကိုပင်း အများဆုံးပါဝင်တဲ့ အစားအစာဖြစ်တယ်။ ဖရဲသီးမှာနှလုံးကိုကာကွယ်နိုင်တဲ့    ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ခရမ်းချဉ်သီးမှာပါဝင်တာထက်  ၄၀  ရာခိုင်နှုန်းပါဝင်တဲ့အတွက်နှလုံးကို အဓိကထားပြီး ဒုက္ခပေးတဲ့ ဓာတ်တိုးပစ္စည်းရန်မှ   ကာကွယ်ပေးပါတယ်။ လေ့လာမှုအသစ်အရလည်း    ဖရဲသီးမှာပါဝင်တဲ့လိုင်ကိုပင်းတွေကို ခန္ဓာကိုယ်မှအများဆုံးစုပ်ယူနိုင်ပါတယ်။  ဖရဲသီးမှာ  ရေဓာတ်များစွာပါဝင်လို့ ဖရဲသီးတစ်စိတ်လောက်စားလိုက်တာနဲ့   နှလုံးရောဂါကိုကာကွယ်နိုင်အားက    ၃၀    ရာခိုင်နှုန်းပိုများသွားနိုင်တယ်။

ချောကလက်စားသင့်ပါတယ်။   တစ်ရက်ကို‌ ချောကလက်တစ်အောင်စ  စားသုံးတာကြောင့်  နှလုံးရောဂါဖြစ်နိုင်ခြေ  ၆၆ ရာခိုင်နှုန်းလျှော့ချနိုင်တယ်လို့  ဆေးပညာဂျာနယ်မှာ   ဖော်ပြထားပါတယ်။    သွေးကြောတွေသန်မာစေပြီး      နှလုံးဆဲလ်ကျန်းမာရေးကိုကာကွယ်နိုင်တာကြောင့် ချောကလက်စားသင့်ပါတယ်။

သီချင်းနားထောင်သင့်ပါတယ်။ တစ်ရက်ကို   မိနစ် ၂၀ ခန့်    သီချင်းနားထောင်တာကြောင့် နာကျင်မှုဝေဒနာ ၆၆ ရာခိုင်နှုန်း  လျော့ကျနိုင်တယ်လို့     လေ့လာမှုတစ်ခုမှာတွေ့ရှိခဲ့ပါတယ်။ သီချင်းသံကနာကျင်မှုဝေဒနာကို လျှော့ချနိုင်တဲ့ အန်ဒိုဖင်တွေထွက်လာအောင်   လှုံ့ဆော်နိုင်လို့ပဲဖြစ်ပါတယ်။

မှတ်ဉာဏ်တွေပြန်ရအောင်  ဆော်ဒါသောက်သင့်ပါတယ်။    မိတ်ဆွေတွေရဲ့နာမည်မေ့နေရင် ဆော်ဒါပါတဲ့အချိုရည်သောက်သင့်ပါတယ်။    ဆော်ဒါပါတဲ့အချိုရည်တစ်ဘူး   သောက်လိုက်တာကြောင့်   ဆော်ဒါမသောက်သူတွေထက် မှတ်မိနိုင်စွမ်းအား  ၁၁ ရာခိုင်နှုန်းပိုများတယ်လို့  လေ့လာမှုတစ်ခုအရ  တွေ့ရှိခဲ့ပါတယ်။   အချိုရည်နှစ်ဘူးသောက်တာကြောင့်  မှတ်ဉာဏ်စွမ်းအား ၁၇  ရာခိုင်နှုန်းပိုများနိုင်ပါတယ်။    တချို့စာတွေက  ဦးနှောက်ရဲ့မှတ်ဉာဏ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။

ဝမ်းဗိုက်ချပ်ရပ်မှုရှိအောင် ခန္ဓာကိုယ်ဆွဲဆန့်လုပ်ပေးသင့်ပါတယ်။     နေ့စဉ်ယောဂကျင့်စဉ်ကို    နာရီဝက်လောက်ပြုလုပ်တာကြောင့် ဝမ်းဗိုက်ထဲမှာ  အဆီစုနေတာတွေ     ထက်ဝက်လျော့ကျသွားနိုင်ပါတယ်။   ယောဂကျင့်စဉ်ပြုလုပ်တာကြောင့်   ခန္ဓာကိုယ်ရဲ့သဘောကို သိရှိ နားလည်ပြီး အစားစားချင်စိတ်လွန်ကဲမှုမဖြစ်အောင်  ကာကွယ်နိုင်တာကြောင့်လို့ဆိုပါတယ်။

ယောဂကျင့်တာကြောင့်  ဆံသားတွေလည်း   ထူလာစေနိုင်ပါတယ်။  ယောဂပြုလုပ်တဲ့ခန္ဓာကိုယ်အနေအထားကြောင့်ဦးခေါင်းခွံအတွင်း အောက်ဆီဂျင်ကြွယ်ဝတဲ့    သွေးတွေပိုမိုရောက်ရှိပြီး   ဆံသားထူကာ    တောက်ပြောင်လာနိုင်တယ်လို့   အိန္ဒိယနိုင်ငံမှ   သုတေသီတွေက   တွေ့ရှိထားပါတယ်။

ကင်ဆာရောဂါဖြစ်နိုင်ခြေလျှော့ချဖို့မုန်လာဥနီစားပေးသင့်ပါတယ်။  မုန်လာဥနီမှာ   Falcarinol  ဒြပ်ပေါင်းပါဝင်တဲ့တစ်ခုတည်းရှိတဲ့   ဟင်းသီးဟင်းရွက်ဖြစ်တယ်။ အဲဒီဒြပ်ပေါင်းက ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်တွေကိုဖျက်ဆီးပစ်နိုင်တာကြောင့်ကင်ဆာဖြစ်နိုင်ခြေ  ၃၀  ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။  မုန်လာဥနီကို အလုံးလိုက်ပြုတ်ပြီး စားသင့်ပါတယ်။ ချက်ပြုတ်ပြီးမှ လှီးဖြတ်သင့်တယ်။ မချက်ပြုတ်ခင်မှာ   လှီးဖြတ်လိုက်တာကြောင့်   အဲဒီ ဒြပ်ပေါင်းတွေက   ရေထဲကိုစိမ့်ထွက်နိုင်ပါတယ်။

မှတ်ဉာဏ်ကို ကာကွယ်နိုင်အောင်ကြက်သားစားသင့်ပါတယ်။ ကြက်သားမှာ အဆီပါဝင်မှုနည်းပြီး နိုင်ယာစင်ခေါ်တဲ့ဗီတာမင် B - 3   အများအပြားပါဝင်တဲ့အတွက်အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်။  နိုင်ယာစင်များစွာပါဝင်တဲ့အစာကိုများများစားသူတွေက    မှတ်ဉာဏ်ကျဆင်းနိုင်ခြေနည်းပါးပြီး အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေလည်း  ၈၀  ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ နိုင်ယာစင်ကို   နေ့စဉ်၁၅ မီလီဂရမ်ရရှိအောင် ကြက်သားဟင်းတစ်တုံးစားပေးသင့်ပါတယ်။

သူငယ်ချင်းတွေနဲ့ အတူတူတွဲသွားသင့်ပါတယ်။ တစ်ယောက်တည်းနေတာထက်စာရင်  သူငယ်ချင်းတွေနဲ့အတူတူ‌  တွဲနေတာကြောင့်    မှတ်ဉာဏ်တိုးတက်နိုင်ခြေ ၅၀    ရာခိုင်နှုန်း     ပိုမိုမြင့်မားတယ်လို့သိပ္ပံပညာရှင်တွေတွေ့ရှိခဲ့ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုမျှဝေလိုက်တာကြောင့် အာရုံကြောဆဲလ်အသစ်တွေ  ပိုမိုထွက်ပေါ်လာတာလို့ဆိုပါတယ်။

နှလုံးသန်မာအောင် ပဲပိစပ်စားသင့်ပါတယ်။  ပဲပိစပ်နဲ့ပြုလုပ်ထားတဲ့မုန့်ဥပမာ-တိုဟူးကို ပုံမှန်စားသုံးသူတွေကသွေးဖိအား  သိသိသာသာကျဆင်းနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ သုတေသီတွေကဖော်ထုတ်လိုက်ပါတယ်။ ပဲပိစပ်မှာ  ပရိုတင်းတွေက    သွေးတိုးကျဆေးလိုမျိုးထိရောက်မှုရှိတာကြောင့်လို့     ဆိုတယ်။ ပဲပိစပ်မှာပါဝင်တဲ့    ပရိုတင်းအိုင်ဆိုဖလိုဘုန်းခေါ်တဲ့  အီစတြိုဂျင်နဲ့ဆင်တူတဲ့ဒြပ်ပေါင်းတွေက သွေးကြောတွေ ရောင်ရမ်းမှုအတွက် သွေးကြောကြွက်သားတွေကို   အနားရရှိစေတာကြောင့်  အလွယ်တကူသွေးစီးဆင်းမှုရရှိစေနိုင်ပါတယ်။

ကြက်ဥ၊ ဘဲဥ စားသင့်ပါတယ်။ ကြက်ဥ၊ဘဲဥမှာ   Choline   နဲ့ Betaine   ခေါ်တဲ့ အာဟာရဓာတ်တွေ  များစွာပါဝင်လို့ သွေးခဲမှုဖြစ်အောင်လှုံ့ဆော်နိုင်တဲ့  Ho-mocysteine ရဲ့ အဆင့်ကို  လျှော့ချနိုင်ပါတယ်။

ရင်သားကင်ဆာမဖြစ်အောင် စပျစ်သီးဖျော်ရည်သောက်သင့်ပါတယ်။   စပျစ်သီးဖျော်ရည်တစ်ဖန်ခွက်သောက်တာကြောင့်ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေကို၆၅  ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ စပျစ်သီးမှာပါဝင်တဲ့တစ်ခုတည်း ဆေးဒြပ်ပေါင်းပိုလီဖီနောက    ကင်ဆာဆဲလ်တွေကြီးထွားမှုကိုကာကွယ်နိုင်ပြီး  ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေကို  ဖျက်ဆီးပစ်လိုက်တာကြောင့်ဖြစ်ပါတယ်။  ဒါကြောင့် နေ့စဉ်စပျစ်သီးဖျော်ရည်တစ်ခွက်သောက်သုံးသင့်ပါတယ်။

အရိုးတွေသန်မာအောင်   ဒိန်ချဉ်စားပေးသင့်ပါတယ်။  ကယ်လ်စီယမ်ဓာတ်ကိုလုံလောက်အောင်ရနေတယ် ထင်ပါသလား။ ခန္ဓာကိုယ်က  ဗီတာမင် D  ကို အလုံအလောက်ရနေရင်တောင်  အရိုးသန်မာအောင် ကယ်လ်စီယမ်ကို ခန္ဓာကိုယ်ကနေစုပ်ယူမှုက   ၃၀ ရာခိုင်နှုန်းပဲရှိပါတယ်။  အပင်ကနေ သဘာဝကရရှိတဲ့အမှုန်နဲ့  အားဖြည့်ထားတဲ့ဒိန်ချဉ်ကို စားပေးတာကြောင့်  ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူမှုကို  သိသိသာသာမြင့်တက်စေတယ်လို့ တွေ့ရှိထားပါတယ်။

အရိုးသိပ်သည်းမှုဆုံးရှုံးတာ   ရပ်တန့်အောင်  နနွင်းစားသင့်ပါတယ်။  နနွင်းကအသက်ကြီးလာရင် ဖြစ်ပေါ်လာမယ့်အရိုးသိပ်သည်းဆဆုံးရှုံးမှုကို   တားဆီးပေးနိုင်ပါတယ်။ 

Source: Myawady Web Portal

ဒေါက်တာလွင်သန့်

ကမ္ဘာ့ကားဈေးကွက်တွင်  ဘက်ထရီလျှပ်စစ်သုံးကားများကို  ပိုမိုတောင်းဆိုလာရာ ကားထုတ်လုပ်သည့်နိုင်ငံများက EV ဟု အတိုကောက်ခေါ်သည့် လျှပ်စစ်ကားများ၏   စွမ်းဆောင်ရည်များကိုမြှင့်တင်ပြီး   အပြိုင်အဆိုင်ထုတ်လုပ်လာသောကြောင့်  EV ကားဈေးကွက်မှာ  တစ်ကမ္ဘာလုံးတွင် ကျယ်ပြန့်လာလျက်ရှိသည်။

လျှပ်စစ်ကားများကို အသစ်အဆန်းတစ်ခုဟု လူအများကထင်ကြသော်လည်း  အမှန်တကယ်တွင် ၎င်းတို့သည် ရာစုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်ကာလ အစောပိုင်းတွင်အခြေခံ လျှပ်စစ်ကားမော်ဒယ်များသည်  ယနေ့ခေတ်ပေါ်နည်းပညာများအထိ  တိုးတက်ပြောင်းလဲလာခြင်းဖြစ်သည်။ လျှပ်စစ်ကားများ၏ သမိုင်းကြောင်းကို ပြန်ကောက်ရသော် ၁၈၂၈ ခုနှစ်တွင်ဟန်ဂေရီအင်ဂျင်နီယာ   အန်ယော့ဂျက်လစ်က အခြေခံမော်တာဖြင့်မောင်းနှင်သည့် ယာဉ်ငယ်ပုံစံကိုလည်းကောင်း၊ ၁၈၃၀ ပြည့်နှစ်တွင် စကော့တလန်တီထွင်သူ ရော့ဘက်အန်ဒါဆင်က အားပြန်မသွင်းနိုင်သော ဘက်ထရီများဖြင့်မောင်းနှင်သည့် ပထမဆုံး လျှပ်စစ်ရထားကိုလည်းကောင်း၊ အမေရိကန်လူမျိုးသောမတ်ဓာဗန်ပေါ့က    ဘက်ထရီစွမ်းအင်သုံးစက်ခေါင်းငယ်တစ်ခုကိုလည်းကောင်း   ဖန်တီးတီထွင်ခဲ့ကြသည်။

ယင်းနောက် ၁၈၃၄  ခုနှစ်တွင်  အမေရိကန် ဓာတုဗေဒပညာရှင် မော်ရစ်ဟာမန်းဗွန်ဂျာကိုဘီက  အားပြန်သွင်းနိုင်သော ဘက်ထရီအသုံးပြုလျှပ်စစ်လှေငယ်တစ်စင်းကိုလည်းကောင်း၊ ၁၈၅၉ခုနှစ်တွင် ပြင်သစ်တီထွင်သူ ဂတ်စတန်ပလန်တဲက လျှပ်စစ်ကားများအတွက်  ယုံကြည်စိတ်ချရသောစွမ်းအင်အရင်းအမြစ်ကိုပံ့ပိုးပေးသည့် ပထမဆုံးသော ခဲအက်စစ်ဘက်ထရီကိုလည်းကောင်း၊  ပြင်သစ်တီထွင်သူ ဂူစတတ်ထရုက  ၁၈၈၁  ခုနှစ်တွင်သုံးဘီးတပ်လျှပ်စစ်ကား၊ ၁၈၈၈  ခုနှစ်တွင်လေးဘီးတပ် လျှပ်စစ်ကားတို့ကိုလည်းကောင်းဖန်တီးတီထွင်ခဲ့ပြီး ဂျာမန်အင်ဂျင်နီယာ  အန်ဒရီဖလော့ကန်က ပထမဆုံးလျှပ်စစ်ကားကို ၁၈၈၈ ခုနှစ်မှာပင် လူသိရှင်ကြားစမ်းသပ်ခဲ့သည်။

