နှာရည်ယိုရွှဲ တပို့တွဲ
တပို့တွဲလသည် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအတွင်း ကျရောက်ပြီး ဆောင်းရာသီ နောက်ပိုင်းချိန်ဖြစ်သည်။ ထန်းဖူး၊ ထန်းခိုင်တို့ တွဲညွတ် သောရာသီဖြစ်၍ တပို့တွဲလဟုခေါ်ခြင်းဖြစ်သည်။ တပိုဝ်သည် ထန်းဖူးကိုဆိုလိုပြီး တွဲသည်၊ အသီးခိုင်တွဲလောင်းကျသည်ကို ရည်ညွှန်းသည်။ တပို့တွဲလတွင် ထန်းဖူးများကို အောက်ရောက်အောင်ဆွဲချပြီး ထန်းရည် ခံသည့်လဖြစ်၍ ထိုလ၌ ထန်းတောင်သူများ ထန်းလျက်ချက်ကာ အလုပ်များသောလဖြစ်သည်။
တပို့တွဲလ၏ အထိမ်းအမှတ်ပန်းများမှာ ပေါက်ပန်း၊ လဲပွင့်၊ လက်ပံပွင့် တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမင်းနဲပွဲကျင်းပကြသည်။ ကောက်ညှင်း စပါးသစ်ပေါ်ချိန်တွင် ထမင်းနဲထိုး၍ ကျွေးမွေး လှူဒါန်းလေ့ရှိကြသည်။
ဆီးနှင်းကျသောရာသီဖြစ်၍ ချမ်းအေးသည်။ တပို့တွဲလသည် လဆန်းပိုင်းတွင် အအေးပိုသော်လည်း လပြည့်ကျော်သည်နှင့် အအေးပေါ့ကာ နွေဦးပေါက်လာသည်။ ဆယ့်နှစ်လရာသီရှိသည့်အနက် ရှေးယခင်က မြန်မာနိုင်ငံ၏ အေးသောလကို တပို့တွဲလအဖြစ် သတ်မှတ်ခဲ့ပြီး အချမ်းအေးဆုံးအချိန်ကို တပို့တွဲလပြည့်နေ့မတိုင်မီ လေးရက်အလိုနှင့် တပို့တွဲလပြည့်ပြီးနောက် လေးရက်အထိ သတ်မှတ်ခဲ့ကြသည်။ တပို့တွဲလသည် အချမ်းပိုသောလဖြစ်၍ နှာရည်ယိုရွှဲ တပို့တွဲဟုလည်း ဆိုကြသည်။
တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့
သနပ်ခါးစိုက်ပျိုးသော မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုနှင့်ပေါက်မြို့တို့၌ တပို့တွဲလပြည့် နေ့ညတွင် မြို့နယ်များအလိုက် ဘုရားစေတီများ၌ သနပ်ခါးမီးပူဇော် ခြင်းနှင့်အတူ ထမနဲစတုဒိသာပွဲများ ပြုလုပ်လေ့ရှိကြသည်။ ဖော်ပြပါ သနပ်ခါးစိုက်ပျိုးသော ဒေသများအနက် အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုမြို့တို့တွင် သနပ်ခါးမီးပူဇော်ပွဲကို ၂၀၁၉ ခုနှစ် တပို့တွဲလပြည့်နေ့က စတင်ကျင်းပနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ပေါက်မြို့၌ ထမနဲပွဲနှင့်အတူ ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲ လပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်လိုက်သည်။
ပေါက်ပန်းအကြောင်း သိကောင်းစရာ
ဆယ့်နှစ်လရာသီပန်းများတွင် ပေါက်ပန်းသည် တပို့တွဲလ၏ပန်း အဖြစ် မှတ်တမ်းတင်ထားသည်။ ရာသီမသိ ပန်းနှင့်ညှိဟူသော ဆိုရိုး စကားနှင့်အညီ နှာရည်ယိုရွှဲ တပို့တွဲကာလ၌ ပေါက်ပင်တစ်ပင်လုံး ပန်းများဝေနေအောင် ပွင့်ကြသည်။ ပေါက်ပန်းများသည် ကြက်တူရွေး နှုတ်သီးသဏ္ဌာန်ကွေးနေကာ လိမ္မော်နီရောင်ဖြစ်သည်။ ရနံ့မမွှေးသော်လည်း အပွင့်အလွန်လှသည်။ လိမ္မော်ရောင်နီကြန့်ကြန့်ပန်းများ ပင်လုံး ကျွတ်ဝေဆာနေသဖြင့် အဝေးမှကြည့်လျှင် မီးတောက်များသဖွယ် အမြင်ဆန်းကြယ်နေသည်။ ထို့ကြောင့် ရောမလူမျိုးများက ပေါက်ပင်ကို Flame of the Forest (သစ်တောမီးတောက်ပင်) ဟု အင်္ဂလိပ်အမည် မှည့်ခေါ်ကြဟန်တူသည်။ မြန်မာနိုင်ငံ၏ အထက်အညာဒေသများ၌ အဖြူရောင် ပေါက်ပန်းမျိုးကိုလည်း တွေ့ရတတ်သည်။
အရသာရှိသောပေါက်ပန်း
သဘာ၀အလျောက်ပေါက်ရောက်သော်လည်း တချို့ကဟင်းလျာ အဖြစ်စားသုံးရန် ပေါက်ပင်ကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြသည်။ အပွင့်၏အရသာမှာ မဆိုသလောက်ခါး၍ ဆိမ့်သက်သဖြင့် ခံတွင်းရှင်းသည်။ အပွင့်ကို ကြော်စား၊ ချက်စား၊ ဟင်းချိုချက်စား၊ ပြုတ်ပြီးသုပ်စား စသည်ဖြင့် ဟင်းလျာမျိုးစုံ ပြုလုပ်စားသုံးနိုင်သည်။ အရွက်ကိုပြုတ်၍ အတို့အမြှုပ်စားနိုင်သလို အရွက်ကြော်အဖြစ်တစ်မျိုး၊ ဟင်းချိုချက်၍ တစ်ဖုံစားသုံးနိုင်သည်။
ပေါက်ပင်၏ပုံသဏ္ဌာန်
ပေါက်ပင်သည် ပိတောက်မျိုးရင်းဝင်ဖြစ်သည်။ တောင်တန်းဒေသများမှအပ မြန်မာနိုင်ငံမြေပြန့်ဒေသရှိ ချောင်း၊ မြောင်း၊ အင်း၊ အိုင် နံဘေးများတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသည်။ ပင်စည် ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ ၅၀ မှ ပေ ၈၀ အထိ မြင့်မားသည်။ ပင်စည်တွင် အဆစ်များပါရှိပြီး အကိုင်းအခက်ကောက် ကွေး၍ထွက်သည်။ အညွန့်နှင့်အရွက်တို့တွင် ကတ္တီပါကဲ့သို့ နူးညံ့သော အမွေးများရှိသည်။ အခေါက်မှ အနီရောင်အစေးများ ထွက်ရှိသည်။ အရွက်မှာ သုံးရွက်မြွှာပေါင်းဖြစ်သည်။ ရွက်မြွှာများမှာ ထိပ်ဝိုင်း၍ အရင်း ကျယ်သည်။ အရွက်၏ အပေါ်ယံမျက်နှာပြင်သည် သားရေကဲ့သို့ပြောင် ချောသော်လည်း အောက်မျက်နှာပြင်တွင် အမွေးနုလေးများရှိသည်။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ တန်ခူးလ၊ ကဆုန်လတို့တွင် အသီးသီးလေ့ရှိသည်။ အသီးတောင့်သည် ၆ လက်မမှ ၈ လက်မ အထိရှည်ပြီး အနံမှာ ၂ လက်မခန့်ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်း တွင် အစေ့တစ်စေ့သာပါရှိပြီး ယင်းအစေ့တွင် ရှည်လျားသော အတောင် ပါရှိနေခြင်းက ပေါက်ပင်၏ ထူးခြားမှုတစ်မျိုးဖြစ်သည်။ ပန်းခိုင်တစ်ခိုင်လျှင် နှစ်ပွင့်မှ လေးပွင့်အထိပွင့်သည်။
ဆေးဖက်၀င် ပေါက်ပန်း
အစေး၊ အပွင့်၊ အစေ့၊ အသီး၊ အရွက်၊ အခေါက်၊ ဥ စသည့် အစိတ်အပိုင်းအားလုံး ဆေးဖက်၀င်သည်။ မြန်မာ့ဆေးကျမ်းများ အဆိုအရ ပေါက်ပင်သည် ဖန်၊ ခါး၊ စပ်အရသာရှိသည်။ ပူသည်၊ ဝမ်းမီးကိုတောက်စေသည်၊ ကျိုးသောအရိုးကိုဆက်စေသည်၊ ဆီးရွှင်စေသည်။ ပေါက်သီး သည် စပ်သည်၊ ဒူလာသရောနာ၊ ဝမ်းမီးတောက်သောအနာ၊ အလုံးအခဲ တည်သောအနာ၊ မြင်းသရိုက်နာများအားနိုင်သည်။ အပွင့်သည် ဖန်၊ ခါး၊ စပ်သည်၊ အေးသည်၊ လေကိုပွားစေသည်။ သည်းခြေ၊ သလိပ်ကိုနိုင်သည်။ အသည်းရောဂါများ၊ ဆီးပူ၊ ဆီးအောင့်နှင့် နူနာရောဂါတို့ကိုပျောက်ကင်းစေသည်။ ကြက်မျက်သင့်သော အနာ၊ နှာစေးနာတို့ကိုနိုင်သည်။ အဆီ အနှစ်ကိုဖြစ်စေသည်။ ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေသည်ဟု ဖော်ပြထားသည်။
အိန္ဒိယဆေးကျမ်းများတွင် ပေါက်စေ့သည် ဝမ်းသက်စေသည်၊ ကပ်ပါးကောင်များကိုသေစေသည်။ ပေါက်ရွက်နှင့်ပေါက်ပန်းသည် ခွန်အားဖြစ်စေသည်၊ အရေပြားကို သွေးတိတ်စေသည်၊ ဆီးရွှင်စေသည် ဟု ဖော်ပြထားသည်။
အပွင့်နှင့်ကျန်းမာရေး
- အဖြူ နှင့် အနီ နှစ်မျိုးရှိပြီး အနီရောင်ပေါက်ပွင့်က အဖြူထက်ပို၍ ဆေးစွမ်းထက်မြက်သည်။
- ပေါက်ပွင့်ကို ရေအေးတွင် တစ်ညစိမ်၍ နံနက်တွင် သကြား အနည်းငယ် ထည့်သောက်ပါက စအိုဝနာခြင်း၊ ဆီးနှင့်ရော၍သွေးပါ ခြင်း၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။
- ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးအိမ်ရောင်ခြင်းတို့အတွက် ပေါက်ပွင့်ကို ရေနွေးနှင့်ကျိုချက်သောက်ပါ။ ယင်းပြုတ်ဖတ်ကို ချက်နှင့်ဆီးခုံပေါ် အုံပေးခြင်းဖြင့် ဆီးရွှင်စေသည်။
- ပေါက်ပွင့်ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက်ကဲ့သို့ခတ်၍ သောက်ပါက အသည်းရောဂါအမျိုးမျိုးနှင့် ပျက်စီးနေသောအသည်း ကလာပ်စည်းများကို ပြန်လည်ကောင်းမွန်စေသည်။ မောပန်းခြင်း ကိုပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ အသက်ကြီးသူများ ဖြစ်တတ်သော လေအားနည်းဝေဒနာကိုလည်း သက်သာစေသည်။
- အပွင့်ကို အရည်ညှစ်ပြီး မျက်စိတွင်ခတ်ပေးပါက မျက်စိမှုန်၊ မျက်စိဝေခြင်းတို့ကို ပျောက်ကင်းစေသည်။
- ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အပွင့် သို့မဟုတ် အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါ။
- အရိုးကျီးပေါင်းရောဂါ၊ လည်ပင်းအရိုးအဆစ်နာ၊ ကြက်မျက်သင့် ရောဂါဖြစ်ပါက အပွင့်ကို ပြုတ်စားပေးနိုင်သည်။
- မီးယပ်အဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါအတွက် အပွင့်ကို သုပ်စားနိုင်သည်။
အစေးနှင့်ကျန်းမာရေး
- အရေပြားပေါ်ရှိ အနာ၊ အဖုအပိမ့်များအတွက် လတ်ဆတ်သည့် အနီရောင်ပေါက်စေးကို လိမ်းပေးလျှင် ပျောက်ကင်းနိုင်ပါသည်။
- ပေါက်စေးကို ဝမ်းသွားပျောက်ဆေးအဖြစ် ဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းကိုက်ခြင်း၊ ၀မ်းသွားခြင်းဖြစ်ပါက ပေါက်စေးလက်ဖက် ရည်ဇွန်း သုံးပုံတစ်ပုံခန့်ကို တစ်ရက်လျှင်သုံးကြိမ် ရေနွေးဖြင့် သောက်ပါ။
အစေ့နှင့်ကျန်းမာရေး
- ပေါက်စေ့သည် ဝမ်းကိုက်နာ၊ အလွန်ပူသောအနာနှင့် သွားနာရောဂါများကိုနိုင်သည်။
- ပွေး၊ ယားနာများအတွက် ပေါက်စေ့ကို သံပရာရည်နှင့်သွေး၍ လိမ်းပါ။
- အစေ့ကို ရေတွင်စိမ်၍ အခွံခွာပြီးလျှင် အတွင်းဆန်ကို အခြောက်လှန်းကာ ကြိတ်၍ နံနက်၊ ည တစ်နေ့နှစ်ကြိမ် ဆက်စားပြီး လေးရက်မြောက်သောအခါ ဝမ်းနုတ်ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျစေနိုင်သည်။
- ပေါက်စေ့မှထွက်သောအဆီသည် ပိုးမွှားနှင့်သန်ကောင်တို့ကိုနိုင်သည်။ ပေါက်စေ့၊ ငရုတ်ကောင်းနှင့် ရှိန်းခိုတို့ကို ဆတူထောင်း၍ အလုံးလေးများလုံးပြီး စားလျှင် သန်ကောင်များကိုသေစေသည်။
အရွက်နှင့်ကျန်းမာရေး
- အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။
- အရွက်ကို အနာ၊ အဖုအပိမ့်များပေါ် လိမ်းအုံပေးပါက ပျောက်ကင်းစေသည်။
- အရွက်ကို အရည်ညှစ်ပြီး ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့် ဆတူရောပြီး ရှူပေးပါက စိတ်ဖောက်ပြန်ပျံ့လွင့်သော ရောဂါကို ပျောက်ကင်းစေသည်။ (စိတ်ကျရောဂါအတွက်ကိုလည်း ဤနည်း အတိုင်း ရှူပေးပါ)
- အတက်ရောဂါ၊ ဝက်ရူးပြန်ရောဂါဖြစ်ပါက ပေါက်ရွက်ကို ငရုတ်ကောင်းနှင့်ရောကြိတ်ပြီး ရှူပေးပါ။
- ပေါက်ရွက်ကို ကျီးအာသီးဆန်နှင့် ရောစားပါက ပန်းသေရောဂါ ပျောက်ကင်းနိုင်သည်။
- တုပ်ကွေးဖျား၊ ရိုးရိုးဖျားတို့အတွက် ပေါက်ရွက်ကို ကြက်သွန်နီများများနှင့် ကြော်စားပါ။
- အပူလောင်နာဖြစ်ပါက ပေါက်ရွက်သတ္တုရည်ထည့်ပေးပါ။
- ထိခိုက်ဒဏ်ရာရပါက ပေါက်ရွက်သတ္တုရည်ကို လက်ဖက်ရည် အကြမ်းပန်းကန်တစ်လုံးခန့်သောက်ပါ။ အနာမန်းဝင်ခြင်းမှ ကင်းဝေးစေသည်။
အခေါက်နှင့်ကျန်းမာရေး
- အခေါက်နှင့်အစေ့ကို မြွေဆိပ်ကုသရာတွင်လည်းကောင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။
- အခေါက်ကို ချင်းနှင့်ပြုတ်သောက်သော် အဆိပ်တက်ခြင်းမှပြေစေသည်။
- တီဘီအဆုတ်နာ၊ ငှက်ဖျားရောဂါများအတွက် အပွင့်နှင့်အခေါက်ပြုတ်ရည်သောက်ပါ။
ဥနှင့်ကျန်းမာရေး
- ပေါက်ဥမှုန့်ကို ပျားရည်နှင့်စားပါက အားအင်ပြည့်ဖြိုးကာ အသက် ရှည်စေသည်။
အမြစ်နှင့် ကျန်းမာရေး
- အမြစ်သတ္တုရည်သည် မျက်စိရောဂါ၊ မျက်စိစွံခြင်းတို့ကို ပျောက်ကင်းစေပြီး မျက်စိအမြင်ကို ကြည်လင်စေသည်။
- အဆစ်ရောင်ရောဂါအတွက် အမြစ်ကိုရေနှင့်သွေးပြီး မီးနှင့်နွေးအောင်ပြုလုပ်ကာ ရောင်နာနေသော အဆစ်ပေါ်လိမ်းပေးပါ။
သတိပြုရန်
ပေါက်ပင်တစ်ပင်လုံး ဆေးဖက်ဝင်သည်ဆိုသော်လည်း တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အလွန်အကြူး စားသောက်မိပါက ကျောက်ကပ် ပျက်စီးတတ်ပြီး သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များ စားသုံးရန် မသင့်ကြောင်း ရေးသားလိုက်ရပါသည်။
Source: Myawady Web Portal
မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းသည် ပြည်တွင်းဝတ်ရေးဖူလုံစေခြင်းအပြင် ပြည်တွင်းလိုအပ်သောကုန်ကြမ်းများကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်ပမှ ချည်တင်သွင်းမှုလျှော့ချနိုင်ခြင်းနှင့် ပိုလျှံသည့်ပမာဏကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရန်မှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်မှလည်း ဝါသီးနှံကို မြန်မာနိုင်ငံ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု၌ အရေးပါသော မဏ္ဍိုင်သီးနှံ ၁၀ မျိုးတွင် တစ်ခုအဖြစ်ထည့်သွင်းလျက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုတွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်မှာ အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်၍ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ ငါးနှစ်စီမံကိန်းကို ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်မူဝါဒမှာလည်း လက်ရှိဝါစိုက်ဧကအပေါ်တွင် တစ်ဧက ပန်းတိုင်အထွက်နှုန်းရှိရန် ကြိုးစားဆောင်ရွက်ရေး လမ်းညွှန်မှု ပြုထားသဖြင့် ဝါတစ်ဧက ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ရရှိရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စီမံကိန်းကာလအတွင်း မျိုးစေ့ထုတ်ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်း၊ စံပြကွက်၊ စမ်းသပ်ကွက်များ သတ်မှတ်ဆောင်ရွက်ခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ဌာနအစီအစဉ်ဖြင့် ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ထက် ၆၄,၆၀၇ ဧက၊ ၁၆ ဒသမ ၄၁ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက် ၅၇,၅၄၁ ဧက၊ ၁၂ ဒသမ ၅၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စိုက်ပျိုးလာခဲ့ကြောင်း တွေ့ရှိရသည်။ အထွက်နှုန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တစ်ဧကလျှင် ၂ ဒသမ ၄၈ ပိဿာ ပိုမိုထွက်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထက် တစ်ဧကလျှင် ၃၄ ဒသမ ၆၁ ပိဿာ ပိုမိုတိုးတက်ထွက်ရှိလာခဲ့သည်ကို တွေ့ရှိရသည်။
