“တိုင်းရင်းသားအားလုံး ရှေ့တန်းတင်ရမည့် အမျိုးသားစည်းလုံးညီညွတ်ရေး”
Posted_Date
Image

Body
အမိပြည်ထောင်စုမြန်မာတော်သည် ရှေးပဝေသဏီကာလကပင် ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့် ကမ္ဘာ့အလယ်တွင် တင့်တည်ထည်ဝါစွာ ရပ်တည်ခဲ့သော နိုင်ငံဖြစ်ပါသည်။ တကောင်းအဘိရာဇာမင်းကြီးလက်ထက်မှသည် မယိမ်းမယိုင် တည်တံ့ခိုင်မြဲသော ကျွန်ုပ်တို့ နိုင်ငံသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက် (အေဒီ ၁၀၄၄) ပထမမြန်မာနိုင်ငံတော်၊ အင်းဝခေတ် ဘုရင့်နောင်မင်းလက်ထက် (အေဒီ ၁၅၅၁) ဒုတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက် (အေဒီ ၁၇၅၂) တတိယမြန်မာနိုင်ငံတော် စသဖြင့် အင်ပါယာ ဘဝသို့ပင် ၃ ကြိမ်တိုင်တိုင် ရောက်ခဲ့ဖူးသော နိုင်ငံဖြစ်ပါသည်။[1]
ရှေးယခင်က မြန်မာဘုရင်မင်းမြတ်များသည် ဘုန်းမီးနေလ တောက်ပခဲ့ကြသဖြင့် မြန်မာဘုရင်များထံသို့ စော်ဘွားများ၊ နယ်စား၊ နယ်ရှင်များက အခွန်ဘဏ္ဍာများ ဆက်သခဲ့ ကြပြီး ဘုန်းတော်ရိပ်တွင် ခိုလှုံခဲ့ကြသည်မှာ ငြင်းမရနိုင်သည့် သမိုင်းအမှန်ပင်ဖြစ်ပါသည်။ ခိုင်လုံသော သမိုင်းသက်သေအထောက်အထားများအရ ဗမာတိုင်းရင်းသားများသာ လူဦးရေ အရဖြစ်စေ၊ နယ်မြေအနေအထားအရဖြစ်စေ၊ စီးပွားရေးအင်အားအရဖြစ်စေ အင်အား တောင့်တင်းကာ တစ်ထီးတစ်နန်းဖြင့် အနီးပတ်ဝန်းကျင်နယ်မြေများသာမက ယိုးဒယားစသည့် တိုင်းတပါးနယ်မြေများအထိပါ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရား ဖြစ်ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။
ထို့နောက်တွင်ကား ဗြိတိသျှနယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ် တွင် ပထမအကြိမ်၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိတိ အနိုင်ကျင့်ဗိုလ်ကျ၍ ကျူးကျော်စစ် ဆင်နွှဲခဲ့သဖြင့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်)တွင် ထီးကျိုးစည်ပေါက်၍ တစ်နိုင်ငံလုံးသူ့ကျွန် ဘဝ ကျရောက်ခဲ့ရသည်။
ကမ္ဘာ့သမိုင်းတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ခင်းကြရာဝယ် စစ်နိုင်သည့်နိုင်ငံက စစ်ရှုံးသည့် နိုင်ငံကို ကိုလိုနီအဖြစ်သိမ်းပိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အင်္ဂလိပ် တို့က မြန်မာနိုင်ငံအပေါ် ကောက်ကျစ်စဉ်းလဲသည့်နည်းလမ်းများဖြင့် စစ်ပြုခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပါသည်။ ကောက်ကျစ်စဉ်းလဲသော နယ်ချဲ့အင်္ဂလိပ် တို့၏ လုပ်ရပ်အဖြစ် ထင်ရှားသည့်သာဓကတစ်ခုမှာ “မြင်ကွန်းအရေးတော်ပုံ” ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်အကြံအစည်ရှိသည့် နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် နောင်တစ်ချိန် မြန်မာနှင့် တတိယအကြိမ် စစ်ပွဲဖြစ်ပွားမည့်အချိန်၌ အနှောင့်အယှက် ဖြစ်နိုင်သည့် မြန်မာဘုရင် မင်းတုန်းမင်းကြီး၏ ညီတော်ဖြစ်သောဘက်စုံထူးချွန်သူ အိမ်ရှေ့စံ ကနောင်မင်းသားကို လုပ်ကြံသတ်ဖြတ်ရန်အတွက် နယ်ချဲ့အင်္ဂလိပ်တို့က ပြည်တွင်း သစ္စာဖောက် များဖြစ်ကြသည့် ဘုရင့်အာဏာရယူလိုသော မြင်ကွန်းနှင့် မြင်ခုံတိုင်မင်းသား တို့ကို အသုံးချခဲ့ကြောင်း တွေ့ရှိရပါသည်။