၁၈၈၉ ခုနှစ်တွင်  အမေရိကန်လူမျိုး ဝီလီယံမောရစ်ဆင်က  အားပြန်သွင်းနိုင်သော ဘက်ထရီ အသုံးပြုကာ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင်၆ မိုင်မှ ၈ မိုင်နှုန်းဖြင့် မိုင် ၂၀ ကျော်မောင်းနှင်နိုင်သည့်လျှပ်စစ်ကားတစ်စင်းကို    တည်ဆောက်ခဲ့ပြီး လူစိတ်ဝင်စားမှုများစွာရရှိခဲ့သည်။   ၂၀ ရာစုအစောပိုင်းကာလတွင်  ဘိတ်ကာလျှပ်စစ်၊ ကိုလန်ဘီယာနှင့် ဒက်ထရွိုက်လျှပ်စစ်ကဲ့သို့သော ကုမ္ပဏီများကထွန်းသစ်စစျေးကွက်တွင်  လျှပ်စစ်ကားလုပ်ငန်းလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြသည်။

သို့သော် ၁၉၂၀ ပြည့်နှစ်များတွင် လောင်စာစွမ်းအင်သုံးကားများတီထွင်လာခြင်း၊ ကြီးမားသောရေနံသိုက်များနှင့် ပိုမိုကောင်းမွန်သော ဓာတ်ငွေ့သိုက်များကို ရှာဖွေတွေ့ရှိခြင်း၊ နေရာတိုင်းတွင်ဓာတ်ဆီဆိုင်များပေါ်လာပြီး ဆီအမြန်ဖြည့်နိုင်ခြင်းတို့ကြောင့် လျှပ်စစ်ကားများ၏အခန်းကဏ္ဍသည်မှေးမှိန်ခဲ့ရသည်။

ရေနံအကျပ်အတည်းကာလဖြစ်သော ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင်   အစားထိုးလောင်စာသုံးကားများကို   တစ်ဖန်စိတ်ဝင်စားလာကြသည်။ လောင်စာဆီပြတ်လပ်မှု၊  ဈေးနှုန်းကြီးမြင့်မှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအပေါ်  စိုးရိမ်မှုများကြောင့် အစိုးရများနှင့်ကားထုတ်လုပ်သူများက ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကိုလျှော့ချရန်    နည်းလမ်းအဖြစ်လျှပ်စစ်ကားများကို ပြန်လည်အသုံးပြုရန်စဉ်းစားဆောင်ရွက်လာသည်။ ထို့နောက် သုတေသီများသည်ရှေ့ပြေးပုံစံအသစ်များနှင့် စမ်းသပ်မော်တော်ကားပုံစံများကို တီထွင်ထုတ်လုပ်ခြင်း၊ ဘက်ထရီနည်းပညာ၊ အားသွင်းစခန်းများနှင့် တစ်ကြိမ်အားသွင်းရုံဖြင့်   ခရီးဝေးသွားနိုင်စေပြီး    စိန်ခေါ်မှုများကိုဖြေရှင်းခြင်းတို့ဖြင့် လျှပ်စစ်ကားများကို တစ်ဖန်ပြန်လည်ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

နည်းပညာများ   အရှိန်အဟုန်ဖြင့်တိုးတက်လာသည်နှင့်အမျှ  ၂၁  ရာစု၏ လျှပ်စစ်ကားလုပ်ငန်းတွင်   ဘက်ထရီနည်းပညာ၊   ကားဒီဇိုင်းများနှင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များပေါ်ပေါက်လာသည်။   အထူးသဖြင့်   လီသီယမ်-အိုင်းယွန်းဘက်ထရီများဖြင့်   ဘက်ထရီနည်းပညာသည်   အထင်ကြီးလောက်သောတိုးတက်မှုများရရှိခဲ့သည်။  ၎င်းဘက်ထရီများသည် စွမ်းအင်ပမာဏကို    ပိုမိုသိမ်းဆည်းနိုင်ပြီး   မြန်ဆန်စွာ အားသွင်းနိုင်သည်။ ထိုသို့ လီသီယမ်-အိုင်းယွန်းဘက်ထရီများ၏အောင်မြင်မှုနှင့်အတူ နောက်ပိုင်းထွက်ပေါ်လာသော ဘက်ထရီနည်းပညာအသစ်များကြောင့် ကျယ်ပြန့်သော လျှပ်စစ်ကားဈေးကွက်ကို ဖြစ်ပေါ်လာစေသည်။

လျှပ်စစ်ကားများကိုအသုံးပြုခြင်းဖြင့်  ရရှိနိုင်သော  အကျိုးကျေးဇူးများစွာရှိသည်။  ထိုအကျိုးကျေးဇူးအနက် အဓိကကျသော အကျိုးကျေးဇူးများကိုဖော်ပြလိုပါသည်။

၁။ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုနည်းပါးခြင်း လျှပ်စစ်ကားများသည်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များနှင့်အတူ   ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှင့်မှုမရှိသည့်အတွက် ပတ်ဝန်းကျင်အပေါ်ဆိုးကျိုးများသက်ရောက်မှု အလွန်နည်းပါးစေပါသည်။  ထို့ကြောင့် လေထုညစ်ညမ်းမှုကိုလျော့နည်းစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို  ကာကွယ်နိုင်သည်။

၂။  ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော လျှပ်စစ်စွမ်းအင်ကိုအသုံးပြုခြင်း

လျှပ်စစ်ကားများသည် လျှပ်စစ်ဓာတ်အားကိုသာ အဓိကသုံးစွဲခြင်းဖြစ်သည်။     အဆိုပါလျှပ်စစ်ဓာတ်အားများကို    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖြစ်သော  ရေအား၊  လေအား၊နေရောင်ခြည်စွမ်းအင်များမှတစ်ဆင့် ရယူနိုင်သည်။

၃။ ရေရှည်ကုန်ကျစရိတ်နည်းပါးခြင်း

လျှပ်စစ်ကားများတွင်   ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများကဲ့သို့   လည်ပတ်နေသည့်အင်ဂျင်အစိတ်အပိုင်းများမပါဝင်ခြင်း၊ ဈေးနှုန်းသက်သာစွာရရှိနိုင်သော  လျှပ်စစ်စွမ်းအင်ကိုသာအသုံးပြုခြင်းတို့ကြောင့် ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများနှင့်နှိုင်းယှဉ်ပါက ရေရှည်ကုန်ကျစရိတ်အလွန်နည်းပါးသည်။

၄။ အသံဆူညံမှုနည်းပါးခြင်း

လျှပ်စစ်ကားများသည်   ရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများကဲ့သို့     အင်ဂျင်အစိတ်အပိုင်းများမပါဝင်သည့်အတွက် အသံဆူညံမှုနည်းပါးသည်။ 

၅။ နည်းပညာ အကျိုးကျေးဇူးများရရှိနိုင်ခြင်း

ယနေ့ခေတ် လျှပ်စစ်ကားများတွင်   အလိုအလျောက်မောင်းစနစ်၊ မောင်းသူမဲ့စနစ်၊ အစရှိသည့်အဆင့်မြင့်နည်းပညာများပါဝင်လာသောကြောင့် အသုံးပြုသူများအနေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများစွာကိုရရှိနိုင်သည်။

ကမ္ဘာတစ်ဝန်းရှိ   အစိုးရများသည် ပြည်သူများအနေဖြင့်   ရုပ်ကြွင်းလောင်စာသုံးကားများမှလျှပ်စစ်ကားများကို   ပြောင်းလဲအသုံးပြုရန် အားပေးလျက်ရှိသည်။ ထိုသို့အားပေးမှုတွင် အခွန်များလျှော့ပေးခြင်း၊ လျှော့ဈေးများဖြင့် ရောင်းချစေခြင်း အစရှိသည့် မက်လုံးပေးဆွဲဆောင်မှုများလည်းပါဝင်သည်။ ထို့ပြင် အားသွင်းရုံမျှကဲ့သို့ အခြေခံအဆောက်အဦများအတွက်    ရင်းနှီးမြှုပ်နှံမှုများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

အနာဂတ်တွင်  ဖြစ်ပေါ်လာနိုင်သည့် ပိုမိုတိုးတက်သော ဘက်ထရီနည်းပညာ၊ မောင်းနှင်မှုနည်းပညာများ ပါဝင်လာမည့် လျှပ်စစ်ကားများကြောင့်   မော်တော်ကားဈေးကွက်နှင့်  လုပ်ငန်းကို အပြောင်းလဲကြီး ပြောင်းလဲစေနိုင်သည်။အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏အဆိုအရ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသုညသို့ရောက်ရှိရန်သယ်ယူပို့ဆောင်ရေးကဏ္ဍမှကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုများစွာလျှော့ချရန်   လိုအပ်သည်ဟုသိရသည်။ယနေ့ကမ္ဘာ့လူသားများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို  ပိုမိုသိရှိလာပြီး  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တွန်းအားပေးလာသည်နှင့်အမျှ လျှပ်စစ်ကားများမှာ စံနှုန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက “Public Transportation အတွက် ခရီးတိုမြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊  လျှပ်စစ်ဘတ်စကားများ  တင်သွင်းထုတ်လုပ်အသုံးပြုနိုင်ရေး  ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ဆောင်ရွက်ရန်” လမ်းညွှန်ချက်ဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းအကောင်အထည်ဖော်ပြီး   ရှေ့ပြေးစီမံကိန်းကာလသတ်မှတ်ကာ  လျှပ်စစ်စွမ်းအင်သုံးယာဉ်များ တင်သွင်း/ထုတ်လုပ်ရေး၊  အများသုံးအားသွင်းရုံများ  တည်ဆောက်ရေးတို့အပါအဝင် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့်   နိုင်ငံတော်အစိုးရအနေဖြင့်  အများသုံးသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အငှားယာဉ်များနှင့် ဘတ်စကားများကို လျှပ်စစ်စွမ်းအင်သုံးယာဉ်များသုံးစွဲခြင်းမှအစပြုကာ ရေရှည်တွင်ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်နိုင်ရန်အမျိုးသားအဆင့် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်နေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူအတွက်   အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။    ။

Source: Myawady Web Portal

ကိုဘုန်း(ထုတ်လုပ်)

အထိုင်များခြင်းကြောင့် ရောဂါများစွာဖြစ်နိုင်

အထိုင်များခြင်းသည် အသက် ၁၆ နှစ်အရွယ်အထိ ပြဿနာကြီးစွာ မရှိသော်လည်း  အသက် ၂၅ နှစ်ကျော် အရိုးတိုးပွားမှုအားကုန်သည့် အရွယ်မှစ၍ အချိန်ကြာမြင့်စွာထိုင်ခြင်းကြောင့် ရောဂါများစွာဝင်လာနိုင်သည်။

ဆေးရုံကြီးများရှိ နှလုံးရောဂါဆိုင်ရာ ကုသမှုဌာနများ၌ လာရောက် ကုသမှုခံယူသော လူနာတို့၏ ရောဂါဖြစ်ကြောင်းရာဇဝင်ကို မေးမြန်း ကြည့်သောအခါ အထိုင်များသောအလုပ်ကို နှစ်ရှည်လုပ်ကိုင်ခဲ့သူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ စာရေးဆရာများ၊ အယ်ဒီတာများ၊ ရုံးအုပ်ကြီးများ၊    ကွန်ပျူတာနှင့်အလုပ်လုပ်သူများ၊  တခြားအထိုင် အလုပ်လုပ်သူများအပြင်   တစ်ခါတစ်ရံ   ဆေးခန်းအထိုင်များသည့် ဆရာဝန်ကြီးများကိုယ်တိုင်ပင် မသိမသာ နှလုံးအဆီဖုံး၊ သွေးကြောပိတ်သည့်ဝေဒနာဝင်ရောက်နေကြောင်း တွေ့ရှိရပေသည်။

အကြောအဆစ်ပညာရှင်ရှုထောင့်မှကြည့်လျှင်  အထိုင်များသည့် အလုပ်လုပ်သူများတွင် ခါးရိုးဆစ်များကြား ခုခံထားသည့် ဝါရှာသဖွယ် အရွတ်တုံးများပါးပြီး  ပွန်းစားခြင်းကြောင့်  ခါးကြောညပ်သည့်ဝေဒနာ ဖြစ်လွယ်သည်ကို တွေ့ရသည်။ ခါးနာဝေဒနာမှာ မကြာခဏဖြစ်သဖြင့် ၎င်းတို့အဖို့ ရိုးနေပြီဖြစ်သည်။ အရပ်ပုသူနှင့်   အရပ်ရှည်သူများတွင် အရပ်ရှည်သူသည်   ပိုပြီးခါးနာမှုဖြစ်နိုင်ခြေရှိသည်။   အရပ်မြင့်လေ ခါးဆစ်က အရိုးထမ်းအား ပိုများလေဖြစ်သည်။

ဝမ်းဗိုက်ကို   ခေါက်ပြီးထိုင်သူများသည် အူအတွင်းရှိ   လေလှုပ် ရှားမှုနည်းသဖြင့် လေချုပ်ပြီး ဗိုက်စူထွက်ခြင်း၊ ခေါက်ရိုးအတိုင်း ဗိုက် ခေါက်ထူလာခြင်းတို့ဖြစ်လာနိုင်သည်။

တချို့သူများတွင် အထိုင်များသည့်အပြင် ခေါင်းငုံ့ပြီး စာရေးခြင်း၊ ဂဏန်းတွက်ခြင်း၊ စာရင်းရေးခြင်း စသော အသိစိတ်အာရုံထားရသည့် အလုပ်များကိုလုပ်ရလျှင် ကျီးပေါင်းတက်သောရောဂါဖြစ်လေ့ရှိသည်။ ထိုလည်ပင်းရိုးဆစ်ကျီးပေါင်းကြောင့် ဇက်ကြောတက်လေ့ရှိပြီး တစ်ခါတစ်ရံ သွေးတိုးရောဂါနှင့် မှားတတ်သည်။ သွေးတိုးထင်ပြီး သွေး ကျဆေးများသောက်ရာမှ ကျီးပေါင်းရောဂါမှာ ပိုဆိုးလာတတ်သည်။

လည်ပင်းရိုးဆစ်ကျီးပေါင်းရောဂါထက်ပိုဆိုးသည်မှာ လည်ပင်းရိုးကွင်းကျီးပေါင်းရောဂါဖြစ်သည်။ လည်ပင်းအရိုးကွင်းများထူပြီး ဦးနှောက်သို့ပို့သည့် သွေးကြောပိုက်လိုင်းကို ဖိမိသောအခါ ချာချာလည်အောင် မူးတတ်သည်။ ငုံ့ကြည့်လိုက်လျှင် သို့မဟုတ် မော့ကြည့်လိုက်လျှင် မူးလဲသွားတတ်သည်။ နှလုံးရောဂါထင်ပြီး မိမိသဘောဖြင့် နှလုံးအားဆေးများဝယ်သောက်လျှင် ပို၍ရောဂါတိုးတတ်သည်။