ဝါသီးနှံပန်းတိုင်အထွက်နှုန်းတစ်ဧက ပိဿာ ၇၀၀ ရရှိရေးနှင့် အရည်အသွေးကောင်းဝါများရရှိရေးအတွက် ဖော်ပြပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်-
ဝါသီးနှံဇုန်များ သတ်မှတ်ဆောင်ရွက်ခြင်း
ဝါသီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တို့ရှိ ခရိုင် ၂၆ ခရိုင်၊ မြို့နယ် ၇၆ မြို့နယ်တွင် ဇုန်ပေါင်း ၁၄ ဇုန်ဖြင့် ၂၀၂၃-၂၀၂၄ မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အထိ ဝါသီးနှံဇုန်များသတ်မှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ချည်မျှင်အလွန်ရှည်သော စပ်မျိုးများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ခြင်း
မြန်မာနိုင်ငံအတွင်း ၁/၈၀ ချည် အပါအဝင် အရည်အသွေးကောင်းချည်များ ထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်အလွန်ရှည်သောဝါမျိုးများ စိုက်ပျိုးထုတ်လုပ်သွားရန်လိုအပ်သောကြောင့် လက်ရှိချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာ ဧကငါးသိန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သောဧက တစ်သိန်းအား ဂွမ်းမွေးအရှည် ၃၂ မီလီမီတာနှင့် အထက်ရှိသော ဝါမျိုးများစိုက်ပျိုးခြင်းကို ချည်မျှင်ရှည်ဝါစိုက်ဧက၏ ၁၀ ရာခိုင်နှုန်းမှစ၍ တဖြည်းဖြည်းတိုးချဲ့သွားရန် မူဝါဒချမှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။
မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း
ဝါမျိုး၏ မျိုးရိုးဗီဇသည် ဝါအထွက်နှုန်းအပေါ် ၅၀ - ၆၀ ရာခိုင်နှုန်းအကျိုးပြုစေသောကြောင့် မျိုးရိုးဗီဇခိုင်မာကောင်းမွန်သော ဝါမျိုးများရွေးချယ်စိုက်ပျိုးရမည်ဖြစ်ရာ ဝါမျိုးစေ့စနစ် ဖွံ့ဖြိုးစေရန်အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များအသုံးပြုခြင်း၊ မျိုးစေ့၏သန်စွမ်းနိုင်စွမ်း (Seed Vigor)ကောင်းမွန်၍ ကျန်းမာသန်စွမ်း
သည့်မျိုးစေ့များကို အသုံးပြုခြင်း၊ ဂွမ်းမွေးတိုချွတ်ထားသော (Acid Delinted) ဝါမျိုးစေ့များကိုအသုံးပြုခြင်း၊ တစ်ဧက အပင်ဦးရေနှုန်းမြင့်မားမှု (High Population Density)ကို ခံနိုင်ရည်ရှိသောဝါမျိုးများ ရွေးချယ်အသုံးပြုခြင်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်ကာ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၊ ဝါသီးနှံမျိုးသန့်ခြံများမှ သုတေသနပြု၍ မျိုးစေ့စီးဆင်းမှုစနစ်(Seed Flow)နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသောချည်မျှင်ရှည်ဝါမျိုး ငါးမျိုးအား အက်စစ်ဖြင့် ဂွမ်းမွေးတိုချွတ်ခြင်း၊ ဆေးလူးနယ်ခြင်း၊ အခြောက်ခံ၍ စနစ်တကျထုပ်ပိုးခြင်းများ ဆောင်ရွက်ပြီးမှသာ တောင်သူများထံ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ ထို့ပြင် ဝါမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသည့်ခြံများ၊ ဝါကြိတ်စက်များအနေဖြင့် ဝါမျိုးစေ့ ဂွမ်းမွေးတိုချွတ်သည့် လုပ်ငန်းစဉ်ကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် နည်းပညာပေးခြင်းအပါအဝင် လိုအပ်သည့်အစီအမံများ၊ ပစ္စည်းကိရိယာများကို ဖြည့်တင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။
စိုက်ပျိုးရေးသွင်းအားစုများ အပြည့်အဝအသုံးချနိုင်ရေး စီမံဆောင်ရွက်ခြင်း
မျိုးစေ့အနေဖြင့် အမွေးတိုချွတ်ခြင်း (Acid Delinted)လုပ်ထားသော ဝါမျိုးစေ့များအသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းနှင့် မြေဩဇာအချိုးကျအသုံးပြုရန်အတွက် ချည်မျှင်ရှည်ဝါတစ်ဧကတွင် ယူရီးယား-တီစူပါ-ပိုတက်ရှ်(NPK)ဓာတ်မြေဩဇာကို စိုက်ပျိုးမြေအသင့်အတင့်ကောင်းမွန်ပါက (၂၂၄-၁၁၂-၂၂၄) ပေါင်နှုန်း သို့မဟုတ် ကွန်ပေါင်း-ယူရီးယား-ပိုတက်ရှ်(၂၂၄-၁၁၂-၁၂၂) ပေါင်နှုန်းအသုံးပြုရန်လိုအပ်ခြင်းနှင့် နွားချေး၊ သစ်ဆွေးနှင့်သစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင် နွားလှည်း ၅-၁၀ စီးနှုန်း ထည့်သွင်းပေးရမည်။ အထွက်ကောင်း အရည်အသွေးကောင်းဝါများရရှိရန်နှင့် ရာသီဥတုဆိုးရွားသည့်ဒဏ်များကို ခံနိုင်ရည်ရှိစေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ရမည်။ ဝါပင်အတွက် မျှော်မှန်းအထွက်နှုန်းရရှိရေးနှင့်ဂွမ်းအရည်အသွေးတိုးတက်ကောင်းမွန်ရေးမှာ ဖြည့်စွက်ရေသည် အရေးကြီးသောသွင်းအားစုတစ်ခုဖြစ်ရာ ဝါသီးနှံသက်တမ်းအတွင်း ပျမ်းမျှရေအသုံးပြုမှုမှာ ၃၆-၄၃ လက်မဖြစ်သဖြင့် မိုးကောင်းသောက်ဧရိယာများတွင် မြေအောက်ရေထုတ်ယူရရှိနိုင်မည့် ရေအရင်းအမြစ်များ နီးစပ်ပါက နေရောင်ခြည်စွမ်းအင်သုံး Tube Well များ တူးဖော်အသုံးပြုခြင်းနှင့် ရေအလိုအပ်ဆုံးအချိန်ဖြစ်သော ဝါသီးနှံသီးပွင့်ချိန်များတွင် ဖြည့်စွက်ရေ ရယူအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။
ဝါအထူးအထွက်တိုးရေး နည်းလမ်း ၁၀ ချက်ကို တောင်သူများ လိုက်နာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
ဝါအထူးအထွက်တိုးရေး နည်းလမ်း၁၀ ချက်ဖြစ်သည့် မျိုးကောင်း၊ မျိုးသန့်အသုံးပြုခြင်း၊ စနစ်တကျ စိုက်ပျိုးမြေပြုပြင်ခြင်း၊ စိုက်ချိန်မှန်ကန်စေခြင်း၊ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ အချိန်မီအပင်သားခွဲခြင်း၊ ပေါင်းမြက်များ အချိန်မီရှင်းလင်းခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးညီ အချိန်ကိုက်ထည့်သွင်းခြင်း၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်သလို ရေသွင်း/ရေထုတ်ပြုလုပ်ခြင်း၊ စနစ်တကျဝါကောက်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများလိုက်နာခြင်းတို့ကို ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဝါသီးနှံသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း
မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များထုတ်လုပ်ဖြန့်ဖြူးရန်နှင့် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကို ဖော်ထုတ် သတ်မှတ်ရန်အတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရရှိလာသောသု တေသနရလဒ်ကောင်းများကို တောင်သူများအား နည်းပညာဖြန့်ဝေပေးလျက်ရှိသည်။
၎င်းအပြင် တောင်သူများကိုယ်တိုင် ပါဝင်သော ဝါမျိုးရွေးချယ်သည့် သုတေသနများကိုလည်း တောင်သူစိုက်ခင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
နည်းပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်သွင်းအားစုများ ထည့်သွင်းမှုနည်းပညာများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုဆိုင်ရာနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲရှိ ဝါသီးနှံဆိုင်ရာပညာရှင်များမှ မြေ၊ မျိုး၊ ပိုးဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်(Subject Matter Specialist- SMS) များနှင့်ပေါင်းစပ်၍ ဇုန်အသီးသီးမှဝါသီးနှံပညာပေးဝန်ထမ်း များအတွက် Trainings of Trainers (ToT) သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပညာပေးလက်ကမ်းစာစောင်၊ စာအုပ်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါနည်းပညာများအပါအဝင် အထွက်တိုးစိုက်ပျိုးနည်းပညာများကို တောင်သူများ
မျက်မြင်သိရှိ လိုက်နာကျင့်သုံးလာစေရေးအတွက် သင်တန်းများ၊ ကွင်းသရုပ်ပြပွဲများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းနှင့် နည်းပညာစာအုပ်၊ စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းနှင့် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ခြင်းတို့မှာ အရေးကြီးသောလုပ်ငန်းများဖြစ်ပါသဖြင့် ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် စိုက်ပျိုးပညာပေးရေးလုပ်ငန်း ဆောင်ရွက်နေသူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
Source: Myawady Web Portal
အမေရိကန်သမ္မတ Donald Trump ၏ ဒုတိယသက်တမ်းကာလအတွင်း မူဝါဒ ပြောင်းလဲမှုများသည် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သွယ်ဝိုက်၍ သက်ရောက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏အကျိုးစီးပွားအတွက် နိုင်ငံခြားရေးမူဝါဒများ စီးပွားရေး၊ လုံခြုံရေးနှင့် မဟာဗျူဟာမြောက် လွတ်လပ်မှုများကို ထိန်းညှိဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားထားသည့် ဆောင်းပါးကို China Daily သတင်းဌာနတွင် ရေးသားဖော်ပြထားရှိပါသည်။"
တွေ့ရှိချက်
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်က ဖိလစ်ပိုင်တက္ကသိုလ် အာဆီယံစင်တာ (Asian Center-AC) ၌ ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးပွဲ (Webinar) တွင် ပညာရှင်များသည် အာရှဒေသနှင့် Trump ဒုတိယသက်တမ်းအကြား အခြေအနေများ (Asia and Trump 2.0) ကို ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် သမ္မတ Trump လက်ထက်အတွင်း ပထဝီနိုင်ငံရေးအခြေအနေများပြောင်းလဲရန်နှင့် ပြည်တွင်းလုပ်ငန်းများအပေါ် ပြည်ပမှယှဉ်ပြိုင်မှုများကို ကာကွယ်ရန်အတွက် ကုန်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့လုပ်ဆောင်သင့်သည်ကို ဆွေးနွေးခဲ့ကြကြောင်း၊ ASEAN အဖွဲ့သည် သမ္မတ Trump ၏ နိုင်ငံခြားရေးမူဝါဒတွင် အဓိကဦးစားပေးအဖြစ် ပါဝင်နေခြင်းမရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် အခြားအင်အားကြီးနိုင်ငံများကြား မိတ်ဖက်ဆက်ဆံရေးနှင့် သဘောတူညီချက်များသည် အမေရိကန်နိုင်ငံအတွက် အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ သမ္မတ Trump ၏ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်မြှင့်တင်ခြင်းမူဝါဒသည် တရုတ်နိုင်ငံထောက်ပံ့ရေးကွင်းဆက်များတွင် တစ်စိတ်တစ်ပိုင်းပတ်သက်မှုရှိနေသည့် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သက်ရောက်မှုများရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ထို့နောက် ပညာရှင်များက သမ္မတ Trump ၏ ရာသီဥတုပြုပြင်ပြောင်းလဲရေးဆိုင်ရာ Paris သဘောတူညီမှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှ နုတ်ထွက်လိုက်ခြင်းသည် ကမ္ဘာတစ်ဝန်း၌ သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ကြကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အင်အားကြီးနိုင်ငံများ မဟုတ်သော်လည်း နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သည်ဟု University of Copenhagen မှ ပညာရှင် Melissa Hubahib Loja က ပြောကြားထားကြောင်း၊ အင်အားကြီးနိုင်ငံမဟုတ်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏လုပ်နိုင်စွမ်းများ ဆက်လက်ခိုင်မာအားကောင်းစေရန် နိုင်ငံရေးကဏ္ဍများတွင် စဉ်းစားချင့်ချိန်၍ နည်းလမ်းများချမှတ်ရန်လိုအပ်သည်ဟု ပြောကြားထားကြောင်း၊ စင်ကာပူနိုင်ငံ Nanyang Technological University မှ ပညာရှင် Collin Koh Swee Lean က စင်ကာပူနိုင်ငံသည် သေးငယ်ပြီး အဓိကစီးပွားရေးအနေဖြင့် ကုန်သွယ်ရေးကို အလေးထားလုပ်ကိုင်နေရသော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတွင် ကောင်းမွန်သည့် နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် ASEAN အဖွဲ့ဝင်ကဲ့သို့သော ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ ကမ္ဘာ့လှုပ်ရှားမှုများတွင်ပါဝင်နိုင်ရန် မိတ်ဖက်ရွေးချယ်ဆက်ဆံခြင်းထက် နိုင်ငံအများနှင့်လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုသည် အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးကို ခြိမ်းခြောက်စေသည့်အတွက် ကုန်သွယ်ရေးကိစ္စရပ်များတွင် ဒေသတွင်းနိုင်ငံအချင်းချင်း သဘောတူညီချက်များ ပိုမို ဖြစ်ပေါ်လာနိုင်ပြီး ASEAN အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့နိုင်လိမ့်မည်ဟု ပညာရှင် Koh က ထပ်လောင်းပြောကြားခဲ့ကြောင်း၊ University of Tokyo မှ ပညာရှင် Maria Thaemar Tana က ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အုပ်စုတစ်စုတည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းထက် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် အခြားသောအုပ်စုများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်သည်ဟု ယူဆ လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဤသို့ဆက်လက်ယူဆနေမည်ဆိုပါက အာဆီယံအဖွဲ့၏ ဒေသအတွင်းဩဇာလွှမ်းမိုးနိုင်မှုသည် အဖွဲ့ဝင်အချင်းချင်း သဘောထားကွဲလွဲမှု၊ ဆွေးနွေးညှိနှိုင်းမှု အားနည်းခြင်းနှင့်ပြည်ပဖိအားများကြီးထွားလာခြင်းကြောင့် ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။