လွတ်လပ်ရေးဆုံးရှုံးပြီးနောက် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ တိုင်းရင်းသားလူမျိုး များက အမျိုးသားဇာတိမာန်တက်ကြွစွာဖြင့် ရရာလက်နက်စွဲကိုင်ကာ ကိုလိုနီနယ်ချဲ့တို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ် နှင့်အခြေအနေ၊ အချိန်အခါကို တွက်ဆထောက်ချင့်၍ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ကျွန်သက် ၁၂၃ နှစ်တိုင်တိုင် သက်ဆိုးရှည်ခဲ့ရပါသည်။
နယ်ချဲ့အင်္ဂလိပ်တို့က သွေးခွဲအုပ်ချုပ်ရေး (Divide and Rule) နည်းဗျူဟာဖြင့် မြေပြန့် ဒေသနှင့် တောင်တန်းဒေသဟူ၍ ခွဲခြားမှုများပြုလုပ်ခဲ့ခြင်း၊ ‘တောင်တန်းဒေသများရှိ တိုင်းရင်းသား များသည် မြေပြန့်ဒေသများရှိ ဗမာတိုင်းရင်းသားများထက် အဆင့်အတန်း မြင့်မားစွာနေထိုင်ခဲ့သည်၊ ဗမာတိုင်းရင်းသားများက လွှမ်းမိုးသိမ်းပိုက်ခဲ့သည်’စသဖြင့် သမိုင်း အချက်အလက် အမှားများဖြင့် ရိုးသားသောတိုင်းရင်းသားများကို သွေးထိုးမြှောင့် ပင့်လှုံ့ဆော် ခြင်းနှင့် သေးငယ်သော ချီးမြှင့်မြှောက်စားခြင်းတို့ဖြင့် မြန်မာတိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်စွာဖြင့် တည်ရှိနေသော အခြေအနေကို ရည်မှန်းချက်ရှိရှိ၊ အကွက်ကျကျ ဖျက်ဆီးခဲ့ပေသည်။
အလားတူ ဂျပန်ခေတ်အတွင်း၌လည်း နယ်ချဲ့အင်္ဂလိပ်တို့က ခလောက်ဆန်အကြံဖြင့် မရိုးသားသောလုပ်ရပ်များ ဆောင်ရွက်ခဲ့ကြပါသည်။ သာဓကအချို့ တင်ပြရမည်ဆိုပါက ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ “ဗမာပြည်စီမံကိန်း”(Blueprint for Burma) အစီရင်ခံစာအား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ(တောင်တန်းဒေသ) နှင့်ပတ်သက်၍ “သီးခြားဒေသများဖြစ်ကြသည့် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်ဒေသတို့မှာ မြန်မာ ဒိုမီနီယံနိုင်ငံနှင့် ပူးပေါင်းရန်ဆန္ဒရှိကြောင်း ထုတ်ဖော်မပြမချင်း ထိုဒေသများကို မြန်မာဒိုမီနီယံ နိုင်ငံထူထောင်ရာတွင် သီးခြားဒေသများ၏ လက်ရှိအနေအထားကို ပြောင်းလဲရေးမှာ အဓိက လိုအပ်ချက်ဟူ၍ ကော်မတီက သဘောမထားပေ”[2]ဟူ၍ စဉ်းလဲသောဉာဉ်ဖြင့်ဖော်ပြခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားလူမျိုးများအကြား သပ်လျှိုသွေးခွဲခဲ့သည့် ထင်ရှားသည့် သာဓကတစ်ခုပင် ဖြစ်ပါသည်။
နောက်ထပ်သာဓကတစ်ခုမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ မြန်မာပြည်စိုးမိုးရေး လမ်းစဉ် (Burma Statement Policy by X.M.J, 1945) သို့မဟုတ် ဆင်းမလား စီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင် “မြန်မာနိုင်ငံတော်အလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော မြန်မာ လူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့၊ ထုံးစံ၊ နိုင်ငံရေးတိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်သည့် ရှမ်းပြည်နယ်မြေများနှင့် နိုင်ငံတော်အစွန်အဖျား လူမျိုးစုတို့နေထိုင်သော