အထိုင်များသူများ၊ ဆိုင်ကယ်စီးသူများ၊ ကုပ်ဆက်(လည်ပင်းရိုးနှင့် ကျောရိုးဆက်သည့်)နေရာတွင် ကျီးပေါင်းတက်ခဲ့လျှင် လက်မ၊ လက်ညှိုး၊  လက်ခလယ်ဆစ်များတွင် ထုံကျဉ်နေတတ်သည်။ ထိုအဆစ်များတွင် ကျီးပေါင်းတက်လျှင် လက်ပြင်၊ လက်ဖျံ၊ လက်မောင်းတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ ထုံကျဉ်ကိုက်ခဲလာပြီး လက်ချမရဖြစ် တတ်သည်။ ပစ္စည်းများကိုင်တွယ်လျှင် လွတ်ကျသဖြင့် လေဖြတ်မည့် လက္ခဏာဟု အထင်မှားတတ်ကြသည်။ အထိုင်များသူများအတွက်  ကုထုံးမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။ နံနက်စောစောအိပ်ရာထ၍ လမ်းလျှောက်ပေးခြင်းဖြင့် ရောဂါမျိုးစုံဝင်ရောက်လာမည့်ဘေးမှ ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

အနီရောင်အသား အစားများလျှင်  အကြောအဆစ်ကိုက်ရောဂါရနိုင်

အနီရောင်ရှိသော    အသားဆိုသည်မှာ   အမဲသား၊  ဆိတ်သား၊ ချေသား၊ ပြောင်သား၊ တောဝက်သား၊ သမင်သား စသည့် ခြေလေး ချောင်းသတ္တဝါများ၏  အသားကိုဆိုလိုသည်။  အသား၏အရောင်မှာ အနီရောင်များပြီး   အဖြူရောင်အကြောများဖြင့်   ဖုံးအုပ်ထားလျက်ရှိ သည်။ အနီရောင်မဟုတ်သည့်အသားများလည်းရှိသည်။ ဝက်သားမှာ အဖြူရောင်အသား၊ထို့အတူ ကြက်သား၊ ဘဲသားတို့သည်လည်း အဖြူ ရောင်ရှိသောအသားများဖြစ်ကြသည်။

ရိုးရာဆေးပညာအရ အသားမှန်သမျှသည် ပထဝီစာဖြစ်သော်လည်း အသားတွင်  မျှတသော  ရေဓာတ်(အာပေါဓာတ်)တွဲ၍ပါမြဲဖြစ်သည်။ ထိုအခါ ပထဝီဓာတ်သည် မာကျောပထဝီမဖြစ်တော့ဘဲ  နူးညံ့ပထဝီဖြစ်သဖြင့်  စားသုံးသူတွင်   အာဟာရဖြစ်ပြီး  မျှတသော၊  အန္တရာယ်မရှိသော အသားတိုး၍ ဝဖြိုးခြင်းကိုဖြစ်စေနိုင်သည်။ ပထဝီ+ အာပေါ မျှတသည့် အဖြူရောင်အသားများသည် စားသုံးရန်သင့်သည်။ ကြီးမားသောဘေးအန္တရာယ်မရှိဟုဆိုနိုင်သည်။ ကြက်သား၊ ငါးအမျိုးမျိုးတို့သည် အဖြူရောင်ရှိသောအသားဖြစ်သည့်အတွက် နေ့စဉ်စားသုံးသော်လည်း ဘေးဖြစ်ခဲသည်။ စားသင့်သည်ဟု ဆိုလိုသည်။

အနီရောင်ရှိသောအသားများတွင်     မာကျောပထဝီဓာတ်လွန်ကဲ သောကြောင့်  ချက်လျှင်ကျက်ခဲသည်။ စားပြီးလျှင် အစာကြေခဲသည်။ အစာကြေခြင်းနှစ်မျိုးမှာ    အစာအိမ်တွင်     အစာကြေခြင်းအပြင် သွေးတွင်းရောက်မှ ရသရည်ဖြစ်အောင် အစာကြေခြင်းလည်း ရှိသေးသည်။ အနီရောင်အသားများသည် အစာအိမ်တွင် အစာကြေသည့်တိုင် သွေးတွင်းရောက်လျှင် ရသရည်ဖြစ်အောင် အစာကြေရန်ခဲယဉ်းသည်။

သွေးကြောတွင်းရောက်ပြီးမှ   ကြေကျက်ရန်ခက်ခဲသောကြောင့် အနီရောင်အသားကြားမှ အဖြူရောင်အဆီခဲများသည် သွေးကြောနံရံ များတွင် ကပ်ငြိကျန်ခဲ့ကာ သွေးကြောထူခြင်း၊ သွေးပိုက်လိုင်းကျဉ်း ခြင်းကိုဖြစ်စေသည်။   နှလုံးသွေးကြောကျဉ်းရောဂါရသူအများစုမှာ အနီရောင်အသားကြိုက်နှစ်သက်သူများဖြစ်သည်။ အနီရောင်အသားကို ကင်၍စားလျှင် အဆီများလောင်ကျွမ်းပြီး မည်းသွားသောကျပ်ခိုးကြောင့် ကင်ဆာခေါ်  အမြစ်တွယ်နာကိုပင်ဖြစ်စေနိုင်သဖြင့်   သတိပြုရှောင် ကြဉ်သင့်ပေသည်။

အကြောအဆစ်များကိုက်ခဲရခြင်းမှာ မကြေကျက်နိုင်သော မာကျော ပထဝီများ သွေးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောများ၊ အရိုး နှစ်ခုကြားရှိ  အရွတ်တုံးများ၊  အဆစ်များသို့ရောက်ရှိသောကြောင့်ဖြစ်သည်။ နှလုံးအခန်းများရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေးဖက်နာ၊ ဂေါက်ရောဂါဖြစ်ခြင်းများအပြင် သေချာစွာ မကုသခဲ့လျှင် နှစ်ကြာသော အခါ နာတာရှည်အဆစ်ရောင်ရောဂါဖြစ်ပြီး အဆစ်များ ကောက်ကွေးသည်အထိ  ဖြစ်ရသူများ၊ သွေးလေးဖက်နာဖြစ်ရသူများကို  တွေ့ဖူးပါသည်။

ပထဝီဓာတ်သည်  ဓာတ်ကြီးလေးပါးတွင်  ခိုင်ခံ့မှုအတွက် အရေးပါသောဓာတ်ကြီးဖြစ်သော်လည်း အနီရောင်ရှိသောအသားများတွင် ပါဝင်သော မာကျောပထဝီဓာတ်ကြောင့် အကြောအဆစ်ကိုက်ခဲသည့် သာမန်ရောဂါမှတစ်ဆင့် နှလုံးသွေးကြောရောဂါ၊ နာတာရှည်လေးဖက်နာ ရောဂါ၊ ဂေါက်ခေါ် အဆစ်ရောင်ရောဂါများဖြစ်ပွားနိုင်သဖြင့် ဆင်ခြင် စားသုံးသင့်ကြောင်း ရေးသားလိုက်ရပေသည်။

Source: Myawady Web Portal

ကြည်လွင်မြင့်(မုဒြာ)

အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းဆိုသည်မှာ ပုံမှန်အားဖြင့် လူသိများသောအကြောင်းအရာမဟုတ်သော်လည်း လူမှုအဖွဲ့အစည်းအသိုင်းဝိုင်းများ၏အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက်မူ သေရေးရှင်ရေးမက အရေးကြီးသော သတိပြုစရာ အကျင့်စရိုက်တစ်ခုဖြစ်သည်။ အဆင်အခြင်မဲ့လူ့အဖွဲ့အစည်း ဆို သည်မှာ သာမန်အားဖြင့် အကြောင်းအရာတစ်ခုအပေါ် ကြားနာ၊ တုံ့ပြန်၊ သုံးနှုန်းရာတွင် သုံးသပ်မှု မရှိသလောက် အားနည်းခြင်းနှင့် သုံးသပ်ချက်များသည်လည်း တည်ငြိမ်သော စိတ်ဝင်စားမှုနှင့်အတူ ထပ်ဆင့်မေးခွန်းများ ဉာဏ်သုံးဆင့်ထုတ်ကာ စုံစမ်းချင့်ချိန်နိုင်မှု အားနည်းသော/မရှိသော လူ့အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသို့သောလူ့အဖွဲ့အစည်းမှလူများသည် ပျော်ရွှင်စိတ်အေး/စိတ်ချမှုများဖြင့်သာ နေ့စဉ်ဘဝကို ပုံမှန် လုပ်ဆောင်ဖြတ်သန်းကာ ဖြစ်ပေါ်လာသော အကြောင်းအရာအခြေအနေများအပေါ် ထပ်ဆင့်တွေးခေါ်ခြင်း၊ မေးခွန်းဆင့်ကဲထုတ်ခြင်း၊ သင်ခန်းစာယူ ဉာဏ်နှင့်ယှဉ်သင်ယူမှုများ မရှိသလောက်အား နည်းကြသည်ကိုတွေ့ရှိကြရမည်ဖြစ်သည်။ ထိုကဲ့သို့ အဆင်အခြင်မဲ့သော လူမှုအဖွဲ့အစည်းများတွင် အောက်ပါအင်္ဂါရပ်များပါဝင်သည်ကို လေ့လာတွေ့ ရှိရမည်ဖြစ်သည်။

၁။ သဘောထားကိုက်ညီမှု (Conformity)။ 
လူတွေဟာ ပုံမှန်အလေ့အထ၊ ယုံကြည်မှုကိုသာ ဆုပ်ကိုင်ထားခြင်းနှင့် မိမိမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေါ်ပြောဆိုမှုကိုသာအလေးထားတတ်ပြီး သဘောထားကိုက်ညီမှုကိုသာ ဦးစားပေး အဆင်အခြင် အမေးအမြန်းမရှိ ဆက်ဆံယုံကြည် ပေါင်းသင်းတတ်ကြခြင်း။

၂။ ဆင်ခြင်တွေးခေါ်မှုအားနည်းခြင်း (Lack of Critical Thinking)။ 
လူတို့သည် သတင်းအချက်အလက်များအပေါ်တွင် ကွဲပြားသောအမြင်များရှိနိုင်ကြောင်း အချိန်ပေး စဉ်းစားဆင်ခြင်ကာတွေးခေါ်ခြင်းမရှိဘဲ လက်ခံယုံကြည်တတ်ခြင်း။

၃။ လေးနက်မှုမရှိ ပေါ့ပျက်ခြင်း (Superficiality)။
များသောအားဖြင့် လူများသည် လူပုဂ္ဂိုလ် (သို့မဟုတ်) လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် အပေါ် ယံအမြင်နှင့် ဖြစ်လေ့ဖြစ်ထများကိုသာ ဦးစားပေး ခံစားတွေးခေါ်တတ်ကြပြီး အကြောင်းအရာအရင်းခံကိုမူ စဉ်းစားဖော်ထုတ်ရန် စိတ်မဝင်စားဘဲ ဝန်လေးတတ်ကြသည့်အပြင် ပစ္စည်းဝယ်ယူမှု၊ လူပုဂ္ဂိုလ်ဆိုင်ရာ လေးစားကြည်ညိုမှုများအထိပါ အဆင်အခြင်မဲ့ ပေါ့ပျက်ဉာဏ်နည်းတတ်ကြခြင်း။

၄။ များများထုတ်၊ များများသုံး ဝါဒ (Consumerism)။ 
လူများသည် ပစ္စည်းဝယ်ယူခြင်းမှအစ လက်ဝတ်ရတနာ၊ အိမ်၊ ခြံ၊ မြေ၊ ကား စသည်အထိပါ လိုအပ်ခြင်းမလိုအပ်ခြင်း၊ အချိန်ကာလ ယခုနှင့် အနာဂတ်ဈေးကွက်များနှင့် သင့်တော်မှုများ ရှိ/မရှိကို ခံစားသိခြင်းမရှိဘဲ အဆင်အခြင်မဲ့ စိတ်ကြိုက် ပိုမိုလိုချင်ခြင်း၊ သာလွန်လိုခြင်း၊ စိတ်ကိုသာအခြေခံ ရှေ့တန်းတင်ဝယ်ယူတတ်ကြခြင်း။

၅။ အမှန်တရား/အရှိပကတိတရားနှင့် အဆက်ပြတ်ခြင်း (Disconnection from Reality)။ 
ထိုသို့သော လူ့အသိုင်းအဝိုင်းသည် လောက၏နက်နဲသောအကြောင်းအရာများ၊ မသိမဖြစ် သိရှိရမည့် ခါးသီးသော ပကတိအရှိတရားများကို လက်ခံနား လည်ခြင်း၊ ဆက်သွယ်ရှာဖွေမေးမြန်း အဖြေရှာခြင်းမရှိဘဲ စိတ်ခံစားမှုနှင့် ဖြစ်ချင်လိုမှုကိုသာ မျက်စိမှိတ် ရည်ညွှန်းလုပ်ဆောင်တတ်ခြင်း။ ထို့ပြင် အမှန်တရားအတွက် လက်တွဲခေါ်လိုသူများကိုပင် အတ္တကြီး ပြင်းထန်ပုတ်ခတ်တတ်ကြပြီး မိမိ မှားမှန်းသိနေလျှင်ပင် သဘောထားတူသူများနှင့်သာ ဇွတ်မှိတ် မိတ်ဖွဲ့စုစည်း နေလိုတတ်ကြခြင်း။

အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းမှသည် အဆင်အခြင်မဲ့နိုင်ငံအဖြစ် (Mindless Society to Mindless Nations)


အဆင်အခြင်မဲ့ အတွေးအခေါ် ကြီးစိုးယုံကြည်ထားသောလူ့အဖွဲ့အစည်း (Mindless Society) ၏ အတွေးအခေါ်များသည် နိုင်ငံတစ်ဝန်း အများစုသော လူ့အဖွဲ့အစည်းများကိုပါ ကျယ်ပြန့်စွာလွှမ်းမိုးလာ ပါက အဆင်အခြင်မဲ့သော နိုင်ငံ/လူမျိုး (Mindless Nations)အဆင့်သို့ ရောက်ရှိလာနိုင်သည်။ အဆင် ခြင်မဲ့သောလူမျိုးများသည် ဖြစ်ပေါ်ကြားမြင်ရသောအကြောင်းအရာတိုင်းကို မိမိစိတ်ကူးတစ်ခုတည်းနှင့်သာ လက်ခံ၊ ကြည့်မြင်၊ နားလည် ထောက်ခံတတ်ကြရာက တစ်ဆင့် ရိုးရာလက္ခဏာအဖြစ်ယဉ်ပါးလာကာ နိုင်ငံဖြစ်တည်မှု၏ အဓိကကျသော နိုင်ငံရေး၊ နိုင်ငံလုံး လွှမ်းခြုံသောလူမှုအရေးများအထိပါ သက်ရောက်လာလေ့ရှိတတ်သည်။ တွေ့ရှိလေ့လာနိုင်သော လူအဖွဲ့အစည်း၊ လူမျိုး၊ နိုင်ငံများ၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အာဏာရှင်ဆန်သော အစိုးရစနစ် (Authoritarian Regimes)။ 
သဘောထားကျဉ်းမြောင်းသော၊ ဉာဏ်နှင့် ယှဉ်ဆင်ခြင်တွေးခေါ်တတ်ခြင်းများကို ကန့်သတ်သော၊ သဘောထားကွဲလွဲမှု အတွေးအမြင်များအပေါ် နှိမ်နင်းတတ်သော၊ ခေါင်းဆောင်မှုအမိန့်တစ်ခုအောက်တွင် အမေးအမြန်းမရှိ သဘောတူလက်ခံရတတ်သည့်အလေ့အထရှိသော အစိုးရစနစ်များအောက်တွင် ဆယ်စုနှစ်များစွာ ရှင်သန်နေထိုင်ခဲ့ရသူများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများ။

၂။ ဝယ်ယူခြင်းကိုအခြေခံသော စီးပွားရေး (Con­sumer-Driven Economies)။ 
ဆယ်စုနှစ်ပေါင်းများစွာ ထုတ်ကုန်တင်ပို့ကုန်မရှိဘဲ သွင်းကုန်သာရှိသော စီးပွားရေးစနစ်ရှိသည့် နိုင်ငံပညာအသားပေးချိန်ဆခြင်းနှင့် တရားမျှသော လိုချင်စိတ်ကိုအခြေမခံ လိုချင်တာကိုဖန်တီးရန် အစားဝယ်လိုက်ရင်ရကြောင်းသာ လိုက်လျောညီထွေ ဖြစ်သလိုတွေးတတ်သော လူ့အဖွဲ့အစည်း။

၃။ ကမ္ဘာတစ်ဝန်းလုံးနှင့် ယဉ်ကျေးမှုအမျိုးမျိုး (Glo­balization and Cultural Homogenization)။ မိမိနိုင်ငံပြင်ပကမ္ဘာတစ်ဝန်းမှ အတွေးအခေါ်များ၊ အနောက်တိုင်းယဉ်ကျေးမှု၊ လူနေမှုနှင့် ဓလေ့ထုံးစံများ ကူးစက်ပျံ့နှံ့လွယ် လက်ခံလွယ်သော လူ့ အဖွဲ့အစည်းများသည် မိမိနိုင်ငံ့ ပကတိယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၏ တန်ဖိုးကို မရေရာ ဝေဝါးသွားစေခြင်း (uniformity of values)အထိ ဘေးထွက်ဆိုးကျိုးအဖြစ် ဦးတည်လာနိုင်သည်။ ထို့ ပြင် လူမျိုးလိုက်ပါ နိုင်ငံအဝန်း မိမိနိုင်ငံအတွင်းက တိုင်းရင်းသားများအကြား ဗဟုဝါဒ မတူကွဲပြားမှုများနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို ယုံကြည်မှုကျဆင်း အမုန်းပွားလာနိုင်ခြင်းနှင့်အတူ အတွေးအခေါ်အဖြစ် အမြစ်တွယ်လာသော လူ့အဖွဲ့အစည်း။

၄။ လူမှုကွန်ရက်ကို အခြေခံလွှမ်းမိုးမှု (Social Me­dia Influence)။ 
နေ့စဉ် လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်နည်းပညာများမှတစ်ဆင့်ရရှိသော သတင်းအချက်အလက်နှင့် အတွေးအခေါ်ဖြစ်ရပ်များအပေါ်သာ ပင်မအသိပညာ နေ့စဉ်အသိဖြစ်ကြောင်း အတွေးအခေါ်အယူအဆမြင်များကို ပုံသွင်းခံရပြီး ခက်ခဲရှုပ်ထွေးသော အဖြစ်အပျက်ပြဿနာများကို ဖြေရှင်းရာတွင်ပင် လူချင်းတွေ့ဆုံ ယုံကြည်မှုတည်ဆောက်ဆွေးနွေးခြင်းဓလေ့ လျော့ပါးပျောက်ပျက်နေသော လူ့အဖွဲ့အစည်း။

လူမှုအဖွဲ့အစည်းနှင့် အတွေးအခေါ်များကို လေ့လာသော ကမ္ဘာ့ပညာရှင်ကြီးအများစုကတော့ အဆင်ခြင်မဲ့ လူ့အဖွဲ့အစည်း (Mindless Society) ဟူသောအတွေးအခေါ်သည် လူ့အဖွဲ့အစည်းများ၊ လူမျိုးစုများ၊ နိုင်ငံများအတွက်မကောင်းကြောင်း အကျိုးမရှိကြောင်း ထောက်ခံရေးသား သုတေသနပြုခဲ့ကြသည်။

အဆင်ခြင်မဲ့ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများ


၁။ ပညာရေး (Education)။ 
ဓမ္မဓိဋ္ဌာန်ကျကျတွေးခေါ်တတ်ခြင်းနှင့် ထိုးဖောက်တွေးမြင်စဉ်စားတွေးခေါ်တတ်ခြင်းဓလေ့ကို လူမှုအဖွဲ့အစည်းများအကြား မြှင့်တင်ပေးရန်။ အကြောင်းအရာများကို တည်ငြိမ်စွာ ချဉ်းကပ်တတ်စေခြင်း၊ မေးခွန်းများမေးခြင်း၊ အချက်အလက်များကို ဆက်လက်ရှာဖွေ ကိုးကားတတ်စေခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်စေခြင်းများသည် သာလွန်သော ဆင်ခြင်တုံတရားရှိစေခြင်းနှင့် လူသားတို့အကြား တွေ့ ဆုံ ဆွေးနွေးစာနာနားလည် အဖြေရှာတတ်ခြင်း အလေ့အထများကို ရင့်သန်တိုးပွားလာစေပါမည်။

၂။ မီဒီယာ သဘောတရား အလေ့အထများကို နားလည်ခြင်း(Media Literacy)။ 
လူများကို မီဒီယာ၏သဘောတရားများ၊ အားနည်းချက်၊ အားသာချက်များ၊ ဘေးထွက်ဆိုးကျိုးများ၊ အသုံးချနိုင်စွမ်းများကို ပိုမိုသိရှိနားလည်လာစေရန် အစီအမံများဆောင်ရွက်ရမည်။

၃။ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်း (Politi- cal Engagement)။ 
ပြည်သူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများအကြား နိုင်ငံရေး ပူးပေါင်းပါဝင်နိုင်စေခြင်း အခွင့်အလမ်းနှင့် အတွေးအမြင်များ စုစည်းနားလည်ပြီး အတူတကွ ဆုံးဖြတ်တတ်ကြသောဓလေ့ကို အသားကျလာအောင် တိုက်တွန်းကျင့်သုံးကာ ပြည်သူသာလျှင် နောက်ဆုံး၌ နိုင်ငံ၏အနာဂတ်ကို အဆုံး အဖြတ်ပေးနိုင်သူဖြစ်သည်ကို ပြည်သူများအကြား ဂုဏ်ယူတတ်ကာ ယုံကြည်နားလည်လာစေရန်မှသည် ဒီမိုကရေစီစံထားသောလူ့အဖွဲ့အစည်းတစ်ခုအထိ ဦးတည်လာစေရန်။

၄။ ယဉ်ကျေးမှုဆိုင်ရာ လိုက်လျောညီထွေရှိခြင်း (Cultural Diversity)။ 
နိုင်ငံ၏သင်္ကေတ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ လူမျိုးစုတစ်စုချင်းစီတိုင်း၏ ဖြစ်တည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ၊ အတွေးအခေါ်၊ တန်ဖိုးများကို လူမျိုးစုများအကြား ဖလှယ်ခြင်းမှသည် သိရှိနားလည်လေးစား စာနာတတ်စေပြီး လိုက်လျောညီထွေ အတွေးအခေါ်မြင့်သော လူမှုအဖွဲ့အစည်းဆိုင်ရာ ဓလေ့ကောင်းများတည်ဆောက်ရန်။

အချုပ်အားဖြင့်ဆိုရလျှင် အဆင်အခြင်မဲ့လူ့ အဖွဲ့အစည်း (Mindless Society) မှလူများသည် ပညာစိတ်မြင့်မားကြီးမြတ်မှု အားနည်းခြင်း၊ အဓိပ္ပာယ်ကို နက်နဲစွာနားလည်နိုင်စွမ်း အားနည်းခြင်း၊ ပြဿနာများကိုဖြေရှင်းနိုင်ရန် ချဉ်းကပ်မှုမေးခွန်းများ ဆင့်ကဲမထုတ်တတ်ခြင်း စသော အတွေးအခေါ် ဆိုင်ရာ အားနည်းခြင်းများရှိတတ်ကြသည်။ အဆင်အခြင်မဲ့ လူမျိုး/နိုင်ငံ (Mindless Nations)များတွင်မူ အစိုးရမှစပြီး အင်အားစုများ၊ လူများသည် ရှိထားပြီး သားနည်းပညာများအပေါ် လိုသည်ထက် မှီခိုလွန်ခြင်း၊ မတူကွဲပြားအောင် တီထွင်လိုစိတ်အားနည်းခြင်း၊ သာလွန်ကောင်းမွန် ပြောင်မြောက်ခြင်းထက် အလုပ်ပြီးစီးရုံမျှနှင့် တင်းတိမ်တတ်ခြင်း၊ သမားရိုးကျများဖြစ်စဉ်အပေါ် ဆန့်ကျင်မှုများမရှိဘဲ အစဉ်အလာအတိုင်းသာ လိုက်နာစီစဉ်လုပ်ကိုင်မြဲလုပ်ကိုင်တတ်ကြခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝကင်းမဲ့ကာ ခေါင်းဆောင်သူတစ်ဦးတစ်ယောက်၏ ဆုံးဖြတ်မှုတစ်ခုတည်း၏အောက်တွင် အရာရာကို လိုက်ပါဆောင်ရွက်တတ်ခြင်းအလေ့အထများသာ ကြီးစိုးသောနိုင်ငံ ကိုဆိုလိုသည်။

Source: NP News

လင်းမြတ်

တရွှီရွှီမြည်ကာ ချွေးသီးချွေးပေါက်ကျ၍ အသက်ကို မနည်းရှူနေရသော ရင်ကျပ်ဝေဒနာသည်များကို မကြာခဏတွေ့ဖူးကြပါလိမ့်မည်။ ''ပန်းနာသည်''၊ ''ရင်ကျပ်သည်''ဆိုလျှင် ပိန်ပိန်ကပ်ကပ်၊ ရှူနာရှိုက်ကုန်း ကလေးများဟု စာဖတ်သူတို့၏ အာရုံထဲတွင် ချက်ချင်း မြင်လာပေလိမ့်မည်။ ဤသို့သော နာတာရှည်ရောဂါဆိုး တစ်ခုနှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်၍ဖြစ်သည်ဆိုလျှင် သင်ယုံကြည်နိုင်ပါမည်လား။ မယုံမရှိပါနှင့်။

ပန်းနာရင်ကျပ်ရောဂါနှင့် ပျော်ရွှင်ချမ်းသာစွာ လူ့ဘဝ၏ အရည်အသွေး ပြည့်ပြည့်ဝဝဖြင့်    သက်တမ်းစေ့နေထိုင်ရန် ကာကွယ်ကုသနိုင်ပါသည်။

ပေါလ်စခိုးပေးတဲ့ဥပမာ

ယနေ့ကာလတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများသည် ကမ္ဘာ့လူသားများ၏ ဘဝတစ်စိတ်တစ်ပိုင်းပင် ဖြစ်လာခဲ့သည်။ အင်တိုက်အားတိုက် ခွန်အားအသုံးပြု၍ ကစားရသည့် ပရီးမီးယားလိဂ် ဘောလုံးပွဲများတွင် ဆယ်စုနှစ်တစ်ခုကျော်      ခြေစွမ်းပြကစားခဲ့သော မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းမှ ဝါရင့်ကစားသမား ပေါလ်စခိုးသည် ပန်းနာရင်ကျပ်ဝေဒနာသည် တစ်ဦးဖြစ်သည်။  ငယ်စဉ်ကပင်   ပန်းနာရင်ကျပ် ရောဂါသည်တစ်ဦး ဖြစ်ခဲ့သည်။ မှန်ကန်သော ကုသမှုကို ရရှိခဲ့သဖြင့်  ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်ရုံမျှမက ကမ္ဘာကျော် အားကစားသမား တစ်ယောက်ပင်ဖြစ်လာနိုင်ခဲ့သည် မဟုတ်ပါလား။

လတ်တလောအဖြစ်များသည့်ရောဂါ

မိုးအကုန်     ဆောင်းအကူးကို ရောက်သည်နှင့်  ချောင်းဆိုးရင်ကျပ်သော ဝေဒနာသည်များက ရုတ်တရက် များလာသည်။ လူနာအတက် မများလှသော မြောက်ဥက္ကလာပဆေးရုံကြီး ကလေးဆောင်တွင်ပင် တစ်နေ့ သုံးယောက်မှ ငါးယောက်ခန့်တက်သည်။ ကလေးဆေးရုံကြီးတွင်မူ တစ်နေ့လျှင် ပန်းနာရင်ကျပ် လူနာဦးရေ ၃ဝ၊ ၄ဝ အထိပင်တက်သည်ဟု လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရသည်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရာမှ တရွှီရွှီမြည်ကာ ရင်ကျပ်လာသော ကလေးငယ်များကို မကြာခဏတွေ့ရတတ်သည်။

တရွှီရွှီမြည်တဲ့ကလေး

လူ၏အဆုတ်ထဲရှိ    လေပြွန်ငယ်ကလေးများ ကျဉ်းမြောင်း ပိတ်ဆို့သွားသည့်အခါတွင်      အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါတိုင်း တရွှီရွှီမြည်သံကို ကြားရသည်။ အထူးသဖြင့် ရှူထုတ်လိုက်ချိန်တွင် ပို၍ကြားရသည်။ ထိုသို့ လေပြွန်ငယ်ကလေးများ ကျဉ်းမြောင်းသွားခြင်းမှာ လေပြွန်နံရံရှိကြွက်သားများ ကျုံ့သွားခြင်း၊လေပြွန်အတွင်းသားများ ရောင်ရမ်းခြင်း၊    လေပြွန်အတွင်းသို့ စေးကပ်သော ချွဲသလိပ်များ စစ်ထုတ်ခြင်း အချက်သုံးချက်ကြောင့်ဖြစ်သည်။

ထိုသို့ တရွှီရွှီမြည်ကာ ရင်ကျပ်နေသော ကလေးများကို  လသားအရွယ်မှပင် စ၍တွေ့နိုင်သည်။  တရွှီရွှီမြည်၍ ရင်ကျပ်တိုင်း  ပန်းနာရင်ကျပ်ဟုသတ်မှတ်၍ မရပါ။ တစ်နှစ်အောက်ကလေးများတွင် လေပြွန်သေးရောင်ရောဂါ၊ တစ်နှစ်မှ သုံးနှစ်အရွယ်ခန့်တွင် ရင်ကျပ်ဆန်သည့် လေပြွန်ရောင်ရောဂါနှင့် သုံးနှစ်အထက် ကလေးများတွင်မူ ပန်းနာရင်ကျပ်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားနိုင်သည်။ သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်တို့၏ ဆုံးဖြတ်ချက် လိုအပ်ပါသည်။

ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်ခြင်း ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်ရန်    ရောဂါရာဇဝင်ယူခြင်းနှင့်   လူနာကို စမ်းသပ်ခြင်းတို့ကိုသာ အဓိကအသုံးပြုရသည်။ ဓာတ်မှန်၊ ဓာတ်ခွဲစမ်းသပ်မှုတို့က များစွာအသုံးမဝင်ပါ။ ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလျှင် တရွှီရွှီမြည်ခြင်းတို့ကမကြာခဏ ပြန်၍ဖြစ်နေလျှင် ပန်းနာရင်ကျပ်ဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။ ပြေးလွှားဆော့ကစားလိုက်လျှင်  ချက်ချင်းချောင်းဆိုး ရင်ကျပ်လာတတ်သည်။  ညတစ်ရေးနိုး မိုးလင်းပိုင်းတွင် ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းတို့က  ပို၍ဆိုးတတ်သည်။  အအေးမိ၊ နှာစေးဖြစ်မိလျှင်    ချောင်းဆိုးကြာနေတတ်သည်။