Asian Center မှ တွဲဖက်မောက္ခ Aaron Jed Rabena က Asian အဖွဲ့ဝင်နိုင်ငံများသည် သမ္မတ Trump ၏ ခန့်မှန်း၍မရသော ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများကြောင့် အမေရိကန်နိုင်ငံအပေါ်မှီခိုနေမှုများ လျှော့ချလာခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ သို့သော် ASEAN အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာများသည် ၎င်းတို့၏သဘောထားအမြင်၊ လက်တလောကြုံတွေ့ရသည့် ခြိမ်းခြောက်မှုနှင့် အခွင့်အလမ်းများအပေါ်မူတည်၍ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံအများစုသည် တရုတ်နိုင်ငံနှင့်အငြင်းပွားမှု မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံမှာမူ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အမေရိကန်နိုင်ငံနှင့်ပင် ကာကွယ်ရေးသဘောတူစာချုပ်တစ်ခု ချုပ်ဆိုထားကြောင်း၊ ၎င်းအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံအတွက် မဟာဗျူဟာမြောက် စိန်ခေါ် မှုများဖြစ်ပြီး ၎င်းတို့အကြားသင့်တော်သည့် နိုင်ငံခြားရေးမူဝါဒများကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
Asian Center မှ ပညာရှင် Noel Christian Moratilla က ကြားနေဝါဒဆိုသည်မှာ အချိန်တစ်ခု၌ အရေးကြီးသောအရာနှင့် ဆက်စပ်နိုင်မှုများကို ရှာဖွေသိရှိခြင်းပင်ဖြစ်ကြောင်း၊ ၁၉၆၁ ခုနှစ်၊ စစ်အေးကာလအတွင်း Non-Aligned Movement (NAM) ကို တည်ထောင်ခဲ့ကြကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်၊ တရုတ်နိုင်ငံတို့နှင့် အငြင်းပွားခြင်းထက် အခြား ASEAN အဖွဲ့ဝင်နိုင်ငံများ၏ နည်းလမ်းများကိုလေ့လာ၍ နှစ်နိုင်ငံအကြား ချိန်ညှိလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားထားကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံမှ သုတေသနပညာရှင် Irine Hiraswari Gayatri က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်ဈေးကွက်အပေါ် မှီခိုနေမှုကို လျှော့ချနိုင်ရန် အခြားစီးပွားရေးမိတ်ဖက်များ ရှာဖွေလျက်ရှိကြောင်း၊ ဥပမာအားဖြင့် BRICS အဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံပါဝင်လာမှုသည် မဟာမိတ်အသစ်များ ဖန်တီးလိုသည့်ရည်ရွယ်ချက်ကို ပြသနေခြင်းဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံသည် မဟာဗျူဟာဆိုင်ရာလွတ်လပ်မှု (strategic autonomy) ကို ထိန်းသိမ်းထားသော်လည်း တရုတ်၊ အမေရိကန်နိုင်ငံတို့နှင့်ပါ မဟာမိတ်ဆက်ဆံရေးကို ထိန်းညှိစီမံလျက်ရှိသည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်ချက်
ဆောင်းပါးတွင် ASEAN အဖွဲ့ဝင်ဒေသတွင်းနိုင်ငံများအနေဖြင့် အမေရိကန်သမ္မတ Donald Trump ၏မူဝါဒများမှ သက်ရောက်မှုအား ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် လိုအပ်သည်ဟု Webinar ဆွေးနွေးပွဲတစ်ခုအတွင်း ပညာရှင်များက သုံးသပ်ချက်များ၊ ခန့်မှန်းချက်များကို ရေးသားဖော်ပြထားရှိပါသည်။ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းတို့အပေါ် စိုးရိမ်လျက်ရှိပြီး ဒေသအတွင်း သက်ရောက်မှုများဖြစ်ပေါ်မလာစေရေး ကြိုတင်ပြင်ဆင် နေခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲအရ ပညာရှင်များသည် ASEAN နိုင်ငံများအား အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်ရန် အကြံပြုနေခြင်းဖြစ်ပြီး ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြံပေးပြောကြားနေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။
အမေရိကန်နိုင်ငံ၏ မူဝါဒပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံအပေါ် ပစ်မှတ်ထားနေမှုများမှ အာဆီယံအပေါ်သက်ရောက်မှုများသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေးတည်ဆောက်ထားရှိမှုတို့ကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒအပြောင်းအလဲများသည် မြန်မာနိုင်ငံအတွက် အဟန့်အတားအချို့ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့ကြောင့် ပညာရှင်များ၏ အကြံပြုချက်များအတိုင်း တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား အလွန်အကျွံမှီခိုအားထားနေမှုကို သတိထားခြင်းဖြင့် စီးပွားရေးအရ ASEAN အဖွဲ့အပြင် အခြားနိုင်ငံများနှင့် ဈေးကွက်စီးပွားရေးချဲ့ထွင်ခြင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ ပြည်တွင်းကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံခြားရေးမှုဝါဒများ ချိန်ညှိချမှတ်ခြင်းများ လုပ်ဆောင်သင့်သည်ဟု ယူဆမိပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားသည် နိုင်ငံ၏သဘောထားအမြင်နှင့် မူဝါဒများအပေါ် များစွာမူတည်လျက်ရှိသောကြောင့် ပြောင်းလဲလာနိုင်သည့် ကမ္ဘာ့နိုင်ငံရေးရေချိန်ကို စောင့်ကြည့်လေ့လာ၍ သင့်တော်မှန်ကန်သည့်နိုင်ငံရေးမူဝါဒများချမှတ်နိုင်ရန် လိုအပ်သည်ဟု ယူဆမိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
မြန်မာ့ရိုးရာထမနဲပွဲတော်သည် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထင်ဟပ်စေသည့် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် အလှူဒါန ပွဲတော်တစ်ခုဖြစ်ပါသည်။ မြန်မာ့ ရိုးရာထမနဲပွဲကို တပို့တွဲလတွင် ကျင်းပကြပြီး၊ ကောက်ညှင်းစပါးသစ်ပေါ်ချိန်နှင့် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သော တပို့တွဲလပြည့်နေ့တွင် အထူးခမ်းနားစွာ ကျင်းပကြပါသည်။ ဤပွဲတော်သည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် လူမှုရေးဆိုင်ရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။
တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ဧကဒသမ လဖြစ်ပြီး ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများအတွင်း ကျရောက်ပါသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင်တွဲလောင်းကျသည်' ကိုရည်ညွှန်းသောကြောင့် တပို့တွဲလသည် ထန်းဖူးများအား အောက်သို့ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ ဦးဖိုးလတ်၏ မြန်မာလအမည်များကျမ်းတွင် တပို့တွဲလ၏ အဓိပ္ပာယ်သည် ထန်းဖူး၊ ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊ တွဲကျခြင်းဖြစ်အောင် ပြုသောလ၊ ထန်းရည်နင်းသောလ ဖြစ်သည်ဟု အကျယ်တဝင့် ရှင်းလင်းရေးသားထားပါသည်။ တပို့တွဲလ၏ အထိမ်း အမှတ်ပန်းမှာ ပေါက်ပန်း (Butea Monosperma) ဖြစ်ပါသည်။ တပို့တွဲလတွင် ထင်ရှားသော ရိုးရာပွဲတော်မှာ ထမနဲပွဲ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ချမ်းအေးသည့် ဆောင်းတွင်းအခါသမယတွင် ဝိနည်းတော်အရ ရဟန်းတို့ကို မီးလှုံခြင်းမှ တားမြစ်ပိတ်ပင်ထားပါသည်။ တားမြစ်ရသည့် အကြောင်းမှာ မီးနှင့် မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့်အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း၊ ယင်းတို့နှင့် အကျိုးမရှိသောစကားများကိုပြောဆိုခြင်း ဟူသည့် ရဟန်းတို့ မပြုမူအပ်သည့် အပြုအမူများကို ရှောင်ကျဉ်နိုင်ရန် ဝိနည်းတော် ပညှပ်ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် တပို့တွဲလကုန် တပေါင်းလကူးကြား ရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်းတို့အား မီးလှုံရန် ခွင့်ပြုတော်မူရုံမျှမက မိမိကိုယ်တော်တိုင်သည်လည်း မီးလှုံတော်မူ လေ့ရှိခဲ့ပါသည်။ ဤသည်ကို အစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကို ဆင်ယင်ကျင်းပကြ ပါသည်။ မီးပုံဟူသော အသုံးအနှုန်းမှာ အရပ်စကားဖြစ်ပြီး စာပေအမှတ်အသားအရမှာမူ မီးဖုန်း သဘင်ဟု ရေးသားဖွင့်ဆိုကြပါသည်။ အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့သည် မီးဖုန်းပွဲကို ကျင်းပရန် အလို့ငှာ တောသို့ တက်၍ နံ့သာထင်းများကို လူစုလူဝေးနှင့် ခုတ်ကြသည်။ ထို့နောက် ထင်းများကို စုပုံမီးရှို့၍ ဘုရား ကျောင်းကန်၊ တန်ဆောင်းတို့၌ အပူဓာတ်ကို လှူဒါန်းပူဇော်သည်။ အချို့ကလည်း မီးမယ်ဖျူး ခေါ် မီးလင်းဖို၌ အမွှေးနံ့သာထင်းများကို ထည့်၍ မီးဖိုကာပူဇော်ကြသည်။ ဤပွဲသဘင်ကို ဆင်ယင်ကျင်းပရာ၌ ဆောင်ရွက်ရမြဲထုံးစံမှာ လူ ၁၀၀၀ စု၍ နံ့သာထင်းခုတ်ပြီးလျှင် ထင်းစည်း ၁၀၀၀၊ မီးလင်းဖို ၁၀၀၀၊ ယာဂုအိုး ၁၀၀၀၊ ထန်းစင် ၁၀၀၀ တို့ကို စီမံပြီးလျှင် ဘုရား၊ ကျောင်း၊ တန်ဆောင်း များ၌ မီးအပူဓာတ် ကိုလှူဒါန်းပူဇော်ကြသည်။ ဤသဘင်နှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရှိ ဓမ္မသုခကျောင်း၌ မီးပုံပွဲတော်ကျင်းပပုံကို မန်းသင့်နောင်က “ကရင်ပြည်နယ်အလှ” စာအုပ်တွင် မှတ်တမ်းတင်ထားသည်မှာ လွန်စွာ မှတ်သားဖွယ်ကောင်းလှပေသည်။ ထိုမီးပုံပွဲ၌ မီးပူဇော် လိုသူတို့သည် တပို့တွဲလပြည့်နေ့မတိုင်မီ လဆန်းရှစ်ရက်နေ့ကစပြီး စင်းလုံးချော သက်ရင်းပင်များကို ခုတ်ယူပြီးလျှင် အခွံခွာ၍ နနွင်းဖြင့်လိမ်းကျံကာ သုံးဆင့်စည်းနှောင်ထားကြ၏။ ခြောက်သွေ့သော အခါ မီးပုံပွဲကျင်းပရာသို့ လပြည့်နေ့မတိုင်မီ လာရောက်စုပုံကြ၏။ မီးပုံတိုင်များစိုက်ထူရန် မြေကွက်လပ်တွင် အတောင် ၃၀ အရှည်ရှိသော ဥရူတိုင်ကြီး ငါးတိုင်စိုက်ထား၏။ ထင်းစည်း၊ မီးပုံစည်းများကို မှီ၍ စိုက်ထူ၏။ နံနက်လေးနာရီတွင် ဆရာတော်က ဝတ်ပြုဆုတောင်းရာ ရဟန်းရှင်လူတို့သည် ရှိခိုး ကန်တော့ကြ၏။ ထို့နောက် ဆရာတော်က မီးစတင်ရှို့လေရာ ရဟန်းရှင်လူတို့လည်းနီးစပ်ရာ မီးပုံတွင် သူ့ထက်ငါဦးအောင်ရှို့ကြလေသည်။ ဤအဆိုကိုကြည့်ခြင်းအားဖြင့် ရိုးရာအလိုက်ကျင်းပသော မီးပုံပွဲကို ကရင်ပြည်နယ်၌ ယနေ့တိုင်ကျင်းပမြဲ ဖြစ်သည်ဟုဆိုနိုင်ပေသည်။
ရှေးခေတ်ကကျင်းပသော မီးပုံပွဲတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ရှိကြောင်း အထက်၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်းကို ထောက်ရှုလျှင် မီးပုံပွဲနှင့် ယာဂု ဆက်စပ်နေသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။ မီးပုံပွဲကျင်းပရင်းနှင့် ယာဂုပွဲဖြစ်ပေါ်လာသလော သို့မဟုတ် ယာဂုပွဲကျင်းပရင်းနှင့် မီးပုံပွဲဖြစ်ပေါ်လာသလော။ ဤနှစ်လီကို မဝေခွဲနိုင်ပါ။ စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟုဆိုနိုင်ရာ၏။ ယာဂုပူဇော်ပွဲအစဉ်အလာစတင်ပုံကို ဝိနည်း ပိဋကတ် ဝိနည်းမဟာဝါ ပါဠိတော်၌ ပြဆိုထားသည်ကို တွေ့ရှိနိုင်ပါသည်။ တစ်ခါရံသော် မြတ်စွာဘုရားသည် များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီ ကြွချီတော်မူရာ ဇနပုဒ်၌ နေသောသူတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေး စသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီရာသို့ လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် အလားတူဆွမ်းကပ်လှူလိုပါသော်လည်း မိမိအလှည့် မကျနိုင်သောကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်တို့ကို မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အား ဆက်ကပ်ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင်အာနန္ဒာသည်ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့် အတိုင်းကပ်လှူပူဇော်စေရန် သည်းခံတော်မူလေသည်။ ဤသည်ကစ၍ ယာဂုအလှူပွဲအစဉ်အလာ ပေါ်ပေါက်လာသည်ဟုဆိုနိုင်ပြီး ဝိနည်းတော်အရ တပို့တွဲနှင့် တပေါင်းစပ်ကြား၌ ရဟန်းတို့ မီးလှုံစေရန် ခွင့်ပြုသောအကြောင်းနှင့် ဆက်စပ်ကြည့်လျှင် ယင်းမီးပုံပွဲနှင့် ယာဂုအလှူပွဲမှာ တစ်ဆက်တည်း ဖြစ်ပေါ်လာသည်ဟု ယူဆနိုင်ပါသည်။ ယာဂုဟူသည် ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ်ပင် ဖြစ်ပါသည်။ သို့သော် လုံးတောဆရာတော်၏ အာဘော်အရ မြတ်စွာဘုရားသခင်သည် လေအောင့်၊ လေနာဝေဒနာ ခံစားတော်မူရလေသော် “အရှင်အာနန္ဒာ……ယာဂုဆွမ်းခံချေ” ဟု မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံအလှူခံရာ ထိုမာတုဂါမက ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသော ယာဂုဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဆိုသောကြောင့် ယာဂု သည် ငရုတ်၊ ကြက်သွန် စသည်တို့ပါသော ဆန်ပြုတ်တစ်မျိုး (ဝါ) ထမနဲ ဟု ယူဆနိုင်ပါသည်။