တောတောင် ဒေသများ ပါဝင်သည့်စာရင်းပါ နယ်မြေများကိုမူကား ထိုလူမျိုးများက မိမိတို့ နေထိုင်သော ရပ်ကွက်ဒေသများကို မြန်မာလူမျိုးတို့နှင့် သင့်တော်သောနည်းဖြင့် ပေါင်းစပ် လိုပါသည်ဟု မိမိတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည့်အချိန်သို့ မရောက်သေးမီ အတေ အတွင်း ၌ ဘုရင်ခံမင်းကြီးက အထူးစီမံအုပ်ချုပ်ထားလိမ့်မည်ဖြစ်ကြောင်း” [3] စသဖြင့် သွေးခွဲစကား ဖော်ပြထားပြန်သည်ကိုတွေ့ရှိနိုင်ပါသည်။
တစ်ဖန်မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၏ သမိုင်းဝင်စာချုပ်တစ်ရပ်ဖြစ်သော ပင်လုံ စာချုပ် မချုပ်ဆိုနိုင်သေးမီကာလများ၌လည်း ဗြိတိသျှအစိုးရက စေလွှတ်ခဲ့သော မစ္စတာ ဘော်တွမ်လေ ကဲ့သို့ နယ်ချဲ့ကိုယ်စားလှယ်များသည် တောင်တန်းဒေသများမှ တိုင်းရင်းသား များနှင့် အကြိမ်ကြိမ်တွေ့ဆုံ၍တောင်တန်းဒေသကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မတွေ့ဆုံမီ သွေးထိုးအကြံပေးမှုများဖြင့် မြှောက်ထိုးပင့်ကော်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့၏ သွေးထိုးပေးမှုကြောင့် ပင်လုံညီလာခံကာလတွင် ရှမ်းနှင့်ကချင်တို့က ဦးဆောင်၍ စာတမ်းရှည်တစ်ခုတင်သွင်းခဲ့ပြီး အဆိုပါစာတမ်းတွင် “လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ ပြည်ထောင်စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင် ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင်ခွင့် ရှိစေမည်”[4] ဟူသောအချက်ကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။
အထက်ပါဥပမာများသည် နယ်ချဲ့အင်္ဂလိပ်တို့၏ စဉ်းလဲသော မဟာဗျူဟာ၊ နည်းဗျူဟာ ရည်မှန်းချက်များအနက် မပြောပလောက်သော ဆောင်ရွက်ချက်အချို့သာဖြစ်ပြီး မြန်မာတိုင်းရင်းသားများအကြား အချင်းချင်းသွေးကွဲပြီး အစဉ်ဒုက္ခကြုံ တွေ့နေရစေရန်အတွက် သမိုင်းစဉ်ဆက် တစ်လျှောက် ထိုထက်မက ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
နယ်ချဲ့အင်္ဂလိပ်တို့က သမိုင်းအချက်အလက်အမှားများဖြင့် သွေးထိုးမှုများကို လွတ်လပ် ရေး ရပြီးသည့် ကာလနောက်ပိုင်းတွင်လည်း တွေ့ရှိခဲ့ရပါသည်။ သာဓကတစ်ရပ်အနေဖြင့် ရန်ကုန် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အင်္ဂလိပ်လူမျိုး ပါမောက္ခဂေါ်ဒင်လုစ် (Gordon Luce) က ခေတ်ပြိုင်သမိုင်းအထောက်အထားများ ခိုင်လုံစွာမပြနိုင်ဘဲ “မြန်မာအစ ကျောက်ဆည်က” ဟူ၍ အတင်းအကြပ် ပြောကြားခဲ့ခြင်းကြောင့် အဆိုပါအချက်မှာ မှန်သည်/ မမှန်သည် အပထား၊ မြန်မာ့သမိုင်းတွင် အငြင်းပွားမှုနှင့် ရှုပ်ထွေးမှုများသာပိုမိုဖြစ်ပေါ်ခဲ့ပြီး စုပေါင်းအဖြေရှာရန်ထက် သူ့ဘက်ကိုယ့်ဘက် အုပ်စုများသာ ကွဲသွားခဲ့ကြပါသည်။ ထိုမျှ သာမက ကျောက်ဆည်တွင် ဗမာ၊ ကရင်နှင့် မွန်စသည့် တိုင်းရင်းသားများနေထိုင်ကြရာမှ ဗမာများက လွှမ်းမိုးသိမ်းပိုက် အုပ်ချုပ်ခဲ့သည်ဟူ၍လည်း သမိုင်းလိမ်၊ သမိုင်းညာများ ထုတ်လွှင့်ကာ မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်မှုကို အဆိပ်မှိုင်း တိုက်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။