အနံ့အသက်၊ အခိုးအငွေ့၊ အပူချိန် အပြောင်းအလဲတို့ကြောင့် ရုတ်တရက် ချောင်းဆိုးရင်ကျပ် လာတတ်သည်။

စိတ်အနှောင့်အယှက်ဖြစ်လျှင်၊  ငိုလျှင်၊ ရုတ်တရက် ပျော်ရွှင်လျှင် ရုတ်တရက် ရင်ကျပ်ချောင်းဆိုးဖြစ်လာတတ်သည်။ ဤအချက်များသည် ပန်းနာရင်ကျပ်ဟု သတ်မှတ်ရန် အထောက်အကူပြုသည်။ ငယ်စဉ်က ပါးတွင် နို့ပွေးပေါက်ခြင်း၊ အရေပြားတွင် နှင်းခူဖြစ်ခြင်း၊ အင်ပျဉ်ထခြင်းတို့သည် ပန်းနာရင်ကျပ်နှင့် နှီးနွှယ်သောလက္ခဏာများဖြစ်သည်။    မိဘမျိုးရိုးတွင်   ပန်းနာရင်ကျပ်ရှိလျှင် ပို၍ဖြစ်နိုင်သည်။

ပန်းနာရင်ကျပ် ဘာကြောင့်ဖြစ်

ကျွန်တော်တို့ ဆေးကျောင်းသားဘဝက ပန်းနာရင်ကျပ်ရောဂါကို သွေးမတည့်မှု အခြေခံရောဂါတစ်ခုဟုသာ သတ်မှတ်ယူဆခဲ့ကြသည်။ ရင်ကျပ်အခြေခံရှိသော လူတစ်ယောက်တွင် မူလက အကောင်းပကတိ ရှိနေသော အဆုတ်လေပြွန်များသည် မတည့်သည့် အစားအစာ၊ အနံ့အသက် စသည်တို့နှင့် တွေ့ထိသည်နှင့် ရုတ်တရက် ကျဉ်းရှုံ့သွားသည်။ ထိုအခြေအနေမှ ကုသမှုကြောင့်သော် လည်းကောင်း၊ သဘာဝအတိုင်းသော် လည်းကောင်း ရင်ကျပ်ပျောက်လျှင် အကောင်းပကတိ ပြန်ဖြစ်သွားသည်ဟု ယူဆခဲ့သည်။

ယခုအခါတွင် ပန်းနာရင်ကျပ်ရောဂါသည် လေပြွန်များ၏  နာတာရှည် ရောင်ရမ်းမှုကြောင့်ဖြစ်ကြောင်း သိလာခဲ့သည်။ ထိုသို့ ရောင်ရမ်းနေသော လေပြွန်များသည် ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုတစ်ခုခုကို ထိတွေ့လိုက်သည်နှင့်  လွန်ကဲစွာ တုံ့ပြန်ကြသည်။ Hyperresponsive ဖြစ်ကြသည်။ ထို့ကြောင့် လေပြွန်များ ကျဉ်းရှုံ့ကာ အချိန်တိုအတွင်း ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်းတို့ ဖြစ်လာကြောင်း သိလာခဲ့ကြသည်။

ကုသမှု၏ အခြေခံ

ပန်းနာရင်ကျပ်ရောဂါ ဝေဒနာရှင်များတွင် လေပြွန်များ၏ နာတာရှည်ရောင်ရမ်းမှုကို ထိန်းသိမ်းထားနိုင်လျှင် ရင်ကျပ်ထခြင်းကို ကာကွယ်ပေးနိုင်သည်ကို သိရှိလာကြသည်။ ထိုသို့ထိန်းသိမ်းနိုင်ရန် အရောင်ကျဆေးများကို   ရေရှည်ပေးထားရန် လိုသည်။   ထို့ကြောင့် အန္တရာယ်ကင်းကင်းနှင့် မလိုလားအပ်သည့် အာနိသင် နည်းပါးသည့် အရောင်ကျဆေးများကို စဉ်းစားကြံဆလာခဲ့ကြသည်။   ယခုအခါ   ထိုသို့သောဆေးများပေါ်ပေါက်လာပြီဖြစ်သည်။ ရှူဆေးရော၊ သောက်ဆေးများပါရှိနေပြီ။ သို့သော် အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြသည်။ အသုံးအများဆုံးနှင့် အထိရောက်ဆုံးမှာ   စတီးရွိုက်ဟော်မုန်းပါ   ရှူဆေးများ ဖြစ်ကြသည်။ လုံးဝပျောက်အောင် ကုသနိုင်သည့် တစ်ချက်ကောင်း ကုသမှု မည်သူမျှ မပြုလုပ်နိုင်သေးပါ။ ရင်ကျပ်မထအောင် လေပြွန်အရောင်ကျစေသော ရှူဆေးဖြင့် ထိန်းသိမ်းခြင်းသာ ပြုလုပ်နိုင်သည်။

ကုသဆေး၊ ကာကွယ်ဆေး

ရင်ကျပ် ရုတ်တရက်ထလျှင် လေပြွန်များကို အမြန်ဆုံး ပြန်ကျယ်စေသည့် လေပြွန်ကျယ်ဆေးများကို ပေးရသည်။ ယင်းတို့ကို အရေးပေါ် ကုသဆေးများဟု ခေါ်သည်။  ရှူဆေး၊  သောက်ဆေး၊   ထိုးဆေးမျိုးစုံ ရှိသည့်အနက်   ရှူဆေးက    အာနိသင် အရှိဆုံးနှင့် လိုအပ်သည့်နေရာဖြစ်သည့် အဆုတ်သို့ အလွယ်တကူ အရောက်ဆုံးဖြစ်သည်။

လေပြွန်များ ရောင်ရမ်းမှုကို ထိန်းသိမ်းပေးထားခြင်းဖြင့် ရင်ကျပ်ထခြင်းကို ကာကွယ်ပေးသော ဆေးမျိုးကို ကာကွယ်ဆေး သို့မဟုတ် ထိန်းဆေးဟု ခေါ်သည်။

ရှူဆေး၊ သောက်ဆေးမျိုးစုံ ရှိသည်။ ရှူဆေးလား၊ သောက်ဆေးလား၊ ထိုးဆေးလား၎င်းတို့ထဲတွင် ရှူဆေးက အကောင်းဆုံးဖြစ်သည်။

ရှူဆေးသည် အများထင်သကဲ့သို့ ဆေးအဆုံး မဟုတ်ပါ။ပထမဦးစွာ စတင်အသုံးပြုရမည့် ''ဆေးအစ''ဖြစ်သည်။

ရှူဆေးဖြင့် ပေးခြင်းဖြင့် လိုအပ်သည့် နေရာဖြစ်သည့်လေပြွန်များကို အချိန်တိုတိုနှင့် တိုက်ရိုက်ရောက်သည်။

ထို့ကြောင့် မလိုလားအပ်သည့် အာနိသင်နည်းသည်။

အထူးသဖြင့် ထိန်းဆေးအဖြစ် အသုံးအများဆုံးဖြစ်သည့် စတီးရွိုက်ဟော်မုန်းပါ ဆေးများသည် ရှူဆေးအဖြစ်သာ ရေရှည်ပေးနိုင်သည်။ သောက်ဆေးအဖြစ် ပေးပါက ဘေးထွက်ဆိုးကျိုး များပြားလှ၍ ရင်ကျပ်ထစဉ် ရေတို(သုံးရက်မှ ငါးရက်ခန့်)သာ ပေးနိုင်သည်။

ရှူဆေးများ၏ပြဿနာ

ရှူဆေးများ အသုံးပြုရာတွင် ရှူပုံရှူနည်း မှန်ကန်မှသာ ထိရောက်မှုရှိသည်။ တွေ့နေကျဖြစ်သော ရှူဆေး ဘူးကောက်ကောက်ကလေးများတွင်   ဆေးချိန်ကို တစ်ကြိမ်ညှစ်လျှင် မည်မျှထွက်ရမည်ဟု သတ်မှတ်ထားသည့် ဆေးရည်ကို ဖိအားပေး၍     ဘူးအတွင်းတွင် ထည့်သွင်းထားသည်။ ညှစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးကပန်းထွက်သည်။ ဆေးဘူးကို ငုံထားပြီး ညှစ်သည့်အချိန်တွင် တစ်ပြိုင်နက်တည်း အသက်ဝဝ စုပ်သွင်းယူ၍ ၁ဝ စက္ကန့်ခန့် အသက်အောင့်ထားမှ အလုပ်ဖြစ်သည်။

ရှူပုံ၊ ရှူနည်းကို ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်၊ သူနာပြု စသည့်ပညာရှင်တို့က    စိတ်ရှည်လက်ရှည်ပြပေး၊ သင်ပေးဖို့လိုသည်။ သို့မဟုတ်ပါက မထိရောက်ပါ။

၁၂ နှစ်အောက် ကလေးများတွင် ထိုရှူဆေးများကို တိုက်ရိုက်သုံး၍မဖြစ်နိုင်ပါ။ ထို့ကြောင့် ကြားခံပစ္စည်းများ ပေါ်ပေါက်လာသည်။ ရှူဆေးထဲမှ ရှူဆေးကို ကြားခံပစ္စည်းထဲသို့ ညှစ်သွင်း၊ ထိုမှ တစ်ချက်ချင်း အေးအေးဆေးဆေး စုပ်ယူနိုင်သည်။ များစွာငယ်သော ကလေးများတွင် ကြားခံပစ္စည်း၊ ပါးစပ်၊ နှာခေါင်းအုပ်တပ်၍  ကလေးပါးစပ်နှင့် နှာခေါင်းဝတွင်  အုပ်ထားခြင်းဖြင့် အသက်ရှူတိုင်း     အလိုလိုရှူသွင်းပြီး ဖြစ်စေနိုင်သည်။

ရှူဆေးပေးစက်များ၏ အခန်းကဏ္ဍ

ရှူဆေးများကို စက်များဖြင့်လည်း ပေးနိုင်သည်။ စက်တစ်ခုကို ငွေကျပ် ၅ဝဝဝဝ ခန့်မှ ၁ဝဝဝဝဝ ခန့် ပေးရသဖြင့် အတော်အသင့် လက်လှမ်းမီကြသည်။

သို့ရာတွင်   လျှပ်စစ်ဓာတ်လိုသည်။   ရှူဆေးဖြင့် ရှူသော ဆေးရည်က ကုန်ကျစရိတ်ပိုများသည်။ ရှူဆေးကောက်နှင့် ကြားခံပစ္စည်း သုံး၍ရှူခြင်းဖြင့် အာနိသင်အတူတူပင်ဖြစ်သည်။   ရုတ်တရက်  အလွန်အမင်း ကျပ်နေသည့်အခါနှင့် ရုန်းကန်နေသည့် ကလေးငယ်များတွင်  ရုတ်တရက် ကုသရန်သုံးသည်။   ရေရှည် ကာကွယ်ဆေးရှူဆေးများကိုပေးရန်အတွက်မူ အသုံးမဝင်ပါ။

အန္တရာယ်ကင်းရဲ့လား

စတီးရွိုက်ဟော်မုန်းပါ အရောင်ကျဆေးများကို ရေရှည်ပေးထားလျှင် အန္တရာယ်မဖြစ်နိုင်ဘူးလား ဆိုသည်မှာ လူတိုင်းမေးသည့် မေးခွန်းဖြစ်ပါသည်။

ဤဆေးများကို သောက်ဆေးအနေနှင့် ပေးလျှင် ဘေးထွက်ဆိုးကျိုး များလှသည်။  ရှူဆေးအနေနှင့်မူ ပေးရသည့်ဆေးပမာဏ အလွန်နည်း၍ ရေရှည်ဆိုးကျိုး မရှိသလောက်နည်းပါးသည်။ ရှူပြီးလျှင် ပလုတ်ကျင်း၊ ထွေးထုတ်ခြင်းဖြင့် ခန္ဓာကိုယ်ထဲသို့ စုပ်ယူမှုကို လျော့ကျစေနိုင်သည်။

လုပ်ဆောင်ရမည့် အဆင့်(၄)ဆင့်

ပန်းနာရင်ကျပ်ရောဂါသည် ပျောက်အောင်ကုသ၍ မရပါ။  သို့သော်    ရောဂါမထအောင်   နိုင်နင်းစွာ ထိန်းသိမ်း၍  သက်တမ်းပြည့်၊   အရည်အသွေးပြည့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်အောင်  လုပ်နိုင်သည့်  နည်းလမ်းများရှိနေပါပြီ။ ရောဂါကုသ ထိန်းသိမ်းရာတွင် အဆင့်(၄)ဆင့်ရှိပါသည်။

၁။ လူနာ၊ မိဘ၊ ဆွေမျိုးများကို ပညာပေးခြင်း။

၂။ ရင်ကျပ်ထစေသည့် အကြောင်းရပ်များကို ရှာဖွေခြင်း၊ ရှောင်ကြဉ်ခြင်း။

၃။ ရင်ကျပ်အဆင့်သတ်မှတ်ခြင်း၊    လိုအပ်သော ကုသမှု စီမံချက်ဆွဲခြင်း၊ ကာကွယ်ဆေးများ ပေးခြင်း။

၄။ ရင်ကျပ်ထလျှင် မည်သို့လုပ်ရမည်ကို သင်ကြားခြင်း၊ ရင်ကျပ်ထခြင်းကို ကုသခြင်းတို့ဖြစ်သည်။

အချိန်ပေးဖို့လို

ထိုသို့  ကုသမှုအဆင့် (၄)ဆင့်လုံးကို လုပ်နိုင်ရန် ဆရာဝန်၊ လူနာ၊ မိဘများအားလုံးက အချိန်ပေးဆွေးနွေးနိုင်ရန် လိုအပ်သည်။ ကလေးပန်းနာရင်ကျပ် အထူးကု ဆေးခန်းများကို ရန်ကုန်၊ မန္တလေး ကလေးဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။

မီးဖိုပျက်ရင် ပစ်မထားပါနှင့်

လွန်ခဲ့သောအနှစ် ၃ဝ၊ ၄ဝ ခန့်က ရေနံဆီမီးဖိုများ အတော်ခေတ်စားခဲ့သည်။   မီးဖိုမှ  မီးစာချောင်၍ အောက်ရှိရေနံဆီ ကန်ငယ်ထဲသို့ ကျကာ မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် မီးဖိုပြင်၍ အသက်မွေးသည့် လုပ်ငန်းရှင်တစ်ဦးက ''မီးဖိုပျက်လျှင် ပစ်မထားနဲ့ ကျွန်တော်အားကြီး စိတ်ဆိုးတယ်''  ဟု    ထိုစဉ်က သတင်းစာများတွင် မကြာခဏ ကြော်ငြာထည့်လေ့ရှိသည်ကို မှတ်မိသည်။

ထို့အတူပင် ရင်ကျပ်မထအောင် ကာကွယ်ထိန်းသိမ်းနိုင်သည့် နည်းလမ်း၊ ကုသမှုများ ရှိပါလျက်နှင့် မကြာခဏ ရင်ကျပ်ထ၍ ဝေဒနာခံစားနေရသော ကလေးများ၊ စိုးရိမ်သောက ရောက်ကြရသော မိဘများကိုတွေ့မိတိုင်း ကျွန်တော်များစွာ စိတ်မကောင်းဖြစ်မိသည်။ ထိုသို့သော ခေတ်မီကုသမှုများ ရှိကြောင်းကို ကျန်းမာရေးဝန်ထမ်းများကလည်း နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ အချိန်ပေး ဆွေးနွေးရန် လိုအပ်သည်။ လူနာရှင်များဘက်က အတော်အသင့်ရှိသည့် ကနဦးကုန်ကျမှုမျိုးကိုလည်း   တတ်နိုင်ကြရမည်။   အမှန်စင်စစ်မူ ထိုသို့ ရှူဆေး၊ ကြားခံပစ္စည်း စသည်တို့ကို အသုံးပြု၍ ရင်ကျပ်မထအောင် ကာကွယ်ထားခြင်းက ရင်ကျပ်မှ ကုသခြင်းထက်   ရေရှည်တွင်  ကုန်ကျစရိတ်ပို၍ပင်  သက်သာသည်။