မင်းတုန်းမင်းလက်ထက် ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌ ရေးသားဖော်ပြထားပြီး ယင်းအလှူပွဲအကြောင်း၌ ရွှေမြို့တော် လေးပြင်လေးရပ် တရုတ်၊ ကုလား မျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာကုကျိုကြရာ ယင်းယာဂု၌ ကောက်ညှင်း၊ ဆန်၊ ဆီ ၊ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကိုထည့်၍ ကျိုသည်ဟုဆိုထားပါသည်။ ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဖွင့်ဆိုကြောင်း မှတ်သားရပါသည်။ ထမနဲ့ (ဝါ) ထမင်းနှဲဟူသော အမည်နာမသည် (ကောက်ညှင်း) ထမင်းကိုနှဲခြင်း ဟူသောအသုံးအနှုန်းမှဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ရှေးအရေးအသားအချို့တွင် ထမင်းနှဲ ဟူ၍ပင် ရေးကြသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲ ဟူ၍ လည်းခေါ်ကြသည်။ ယင်းထမင်းနဲ့ထိုးခြင်းနှင့် စပ်လျဉ်း၍ မန်လည်ဆရာတော်ဘုရားကြီးက လိုသော ပစ္စည်းအချိန်အဆကို ထမနဲထိုးလင်္ကာစားချိုးဖြင့် အောက်ပါအတိုင်း စပ်ဆိုထားလေသည်-
“ထမနဲထိုးဖို့ရန်….. စာချိုးလို့မှာခဲ့မယ်
တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာဆီ အမှန်သွင်းပါလို့
ချင်း(ဂျင်း) ကသုံးဆယ်။
မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်
အုန်းသီးဆန် အတူဖက်ပါလို့
နှမ်းမပြတ် ဤနည်းနှယ်။
ရေစင်ကြည် ပထည့်ရိုး
လက်နှစ်သက်သာပ၊
တွက်စစ်ကာ ချိန်ဆယ်သားရယ်နှင့်
ရောနှောက လူအများတို့ရယ်
အားသစ်လို့ထိုး……”
အဓိပ္ပာယ်မှာ ကောက်ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန် ၈ဝ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂ဝ ကျပ်သား၊ ဆား ၇ ကျပ်သား၊ ချင်းစိမ်း ၁၅ သား တို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ လူအများ တက်ညီလက်ညီ ဟန်ချက်ညီစွာဖြင့် ယာဂု(ဝါ) ထမနဲကို ထိုးကြရန် ဖြစ်ပါသည်။
“တပို့တွဲ၊ ကျွဲပင်လျှင် ချိုဖျား အေးသတတ်” ဟူသည့် စာဆိုနှင့်အညီ ဆောင်းနှောင်းဖြစ်၍ အစွမ်းကုန် ဆောင်းလက်စွမ်း ပြလေရော့သလားမသိ၊ ခိုက်ခိုက်တုန်အောင်အေးတတ်၏။ မြတ်စွာ ဘုရားရှင်ပင်လျှင် ခြေဖျား၊ လက်ဖျား မီးကင်တော် မူရသည်ဟု ဆိုကြ၏။ မှန်ပေမည်။ အလွန် အေးမြလှပေသည်။ တပို့တွဲလ နှင်းဝေဝေတွင် ကျင်းပသည့် ထမနဲပွဲသည်လည်း ပျော်ရွှင်ဖွယ် ကောင်းလှ၏။ ဒယ်ကြီးများဖြင့် ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင် ကောက်ညှင်းဆန်တို့ကလည်း စေးလှသနှင့် ဆင်နွှဲသော ရိုးရာထမနဲပွဲသည် နိုင်ငံသားတို့၏ စုပေါင်းညီညာသောသဘောကို ဆောင်၏။ ထမနဲကို ထိုးပြီးသကာလ ဘုရားအား ဦးစွာကပ်လှူ၏။ ရွာဦးကျောင်းသို့ ရောက်အောင်ပို့၏။ တစ်အိမ် တက်ဆင်း ထမနဲ ဝေငှ ကမ်းလှမ်း၏။ တပို့တွဲလ နံနက်စောစောတွင် စေတနာ သဒ္ဓါတို့ ထက်သန် မွှေးကြိုင်လျက်ရှိသည်ကို ခံစားနိုင်ပေ၏။ အများနှင့် ဝိုင်းကြ ဝန်းကြသော သဘောသည် မြန်မာ့ လူမျိုးတို့၏ သဘောသဘာဝဖြစ်ပြီး စည်းလုံးညီညွတ်မှု အသွင်သဏ္ဍာန်ကို ထမနဲထိုးပွဲ၏ ပြယုဒ်တွင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေ၏။ ထမနဲကို အဘိုး၊ အဘွား၊ လူရွယ်၊ လူငယ် အရွယ်သုံးပါး မရွေး စားသုံးနိုင်ပြီး နိုင်ငံ၏ စေတနာ ဂုဏ်သိက္ခာကို တမြုံ့မြုံ့ စားရင်းနှင့်ပင် ဆင်ခြင်နိုင်၏။ ထမနဲသည် တရားမဟော၊ စကားမပြောသော်လည်း ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ကောင်းကျိုးကို ပြသ နေဘိ သကဲ့သို့ ရှိ၏။
ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက “ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလမဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်” ဟူ၍ လှေအလှူခံမေတ္တာ စာတွင် ဖွဲ့ဆိုခဲ့ပါသည်။ တပို့တွဲလ ယာဂုထမနဲအလှုပွဲများသည် အလှူရေစက် လက်နှင့်မကွာ မြန်မာလူမျိုးတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်ပါသည်။ သို့ဖြစ်၍ ဘုရားရှင် လက်ထက်တော်တိုင်မှ စတင်ပေါ်ထွန်းခဲ့သည့် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို ခေတ်အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာများ၊ စည်းလုံးညီညွတ်မှုများ မပျောက်ပျက်စေရန်နှင့် ကောင်းမှုကုသိုလ်များ ရရှိစေရန်အတွက် တပို့တွဲလတွင် နှစ်စဉ်ကျင်းပ လှူဒါန်းခြင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ကိုးကား
(၁) မောင်ထင်၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်
(၂) မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)
(၃) တပို့တွဲလ၊ မောင်လူမွှေး(မြန်မာမှု)
(၄) မြန်မာလအမည်များကျမ်း၊ ဦးဖိုးလတ်
စမတ်မီတာစနစ်ဆိုသည်မှာ အလိုအလျောက် မီတာစနစ်ကိုခေါ်သည်။ မြန်မာနိုင်ငံတွင် AMI စနစ်(Advanced Metering Infrastructure)ကို လက်ရှိ စမတ်မီတာစနစ်အဖြစ် အသုံးပြုလျက်ရှိသည်။ AMI စနစ်ဖြင့် မီတာအားလုံး လဲလှယ်တပ်ဆင်ထားပြီးသော မြို့တစ်မြို့အနေဖြင့် မီတာဖတ်လုပ်ငန်းအားလုံးကို ကွန်ပျူတာစနစ်ဖြင့်သာ လုပ်ဆောင်နိုင်ပြီး သမားရိုးကျ မီတာစနစ်နှင့် ကွဲပြားခြားနားသွားမည်ဖြစ်သည်။
စမတ်မီတာအမျိုးအစား များစွာရှိသည့်အနက် ငွေကြိုပေးမီတာနှင့် သုံးသလောက်ပေး မီတာဟူ၍ အဓိကအုပ်စုကြီးနှစ်ခုရှိသည်။
ငွေကြိုပေးမီတာသည် မီတာအတွင်းမှ ထိန်းချုပ်သောစနစ်ဖြစ်ပြီး ဗဟိုထိန်းချုပ်သည့်နေရာမှ အလွယ်တကူ ထောက်လှမ်းသိရှိနိုင်ခြင်း မရှိချေ။ ဖွံ့ဖြိုးပြီး နိုင်ငံအချို့တွင် လူကြိုက်များ၍ သုံးစွဲကြသည်။
မြန်မာနိုင်ငံကဲ့သို့ လျှပ်စစ်မီးကို တရားမဝင် သွယ်တန်းသုံးစွဲမှုများ ရှိနေသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ငွေကြိုပေးမီတာမှာ အခြားသောအားသာချက်များ ရှိနေသော်လည်း လက်ရှိအချိန်တွင် သုံးစွဲရန်မသင့်လျော်သေးဘဲ သုံးသလောက်ပေး မီတာ (AMI စနစ်) ကိုသာ သုံးသင့်သေးကြောင်း စာရေးသူအနေဖြင့် သုံးသပ်တွေ့ရှိရသည်။
မည်သည့်အတွက် AMI မီတာများ သုံးသင့်ပါသလဲဟုဆိုပါက AMI မီတာများသည် ပြင်ပမှထိန်းချုပ်၍ ရသောမီတာများဖြစ်ပြီး မသမာမှုများကိုလည်း ဗဟိုထိန်းချုပ်သည့်နေရာမှ အလွယ်တကူ ထောက်လှမ်း သိရှိနိုင်သောကြောင့်ဖြစ်သည်။ AMI စနစ်တွင် ဗဟိုထိန်းချုပ်သည့် နေရာမှ မီးသုံးသူ၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိနေပြီး မသမာမှုများပြုလုပ်ရန် ခက်ခဲသည့်အားသာချက်ရှိသည်။
ဓာတ်အားခပေးသွင်းမှု မရှိခြင်းကဲ့သို့သော ကိစ္စရပ်များအတွက်လည်း ဗဟိုထိန်းချုပ်သည့်နေရာမှပင် အလွယ်တကူသိရှိ၍ မီးဖြတ်တောက်နိုင်သည်။ ထိုသို့သောအားသာချက်များကြောင့်သာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ငွေကြိုပေးအမျိုးအစား စမတ်မီတာများကို ရွေးချယ်ခြင်းမပြုဘဲ သုံးသလောက်ပေး အမျိုးအစား စမတ်မီတာ (AMI မီတာ) များကိုသာ ရွေးချယ်အသုံးပြုခဲ့ခြင်းဖြစ်ပြီး မြို့နယ်တစ်မြို့နယ်ချင်းအလိုက် လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပထမဆုံးသော AMI စမတ်မီတာစနစ်ကို ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၌ (၁.၈.၂၀၁၇) ရက်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်လုံးကျွတ် မဆောင်ရွက်နိုင်ခဲ့ဘဲ (၁.၁၂.၂၀၁၈) ရက်တွင်မှ ပန်းဘဲတန်းမြို့နယ်၌ ပြီးပြည့်စုံသော AMI စနစ်တစ်ရပ်ကို မြို့နယ်လုံးကျွတ် ပထမဦးဆုံး ဆောင်ရွက်ပြီးစီးခဲ့သည်။ ယခုအခါ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် မြို့နယ်ပေါင်း ၅၈ မြို့နယ်ရှိသည့်အနက် AMI စနစ်အပြည့်အဝဆောင်ရွက်ပြီးသည့် မြို့နယ်ပေါင်း ၂၀ ရှိပြီဖြစ်သည်။ AMI စနစ် အပြည့်အဝ မဆောင်ရွက်နိုင်သေးသော်လည်း အလိုအလျောက် ငွေတောင်းခံစနစ် ဆောင်ရွက်ပြီး မြို့နယ် ၃၆ မြို့နယ်အထိရှိလာပြီဖြစ်သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တွင် AMI စနစ်ကိုရာနှုန်းပြည့်ပြောင်းလဲ တပ်ဆင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ကြီးများတွင်လည်း ထိုစနစ်ကိုပြောင်းလဲတပ်ဆင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခြင်းအားဖြင့် ဓာတ်အားပျောက်ဆုံးမှုများကို အတတ်နိုင်ဆုံးလျှော့ချ သွားနိုင်ရေးလုပ်ဆောင်လျက်ရှိသည်။
AMI စနစ်ဖြင့် ဆောင်ရွက်ပြီးမြို့နယ်များတွင် မိုဘိုင်းဖုန်းဖြင့် အသုံးပြုရသော Mebill အပလီကေးရှင်းဖြင့် ဘားကုတ်မှတစ်ဆင့် မိမိတို့အသုံးပြုနေသော မည်သည့် ဘဏ်နှင့်မဆိုအွန်လိုင်းမှ ငွေပေးဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အပြည့်အဝ ဆောင်ရွက်နိုင်မည်ဆိုပါက ဌာနအနေဖြင့် မီတာစာရွက်ဝေရန်ပင် မလိုအပ်တော့ဘဲ ပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းမှပင် မိမိတို့ကျသင့်သော ဓာတ်အားခကို သိရှိနိုင်ပြီး အွန်လိုင်းမှ တိုက်ရိုက်ပေးချေသွားနိုင်မည်ဖြစ်ရာ ဝန်ထမ်းအင်အားကို များစွာလျှော့ချနိုင်မည်ဖြစ်သည်။
AMI မီတာစနစ်ဆိုသည်မှာ စမတ်မီတာစနစ်ဖြစ်၍ နည်းပညာကိုသာ အခြေပြုဆောင်ရွက်ပြီး မီတာဖတ်ရာတွင် လျှပ်စစ်ပုံစံများပြုစုခြင်းနှင့် ဓာတ်အားခ ငွေကောက်ခံခြင်း လုပ်ငန်းစဉ်များ အားလုံးသည် အလိုအလျောက်စနစ်ဖြစ်သောကြောင့် မှားယွင်းမှုမရှိသလောက် နည်းပါးသည်။ အချိန်နှင့်တစ်ပြေးညီ အလွယ်တကူဆောင်ရွက်နိုင်ပြီး ပြည်သူသို့ဝန်ဆောင်မှု ပေးရာတွင် ထိရောက်ကောင်းမွန်သော စနစ်တစ်ခုဖြစ်ကြောင်းတွေ့ရှိရသည်။
AMI မီတာစနစ်တွင် ဆင်းကတ်ထည့်သွင်း အသုံးပြုရသော Data Concentrator Unit ခေါ် DCU ပုံးများပါရှိပြီး အင်တာနက်လိုင်းကို အသုံးပြု၍ မီတာ ၁၀၀ ခန့် အကွာအဝေးအတွင်းရှိ မီတာအားလုံး၏ အချက်အလက်များကို အလိုအလျောက် ချိတ်ဆက်ဆောင်ရွက်နိုင်သည်။ လှိုင်းနှုန်းဖြတ်စက်များနှင့် နီးကပ်ခြင်းနှင့် အခြားအင်တာနက်လိုင်း အနှောင့်အယှက်များရှိလျှင်သာ အလိုအလျောက်ဖတ်ရှုရန် အခက်အခဲအနည်းငယ် ရှိသော်လည်း အဆိုပါမီတာအနီးမှ ဖတ်စက်ဖြင့် သွားရောက်ဖတ်ရှုနိုင်ပြီး လူမနေအိမ်ပိတ်ထားသော အိမ်မျိုးများတွင် မီတာကို အလွယ်တကူ ဖတ်ရှုနိုင်သည့် အားသာချက်ရှိသည်။ မီးသုံးသူများက တရားမဝင်ဆောင်ရွက်မှု တစ်ခုခုပြုလုပ်လျှင်လည်း ဗဟိုထိန်းချုပ်သည့်နေရာက ချက်ချင်းအလွယ်တကူ သိရှိနိုင်၍ ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်သည်။
AMI မီတာစနစ်သည် e-Government ဖော်ဆောင်မှုကို များစွာအထောက်အကူပြုစေပြီး ပြည်တွင်းရှိ မည်သည့်ဘဏ်နှင့်မဆို ချိတ်ဆက်၍ အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ဓာတ်အားခပေးဆောင်နိုင်မည် ဖြစ်သောကြောင့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို များစွာအကျိုးဖြစ်ထွန်းလာစေမည်။ အဲဗားဒစ်ဂျစ်တယ်မီတာများကို စတင်ထုတ်လုပ်သည့် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အထိ နည်းပညာမြင့်မားစွာ အသုံးပြုနိုင်ရေး တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သော အဲဗားမီတာကုမ္ပဏီသည် AMI မီတာများကို ကိုယ်ပိုင်ရေးဆွဲထားသော ဆော့ဝဲများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လျှပ်စစ်မီးသုံးသူများ၏ အချက်အလက်များသည် ပြည်ပနိုင်ငံများသို့ သတင်းပေါက်ကြားခြင်း မျိုးမှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ပြည်တွင်းကုမ္ပဏီဖြစ်၍ ထုတ်လုပ်မှုစရိတ်လည်း များစွာလျော့နည်းလာစေမည်ဖြစ်သည်။ ထို့ပြင် ဝန်အားကို စောင့်ကြည့်မှုပြုလုပ်နိုင်၍ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို အချိန်မီပြုပြင်ရန်နှင့် တိုးချဲ့ဆောင်ရွက်ရန် လုပ်ငန်းများကိုကြိုတင်ပြင်ဆင်နိုင်ပြီး ပျက်စီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်ပေးနိုင်သည်။