အချို့ရာဇဝင်ဆရာများကလည်း မြန်မာလူမျိုးအစမှာ အရှေ့တစ်လွှားရှိ တိဗက်တိုဘား မင်းအနွယ်များဖြစ်ပြီး ကနဦးကာလ မြန်မာ့မြေပေါ်တွင် လာရောက်နေထိုင်လျက် ထိုမှ မွန်ခမာ၊ မွန်မြန်မာဟူ၍ ဖြစ်လာဟန်ရှိကြောင်း၊ ပျူ၊ ကမ်းယံ၊ သက် အစရှိသည်တို့ပင် တိဗက် အနွယ်မှ ကွဲပြားဆင်းသက်လာဟန်ရှိကြောင်း ဒွိဟသံသယများဖြစ်စေရန် ခိုင်မာသော အထောက်အထား များမရှိဘဲ ရေးသားခဲ့ကြပါသည်။[5]
ထိုကဲ့သို့ နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးထိုးလှုံ့ဆော်မှု၊ သွေးခွဲအုပ်ချုပ်မှုလုပ်ရပ်များ၏ ဆိုးကျိုးအဖြစ် ထိုစဉ်က တိုင်းရင်းသားအချို့မှာ လွတ်လပ်သောပြည်ထောင်စု နိုင်ငံကြီးအဖြစ် ဝင့်ကြွားစွာ နေထိုင်ရခြင်းထက် တောင်တန်းဒေသအုပ်ချုပ်ရေး အောက်တွင် နေထိုင်လိုသည့် ဆန္ဒများ ရှိလာခဲ့ခြင်း (ယခုအချိန်တွင်လည်း အချို့က ကိုယ်ပိုင်အုပ်ချုပ်ရေးကို အကြောင်းပြ၍ ခွဲထွက်ခွင့်ကို ဦးတည်လုပ်ဆောင်နေခြင်း)၊ လူမျိုးရေးအတ္တအကျိုးစီးပွားနှင့် စစ်ဘုရင်ဝါဒကို ရှေ့တန်းတင် အသားပေးလာခဲ့ခြင်း၊ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ဖုံးကွယ်ရန် “ဗမာလူမျိုးကြီး ဝါဒ”ဟူသော နယ်ချဲ့အင်္ဂလိပ်တို့၏ ခြိမ်းခြောက်သွေးဆောင် ဖြားယောင်းလှည့်ဖျားမှု စကားရပ် ကို ယနေ့အချိန်ထိ အသုံးပြုနေခြင်းတို့သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်၍ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ်အယောင်များပင် ဖြစ်ပါသည်။
တစ်ထီးတစ်နန်းနေခဲ့သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝရောက်ရှိခဲ့စဉ် မည်သည့် ဒေသမှ ကြွင်းကျွန်ရစ်ခဲ့ခြင်းမရှိဘဲ အားလုံးအတူတူ ကျွန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကချင်း၊ ချင်း၊ ရှမ်း၊ ကရင်ဟူ၍ ကွက်ကျန်နေခဲ့ခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ ထိုစဉ်အချိန်ကတည်းက မြန်မာနိုင်ငံဟု တစ်စုတစ်စည်းတည်းရှိခဲ့ပြီး ကျွန်ဖြစ်ခဲ့ချိန်တွင်လည်း တိုင်းရင်းသားအားလုံး ကျွန်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့က တတိယမြန်မာ-အင်္ဂလိပ်စစ်ပွဲတွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ခြင်းသာဖြစ်ပါသည်။ ရှမ်းနိုင်ငံ၊ ကချင်နိုင်ငံ၊ ချင်းနိုင်ငံဟူ၍ တိုက်ခိုက်ခဲ့သည်ဟု မည်သည့်သမိုင်းမှာမျှ တွေ့ရှိခဲ့ရခြင်းမရှိချေ။ အနောက်နိုင်ငံများက ဘက်လိုက်စွာဖြင့် ပြုစုရေးသားသည့် မြန်မာ့သမိုင်းများတွင်သော်မှ ထိုကဲ့သို့ တွေ့ရှိရခြင်း မရှိချေ။[6] လွတ်လပ်ရေး မဆုံးရှုံးမီကာလနှင့် သူ့ကျွန်ဘဝရောက်ခဲ့ရစဉ်ကာလများ၌ တစ်စု တစ်စည်းတည်း စုပေါင်းနေထိုင်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်က ရှေ့ဆောင်ရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးရရှိချိန်မှသာ ပြည်ထောင်စုမှ ခွဲထွက်ကာ တစ်သီးတစ်သန့်နေလိုသည့် ပြည်တွင်း/ပြည်ပ အမျိုးဖျက်များကြောင့် မြန်မာနိုင်ငံ၏ အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲမည့် အန္တရာယ်များ ကျရောက်ကြုံတွေ့လျက်ရှိသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏“အမျိုးသားစည်းလုံးညီညွတ်ရေး”အပေါ် အဆိပ်မှိုင်း၊ ဝါဒမှိုင်းတိုက်ခဲ့ သော အင်္ဂလိပ်နယ်ချဲ့တို့၏ ကောက်ကျစ်စဉ်းလဲသော၊ သွေးထိုးလှုံ့ဆော်လှည့်ဖျားသော လုပ်ရပ်များ၏ အကျိုးဆက်များကြောင့်သာမက အနောက်အုပ်စုနိုင်ငံများက သတင်းမီဒီယာ များနှင့် ငွေကြေး အင်အားများအသုံးပြု၍ အားပေးအားမြှောက်ပြုလုပ်နေခြင်းများသည် ယနေ့ အချိန်ထိ အမျိုးသား စည်းလုံးညီညွတ်ရေး (National Solidarity)အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေလျက်ရှိပြီး ကိုယ်ကျိုးစီးပွား ရှေ့တန်းထားတင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ သဘောထားနှင့် လုပ်ရပ်များ၊ NUG နှင့် CRPH စသည့် အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သမား PDF များ၏ အဖျက်အမှောက်လုပ်ရပ်များကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း နှောင့်နှေးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်ဆိုသည့် နိုင်ငံတော်၏ အန္တိမ ရည်မှန်းချက်နှင့် အလှမ်း ဝေးကွာလျက်ရှိပါသည်။
နိဂုံးချုပ်အားဖြင့် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတိုင်ပင်ကာ မိမိတို့ပြည်တွင်း ရေးကို မိမိတို့နည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုများ၊ ဝင်ရောက်စွက်ဖက်မှုများနှင့် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို လစ်လျူရှု၍ အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းတို့ကြောင့် ယနေ့အချိန်အခါတွင် အမျိုးသားရင်ကြားစေ့ရန်၊ တစ်နည်းအားဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုဖော်ဆောင်ရန် ခက်ခဲနှောင့်နှေးလျက် ရှိသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခြင်းသာဖြစ်ပါသည်။
ပြည်ထောင်စုနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ၊ စိတ်ခံစားချက်များထက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့တန်းတင်ကာ အမြင်ကျယ်ကျယ်၊ နားလည်မှုရှိရှိဖြင့် အင်အားကြီးနိုင်ငံအချို့၏ ဖိနှိပ်ခြယ်လှယ်အုပ်စိုးလိုသည့် ဘေးအန္တရာယ်များ၊ တန်းတူနိုင်ငံအချို့၏ ပျက်စီးရာ ပျက်စီးကြောင်း လိုလားသည့် လုပ်ဆောင်ချက်များကို လက်တွဲပူးပေါင်း၊ ဝိုင်းဝန်းဖြေရှင်းသွားရန် ချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
[1]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀။
[2]။ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့၊ ‘တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပထမတွဲ’။ စာ-၇၅။
[3]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။
[4]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။
[5]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၄၉။
[6]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀၊ ၅၁။
Photo: Pinterest