ထို့ကြောင့်ပင်   ''ရင်ကျပ်ဖြစ်လျှင်  ပစ်မထားနဲ့၊ ကျွန်တော်အားကြီး စိတ်ဆိုးတယ်''ဟု အားမလိုအားမရ ပြောလိုလှသည်။ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရင်ကျပ်ထစဉ် ကုသမှုသာမက ရင်ကျပ်မထအောင် ခေတ်မီကာကွယ်မှုများကိုပါ ပြုလုပ်ပေးသင့်သည်။

ပန်းနာရင်ကျပ်ရောဂါ ရှိလျက်နှင့်ပင် ပျော်ရွှင်ချမ်းသာစွာ သက်တမ်းပြည့်၊ ဘဝအရည်အသွေး ပြည့်နေနိုင်ပါစေကြောင်း  Health Digest Journal ၏ အထူးထုတ်ဆောင်းပါးအဖြစ် တင်ပြအပ်ပါသည်။   ။

Health Digest Journal (Volume. 8, No.1,27.10.2010)

Source: Myawady Web Portal

ရင်ကျပ်ခြင်းနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန်
https://sacministry.gov.mm/my/article/2121

 

ပါမောက္ခဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)

ရင်ကျပ်ရောဂါဆိုတာ  လေကိုရှူသွင်းလိုက်တဲ့ အချိန်အဆုတ်ကိုသွားတဲ့ အသက်ရှူလမ်းကြောင်းထဲမှာ  ချွဲသလိပ်တွေပြည့်ပြီး ကျဉ်းမြောင်းသွားတာကို ဆိုလိုတယ်။ အများစုကမျိုးရိုးလိုက်ကာ ငယ်စဉ်ကတည်းက ရောဂါစပြီး ရတတ်တယ်။ ရင်ကျပ်အခံရှိသူတွေဟာ ပန်းဝတ်မှုန်၊ ရေမွှေးနဲ့အမွှေးတိုင်အနံ့၊ ခြင်ဆေးခွေအနံ့၊ ဆေးလိပ်ငွေ့၊ အရက်နံ့စတဲ့အနံ့အပြင်အမွေးအမှင်၊ ပန်းဝတ်မှုန်၊မီးခိုးငွေ့စတဲ့အရာတွေ ရှူရှိုက်မိတဲ့အခါ   ရင်ကျပ်ဝေဒနာခံစားရတယ်။

ရင်ကျပ်ဝေဒနာဖြစ်တတ်တဲ့သူအချို့ဟာ အလုံပိတ်အခန်းတွေမှာမနေနိုင်တာ၊ ရုပ်ရှင်ရုံ၊ ဇာတ်ပွဲ၊ဓာတ်လှေကား၊ မှန်လုံဘတ်စကားစီး ရင်ရင်ကျပ်တတ်ပါတယ်။ အခန်းကျဉ်းကျဉ်းမှာ၊ လေဝင်လေထွက်မရှိတဲ့ အခန်းတွေမှာ အသက်ရှူကျပ်တာဖြစ်နိုင်သလို ကိုယ်နဲ့မသင့်တော်တာ၊ ကိုယ်နဲ့မတည့်တဲ့ အရာတွေကို အထူးသတိထားသင့်ပါတယ်။

နောက်အဆုတ်မှာရောဂါရှိရင်ဖြစ်တတ်တယ်။

အဆုတ်ကဝမ်းဗိုက်အပေါ်ဘက် ရင်ဘတ်တစ်ဖက်တစ်ချက်စီမှာ ဘယ်နဲ့ညာဆိုပြီးရှိတယ်။ ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်ရရှိဖို့အတွက်   လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ကို လဲလှယ်ပြီး သွေးကြောကတစ်ဆင့်  ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင် ရရှိဖို့အတွက် အဆုတ်က တာဝန်ယူပေးတယ်။   လူတစ်ယောက်အတွက်အဆုတ်ကျန်းမာဖို့ အရေးကြီးတယ်။ အဆုတ်ကောင်းပါမှ ကျန်းမာရေးကောင်းနိုင်တယ်။ အဆုတ်ကသွေးကြောထဲရှိ  သွေးခဲတွေကို ဖယ်ရှားပေးတယ်။ ခန္ဓာကိုယ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်များလာရင် အက်စစ်ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ကိုဘေးဥပဒ်ဖြစ်လို့ ကာဗွန်ဒိုင်အောက်ဆိုက် အကုန်မပြန်ထုတ်နိုင်ဘဲ ပီအိပ်(PH)နည်းကာ အက်စစ်ဖြစ်လာတယ်။ ဖုန်မှုန့်တွေ၊ အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်တဲ့ ဗက်တီးရီးယားတွေကို  အဆုတ်ကပြန်ပြီး ထုတ်တဲ့အနေနဲ့ ချောင်းဆိုး၊ နှာချေတာမျိုး ပြုလုပ်ပေးလေ့ရှိတယ်။

အဆုတ်မှာကာရံထားတဲ့ ရောဂါပိုးတွေ ဝင်တာကိုလည်း ကာကွယ်ပေးတယ်။ အဆုတ်ရှိခြင်းက နှလုံးကို ကာကွယ်ရာရောက်တယ်။   အဆုတ်ကနှလုံးရဲ့လုပ်ဆောင်တာတွေ  ပိုပြီးကောင်းမွန်အောင်သွေးတွေ ထိန်းသိမ်း ပေးထားတယ်။ သွေးတွေကိုသိုလှောင်ပေးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင် လဲလှယ်ပေးတဲ့ အဓိကနေရာပဲ ဖြစ်တယ်။

ရင်ကျပ်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ချောင်းဆိုးတာ၊ ချွဲကျပ်တာ၊ အသက်ရှူမြန်တာ၊ ရင်ဘတ်အောင့်တာ၊ တရွှီရွှီမြည်တာ၊ အသက်ရှူရကျပ်တာ၊အိပ်မရတာတွေဖြစ်နိုင်တယ်။  အအေးမိဖျားနာတဲ့အခါ၊ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ၊ အရမ်းအေးနေတဲ့အခါ မျိုးစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ အနေနဲ့ ဒေါသကြီးတဲ့ အချိန်တွေမှာ  ဖြစ်စေနိုင်တယ်။

ရင်ကျပ်ရောဂါဖြစ်နိုင်ခြေများသူတွေက မိဘသို့မဟုတ် ဆွေမျိုးသားချင်းထဲမှာရင်ကျပ်ရောဂါရှိရင်၊ ကိုယ်အလေးချိန် များတဲ့သူ၊ မိမိကိုယ်တိုင် ဆေးလိပ်သောက်သူ သို့မဟုတ် ဆေးလိပ်ငွေ့အမြဲရှူရှိုက်နေရသူ၊    ဓာတ်မတည့်၊ နှာစေးသူ၊   ဓာတ်မတည့်သူအရေပြားယားယံနာရှိတဲ့ သူတွေအနေနဲ့ရင်ကျပ်တာ မဖြစ်အောင်   ဂရုတစိုက်ကျန်းမာရေးလိုက်စားသင့်တယ်။

ရင်ကျပ်ရောဂါဖြစ်ပွားစေတဲ့အကြောင်းရင်းကမိဘမျိုးရိုးအပါအဝင် ရာသီဥတုနဲ့လည်းဆိုင်တယ်။ အဆုတ် ကျန်းမာရေးအတွက် လုပ်ဆောင်ပေးတဲ့ ပထမဆုံးအချက်က ဆေးလိပ်ဖြတ်တာဖြစ်တယ်။ ဆေးလိပ်ငွေ့ထဲမှာ လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နီကိုတင်းဓာတ်တွေ၊ ကတ္တရာစေးတွေအများအပြားပါရှိတာ ကြောင့် ဆေးလိပ်သောက်တဲ့အတွက် အသက်ရှူလမ်းကြောင်းကျဉ်းသွားစေပြီး အသက်ရှူရခက်စေတယ်။

ဆေးလိပ်သောက်တာရဲ့ အကျိုးဆက်က အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာဖြစ်စေနိုင်တယ်။ ရေရှည်သောက်မယ် ဆိုရင် အဆုတ်ကင်ဆာနဲ့ နာတာရှည်အဆုတ်နဲ့ပတ်သက်တဲ့ရောဂါဖြစ်စေတယ်။ ဆေးလိပ်ကို ရေရှည်သောက်ရင်ဆဲလ်တွေ၊ တစ်သျှူးတွေ၊ အဆုတ်ထဲ အပြောင်းအလဲဖြစ်ကာ  အဆုတ် ကင်ဆာအထိ ဖြစ်စေတယ်။

  မပြင်းထန်တဲ့ ပန်းနာရင်ကျပ်လက္ခဏာက တစ်ပတ်မှာနှစ်ကြိမ် သို့မဟုတ် တစ်လမှာတစ်ရက်ခံစားရတဲ့ အဆင့်နိမ့်(mild intermittent)ဖြစ်ကာတစ်ပတ်မှာ နှစ်ကြိမ် သို့မဟုတ် တစ်ရက်မှာတစ်ကြိမ်ထက်မပိုတဲ့(mild persistent)ဖြစ်ကာ တစ်နေ့မှာတစ်ကြိမ်သို့မဟုတ် တစ်ပတ်မှာတစ်ညထက်ပိုပြီးခံစားရကာ အသင့်အတင့် ပြင်းထန်(moderate persistent)၊ နေ့တိုင်းနီးပါးရောဂါလက္ခဏာ ခံစားရတာ(server persistent)စတဲ့ ရင်ကျပ်အမျိုးမျိုးရှိတယ်။

ရာသီဥတုပေါ်မူတည်ပြီး ရင်ကျပ်ဝေဒနာပိုပြီး  ဆိုးစေတယ်။  ဥပမာ စိုထိုင်းဆများတဲ့မိုးရာသီ၊ ဆောင်းရာသီ တွေမှာ ပိုပြီး ဆိုးရွားစေနိုင်တယ်။ အဓိက  အမှုန်အမွှားနဲ့   မှိုတွေကြောင့်ဖြစ်နိုင်တယ်။ စိုထိုင်းဆများတဲ့ မိုးရာသီမှာ    မှိုတွေပိုပြီး ဖြစ်ပွားစေနိုင်ဖို့ အခွင့်အလမ်းပိုများပြီး  စိုထိုင်းဆမြင့်မားလို့ ညစ်ညမ်းတဲ့လေထုက ရင်ကျပ်ရောဂါရှင်တွေကို ပိုပြီးဆိုးရွားစေတဲ့အတွက်  အသက်ရှူရခက်ခဲတာတွေ ဖြစ်စေတယ်။    မိုးသည်းနေတဲ့အချိန်မှာ   လူတွေအရမ်းကျပ်လို့  လိုင်းကားပေါ်ရောက်နေတာမျိုး၊   မိုးရေစိုစွတ်နေတဲ့အတွက်၊ လူတွေဆီကလည်း    အနံ့အသက်ပေါင်းစုံထွက်နေတဲ့အတွက် တစ်ခါတလေအလုံပိတ်နေတဲ့ လိုင်းကားတွေပေါ် သာမန်လူတွေပါ အသက်ရှူရခက်တာမျိုး ဖြစ်နိုင်တာကြောင့် ရင်ကျပ်အခံရှိသူတွေပိုပြီး ဆိုးရွားစေတယ်။ မိုးရွာတဲ့အချိန်မှာ  မှိုနဲ့ဖုန်မှုန့်တွေကြောင့် အသက်ရှူရခက်တာဖြစ်စေနိုင်ပြီး  ရင်ကျပ်တာဖြစ်စေတယ်။

ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားတာက ရင်ကျပ်နဲ့ အဆုတ်ကျန်းမာရေးအတွက် တစ်ပိုင်းတစ်စ ကူညီပေးတယ်။ ခံတွင်းကျန်းမာရေး(အာသီးရောင်တာ)ကို ဂရုစိုက်သင့်တယ်။ ပါးစပ်၊ သွားတွေကနေ ရောဂါပိုးဝင်လာနိုင်လို့ ခံတွင်းသန့်ရှင်းရေး၊ အစားအသောက်က အစဂရုပြုသင့်တယ်။ အဆုတ် ကျန်းမာရေးအတွက် အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းနေ့စဉ်နှစ်ကြိမ် တစ်ကြိမ်ကိုအခါ၂၀ လောက်လေကောင်းလေသန့်ရနိုင်တဲ့နေရာမှာ လုပ်ပေးသင့်တယ်။  နေ့စဉ်နာရီဝက်မှ တစ်နာရီအပြေး၊  လမ်းလျှောက်၊  ရွရွပြေး၊ စက်ဘီးစီး၊ရေကူးပြုသင့်တယ်။    အေရိုးဗစ်လုပ်နိုင်တယ်။  ယောဂထိုင်နိုင်တယ်။ တရားရှုမှတ်သူတွေအတွက် နှာသီးဝက လေဝင်တာ၊ ထွက်တာရှုမှတ်ရင် ကြွက်သားအားပိုကောင်းစေလို့ အဆုတ်ပိုကျန်းမာစေတယ်။

ရင်ကျပ်ရောဂါအတွက် ရင်ကျပ်ရှူဆေး အသင့်ဆောင်ထားသင့်ပြီး ဆေးဝါးကုထုံးသာမက လူနေမှု ပုံစံတွေပြောင်းလဲသင့်တယ်။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ မိမိအိပ်ရာ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း ထားသင့်တယ်။ တိရစ္ဆာန်အမွေးအမှင်နဲ့ မတည့်တဲ့သူအတွက် အိမ်မွေးတိရစ္ဆာန် မမွေးသင့်ပါဘူး။

မွေးခဲ့ရင်လည်းသန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။လေအေး သို့မဟုတ် ခြောက်သွေ့တဲ့လေနဲ့ထိတွေ့လို့ ရင်ကျပ်တတ်ရင်  နှာခေါင်းစည်းတပ်သင့်တယ်။

လေအေးစက်(အဲယားကွန်း) အိမ်မှာ၊ ရုံးမှာဖွင့်ထားရင်လည်း သန့်စင်တဲ့အတွက် ဖုန်မှုန့်တွေရှူရှိုက်မိရာကနေ ကာကွယ်ပေးတယ်။

အဆုတ်ကျန်းမာရေးအတွက် စားပေးသင့်တဲ့အစာတွေကချင်း၊ ကြက်သွန်ဖြူ၊ နနွင်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ပန်းသီး၊ ဘယ်ရီသီး၊ တလည်းသီး၊ အခွံမာသီး၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ ဗီတာမင်ကြွယ်ဝတဲ့အစာတွေဖြစ်တယ်။  အသား၊ ငါးနဲ့ဟင်းသီးဟင်းရွက်မျှတအောင် စားသင့်တယ်။  ကျန်းမာရေးအတွက် အားကောင်းစေတယ်။   ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့ ဂရင်းတီး(Green Tea)သောက်တာလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးတယ်။