ဘဏ္ဍာရေးဆိုင်ရာ ပုံစံနှင့်အချက်အလက်များကို ဆာဗာတွင်သိမ်းဆည်းထားနိုင်၍ အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြည့်ရှုနိုင်ခြင်းနှင့် စာရွက်စာတမ်း စစ်ဆေးရန်လိုအပ်ပါက လျင်မြန်စွာ ပရင့်ထုတ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။ ယခုအခါ (MEB) (Myanmar Electric Bill) ဆော့ဝဲကိုအခြေခံ၍ မိုဘိုင်းဖုန်းဖြင့်အသုံးပြုနိုင်သော Mebill အပလီကေးရှင်းကို တီထွင်ဆောင်ရွက်လျက်ရှိရာ အပြည့်အဝဆောင်ရွက် ပြီးစီးလာမည်ဆိုပါက ကျသင့်ငွေကိုအွန်လိုင်းမှ တိုက်ရိုက်ပေးဆောင် လာနိုင်တော့မည်ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရပါလျှင် Mebill အပလီကေးရှင်းသာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါက AMI စနစ်အသုံးပြုနိုင်သော မြို့နယ်များတွင် ပြည်သူများသည် မိမိတို့သုံးစွဲသော ဓာတ်အားယူနစ်ပမာဏကို လက်ကိုင်ဖုန်းမှတစ်ဆင့် အချိန်မရွေးကြည့်ရှု စစ်ဆေးသွားနိုင်တော့မည်ဖြစ်၍ သုံးစွဲယူနစ်များအတွက် စိတ်ကျေနပ်မှုကို ရရှိစေမည်ဖြစ်သည့်အပြင် မိမိ၏ဝင်ငွေကို ချင့်ချိန်၍ ဓာတ်အားကိုလည်း ချွေတာသုံးစွဲနိုင်လာမည်ဖြစ်သည်။ ဌာနနှင့် လျှပ်စစ်မီးသုံးသူပြည်သူများအတွက် နှစ်ဦးနှစ်ဖက်ပွင့်လင်း မြင်သာမှုကိုရရှိစေမည်။ ပြည်တွင်းရှိ မည်သည့်ဘဏ်နှင့်မဆို အွန်လိုင်းဖြင့်ချိတ်ဆက်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် လွယ်ကူစွာဓာတ်အားခများ ပေးဆောင်လာနိုင်တော့မည်ဖြစ်၍ လုံခြုံဘေးကင်းပြီး စိတ်ချရမှုလည်း ရရှိလာစေသည်။ လိုအပ်ပါက အချိန်နှင့် တစ်ပြေးညီ မီးဖြတ်ခြင်း၊ မီးဆက်ခြင်း ပြုလုပ်နိုင်ပြီး ပြည်သူများအတွက် စိတ်ချမ်းမြေ့ ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုများကို အပြည့်အဝရရှိခံစား လာစေနိုင်တော့မည်ဖြစ်ကြောင်း AMI ဟုခေါ်သော စမတ်မီတာများနှင့် ပတ်သက်၍ စာရေးသူ၏ အမြင်ကို ဗဟုသုတဖြစ်စေရန်အလို့ငှာ တစေ့တစောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
(၆-၂-၂၀၂၅)ရက်နေ့ထုတ် မြဝတီသတင်းစာမှ ကူးယူဖော်ပြပါသည်။
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး အရှေ့တောင်အာရှ ပင်မကုန်းမြေပေါ်ရှိ နိုင်ငံအားလုံးတွင် အကျယ်ဆုံးဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယအကျယ်ဝန်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့်တွင် ၄၀ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံအင်အားကြီးလျှင် ကြီးသလောက် တန်ခိုးဩဇာဖြန့်ကြက်နိုင်ခဲ့ရာ တောင်အာရှနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့တို့သို့ပင် ကျော်လွန်ရောက်ရှိခဲ့သည်။
ယနေ့ခေတ်အမြင်ဖြင့် ကြည့်မည်ဆိုပါက သူတစ်ပါးနိုင်ငံကို ကျူးကျော်ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်စေကာမူ ထိုခေတ်ထိုအခါတွင် အင်အားသာသူတို့က ဘုန်းလက်ရုံး ဆန့်တန်းကြမြဲဖြစ်သည့်အလျောက် ကိုယ်မကျူးလျှင် သူကျူးမည်။ ကိုယ်မတိုက်လျှင် သူတိုက်မည်သာဖြစ်ရာ မိမိနိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အင်အားကိုပြသကြရမြဲဖြစ်သည်။ မိမိတို့ အင်အားချည့်နဲ့ချိန်၊ နိုင်ငံကိုစိုးမိုးအုပ်ချုပ်မင်းလုပ်သူ ညံ့ဖျင်းချိန်တွင် နိုင်ငံအတွင်း တိုင်းတစ်ပါးသားတို့ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုကို မလွှဲသာမရှောင်သာ ခံခဲ့ရသည်မှာလည်း သမိုင်းတွင် အထင်အရှားပင် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ ဝင်ရောက်သိမ်းပိုက်ပြီးချိန်တွင်မူ တစ်ချိန်က မြန်မာဘုရင်လက်ထက် အုပ်ချုပ်မှုသက်ရောက်ခဲ့ရာ နယ်မြေများအားလုံးကိုသိမ်းယူ၍ တစ်ဖက်နိုင်ငံများနှင့်ပါ နယ်နိမိတ်စာချုပ်များချုပ်ဆိုပြီး ယနေ့မိမိတို့ တွေ့မြင်နေရသည့် မြန်မာနိုင်ငံမြေပုံ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ တိကျသည့် နယ်နိမိတ်ရေးဆွဲ သတ်မှတ်ရာတွင် အပေးအယူအချို့လုပ်ခဲ့ပြီး အချို့နယ်မြေဒေသများမှာ မြန်မာနိုင်ငံပိုင်နက် ဖြစ်သင့်ပါလျက် မဖြစ်တော့ဘဲ တစ်ဖက်နိုင်ငံကို ပေးအပ်လိုက်ရသည်များလည်းရှိခဲ့သည်ကို သမိုင်းတွင် တွေ့ရှိနိုင်သည်။
၂၀ ရာစုအတွင်း ကမ္ဘာ့စနစ်မှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နိုင်ငံများ၏ ပိုင်နက်နယ်နိမိတ်များ သည် တိကျသည့်အတိုင်းအတာများ၊ သတ်မှတ်ချက်များ၊ သဘောတူညီချက်များ၊ စာချုပ်စာတမ်း များနှင့် ခိုင်ခိုင်မာမာ အတည်တကျ ဖြစ်လာခဲ့ပြီဖြစ် သည်။ အင်အားရှိတိုင်းလည်း နယ်မြေချဲ့ထွင်နိုင် သည့် ခေတ်အခါမဟုတ်တော့။ မိမိတို့ဘိုးဘေး ဘီဘင်များ အသက်သွေး၊ ချွေးများစွာဖြင့် တည်ထောင်ခဲ့သည့် ဤနိုင်ငံ၊ ဤနယ်နိမိတ်ကို တစ်လက်မမျှပင်မလျော့ပါး၊ မဆုံးရှုံးစေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သည်။
ကမ္ဘာ့မြေပုံကိုကြည့်လျှင် ကမ္ဘာတွင် တတိယမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် သတ္တမမြောက် အကျယ်ဝန်းဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတို့၏အကြားတွင် နှစ်နိုင်ငံလုံးနှင့် ထိစပ်လျက် မြန်မာနိုင်ငံကို သေးသေးငယ်ငယ်ကလေး တွေ့ရှိနိုင်သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးတို့မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးများ ဖြစ်ကြသည့်အပြင် စီးပွားရေးတွင်လည်း အင်အားကြီးနိုင်ငံများအဖြစ် လျင်မြန်စွာ တက်လှမ်းနေကြ သည်။ ၂၁ ရာစုသည် အာရှ၏ ရာစုနှစ်ဟု ဆိုရလောက်အောင် ကမ္ဘာ့အချက်အချာသည် အာရှဆီသို့ ပြောင်းရွှေ့လျက်ရှိနေရာ ကမ္ဘာ့အင်အားပြိုင်ဆိုင်မှုများကလည်း ပထဝီအနေအထားအရ အချက်အချာကျသည့် မိမိတို့နိုင်ငံ၏ မြေပြင်၊ ရေပြင်နှင့် ကောင်းကင်ပြင်ပိုင်နက်နယ်နိမိတ်များနှင့် ဆက်စပ်လာနေသည်။ နိုင်ငံတိုင်း ၎င်းတို့နိုင်ငံ အဓွန့်ရှည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာတည်ဆောက်လျက်ရှိရာ မိမိတို့သည်လည်း နောက်ကျမကျန်ရစ်ဖို့လိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ၏ တစ်ကျော့ပြန်သမ္မတဖြစ်လာခဲ့သည့် ဒေါ်နယ်ထရမ့် အိမ်ဖြူတော်၏ သမ္မတရုံးခန်းတွင်းသို့ရောက်မလာမီအချိန်အတွင်း ပြောခဲ့သည့်စကားအချို့က ကမ္ဘာကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့သည်။ ကမ္ဘာ့နံပါတ် (၁) အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားအတွက် ဂရင်းလန်ကျွန်း၊ ပနားမားတူးမြောင်း၊ မက္ကဆီကို၊ ကနေဒါတို့ကဲ့သို့သော အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အစိတ်အပိုင်းများကို သိမ်းပိုက်ရယူရန် လေသံပေးမျက်စောင်းထိုးပြခဲ့ခြင်းမှာ သက်ဆိုင်ရာနိုင်ငံတို့အတွက် နာသာခံခက်ဖြစ်စေသည်။ ထရမ့်၏ စကားနှုတ်ကျွံ အပြောလွန်တတ်သည့် ဝသီစရိုက်ဖြင့် လေထဲတွင် တိုက်အိမ်ဆောက်ပြခြင်းဖြစ်သည်ဟု ဆိုနိုင်စေကာမူ အမြဲပြောခံရသည့် နိုင်ငံများမှ ခေါင်းဆောင်များနှင့် ပြည်သူများအဖို့ မခံချိမခံသာ အမျက်ဒေါသထွက်ဖွယ်ရာများပင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ၁၉ ရာစုကာလက အထွတ်အထိပ်ရောက်ခဲ့သည့် နယ်ချဲ့ဝါဒသည် ဒုတိယကမ္ဘာစစ်ကြီးနှင့်အတူ ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည့်တိုင် အင်အားကြီးနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားနှင့် ယှဉ်လာပါက နယ်ချဲ့လိုစိတ်တို့ ရှိနေဆဲပင်ဖြစ်သည်ကို ဒေါ်နယ်ထရမ့်က ပြောင်ပြောင်တင်းတင်း သက်သေပြခဲ့ခြင်းဟု ယူဆရမည်လည်းဖြစ်သည်။ ထို့အပြင် နိုင်ငံငယ်များ၏ ပြည်တွင်းရေးတွင် ပါဝင်စွက်ဖက်ကာ ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအတွက် လိုသလိုဖန်တီးခြေရှုပ်နေကြသည်ကိုလည်း သတိပြုကြရန်လိုသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်ပြီး ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှနုတ်ထွက်ကာ တိုင်းပြည်မှ ထွက်ပြေးသွားခဲ့ရသည်။ ယင်းပြဿနာ၏ နောက်ကွယ်တွင် အနောက်နိုင်ငံအချို့ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ရာ ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားအချို့ကို အသုံးချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က သတင်းများအရ အနောက်အုပ်စု၏ ခေါင်းကိုင်ဖခင်နိုင်ငံကြီးက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ပိုင်နက်နယ်မြေများကို စုပေါင်းကာ ခရစ်ယာန်နိုင်ငံတစ်ခု တည်ထောင်ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ ဟိန္ဒူဘာသာဝင်အများစု နေထိုင်သည့် အိန္ဒိယ၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံတို့နှင့် ဆက်စပ်ရာဒေသတွင် ခရစ်ယာန်ဟူသော ခေါင်းစဉ်တပ်၍ နိုင်ငံတစ်ခုထူထောင်မည့်အကြံမှာ ဒေသတွင်းမတည်မငြိမ် ဖြစ်လာစေရန် ဖန်တီးခြင်းဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများအဖြစ်သို့ တက်လှမ်းလာနေသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် အနောက်အုပ်စု၏ အခိုင်အမာခြေကုပ်ယူစရာနေရာကို ဖော်ဆောင်ခြင်းလားဟု စဉ်းစားဖွယ်ရာဖြစ်သကဲ့သို့ မြန်မာ့ပိုင်နက်နယ်နိမိတ်ကို တစ်လက်မမျှပင် ပဲ့ပါမသွားစေရန် ကာကွယ်စောင့်ရှောက်ဖို့လည်း သတိဖြင့်ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။
ရေပြင်နယ်နိမိတ်တွင်လည်း မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ၊ စစ်အခြေစိုက်စခန်း တည်ဆောက်မှုများ တစ်နိုင်ငံချင်းအနေဖြင့်လည်းကောင်း၊ နိုင်ငံအုပ်စုဖွဲ့၍လည်းကောင်း ပိုမိုအာရုံစိုက်ပြုလုပ်လာကြသည်ကိုလည်း သတင်းများတွင် တွေ့ရှိနိုင်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ကမ္ဘာပေါ်တွင် ဝါဒရေးရာ ဆန့်ကျင်ခြားနားမှုများကို အကြောင်းပြု၍ နိုင်ငံအုပ်စုနှစ်စုကြားတွင် စစ်ရေးအပြိုင်အဆိုင် တည်ဆောက်မှုများပြုလုပ်ပြီး ရန်စောင်တင်းမာခဲ့ကြသည့် စစ်အေးတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေးတို့တွင် ပြောင်းလွယ်၊ ပြင်လွယ်နိုင်စွမ်းမရှိသည့် အရှေ့အုပ်စုဝင် ပြည်ထောင်စုနိုင်ငံကြီးများ ပြိုကွဲသွားခြင်းအားဖြင့် စစ်အေးတိုက်ပွဲများ ပြီးဆုံးသွားခဲ့ချိန် အာရှတွင် “ကြောင် ဖြူဖြူ၊ မည်းမည်း၊ ကြွက်ဖမ်းနိုင်ဖို့သည်အဓိက” ဟူသော ကြွေးကြော်သံဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကွန်မြူနစ်ဝါဒနှင့်ပေါင်းစပ်၍ အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘာ့စင်မြင့်ဆီသို့ တစ်လှမ်းချင်းတက်လှမ်းလာခဲ့သည်။ အာရှရာစုနှစ် အစပျိုးလာခြင်းသည် အနောက်အုပ်စု၏ ကမ္ဘာကြီးကို လွှမ်းမိုးမှုနိဂုံးချုပ်တော့မည့် နိဒါန်းပင်ဖြစ်ရာ အနောက်အုပ်စုနိုင်ငံတို့က ဘက်ပေါင်းစုံမှ အပြင်းအထန် ဆန့်ကျင်မှုများ ပြုလုပ်နေကြသည်ကို ကမ္ဘာ့မြင်ကွင်းတွင် နေ့စဉ်နှင့်အမျှ တွေ့မြင်နေကြရသည်။
ယနေ့ မိမိတို့ဖြတ်သန်းနေကြရသည့် ကမ္ဘာကြီးတွင် နိုင်ငံတိုင်း ကိုယ်ခံအားကောင်းကြဖို့ လိုသည်။ အင်အားတောင့်တင်းခိုင်မာသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ပြည်တွင်းအင်အားဖြင့် တည်ဆောက်ထားကြရမည့် ခေတ်ကာလဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် မိမိတို့နိုင်ငံ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် မြို့/ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိသည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက PDF များနှင့်ပူးပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ် ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက် သောင်းကျန်းသူများသည် PDF များနှင့်ပေါင်း၍ မကွေးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း- ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ဒေသများတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်တွင် CNF သောင်းကျန်းသူများသည် PDF များနှင့် ပူးပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်းမြို့တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။
“အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့က လူထု၏စိတ်ခံစားချက်ကိုအသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ အနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက်ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း” ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၃၁-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) တွင် ထည့်သွင်းရှင်းလင်းတင်ပြခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆောင်ရွက်ရာတွင် လူမျိုးရေးစိတ်ဓာတ်ကို အစွန်းရောက်သည်အထိ လှုံ့ဆော်မြှင့်တင်ခြင်း၊ လူမျိုးရေး မုန်းတီးမှု (အထူးသဖြင့် ဗမာမုန်းတီးရေး) ဖြစ်ပေါ်အောင်သွေးခွဲခြင်း စသည့် ပြည်ထောင်စုကြီးတွင် အတူနေထိုင်ကြသူများအကြား အန္တရာယ်ကြီးမားသည့် လုပ်ရပ်များကို ပြုလုပ်နေကြခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများစွာ အတူတကွ စုစည်းနေထိုင်ကြသည့် နိုင်ငံ၊ ပြည်ထောင်စုကြီး၏ တစ်ခုတည်းသော နယ်နိမိတ်အတွင်း တောတောင်ရေမြေတို့ တစ်ဆက်တစ်စပ်တည်းတည်ရှိကာ လူမှုစီးပွား ဘဝများလည်း ခွဲခြား၍မရသည့် နိုင်ငံတွင် လူမျိုးရေး ခွဲခြားမှုနှင့် အမုန်းတရားများ ဖန်တီးခြင်းမှာ မိုက်မဲလွန်းခြင်းပင်ဖြစ်သည်။
လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား “ရန်” ဟူ၍ သတ်မှတ်လိုက်သည်နှင့် ယုံကြည်မှု၊ ရင်းနှီးမှု၊ ချစ်ခင်မှု၊ သံယောဇဉ်တရားနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုတို့ပျောက်ကွယ်၍ ပျက်စီးခြင်းနှင့်သာ နိဂုံးချုပ်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ဈေးများစသည်ဖြင့် ပျက်စီးဆုံးရှုံးမှုပမာဏများစွာ ကြီးမားသကဲ့သို့ပင် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူတို့၏ အခွင့်အရေးများစွာတို့လည်း ဆုံးရှုံးနေရသည်။
ပစ္စက္ခကာလ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်တို့က မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲ ရေးအတွက် အန္တရာယ်အချိန်မရွေးကျရောက်လာနိုင်သည်ကို တွေ့ရှိနိုင်သည်။ လွန်ခဲ့သည့် ၇၇ နှစ်က ရရှိထားခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွဲမြဲခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ် ဖြင့် စုပေါင်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းကြောင့်သာ ယခုတိုင် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေမည့်ဘေးရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမည့်ဘေးရန်၊ အချုပ်အခြာအာဏာ ဆုံးရှုံးမည့်ဘေးရန်တို့မှာ အတွင်းရန်၊ အပြင်ရန်များအဖြစ် ခေတ်အဆက်ဆက်တွင်လည်းရှိခဲ့သလို ပစ္စုပ္ပန်တွင် ရှိဆဲ၊ အနာဂတ်တွင်လည်း ရှိနေနိုင်သည်သာဖြစ်ရာ မိမိတို့ဘိုးဘွားများက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ခဲ့ကြသည့်နည်းတူ မိမိတို့သည်လည်း တာဝန်ကျေပွန်ကြရမည်ဖြစ်သည်။
ခန္ဓာကိုယ်တွင် ကိုယ်ခံအားစနစ် အားနည်းလျော့ကျပါက ပြင်ပရောဂါမျိုးစုံတို့ ဝင်ရောက်လာသည့် သဘောကိုနှလုံးမူ၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းအင်အား လျော့နည်းကျဆင်းလာပါက ပြည်ပပယောဂပေါင်းစုံတို့ ဝင်ရောက်လာနိုင်သည်ကို ဆင်ခြင်မြော်တွေးကာ ပြည်တွင်းအင်အားကို စည်းလုံးညီညွတ်မှုဖြင့် တည်ဆောက်ထားကြရမည်လည်း ဖြစ်သည်။
ပယောဂမကင်းသည့် စိတ်ဝမ်းကွဲပြားမှုများနှင့် ပဋိပက္ခများကို ဆန့်ကျင်ပယ်ရှားကာ ဘိုးဘွားတို့၏ အမွေ ပြည်ထောင်စုစိတ်ဓာတ်ကို မိမိတို့၏ နှလုံးသားတွင် ထာဝစဉ်စွဲမြဲစွာခံယူ၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အားလုံး၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်သွားကြရမည်ဟူ၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Source: www.moi.gov.mm
ကညွတ်သည် လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ကျော်ကပင် လူအများ ဆေးအဖြစ်မှီဝဲရာမှ ဟင်းလျာအဖြစ် ယနေ့တိုင် စားသုံးလာခဲ့ကြသည်။ ကညွတ်ပင်သည် တစ်နှစ်လျှင် တစ်ကြိမ်သာပေါ်သော အရသာရှိသည့် အပင်မျိုးဖြစ်သည်။ ကညွတ်သည် နှစ်ရှည်ခံပင်မျိုးဖြစ်ရာ ကျနစွာပြုပြင်ထားသည့် စိုက်ခင်းတွင် အစေ့များကိုစိုက်ပျိုး၍ အပင်များ နေသားတကျဖြစ်လာလျှင် နှစ်စဉ်အစို့များ ပေါ်ထွက်လာတတ်သည်။ ကညွတ်ပင်၏ ရုက္ခဗေဒအမည်မှာ Asparagus Officinalis ဖြစ်သည်။ မြန်မာနိုင်ငံ၌ကညွတ်နွယ်ဝင် အမျိုးအစားခြောက်မျိုးခန့်နှင့် ကညွတ်အမည်ဆင်တူ အပင်မျိုးလေးမျိုးခန့်ရှိသည်။ ရုက္ခဗေဒတွင် ယခင်က ကညွတ်သည် ကြက်သွန်မျိုးနွယ်များကဲ့သို့ နှင်းပန်းမျိုးရင်းထဲတွင် ပါဝင်ခဲ့သော်လည်း ယခုတွင်မူ ကြက်သွန်မျိုးရင်း Amaryllidaceae ဟု ခွဲထွက်သတ်မှတ်လိုက်သကဲ့သို့ ကညွတ်မျိုးရင်းကိုလည်း Asparagaceae အဖြစ် ခွဲထုတ်သတ်မှတ်ခဲ့သည်။
ကညွတ်စားသောက်ပုံ
ကညွတ်သည် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သည့်အပြင် အဆီပါဝင်မှု မရှိသလောက်နည်းပြီး ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါးသောကြောင့် နေ့စဉ်စားသုံးသည့် ဟင်းလျာများထဲတွင် ထည့်သွင်းစားသုံးသင့်သည်။ မြန်မာနိုင်ငံ၌လည်း ကညွတ်ကို ယခုနောက်ပိုင်း တွင်ကျယ်စွာ စားသုံးလာကြသည်။ ကညွတ်သည် အရသာကောင်းမွန်သည့်အပြင် ကျန်းမာရေးအတွက်ပါ ကောင်းမွန်သောကြောင့် မကြာခဏစားသုံးသင့်သည်။ ကညွတ်ပင်၏ အမြစ်၊ အညွန့်တို့ကို စားသုံးနိုင်ကာ အပင်စိမ်းစိမ်းကညွတ်သည် မိုးဦးကျတွင်ပေါ်သော ရာသီစာတစ်မျိုးဖြစ်ပြီး မိုးရာသီတွင် ပေါများစွာစားသုံးနိုင်သည်။ အရသာသည် ဆိမ့်သဖြင့် ကညွတ်ချည်း ကြော်စားနိုင်သကဲ့သို့ ပုစွန်၊ ကြက်သား စသည့်အသားအမျိုးမျိုးနှင့် ရော၍လည်း ချက်စားနိုင်သည်။
ကညွတ်အမျိုးမျိုး
ကညွတ်အမျိုးမျိုးရှိသော်လည်း အစိမ်းရောင်နှင့် အဖြူရောင်ကညွတ်ကို လူသိများပြီး အစိမ်းရောင်ကညွတ်သည် ဆေးဖက်ပိုဝင်၍ အဖြူရောင်ကညွတ်သည် ပို၍နူးညံ့သည်။ ခရမ်းရောင်ကညွတ်သည် ပိုပြီးသေးသွယ်၍ အနံ့ပိုကောင်းသည်။ ခရမ်းရောင်ကညွတ်သည် အစိမ်းရောင်၊ အဖြူရောင်ကညွတ်တို့ထက် သကြားဓာတ်ပါဝင်မှုများသည်။ အမျှင်ဓာတ်နည်းပြီးအရွယ်အစားပိုငယ်၍ ပင်စည်မှာ ၂ လက်မမှ ၃ လက်မထိသာရှိသည်။ယင်းတွင်ပါဝင်သော ဆေးဖက်ဝင်သည့် အန်သရိုဆိုင်နန် (Anthocyanin) ခေါ် ဖိုက်တိုနယူးထရီးရန့်စ် (Phytonutrients) ပါဝင်မှုကြောင့် ခရမ်းရောင်ဖြစ်နေခြင်းဖြစ်သည်။ ကြာရှည်စွာချက်ပြုတ်ပါက ခရမ်းရောင် ပျောက်သွားနိုင်သည်။ မည်သည့်အမျိုးအစားပင်ဖြစ်စေ ကညွတ်သည် အရသာကောင်းသော ဘက်စုံသုံးဟင်းလျာဖြစ်သည်။ ကညွတ်ကို နည်းအမျိုးမျိုး ချက်ပြုတ်စားသုံးနိုင်ရုံသာမက အစိမ်းသုပ်စားနိုင်သည်။ ကညွတ်သည် ဘေးဝန်းကျင်တွင် မြေကြီးဖုံးထားသောကြောင့် နေရောင်ခြည်ချို့တဲ့ကာ ထွက်လာသောပင်စည်ရိုးတံသည် အဖြူရောင်ဖြစ်နေသည်။ မြေအောက်တွင်ရှင်သန်ရ၍ အစိမ်းရောင်ခြယ်ကလိုရိုဖီးလ်ပါဝင်မှုကို ဟန့်တားထားသောကြောင့် အဖြူရောင်ဖြစ်နေခြင်းဖြစ်သည်။ ကိုယ်ပိုင်အစာချက်နိုင်မှုကို ဟန့်တားထားသောကြောင့် အရွက်ကိုအစိမ်းစားရသော အသီးအနှံကဲ့သို့ပင် ယင်းပင်စည်သည် အရောင်ဖျော့လာကာ ဖြူလာသည်။ အစိမ်းရောင်ကညွတ်ကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ စားသုံးကြသည်။
ကညွတ်နှင့်ကျန်းမာရေး
ကညွတ်သည် ချိုအေးသော အရသာနှင့် အေးသောဂုဏ်ရှိ၍ သလိပ်ကိုကြေစေပြီး သွေးရောဂါများကိုနိုင်နင်းသည်။ အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီးအားလုံးသည် လူကိုအကျိုးပြုသော်လည်း အစို့၊ အမြစ်သည် အဓိကအသုံးဝင်သည်။ အညွန့်ကိုစားသုံးခြင်းဖြင့် လေကိုကြေစေပြီး အင်အားကိုပြည့်စေ၍ သွေးအားကောင်းစေနိုင်သည်ဟု မြန်မာဆေးကျမ်းများက ဆိုထားသည်။ ကညွတ်အမြစ်ကို ချက်ပြုတ်၍စားသုံးပါက အားဖြစ်စေသည်။ ကညွတ်မြစ်ဥအရည်ကို ကျိုချက်၍ရသောအဆီကိုလိမ်းပါက အဆစ်ရောင်ခြင်း၊ ကိုက်ခဲခြင်းနှင့် လေရောဂါဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။ အမြစ်အရည်ကို ပျားရည်နှင့်ရောသောက်ပါက ဆီးရောဂါများဖြစ်သည့် ဆီးပူ၊ ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် သည်းခြေရောဂါအမျိုးမျိုးကို ပျောက်ကင်းစေသည်။
အမြစ်အရည်ကို နွားနို့နှင့်ဆတူရော၍သောက်ပါက ကြာရှည်စွာစွဲကပ်နေသော ကျောက်တည်ရောဂါနှင့် အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကို ပျောက်ကင်းစေနိုင်သည်။အမြစ်ကိုပြုတ်စားခြင်း၊ နွားနို့၊ ကညွတ်တို့ဖြင့် နို့ထမင်းချက်စားခြင်းဖြင့် သွေးသန့်၍ခွန်အားအမြန်ပြည့်စေသည်။ ကညွတ်အမြစ်သည် အဆုတ်ထဲရှိ တစ်သျှူးများ၏ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အညွန့်ကိုစားသုံးခြင်းဖြင့် လေကိုကြေစေပြီး အင်အားကိုပြည့်စေသည်။ သွေးအားကောင်းစေသဖြင့် မီးဖွားပြီးမိခင်များစားသုံးရန် အထူးသင့်လျော်သည်။ လေပြွန်ရောင်ရောဂါနှင့် တီဘီရောဂါတို့ကို ကုသရာတွင်လည်း ကညွတ်ပင်၏အမြစ်သည် ထိရောက်သောအာနိသင်ရှိသည်။
ကညွတ်တွင်ပါဝင်သော ဗီတာမင်ဓာတ်
ကညွတ်ပင်တွင်အကျိုးရှိသော ဆေးဖက်ဝင်ဒြပ်ပေါင်းများဖြစ်သည့် Flavo-ride၊ Glycoside၊ Phenolic Compound၊ Polyphenol၊ Carbohydrate၊ Protein၊ Sphonin၊ Alpha amino Acid စသည်တို့ပါဝင်သည်။ ကညွတ်တွင်ပါဝင်သောဓာတ်များကြောင့် ပန်းနာ၊ ရင်ကျပ်ခြင်းကို သက်သာစေသည်။ ပရိုတင်းအားဖြည့်ဓာတ်တစ်မျိုးကြောင့် အရိုးပွခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးသည်။ ဖောလစ် (Folic)နှင့် ဗီတာမင် A တို့သည် နှလုံးကိုကျန်းမာစေပြီး လေဖြတ်၊ လေဖြန်းခြင်းမဖြစ်အောင် ကာကွယ်ပေးသည်။ လတ်ဆတ်သောကညွတ်တွင် ဖောလစ်ဓာတ်အများ အပြားပါဝင်သည်။ ဖောလစ်သည် ဆဲလ်အတွင်း DNA ခေါ် မျိုးရိုးဗီဇများ တည်ဆောက်ရန် အရေးကြီးသောပစ္စည်းဖြစ်သည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် အထူးသင့်လျော်ကညွတ်တွင် အစာခြေစနစ်အတွက် အရေးပါသော အမျှင်ဓာတ် (Fiber) အများအပြားပါဝင်သည်။ အစာအာဟာရမှရရှိသော အမျှင်ဓာတ်များသည် အူထဲတွင်ရှိသော အကျိအချွဲကပ်ငြိမှုများနှင့် တခြားအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ကာလတွင် အထောက်အကူဖြစ်စေရန် ကညွတ်ကိုစားပေးနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် လိုအပ်သည့်ဖောလစ်ဓာတ် ပါဝင်မှုမြင့်မားခြင်းကြောင့် မိခင်လောင်းများ စားသုံးသင့်သည်။ ပျော်ဝင်လွယ်သောအမျှင်ဓာတ် (Fiber) နှင့် အင်ဆူလင် (Insulin) ပေါများသောကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်သည်။ ထိုအမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ မကောင်းသော ကိုလက်စထရောများကို အူအတွင်းတွင် ယင်းအမျှင်ဓာတ်နှင့် ပေါင်းစပ်ခြင်းဖြင့်လျော့ကျစေသည်။ သွေးတွင်းသကြားပမာဏကို ပုံမှန်ဖြစ်စေသည်။
လေးဖက်နာနှင့်ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်
ကညွတ်တွင်ပါဝင်သော ဗီတာမင် B သည် ခန္ဓာကိုယ်ထဲရှိ ဟိုမိုဆစ်စတင်အင်း (Homocysteine) ဟုခေါ်သော Amino Acid ပမာဏကို လျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေသည်။ ဗီတာမင် B 6 သည် Homocysteine ကိုထိန်းပေးနိုင်ပြီး Homocysteine ပမာဏမြင့်မားလျှင် သွေးကြောဆိုင်ရာရောဂါများဖြစ်ပွားစေနိုင်ပြီး သွေးကြောထဲတွင် အဆီများစုပုံကာ သွေးလည်ပတ်မှုကိုအဟန့်အတားဖြစ်စေနိုင်သည်။
သိုင်ရာမင်ဓာတ် (Thiamine) သည် အစာခြေလမ်းကြောင်း နံရံကြွက်သားကို အထောက်အကူပေးပြီး အာဟာရဓာတ်စုပ်ယူမှုအတွက် လိုအပ်သော ဟိုက်ဒရိုကလိုရစ်အက်စစ်ကို ထုတ်ပေးနိုင်သည်။ အဆစ်အမျက်နာရောဂါ အထူးသဖြင့် လေးဖက်နာရောဂါကို ကညွတ်စားခြင်းဖြင့် ကာကွယ်ပေးနိုင်သည်။ နိုင်ယာစင် (Niacin) ဒြပ်ပေါင်းသည် ဝက်ခြံပျောက်ကင်းစေပြီး အရိုးအဆစ်ရောင်ရမ်းမှုကို လျော့ကျစေသည်။ ကညွတ်တွင်ပါဝင်သော ကြေးနီနှင့် ဗီတာမင် B 12 ကြောင့် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းနှင့် ဆံပင်ပါးခြင်းကို ကာကွယ်ပေးနိုင်သည်။
အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းချုပ်သူများစားသင့်ကညွတ်တွင်ပါဝင်သော ဗီတာမင် B 12 သည် အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းချုပ်သူများအတွက် သင့်လျော်သည်။ ထို့ပြင် Flavonoid Compound သည်လည်း အန္တရာယ်ဖြစ်စေနိုင်သော ကင်ဆာဖြစ်စေသည့် ဖရီးရယ်ဒီကယ်များ၊ အာရုံကြောရောဂါများ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများကို တိုက်ဖျက်ပေးသည်။ ဗီတာမင် E သည် အမျိုးသမီးနှင့် အမျိုးသား လိင်ဟော်မုန်းနှင့် ဆဲလ်တို့၏အရည်အသွေးကို တိုးတက်စေသည်။ သုက်ပိုးများကိုကျန်းမာစေပြီး သားအိမ်အမြှေးများကို ထူထဲစေသည်။ ဗီတာမင် Cပါဝင်မှုကြောင့် သုက်ပိုးဆဲလ်များကိုအားဖြည့်ပေးပြီး သုက်ပိုးအရေအတွက်ကို တိုးစေသည်။ ရောဂါကိုတိုက်ထုတ်နိုင်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေမည့်ဘေးမှ ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်ခံအားကိုကောင်းစေသည်။ ထို့ပြင် အအေးမိခြင်းနှင့် ဗိုင်းရပ်စ်ပိုးများ ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: Myawady Web Portal