ပန်းနာရင်ကျပ်အတွက် လေ့လာမှုတွေ အများအပြား လုပ်ဆောင်ဆဲဖြစ်ပြီး  အရင်ကထက်ကုထုံးတွေပါ တိုးတက်လာတယ်။ သက်သာစေမယ့် အချက်တွေကတော့ လူနာကမိမိနဲ့ဓာတ်မတည့်စေတဲ့ အငွေ့အသက်တွေ၊ အမွေးအမှင်တွေ၊ အေးမြစိုစွတ်တဲ့ရာသီဥတုတွေကို ရှောင်ရှားရမှာ ဖြစ်တယ်။ ပန်းနာရင်ကျပ်ဖြစ်သူရော၊ ပြုစုစောင့်ရှောက်ပေးတဲ့သူပါ ပန်းနာရင်ကျပ်ရောဂါအကြောင်းနဲ့ သူ့ရဲ့ဆေးဝါးတွေရဲ့ သဘောသဘာဝကို နားလည် သဘောပေါက်ထားရမှာ ဖြစ်တယ်။

ကုသတဲ့အခါမှာလည်း   ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးကုသရမှာ ဖြစ်တယ်။  စွဲသောက်လို့ရတဲ့၊ သောက်ပေးလို့ရတဲ့  ထိန်းချုပ်ဆေးတွေလည်း ရှိတယ်။   စတီးရွိုက်ရှူဆေး၊    ဆာဗျူတမောသောက်ဆေး၊ ရှူဆေးတို့ဟာ ရင်ကျပ်တာကာကွယ်ပေးပါတယ်။     ။

ရင်ကျပ်ခြင်းနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန်
(အောက်ပါ Link များ ဖော်ပြခွင့်ပြုနိုင်ပါရန်)
ဆောင်းရာသီနှင့်ပန်းနာရင်ကျပ်

 https://sacministry.gov.mm/my/article/617

ပန်းနာရင်ကျပ်လက္ခဏာများ 

https://www.kyarlay.com/a/2291


ပန်းနာရင်ကျပ်ဝေဒနာတွေသက်သာစေဖို့

 https://myhealthmyanmar.com/home-remedies-for-asthma/


ပန်းနာရင်ကျပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး 
https://sacministry.gov.mm/my/subjects/2123


ပန်းနာရင်ကျပ်နှင့်ပျော်ရွှင်စွာနေထိုင်နည်း

 https://sacministry.gov.mm/my/article/2122


ပန်းနာရင်ကျပ်ရောဂါ ဘယ်လိုတွန်းလှန်ကြမလဲ

 https://sacministry.gov.mm/my/subjects/2124


ရင်ကျပ်ခြင်းနှင့်သိကောင်းစရာ

 https://sacministry.gov.mm/my/subjects/2126


ပန်းနာရင်ကျပ် သတိချပ် 

https://sacministry.gov.mm/my/subjects/2132


 

 

ဒေါက်တာလွင်သန့်

လူ၏ သဘောသဘာဝသည်ပင်လျှင် တစ်ဦးတည်း သီးခြားရပ်တည်နေထိုင်သည့် အမူအကျင့်မရှိဘဲ မိဘနှစ်ပါးမှ မွေးဖွားလာကတည်းက မိသားစုဘဝကိုရရှိခဲ့ကြသည်။ သွေးရင်းသားရင်းမိသားစုများမှ ဆွေမျိုးသားချင်းများဟူ၍ ဖြစ်လာကြပြီး ထိုမှတစ်ဆင့် ဆွေမျိုးစု၊ မျိုးနွယ်စုများအဖြစ် ပိုမိုကြီးမားသည့် လူ့အဖွဲ့အစည်းဖြစ်လာကာ လူမျိုးစုအထိ ကျယ်ပြန့်လာသည့်သဘောဖြစ်ပါသည်။

ထို့အပြင် လူဟူသည် အခြားသတ္တဝါများထက် ပို၍အသိဉာဏ်ရှိပြီး ဆည်းပူးလေ့လာသင်ယူနိုင်စွမ်းလည်းရှိကြသည်။ မိမိသင်ယူမှတ်သားထားသည်များကို အခြေခံကာ ဆင့်ပွားတွေးခေါ်ဆင်ခြင်နိုင်စွမ်းလည်းရှိပေသည်။ ထိုမှတစ်ဆင့် တီထွင်ဖန်တီးခြင်း၊ ပိုမိုကောင်းမွန်ဆန်းသစ်သည့် နည်းလမ်းများ ရှာဖွေခြင်းတို့ ပြုလုပ်နိုင်ကြပေသည်။ ထို့ပြင် ခံစားတတ်သည့် နှလုံးသားလည်းရှိသည်မို့ စိတ်ခံစားမှုအမျိုးမျိုးကို ကူးစက်ခံစားနိုင်ကြသည်။ ထိုမှ နားလည်စာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်စသည့် အကောင်းမြင်စေတနာသဒ္ဓါတရားများ ပေါ်ပေါက်လာတတ်သကဲ့သို့ မခံချင်စိတ်၊ ရန်လိုအမုန်းပွားစိတ်၊ နာကြည်းစိတ် စသည့်အဆိုးမြင် အာဃာတတရားများလည်း ပေါ်ပေါက်လာတတ်ကြပါသည်။

လူသားတာဝန်

အကောင်းမြင်စိတ်ရှိမှသာ တိုးတက်မှုကို ရှေးရှုနိုင်မည်ဖြစ်ပြီး အဆိုးမြင်စိတ်ဟူသည် ပျက်စီးရာ ပျက်စီးကြောင်းကိုသာ ဦးတည်တတ်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ ဆိုလိုချင်သည်မှာ လူဟူ၍ဖြစ်လာလျှင် မိမိကိုယ်တိုင်ပါဝင်သည့် လူ့အဖွဲ့အစည်းလူ့လောက လူ့အသိုင်းအဝိုင်းကို အကောင်းမြင်စိတ်ဖြင့် တိုးတက်အောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ တာဝန်ရှိနေသည်ဟူသော အချက်ဖြစ်သည်။ ထိုတာဝန်ကို မည်သူကပေးထားသနည်းဟုမေးလျှင် မွေးကတည်းကပါလာသည့် လူသားတာဝန်ဟုသာ ဖြေဆိုရပါမည်။ အဆိုပါတာဝန်ကိုလည်း တခုတ်တရ သတ်သတ်မှတ်မှတ် လုပ်ဆောင်ရန်မဟုတ်ဘဲ မိမိက စိတ်စေတနာကောင်းထားခြင်း၊ အများအကျိုးကို လိုလားခြင်း၊ မိမိကြောင့် သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်မျိုးများကို ရှောင်ရှားခြင်း၊ လူအချင်းချင်း ရိုင်းပင်းညှာတာထောက်ထားခြင်းတို့ဖြင့် ပြုမူကျင့်ကြံပြောဆိုနေထိုင်ရုံလောက်ဖြင့်ပင် လူသားတာဝန်ကို ကျေပွန်ရာရောက်သည်ဟု ဆိုနိုင်ပေသည်။

မိမိနေထိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ အရေးကြုံလာပြီဆိုလျှင်တော့ မိမိအနေဖြင့် သည်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် မိမိတွင်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလိုသည့် အသိစိတ်ဓာတ်မျိုးအထိ ရှိထားရန်လိုသည်။ သို့မှသာ နိုင်ငံသားတာဝန် ကျေပွန်ရာရောက်ပေမည်။ ယင်းသို့သော အသိစိတ်ဓာတ်မျိုးသည် တစ်စုံတစ်ယောက်က နှိုးဆော်တိုက်တွန်းရန်မလိုဘဲ နေရာဒေသ အချိန်အခါ အခြေအနေများအရ ဖြစ်ပေါ်လာရမည့်အသိ စိတ်ဓာတ်ဟုပင် ဆိုချင်ပါသည်။ မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များ၊ မိမိနယ်မြေ၊ မိမိဒေသ၊ မိမိနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ကာ မိမိအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပေးရမည်နည်းဆိုသည့် အသိစိတ်ဓာတ်မျိုး နိုင်ငံသားအားလုံးတွင် ရှိထားကြမည်ဆိုလျှင် အဆိုပါနိုင်ငံသည် စည်းလုံးညီညွတ်မှုရှိသောနိုင်ငံသားများကို ပိုင်ဆိုင်ထားပြီး တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။

ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်

နိုင်ငံသားများသည် အဆိုးဘက်တွင် ညီညွတ်သည်ထက် အကောင်းဘက်တွင်သာ ညီညွတ်ကြရန် လိုအပ်ပါသည်။ ယနေ့မိမိတို့နိုင်ငံတွင် အကောင်းမြင်စိတ်ဖြင့် အကောင်းဘက်သို့ ဦးတည်သည့် ညီညွတ်မှုမျိုး အထူးလိုအပ်နေချိန်ဖြစ်ပါသည်။ လတ်တလောနိုင်ငံအခြေအနေကို ပြန်ကြည့်လိုက်လျှင် အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်းနေပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။ သည်လိုအနေအထားမျိုးတွင် နိုင်ငံသားများက မိမိနှင့်မဆိုင်ဟုဆိုကာ နေသာသလိုနေရမည့်အချိန်မဟုတ်ပေ။ တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ လိုအပ်သလို ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရမည့်အချိန်ဖြစ်သည်။ နိုင်ငံသားတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်သည်။

နိုင်ငံသားပြည်သူများ ပူးပေါင်းပါဝင်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ ဥပမာ မိမိဒေသတွင် ပြည်သူ့စစ်အဖွဲ့များရှိလျှင် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းမျိုး၊ မိမိရပ်ကွက်ကို လုံခြုံအောင် အလှည့်ကျကင်းစောင့်ခြင်းမျိုး၊ အကြမ်းဖက်သမားများအတွက် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်း မီဒီယာမှတစ်ဆင့် အားပေးအားမြှောက်ပြုမှုများ မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းမျိုး၊ ပုံမှန်မဟုတ်သည့်လုပ်ရပ်များကို မသင်္ကာဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းမျိုးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ပါသည်။ ယင်းသို့သောလုပ်ရပ်များသည် နိုင်ငံသားတစ်ယောက်၏ တာဝန်များပင် ဖြစ်သည်။ ထိုသို့သော အသိစိတ်ဓာတ်ဖြင့် အစဉ်အမြဲသတိရှိနေမည်၊ အသိရှိနေမည်၊ အသင့်ရှိနေ မည်ဆိုလျှင် နိုင်ငံအတွက် အားထားရသည့် နိုင်ငံသားတစ်ယောက်ဖြစ်ပြီဟု ဆိုချင်ပါသည်။ အသိစိတ်ဓာတ်ပြည့်ဝသည့် နိုင်ငံသားများနေထိုင်သော နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုဆီ အစဉ်အမြဲ ဦးတည်နေမည်သာဖြစ်ပေသည်။

နိုင်ငံသားတစ်ယောက်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့်လည်း တစ်သားတည်းရှိရန်လိုအပ်ပါသည်။ သာမန်အားဖြင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း၊ ပေးဆောင်ရမည့်အခွန်အခများကို ပေးဆောင်ခြင်း၊ ဥပဒေချိုးဖောက်မည့်သူများကို ဝိုင်းဝန်းတားဆီးကာကွယ်ခြင်း၊ ဥပဒေထိန်းသိမ်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းတို့ ပြုလုပ်သည်ဆိုလျှင်ပင် အစိုးရနှင့် တစ်သားတည်းရှိနေပြီဟု ဆိုနိုင်ပါသည်။ အစိုးရအဖွဲ့ဟူသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒများချမှတ် ဆောင်ရွက်ကြသည် ချည်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် ရည်ရွယ်ထားကြခြင်းဖြစ်၍ နိုင်ငံသားများကလည်း အစိုးရနှင့် ရည်မှန်းချက်တူသူများအဖြစ် ပြည်ထောင်စုအကျိုး လိုလားသူများလည်းဖြစ်သည်။ ယင်းကိုပင် ပြည်ထောင်စုစိတ်ဓာတ်ဟု ဆိုရမည်ဖြစ်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်ဟူသည်

ပြည်ထောင်စုစိတ်ဓာတ်သည် လူတစ်ဦးချင်းနှင့် သက်ဆိုင်သကဲ့သို့ အစုအဖွဲ့အလိုက်၊ တိုင်းရင်းသား လူမျိုးစုအလိုက်နှင့်လည်း သက်ဆိုင်နေပါသည်။ ဒို့တာဝန်အရေးသုံးပါးတွင် ပြည်ထောင်စုမပြိုကွဲရေး ကို ဖော်ပြထားရာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံး စိတ်ဝမ်းမကွဲရေးကို ဆိုလိုရာရောက်ပြီး ပြည်ထောင်စု၏ နယ်မြေအစိတ်အပိုင်းတစ်ခု တလေမျှကိုပင်လျှင် ပြိုကွဲမသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ဆိုလိုခြင်းဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စိတ်ဝမ်းမကွဲဘဲ ချစ်ခင်စည်းလုံးကြရန်၊ နိုင်ငံနယ်နိမိတ်အတွင်းရှိ မည်သည့်နယ်မြေအစိတ်အပိုင်းကိုမျှ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူထားကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်ထောင်စုစိတ်ဓာတ်ဟူသည် မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ်လာများ မည်သို့ပင် ကွဲပြားသည်ဖြစ်စေ ပြည်ထောင်စုတစ်ဝန်းလုံး၊ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အရေးကိစ္စမျိုးတွင် ကွဲပြားခြားနားမှုမရှိ တစ်သွေးတည်း တစ်သားတည်းဖြစ်သည် ဟူသော အမျိုးသားရေးစိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဤတွင် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသည့် ဖဆပလညီလာခံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက “လူမျိုးဆိုတာ ဒုက္ခသုခ အတူခံစားကြပြီးတော့ နီးနီးစပ်စပ် အကျိုးထပ်ပြီး နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပဲလို့ စိတ်ထားရှိသူတွေကို တစ်စုတည်းပေါင်းပြီးခေါ်တာပဲဖြစ်တယ်။ အမျိုး အနွယ်၊ ကိုးကွယ်တဲ့ဘာသာတရား၊ ပြောဆိုတဲ့ ဘာသာစကားတို့ကို အရေးထားရမှာဖြစ်ပေမယ့် တကယ်စင်စစ်ကတော့ အေးအတူပူအမျှ ကောင်းတူ ဆိုးဖက်ပေါင်းပြီး နေထိုင်လိုတဲ့အစဉ်အလာဆန္ဒပေါ်မှာ ဝံသာနုရက္ခိတတရားက တည်နေတာဖြစ်တယ်” ဟု မိန့်ကြားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများအားလုံး မည်သို့ပင် မတူကွဲပြားခြားနား ကြစေကာမူ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပေါင်းနေထိုင်ကြရမည့်စိတ်ထားကို မွေးမြူကြရန် တိုက်တွန်း ထားခြင်းဖြစ်သည်။ ယင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် အဓိပ္ပာယ်နှင့် ထပ်တူကျနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကိုကြည့်လျှင် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို လွှမ်းခြုံခြင်းမရှိဘဲ မိမိတို့နယ်မြေဒေသအလိုက် လွှမ်းမိုးခြယ်လှယ်လိုသည့် ကိုယ်ကျိုးအတ္တအတွက်သာ ဦးတည်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအတ္တအကျိုးစီးပွားများသည် ၎င်းတို့၏ နယ်မြေဒေသအတွက် လည်းအကျိုးမရှိ၊ ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ အတွက်လည်း အကျိုးမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရသည့်အပြင် ဒေသတွင်းရှိ လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများ၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်စသည့် အခြေခံအဆောက်အအုံများပါ ပျက်စီးဆုံးရှုံး နေရသည်။ ယင်းသည် ပြည်ထောင်စု၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆုံးရှုံးမှုများလည်း ဖြစ်ပေသည်။

ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နေသော လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေး အဖြေရှာပြီး တရားဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျစွာ လက်တွဲဖြေရှင်းကြရန် ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြပြီဖြစ်၍ ပြည်ထောင်စုအကျိုးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်တင်ပြလိုက်ရပါသည်။ ။

Source: moi.gov.mm

မျိုးချစ်သစ္စာ

တိုင်းရင်းဆေးပညာအမြင်အရ ရာသီဥတုသဘောသဘာဝနှင့် ရာသီဥတုအလိုက် ဖြစ်ပေါ်ကျရောက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာနိုင်ရန်အချက်များနှင့် ရှောင်ကြဉ်နိုင်ရန်အချက်များကို ပြည်သူလူထုသိရှိနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်းအား ရေးသားဖော်ပြလိုက်ပါသည်။ တိုင်းရင်းဆေးပညာအရ ဆောင်းဥတု၏ ကာလအပိုင်းအခြားမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ လေးလသည် ဆောင်းဥတုဟု ဆေးကျမ်းများတွင် ခေါ်ဆိုပိုင်းခြားထားပါသည်။

ဆောင်းဥတု၏သဘာဝလက္ခဏာများ

ဥတုဘောဇနသင်္ဂဟ ဆေးကျမ်းအလိုအရ ဆောင်းဥတု၏ သဘာဝလက္ခဏာများကို ဖော်ပြရလျှင် ဆောင်းဥတု၏အစဖြစ်သော တန်ဆောင်မုန်းလ၏ ဒုတိယလတစ်ဝက်သည် သာယာကြည်နူးဖွယ်ကောင်းသော ရာသီကာလဖြစ်ပါသည်။ နှင်းများကျလိုက်၊ မိုးများရွာလိုက် ဖြစ်နေတတ်ပါသည်။ သို့မို့ကြောင့်ပင် ရှေးတောင်သူဦးကြီးများက “တန်ဆောင်မုန်းတွင်၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်” ဟု ဆောင်ပုဒ်ပြုခဲ့ကြပါသည်။ ဆိုလိုရင်းမှာ ခြောက်သွေ့မှုမရှိဘဲ အေးနေခြင်းဟု ဆိုလိုသောကြောင့် စိုစွတ်၍ အေးမြသောအချိန်ဖြစ်ပါသည်။

ထိုအချိန်တွင် အနောက်တောင် မုတ်သုံရာသီလေသည် အပြီးအပိုင်ဆုတ်ခွာသွားခဲ့ပြီဖြစ်ပါသည်။ အေးမြသော မြောက်ပြန်လေညင်းကလေးသည် တသုန်သုန် တိုက်ခတ်စပြုလာပြီဖြစ်ပါသည်။ ပြာသိုလနှင့် တပို့တွဲလများတွင် ပြင်ပလောကကြီးမှာ အအေးဓာတ်ပို၍ လွှမ်းမိုးလာပါသည်။ တန်ဆောင်မုန်းလနှင့် နတ်တော်လများမှာ မြောက်လေတိုက်ခတ်လာပြီး ဆီးနှင်းများအလွန်ကျကာ ပြာသိုလနှင့် တပို့တွဲလများ ရောက်သည့်အခါတွင် ဆီးနှင်းများကျခြင်း နည်းပါးသွားပါသည်။

ဆောင်းဥတု၌ကျန်းမာနေကြောင်းနှင့် မကျန်းမာကြောင်း သိသာနိုင်သော ယေဘုယျလက္ခဏာများ

၎င်းအပြင် ဆောင်းဥတု၌ လူအများတွင် ကျန်းမာနေကြောင်းနှင့် မကျန်းမာကြောင်း သိသာနိုင်သော ယေဘုယျလက္ခဏာများကိုလည်း ရေးသားဖော်ပြရလျှင်-

ယခုကဲ့သို့ ဆောင်းဥတုအအေးနယ်တွင် လူများ၏ ကိုယ်ခန္ဓာတွင် အအေးအုပ်စိုးပါက ကျန်းမာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံး အပူချိန်လျော့ပါးနေရမည် ဖြစ်သည်။ ဆောင်းဥတုသဘောအရ လူများတွင် တွေ့နိုင်သော လက္ခဏာများမှာ ရေမငတ်ခြင်း၊ ချွေးမထွက်ခြင်း၊ ဆီးအရောင်ဖြူပြီးများခြင်း၊ အသားများပပ်၍ ကြမ်းပြီးခြောက်နေခြင်း၊ ကိုယ်သားကိုယ်ရေ ပူနွေးနေခြင်း၊ ဝမ်းမီးကောင်းသောဥတုဖြစ်သောကြောင့် စားလိုက်သော အစား အသောက်များ စားသောက်ကောင်းခြင်းစသည့် လက္ခဏာများသည် ကျန်းမာသူတို့၏ လက္ခဏာများဖြစ်သည်။ ထိုကဲ့သို့မဟုတ်ဘဲ ဆောင်းဥတုတွင် ဆီးပူခြင်း၊ ဆီးဝါခြင်း၊ ဆီးနည်းခြင်း၊ ကိုယ်သားကိုယ်ရေအေးခြင်း၊ ချွေးထွက်များခြင်း၊ ရေငတ်ခြင်း၊ အစားအသောက်ပျက်ခြင်းများ တွေ့ရှိပါက မကျန်းမာသူတို့၏ လက္ခဏာများဖြစ်သည်။

ဆောင်းဥတုတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် သောက်သုံးသင့်သော ဆေးဝါးများ

ဆောင်းဥတုတွင် ဖြစ်ပွားတတ်သော ရောဂါများမှာ တုပ်ကွေး၊ အအေးမိနှာစေး၊ ချောင်းဆိုး၊ အဆုတ်ရောင်၊ သလိပ်ဖျား၊ ရင်ကျပ်ပန်းနာရောဂါ၊ ချမ်းဖျားတုန်ဖျား၊ အူရောင်ငန်းဖျား၊ ဝက်သက်ဖျား စသောရောဂါများ ဖြစ်ပွားတတ်ပါသည်။ ၎င်းရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အေး၊ ချို၊ ချဉ်၊ ငန် အရသာရှိသော ဆေးဝါးအစာတို့ကို မှီဝဲသင့်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁) မက်လင်ချဉ်သလိပ်ပုပ်ပျောက်ဆေး၊ တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၇) နွယ်ချို ကဲဆေးတို့ကို တိုင်းရင်းဆေးပညာရှင်များ ညွှန်ကြားသည့်အတိုင်း သောက်သင့်ပါသည်။ ကြိုတင် ကာကွယ်သည့်အနေဖြင့် ငရုတ်သီးမထည့်ဘဲ ရှောက်သီးသုပ်၊ သံပရာရည်၊ ကြာဆံဟင်းခါး၊ ပတဲကောဟင်းချို၊ ကန်စွန်းရွက်ကြော်စသည်များကို ချက်ပြုတ်စားသောက်သင့်ပါသည်။ ဥတုဖျားဖြစ်ပါ က ကွမ်းရွက်သတ္တုရည် ဟင်းစားဇွန်း တစ်ဇွန်းနှင့် ချင်းပြုတ်ရည်ကို ဆားနည်းနည်းထည့်ပြီး အကြမ်းတစ်ပန်းကန်လုံးစာ တစ်နေ့သုံးကြိမ် သောက်ပေးသင့်ပါသည်။ ၎င်းအပြင် ချွေးသင့်ရုံထွက်ရန်အတွက် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၆) ဟလိဒ္ဒ စုဏ္ဏငန်းဆေးကို တစ်ကြိမ် ငါးပြား တစ်နေ့ သုံးကြိမ်၊ ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်တို့နှင့် သောက်သင့်ပါသည်။ တုပ်ကွေးဖျားဖြစ်လျှင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်လုပ်သော ဝိသမအဖျားပျောက်ဆေးကို နီးစပ်ရာ တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများတွင် အခမဲ့ရယူ၍ ဆရာ ဆရာမများ၏ ညွှန်ကြားချက်အတိုင်း သောက်နိုင်သည်။

၎င်းအပြင် ရှေးဆေးကျမ်းများတွင် ဆိုထားသည့် ဆောင်းဥတုအတွက် စားသုံးနိုင်ရန် သင့်မြတ်သော ဆေးဝါးများကို ဖော်ပြရလျှင် ကြစုသီးနှင့် ချင်းခြောက်ကို စားသုံးသင့်သည်ဟု ဆိုထားပါသည်။ နရသုခိဆေးကျမ်းအရ “ဆောင်းတွင်းရောက်သော်၊ ဖျောက်ဆိတ်သက်ရင်း၊ သင်းဝင်ပေါက်ဖြူ၊ နံ့သာဖြူ၊ တပဆေး၊ နည်းပေး သင့်စွာ၊ ထောက်ရှာ၊ ပညာလင်္ကာ၊ ခြောက်ဖြာ ပေါင်းဖွဲ့၊ သီဆိုခဲ့သည့်၊ ၁၂ရာသီ၊ ဆေးကိုမှီလော့”ဟု ဖော်ပြထားပါသည်။

စားသုံးသင့်သော ဓာတ်စာများ

ဆောင်းဥတုတွင် စားသုံးသင့်သော အစားအစာများကို ဖော်ပြရလျှင် သံပရာသီး၊ ရှောက်သီး၊ ဘူးရွက်၊ ကန်စွန်းရွက်၊ မုန်လာ၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံ၊ ခဝဲ၊ ပုံလုံ၊ ကင်းပုံရွက်၊ ဆလတ်ရွက်၊ ကျီးအာရွက်၊ ကုလားမျက်စိ၊ ဟင်းနုနယ်၊ ကန့်ကလာ၊ သင်္ဘောသီးမှည့်၊ ကျွဲကော၊ လိမ္မော်၊ ကမ္ဗလာ၊ ရှောက်ချို၊ စပျစ်သီး စသည်တို့ဖြစ်ပါသည်။ စားသင့်သော အသားငါးများမှာ ငါးခူ၊ ငါးကြင်း၊ ငါးရံ့၊ ငါးသိုင်း၊ ဆိတ်သား၊ ကြက်သား စသည်တို့ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်၊ အသားငါးများကို အချိုသဘော၊ အချဉ်သဘော၊ အရည်သောက်သဘော ချက်စားသင့်ပါသည်။ ပြင်ပမှ အအေးဒဏ်ခံနိုင်စေရန် တပို့တွဲလပြည့်နေ့တွင် ထမနဲ ပွဲတော်များပြုလုပ်ပြီး ပူ၊ ဆိမ့်အရသာရှိသော ထမနဲကို ဓာတ်ခံအားကောင်းစေရန် ရာသီစာအဖြစ်လည်း စားသောက်ကြပါသည်။

ရှောင်ကြဉ်သင့်သော အစားအသောက်များ

ဆောင်းဥတုတွင် ရှောင်ကြဉ်သင့်သော အစားအသောက်များမှာ အပူအစပ်၊ အကြော်အလှော်၊ အခြောက်အခြမ်း၊ ဖန်၊ ဖွဲ့၊ ချုပ်စေတတ်သော အစားအစာများ ရေခဲမုန့်၊ ငှက်ပျောသီးနှင့် သွေးတက်စေသည့် ဝက်သား၊ ဘဲသား၊ အမဲသားများကို လွန်ကဲစွာ မစားရန်လိုပါသည်။ ဆေးကျမ်းများအလို အရ ရာသီဥတုအလိုက် ဓာတ်အကြိုက်၊ အစာအာဟာရအပြင် မိမိ၏ မူလရုပ်ဓာတ်ခံကိုကြည့်၍ စားသုံးသင့်ပါသည်။ အအေးလွန်ကဲသောရာသီတွင် အအေးမိခံခြင်း၊ ပန်ကာလေခံခြင်း၊ လေအေးပေးစက်ခံခြင်း၊ ရေအလွန်အကျွံချိုးခြင်းများ ရှောင်ကြဉ်ရပါမည်။

လိုက်နာသင့်သည့်အချက်များ

ဆောင်းဥတုတွင် လိုက်နာသင့်သည့် အချက်များမှာ အိပ်ရေးပျက်မခံရန်လိုပါသည်။ သို့သော် ဆောင်းကာလတွင် အအိပ်များလျှင် ရောဂါထူတတ်သည့်အတွက်လည်း လိုအပ်သည်ထက်ပို၍ မအိပ် စက်သင့်ပါ။ ဝမ်းချုပ်မခံခြင်း၊ လေစိမ်းတိုက်မခံခြင်းနှင့် ရေချိုးမမှားရန် အလွန်အရေးကြီးပါသည်။ နွေးနွေးထွေးထွေးနေရန် လိုအပ်ပါသည်။ အညောင်းအထိုင်မများရန် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရန် အရေးကြီးပါသည်။ ၎င်းအပြင် ဣရိယပုတ်များ မျှတအောင် နေထိုင်သင့်ပါသည်။

အေးသောဥတုတွင် ခရီးသွားလာသည့်အခါများ၌လည်း အေးသောလေ မတိုးရအောင် အအေးမမိအောင် နွေးထွေးသည့်အစီအမံများ ပြုလုပ်၍ သွားရန်လိုပါသည်။ ၎င်းအပြင် နံ့သာဖြူ၊ ကရမက်၊ အကျော် စသော အမွှေးနံ့သာတို့ကိုလည်း လိမ်းကျံသင့်ပါသည်။ အထူးသတိပြုရန်မှာ အအေး မမိအောင်နေပါ၊ အိပ်ရေးဝဝအိပ်ပါ၊ အာဟာရပြည့်ဝအောင်စားပါ။ အထက်ပါနည်းများအတိုင်း ပြုမူနေထိုင်စားသောက်သွားပါက ဟေမန္တဟုခေါ်သည့် ဆောင်းဥတုကာလတွင် ရောဂါဘယ ကင်းကင်းရှင်းရှင်းနှင့် နေထိုင်သွားနိုင်မည်ဖြစ်၍ တိုင်းရင်းဆေးပညာအရ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် ရေးသား တင်ပြလိုက်ပါသည်။ ။

ကိုးကားကျမ်း

- ဥတုဘောဇနသင်္ဂဟကျမ်း/လက်တွေ့အသုံးချ မြန်မာ့နက္ခတ်ဆေးပညာကျမ်း

- အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် အခြေခံတိုင်းရင်းဆေးပညာသင်တန်း လက်စွဲစာအုပ်

- တိုင်းရင်းဆေးကုဌာနသုံးဆေးနည်းများ စာအုပ်

- လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ ပေါင်းချုပ်အတွဲ(၁)

- မြန်မာ့တိုင်းရင်းဆေးနှင့် တုပ်ကွေးရောဂါ လက်ကမ်းစာစောင်

- မြန်မာစကားပုံများစာအုပ်

- နရသုခိဆေးကျမ်း

Source: moi.gov.mm
 

နေနေနိုင်ရည်၊ မိုးမိုးသန်း၊ ရီရီစန်း(တိုင်းရင်းဆေး)