တရုတ်အစိုးရသည် ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသစ်က တရုတ်နိုင်ငံမှ တင်သွင်းလာမည့် သွင်းကုန်များအပေါ် အခွန်ထပ်မံတိုးမြှင့် ကောက်ခံမှုများကို တုံ့ပြန်နိုင်ရေးအတွက် ကုန်သွယ်ရေး အဆိုပြုချက်ဟောင်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ဟု Wall Street ဂျာနယ်က ဖော်ပြထားသည်။
လက်ရှိတွင် ထရမ့်အစိုးရက တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အပိုဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ဆုံးဖြတ်ခဲ့သည်။ အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမည့် နိုင်ငံများတွင် တရုတ်နှင့်အတူ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့လည်းပါဝင်သည်။
အမေရိကန်အစိုးရက ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ တရုတ်ထုတ်ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည့် အမိန့်ကြေညာချက်တစ်စောင်ကို သမ္မတထရမ့်က ဖေဖော်ဝါရီလ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထရမ့်အစိုးရအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် သွင်းကုန်များအပေါ် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံမည်ဟု ရွေးကောက်ပွဲမဲဆွယ်ပွဲကာလအတွင်း၌ ပြောကြားခဲ့ခြင်းကြောင့် အကယ်၍ ထရမ့်အနေဖြင့် ထိုကတိကဝတ်အတိုင်း လုပ်ဆောင်လာခဲ့ပါက တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအပေါ် သက်ရောက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။
အမေရိကန်၏အခွန်တိုးမြှင့်မည့် အဆိုပါဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တိုင်ကြားမည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
ထရမ့်၏ ကုန်သွယ်ရေးမူဝါဒကို သေချာလေ့လာမည်ဆိုပါက ထရမ့်သည် ယခင်ပထမသမ္မတ သက်တမ်း ထမ်းဆောင်စဉ်ကတည်းက အမေရိကန်စီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားကို ဦးစားပေးဖော်ဆောင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံ၍ ထိပ်တိုက် ရင်ဆိုင်ခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်း တစ်ရပ်ကို ချဉ်းကပ် လုပ်ဆောင်လာသည်ဟု Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။
အဆိုပါနည်းလမ်းမှာ ထရမ့်၏ပထမသမ္မတ သက်တမ်းကာလ ၂၀၂၀ပြည့်နှစ် အစောပိုင်းက တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကို ပြန်လည် ဖော်ဆောင်မည့် အစီအစဉ်ဖြစ်သည်။ အဆိုပါသဘောတူညီချက်ကို အဆင့် ၁ သဘောတူညီချက် ဟုအမည်ပေးထားသည်။
၎င်းအဆင့် ၁ သဘောတူညီချက်အရ တရုတ်နိုင်ငံက ၂ နှစ် ကျော်အတွင်း၌ ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူရမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို ထရမ့်က နှစ်သက်သဘောကျလွန်းသောကြောင့် ယင်းသဘောတူညီချက်သည် တရုတ်နှင့် အမေရိကန်တို့ကြား ထိုစဉ်ကချမှတ်ခဲ့သည့် သဘောတူညီချက်များ အနက် “အထူးခြားဆုံးနှင့် အကောင်းဆုံး” ဟု သတ်မှတ်ခဲ့သည်။
သို့သော် အဆိုပါ အဆင့် ၁ သဘောတူညီချက်မှာ သက်ဆိုးမရှည်ခဲ့ရှာပေ။ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေစဉ် ၂၀၂၁ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဂျိုးဘိုင်ဒင်အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ချိန်မှစ၍ အဆိုပါ သဘောတူညီချက်မှာ မှေးမှိန်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ တရုတ်အစိုးရသည် ယခင် ထရမ့်၏ ပထမသက်တမ်းအတွင်း လက်မှတ်ရေးထိုးခဲ့သည့် အဆိုပါသဘောတူညီချက် ပြန်လည်အကောင်အထည် ဖော်ဆောင်ရေးအတွက် ထရမ့်အစိုးရနှင့် ဆွေးနွေးရန် လိုလားလျက်ရှိသည်။ အဓိကဆွေးနွေးလိုသည့်အချက်မှာ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုမှ မည်သည့်အရာများကို ဝယ်ယူရမည်ဟူသော အချက်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရပါမူ တရုတ်က အမေရိကန်တို့ထံမှ မည်သည့် ထုတ်ကုန်များကို ဝယ်ယူရန်လိုအပ်သည်ဟူ၍ ဖြစ်သည်ဟုလည်းဆိုနိုင်သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ နည်းပညာကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်မည်ဟု အဆိုပြုလာနိုင်သည်။ တရုတ်နိုင်ငံက လုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံမှုများတွင် လျှပ်စစ်မော်တော်ကားများအတွက် လိုအပ်သည့် ဘက်ထရီများ ထုတ်လုပ်ခြင်းလည်းပါဝင်နိုင်သည်။
အလားတူပင် တရုတ်အစိုးရအနေဖြင့် အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သည့် fentanyl ဆေးဝါးတင်ပို့မှုကို လျှော့ချမည်ဟူသော ကတိကဝတ်များကိုလည်း ပေးအပ်ဖွယ်ရှိသည်ဟု အတွင်းသိများကပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနကဖော်ပြထားသည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် fentanyl ဆေးဝါးကို ကနေဒါနှင့် အခြားနိုင်ငံများမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ တင်ပို့လျက်ရှိသည်ဟု ထရမ့်က စွပ်စွဲထားခြင်းကြောင့်ဖြစ်သည်။
တရုတ်နိုင်ငံ၏ အဆင့် ၁ သဘောတူညီချက် ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းချက်သည် နှစ်နိုင်ငံစလုံးအတွက် Win-win အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မည့် အလားအလာ ရှိသည့်အပြင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကိုပါ လျှော့ချနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: Myawady Web Portal
လူ့ဘဝသက်တမ်းတစ်လျှောက်တွင် ရောဂါတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး ခံစားရနိုင်သည်။ တချို့သောရောဂါများက အသက်အန္တရာယ်ပေးနိုင်သောကြောင့် အရေးပေါ်ကုသရန် လိုအပ်ပြီး အမြန်ဆုံးကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ အသက်အန္တရာယ်ပေးနိုင်သော ရောဂါများတွင် ခြေထောက်အကြောထုံးရောဂါလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခြေသလုံးတွင်းရှိ သွေးခဲများက အဆုတ်ကို ထောက်ပံ့ပေးသော သွေးလွှတ်ကြောကို ပိတ်ဆို့သွားသောကြောင့် ရုတ်တရက် ရင်ဘတ်အောင့်လာကာ အသက်ရှူကျပ်စေသည်။
အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်ရမ်းလာခြင်းကို ဆေးပညာအရ Varicose Veins ဟုခေါ်သည်။ သွေးကြောအဆို့ရှင်များ အားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းကြောင့် ထိုရောဂါဖြစ်လာခြင်းဖြစ်သည်။ ထိုသို့ပိတ်ဆို့ခြင်းက လူတချို့တွင် ကြီးကြီးမားမား ပြဿနာမဟုတ်သော်လည်း လွန်ကဲစွာအကြောထုံးလာခဲ့လျှင် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ များသောအားဖြင့် ခြေထောက်(ခြေသလုံး)နှင့် ခြေမျက်စိတို့တွင် ဖြစ်လေ့ရှိပြီး ခြေမျက်စိအနီး သွေးကြောဖောင်းပါက သွေးကြောပေါက်ပြီး သွေးယိုထွက်နိုင်သည်။ ထိုအခြေအနေမျိုးသည် သွေးများဆုံးရှုံးမှု လျင်မြန်နိုင်သောကြောင့် သွေးကြောပိတ်ဆို့ခြင်းထက်ပင် အန္တရာယ်များသည်။ ဤပြဿနာမျိုးတွေ့ကြုံရပါက သွေးထွက်နေသောနေရာကို ဖိပိတ်၍ ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။
အနေအထိုင်ဆင်ခြင်ပါ
ခြေသလုံးသွေးကြော၌ သွေးခဲပိတ်ခြင်းကို လေယာဉ် သို့မဟုတ် ကား အချိန်ကြာမြင့်စွာ စီးနင်းသူများတွင် ပိုမိုဖြစ်ပွားတတ်သည်။ ခွဲစိတ်ကုသမှု ပြုလုပ်ပြီး အိပ်ရာထဲတွင် အချိန်ကြာရှည်စွာ လှဲနေရသူများ၊ လှုပ်ရှားမှုနည်းသည့် သက်ကြီးရွယ်အိုများ၊ အဝလွန်သူများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်လည်း ဖြစ်လေ့ရှိသည်။ ထို့ပြင် လမ်းလျှောက်နေခြင်းနှင့် မတ်တတ်ရပ်နေခြင်းထက် အချိန်ကြာရှည်စွာ ထိုင်နေခြင်း သို့မဟုတ် လဲလျောင်းခြင်း ပြုလုပ်ပါက ခြေထောက်အောက်ပိုင်းသွေးကြောများမှာ သွေးခဲ၍ သွေးကြောပိတ်စေနိုင်သည်။
ကြာမြင့်စွာ မတ်တတ်ရပ် အလုပ်လုပ်ခြင်းက ခြေထောက်ဝန်ပိစေပြီး အကြောထုံးလာနိုင်သဖြင့် သတိပြုသင့်သည်။ ခုံပေါ်တွင် ကြာကြာထိုင်၍ အလုပ်လုပ်ခြင်း သို့မဟုတ် တီဗွီကြည့်ခြင်း သို့မဟုတ် ကွန်ပျူတာ ကြာမြင့်စွာအသုံးပြုခြင်း၊ ခြေထောက်နှစ်ချောင်း ချိတ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့ လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့က သွေးလည်ပတ်မှုကို တားဆီးပိတ်ဆို့စေသည်။ ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေးလျှောက်ခြင်း သို့မဟုတ် မတ်တတ်ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့စေသည်။ မိမိခြေထောက်ထက် သေးငယ်သည့်ဖိနပ်စီးခြင်းနှင့် ခြေအိတ်သေးသေး ဝတ်ဆင်ခြင်းတို့ကလည်း ခြေထောက်သွေးကြောထုံးစေနိုင်သည်။ တစ်ခါတစ်ရံ အကြောထုံးများက သည်းမခံနိုင်လောက်အောင် ယားယံစေသော်လည်း ကုတ်ခြစ်ခြင်းမပြုလုပ်သင့်ပေ။ သွေးထွက်အနာဖြစ်စေသည်။
ရောဂါလက္ခဏာများ
ခြေထောက်အကြောထုံးခြင်း၏ ရောဂါလက္ခဏာများ အနေဖြင့် ခြေထောက်ရောင်ကိုင်းနေပြီး ထိလိုက်ပါက နာကျင်ခြင်း၊ သွေးကြောများယားယံခြင်း၊ အရေပြားအရောင် ပြောင်းလဲသွားခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်းတို့ကို ခံစားရလေ့ရှိသည်။ သာမန်အကြောထုံးခြင်းကို အနေအထိုင်အစားအသောက်ဖြင့် ထိန်းထားနိုင်သော်လည်း သာမန်ထက်ဆိုးရွားလာပါက လိုအပ်သော စစ်ဆေးမှုများလုပ်ပြီး ရောဂါအခြေအနေပေါ်မူတည်၍ ကုသမှုခံယူသင့်သည်။
အစားအသောက်ဖြင့်ထိန်းပါ
သကြား၊ အချိုကဲသော အစားအစာများ၊ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆီများသော အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသော အသင့်စားအစားအစာများ၊ ဆားနှင့် ငန်သောအစားအစာများ စသည်တို့ကို ရှောင်ပါ သို့မဟုတ် အနည်းငယ်သာစားပါ။ ဆေးလိပ်နှင့် အရက်ကို တတ်နိုင်သလောက်ရှောင်ပါ။ ငါးများများစားပါ။ ပဲပိစပ်၊ ကြက်သွန်နီ၊ ချင်းတို့က သွေးလည်ပတ်မှုကို များစွာကောင်းကျိုးပြုသည်။ နာနတ်သီး၊ ချယ်ရီသီးနှင့် ဘယ်ရီသီးတို့က အကြောထုံးပိတ်ဆို့ခြင်းအတွက် အကောင်းဆုံး ဓာတ်စာများဖြစ်သည်။
ဝမ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွှယ်နေသောကြောင့် ဝမ်းမချုပ်အောင် အမျှင်ဓာတ်များသော အစားအစာများစားပါ။ မုန်လာဥနီနှင့် ဟင်းနုနယ်တို့ကို တွဲဖက်စားခြင်းဖြင့် ယင်းနှစ်မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်းထက်မြက်စေသည်။ ဖွဲနု၊ ကောက်နှံ၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်း၊ ကွေကာအုတ် အကြမ်းစားပါ။
လွယ်ကူသက်သာသောအိမ်တွင်းကုထုံးများ
ပန်းသီးရှလကာရည်က အကြောအထုံးများကို ပြေပျောက်စေ၍ မကြာခဏလိမ်းပေးပါ။ ကြက်ဆူဆီကလည်း အကြောထုံး၍ ရောင်ကိုင်းနာကျင်ခြင်းကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသောကြောင့် ရေချိုးပြီးနောက် ကြက်ဆူဆီဖြင့် အသာအယာ နှိပ်နယ်လူးပေးပါ။ နာကျင်မှု သက်သာစေရန်နှင့်သွေးလည်ပတ်မှုကောင်းစေရန်အတွက် ရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့ အဆက်မပြတ်လောင်းချပေးပါ။ ခရမ်းချဉ်သီးအစိမ်း အနည်းငယ်ကို ရေဆေးပြီး အကွင်းလိုက်ဖြစ်အောင်လှီးပါ။ ယင်းတို့ကို သွေးကြောထုံးသည့်နေရာ ပေါ်တင်ပြီးနောက် ပတ်တီးဖြင့်စည်းပါ။ အရေပြားပေါ် စပ်ဖျဉ်းဖျဉ်းခံစားရသည်အထိ ထားပေးရမည်။ မခံမရပ်နိုင်ဖြစ်လာပါက ဖယ်ထုတ်ပါ သို့မဟုတ် ကျွမ်းလာသလို ခံစားရသည်အထိထားပါ။ ယင်းနေရာကို ရေအေးဖြင့်ဆေးပြီး တစ်နေ့ ငါးကြိမ်လုပ်ပေးပါ။ တစ်ဆက်တည်း လုပ်ပေးရပါမည်။ ရက်သတ္တ နှစ်ပတ်ခန့်အကြာ အကိုက်အခဲ၊ ရောင်ရမ်းမှုနှင့်အတူ သွေးကြောအဖုများ ပျောက်ကွယ်သွားပါလိမ့်မည်။ နောက်တစ်နည်းမှာ ခရမ်းချဉ်သီးအမှည့်ကို ရေဆေး၊ အကွင်းလိုက်လှီးပြီးနောက် သွေးကြောပေါ်တင်၍ သုံးနာရီမှ လေးနာရီကြာ ပတ်တီးဖြင့် စည်းထားပေးပါ။ ခရမ်းချဉ်သီးများကို မကြာမကြာ လဲပေးရပါမည်။ ညနေတိုင်း ပြုလုပ်ပေးရမည်။
အထိရောက်ဆုံး လေ့ကျင့်ခန်းများ
ကောင်းစွာ သွေးလည်ပတ်စီးဆင်းခြင်းက အကြောထုံးဝေဒနာဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်။ထို့ကြောင့် လမ်းများများလျှောက်ခြင်း၊ ခပ်ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ် နာရီဝက် သို့မဟုတ် ၄၅ မိနစ်ခန့် ပုံမှန်လုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေသည့်အပြင် ကိုယ်အလေးချိန်ပါကျစေသည်။ ယောဂကျင့်ခြင်းများ ပြုလုပ်သင့်သည်။ ပက်လက်အိပ်ပြီး ခြေထောက်အစုံကို ကုလားထိုင်စွန်းပေါ် တင်ထားပါ။ ထို့နောက် အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းပါ။ နှာခေါင်းမှလေရှူပါ။ ကုလားထိုင်စွန်းတွင် မြှောက်တင်ထားသော ခြေထောက်များရှိသွေးများမှာ ကမ္ဘာမြေကြီး၏ဆွဲအားကြောင့် အောက်ဘက်သို့ စီးဆင်းသွားပါလိမ့်မည်။ ဖြည်းဖြည်းမှန်မှန် ရှူသွင်းလိုက်သောလေများက ရင်အုပ်အတွင်းမှာ ဖိအားသက်ရောက်စေပြီး ရင်ခေါင်းအတွင်းသို့ လေများဝင်လာပါမည်။
ထို့ပြင် တစ်ကိုယ်လုံးမှသွေးများ ပြန်၍စုဝေးပါလိမ့်မည်။ ထိုအခါ ခြေသလုံးမှ ဖောင်းနေသော သွေးများပါ ဆင်းလာကာ သွေးလည်ပတ်မှု ကောင်းမွန်စေမည် ဖြစ်ပြီး ခြေထောက်အကြောထုံးခြင်းကို သက်သာ စေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
Hypothyroidism ဟုခေါ်သော သိုင်းရွိုက်ဟော်မုန်းချို့တဲ့မှုသည် ကမ္ဘာတစ်ဝန်းရှိလူသားများတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ သော ရောဂါလက္ခဏာများ၏ သဘောသဘာဝသည် Hyperthyroidism ခေါ် သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်းကြောင့်ဖြစ်သော ရောဂါ လက္ခဏာများကဲ့သို့ သိသာထင်ရှားမှု မရှိခြင်းကြောင့် ဆေးရုံဆေးခန်းကို လာရောက်ပြသမှုနည်းပါးကြောင်း တွေ့ရသည်။ လက္ခဏာမပြနိုင်သော်လည်း မကုသဘဲထားပါက သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော ရောဂါကြောင့် နောက်ဆုံးတွင် သိသိသာသာနာမကျန်း ဖြစ်ပြီး ပြင်းထန်သောရောဂါနှင့် သေဆုံးနိုင်သည်။
အမေရိကန်သိုင်းရွိုက်အသင်း (ATA) ၏အဆိုအရ သိုင်းရွိုက်ရောဂါရှိသူများ၏ ၆၀ ရာခိုင်နှုန်းသည် ၎င်းတို့၏ရောဂါလက္ခဏာများကို သတိမထားမိကြောင်း နှင့် သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများထုတ်လုပ်မှု လျော့နည်းခြင်းကို ယေဘုယျလူဦးရေ၏ သုညမှ ၄ ရာခိုင်နှုန်းတွင်တွေ့ရသောကြောင့် အသိပညာပေး ရန် အရေးကြီးပါသည်။ နှစ်စဉ် ဇန်နဝါရီလသည်သိုင်းရွိုက်ဆိုင်ရာရောဂါများနှင့် သိုင်းရွိုက်ကင်ဆာ တို့ကို အသိပညာပေးသည့် Thyroid Awareness Month အမျိုးသားသိုင်းရွိုက်အသိပညာပေးလဖြစ်ပြီး လူတစ်ဦးချင်းစီ၏ကျန်းမာရေးအပေါ် သိုင်းရွိုက် ရောဂါ၏သက်ရောက်မှုများကို အသိပညာပေးရန်ဖြစ်သည်။ သိုင်းရွိုက်ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းဖြင့် လူတစ်ဦးချင်းစီတိုင်းသည် သိုင်းရွိုက်ပြဿနာများ၏အစောပိုင်းလက္ခဏာများကို သတိပြု မိရန်၊ အချိန်မီဆေးကုသမှုခံယူရန်၊ တိကျသောရောဂါရှာဖွေမှုများနှင့် ထိရောက်သောကုသမှု အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပါသည်။
သိုင်းရွိုက်ဂလင်းသည် လည်ပင်း၏အရှေ့ဘက် တွင် လိပ်ပြာပုံသဏ္ဌာန်ရှိသော လူတို့ခန္ဓာကိုယ်ဟော်မုန်းစနစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သိုင်း ရွိုက်၏အခန်းကဏ္ဍမှာ သိုင်းရွိုက်ဟော်မုန်းများထုတ် လုပ်ရန်ဖြစ်သည်။ ဟော်မုန်းများကို သွေးထဲမှတစ် ဆင့် ခန္ဓာကိုယ်အနှံ့သယ်ဆောင်သွားပါသည်။ သိုင်း ရွိုက်ဟော်မုန်းသည် ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်များစွာ ကို ထိန်းချုပ်ပေးသည်။ ဆဲလ်များနှင့်တစ်သျှူးများမှ နှလုံး၊ ဦးနှောက်၊ အသည်းနှင့်ကျောက်ကပ်ကဲ့သို့ သော အင်္ဂါအစိတ်အပိုင်းများအထိ ခန္ဓာကိုယ်၏စနစ်များစွာတွင် အရေးပါသောဟော်မုန်းများဖြစ်သည်။အထူးသဖြင့် အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်တွင် ကလေးပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အတွက် လုံလောက်သော သိုင်းရွိုက်ဟော်မုန်းပမာဏ ရှိရန်လိုအပ်သည်။ သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းတို့ကြောင့် အရေးကြီးသော ကိုယ်တွင်းအင်္ဂါများ၏လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ရောဂါလက္ခဏာများဖြစ်ပေါ်စေသည်။
သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သောရောဂါလက္ခဏာများ
သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းသည် အသက် အရွယ်မရွေး လူတိုင်းတွင်ဖြစ်နိုင်သော်လည်း အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများတွင် ပိုအဖြစ်များသည်။ အမျိုးသမီးများ၏တစ်သက်တာတွင် ရှစ်ယောက်မှာတစ်ယောက်သည် သိုင်းရွိုက်ပြဿနာများ ခံစားရတတ်ပါသည်။ ရောဂါလက္ခဏာများသည် ဟော်မုန်းလျော့နည်းမှု ပမာဏပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောကြောင့် တချို့အခြေအနေများတွင် သတိမပြုမိနိုင်ဘဲ ရောဂါရှာဖွေရန် ခက်ခဲနေနိုင်သည်။ အဖြစ်များသောလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အအေးဒဏ်မခံနိုင်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆံပင်ပါးလာခြင်း၊ အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းနှင့် မှတ်ဉာဏ်လျော့နည်းလာခြင်းတို့ ဖြစ်နိုင်သည်။
ဤအခြေအနေများသည် အများအားဖြင့် သိုင်းရွိုက် ဟော်မုန်းလျော့နည်းသဖြင့် ခန္ဓာကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းနည်းပါးခြင်းကြောင့်ဖြစ်သည်။ လူတချို့တွင် စိတ်အခြေအနေပြောင်းလဲခြင်းနှင့် စိတ်ဓာတ်ကျခြင်းကြောင့် စိတ်ရောဂါကုဆရာဝန်နှင့် ပြသရောဂါ ရှာဖွေသောအခါမှ သိုင်းရွိုက်ဟော်မုန်းနည်းကြောင်း တွေ့ရသည်။
သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်း၏ နောက်ဆက်တွဲပြဿနာမှာ သွေးတွင်းကိုလက်စထရောတက်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ အရိုးပွ ရောဂါနှင့် အရိုးကျိုးခြင်းပြဿနာများပါဝင်သည်။
အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများတွင် အသိမှတ်ဉာဏ်လျော့နည်းခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေများသည်။သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းသည် သားဥအိမ်မှမျိုးဥကြွေခြင်းကိုထိခိုက်စေသောကြောင့် တစ်ခါတစ်ရံ အမျိုးသမီးများတွင် မျိုးအောင်နိုင်စွမ်းလျော့နည်းနိုင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမီးဖွားခြင်းနှင့် ကလေးများတွင်ပြင်းထန်သောဉာဏ်ရည်ဉာဏ်သွေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ ဖြစ်စေသည်။
သိုင်းရွိုက်ရောဂါရှာဖွေစစ်ဆေးခြင်း
Hypothyroidism ဟုခေါ်သော သိုင်းရွိုက်ဟော်မုန်းချို့တဲ့သောရောဂါတွင် အဓိကအားဖြင့် သွေးထဲတွင် သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ပမာဏ ပုံမှန်အတိုင်းအတာထက် မြင့်မားမှုနှင့်အတူ သိုင်းရွိုက်ဟော်မုန်း (T3 သို့မဟုတ် T4) ပမာဏ ပုံမှန်ထက်လျော့နည်းနေပါသည်။ သိုင်းရွိုက်ဂလင်းကို ပုံရိပ်ဖော် စစ်ဆေးမှုများ၊ အသားစယူစစ်ဆေးမှုနှင့် တခြား စစ်ဆေးမှုများ (TPO antibody၊ Thyroglobulin anti-body) ပြုလုပ်နိုင်သည်။ အရေးကြီးသောအချက်မှာသိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းနှင့် သိုင်းရွိုက်ဟော်မုန်းတို့၏ပုံမှန်အတိုင်းအတာပမာဏသည် မွေးကင်းစကလေး၊ အရွယ်ရောက်ပြီးသူနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ပြောင်းလဲမှုများရှိသောကြောင့် ကျွမ်းကျင်သူဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။
သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းဖြစ်နိုင်သောအကြောင်းရင်းများ
မျိုးရိုးလိုက်ခြင်းသည် Hypothyroidism ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ကြောင့် နာတာရှည်သိုင်းရွိုက်ရောင်ရမ်း ခြင်း၊ ကလေးမီးဖွားပြီးနောက်နှင့် ကိုဗစ်-၁၉ ရောဂါ အပါအဝင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် သိုင်းရွိုက်ရောင်ခြင်း၊ လည်ပင်းကြီးရောဂါ သို့မဟုတ် သိုင်းရွိုက် ကင်ဆာကို ခွဲစိတ်ကုသမှုခံယူရခြင်း၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ပတ်ဝန်းကျင်ဓာတ်ရောင်ခြည်ခံယူရခြင်း၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုသမှု ခံယူရခြင်း၊ ပစ်ကျူထရီဂလင်းတွင် အကျိတ်ဖြစ်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းနှင့် တချို့သောဆေးဝါးများ (Amio-darone၊ Lithium၊ Tyrosine kinase inhibitors) အသုံးပြုခြင်းတို့ပါဝင်သည်။ သွေးထဲရှိ အိုင်အိုဒင်းပမာဏကွာခြားချက်သည် Hypothyroidism ၏အဖြစ်များနှုန်းအပေါ် ကြီးစွာသောသက်ရောက်မှုရှိ သည်။ ပြင်းထန်သောအိုင်အိုဒင်းချို့တဲ့သူများတွင် Hypothyroidism ကို ပို၍တွေ့ရလေ့ရှိသကဲ့သို့ အိုင်အိုဒင်းလုံလောက်သောသူများတွင် အိုင်အိုဒင်းအလွန်အကျွံစားသုံးခြင်းသည်လည်း သိုင်းရွိုက်ဟော်မုန်း ပေါင်းစပ်မှုကို ဟန့်တားနိုင်ပြီး Hypothyroidism ဖြစ်နိုင်ခြေကို တိုးစေသည်။
မွေးရာပါသိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါ
ကမ္ဘာတစ်ဝန်းတွင် မွေးကင်းစကလေးငယ် ၃၀၀၀ တွင် တစ်ဦးခန့်သည် မွေးရာပါသိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါဖြစ်ပွားကြောင်း တွေ့ရသည်။ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်းသည် မွေးကင်းစကလေးများတွင် အဖြစ်အများဆုံး ဉာဏ်ရည်မသန်စွမ်းမှု၏ အကြောင်းရင်းဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်သောရောဂါတစ်ခုဖြစ်သည်။ မွေးရာပါသိုင်းရွိုက်ဟော်မုန်း နည်းသောရောဂါဖြစ်ပွားမှု၏ ၆၅ ရာခိုင်နှုန်းသည်သိုင်းရွိုက်ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်များကြောင့်ဖြစ်သည်။ မျိုးရိုးဗီဇများသည် သိုင်းရွိုက်ဖွံ့ဖြိုးမှုဖြစ်စဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် တခြားကိုယ်တွင်းအင်္ဂါစနစ်များကိုလည်း မကြာခဏ ထိခိုက်ပါသည်။ ကျန်သော ၃၅ ရာခိုင်နှုန်းမှာ မူလမွေးရာပါသိုင်းရွိုက်ဖွံ့ဖြိုးမှု ပုံမှန်ဖြစ်သော်လည်း သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုအဆင့်များဖြစ်သော အိုင်အိုဒင်းစုပ်ယူမှု၊ စုစည်းမှု၊ ပေါင်းစပ်မှု၊ သိုလှောင်မှုနှင့် ထုတ်လွှတ်မှုချို့ယွင်းနေကြောင်း တွေ့ရသည်။ နိုင်ငံအများစုတွင် မူလမွေးရာပါ Hypothyroidism ဖြစ်ပွားမှုအများစုကို ကုသမှုနှောင့်နှေးခြင်းမှကာကွယ်ရန် မွေးကင်းစကလေးသွေးထဲတွင် သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ပမာဏစစ်ဆေးမှု ပြုလုပ်ပြီး ပုံမှန်သိုင်းရွိုက်လုပ်ဆောင်ချက်ကို အတည်ပြုသည်။ ပုံမှန်မဟုတ်သောစစ်ဆေးမှုရလဒ်ကို ချက်ချင်းပြသ၍ ကုသမှုကိုအမြန်ဆုံးစတင်သည်။ ထို့နောက်တွင် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက် မှုကို အချိန်တိုအတွင်း ပြန်လည်စမ်းသပ်သည်။
သိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါကိုကုသခြင်း
ရောဂါလက္ခဏာများကိုသက်သာရာရစေရန် သိုင်းရွိုက်ဟော်မုန်းပမာဏကို မြှင့်တင်နိုင်သည့် ဟော်မုန်း အစားထိုးဆေး(Thyroxine)ကို အသုံးပြုလေ့ရှိသည်။ သိုင်းရွိုက်ဟော်မုန်းဆေးသောက်ရာတွင် သတိထားရန်အချက်မှာ နံနက်စာမစားမီ မိနစ် ၃၀ မှ မိနစ် ၆၀ ကြိုတင်သောက်ရန်နှင့် ရေဖြင့်သာသောက်ရန်ဖြစ်ပါသည်။ သိုင်းရွိုက်ရောဂါအများစုသည် သင့်လျော်သောဆေးကုသမှုဖြင့် အသက်ရှည်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ရောဂါရှာဖွေစစ်ဆေးရန်နှင့် စောစီးစွာကုသရန်အရေးကြီးသည်။ သိုင်းရွိုက်ဟော်မုန်းလျော့နည်းသောရောဂါရှိသည့် အမျိုးသမီးများတွင် ကိုယ်ဝန်ရှိနေပါက ဟော်မုန်းရောဂါကုသသောဆရာဝန်နှင့် စောစောတိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏကို အနီးကပ် စောင့်ကြည့်ခြင်းဖြင့် ပုံမှန်သန္ဓေသားဖွံ့ဖြိုးမှုကို အားပေးပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
အချုပ်ဆိုရသော် အကောင်းဆုံးသောသိုင်းရွိုက် လုပ်ဆောင်ချက်အတွက် မျှတသောအာဟာရ၊ ပုံမှန်လေ့ကျင့်ခန်း၊ ကျန်းမာသောလူနေမှုပုံစံကိုကျင့်သုံးရန်နှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲရန် အရေးကြီးသည်။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများတွင် သိုင်းရွိုက်ကိုစစ်ဆေးရန်လိုအပ်ပါသည်။ သိုင်းရွိုက်ကျန်းမာရေးကောင်းမွန်စေရန် သိုင်းရွိုက် လုပ်ဆောင်ချက်အတွက် မရှိမဖြစ်လိုအပ်သော အိုင်အိုဒင်း၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဇင့်ဓာတ်များ မျှတသောအစားအစာများကို စားပေးရန် လိုအပ်ပါသည်။ သိုင်းရွိုက်ပြဿနာများရှိလျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တစ်ဦးချင်းအလိုက် သင့်လျော်သောကုသမှုပုံစံရွေးချယ်မှုများ၊ လူနေမှုပုံစံပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေး ရန်လိုအပ်ကြောင်း အလေးပေးဖော်ပြအပ်ပါသည်။