ထူးခြားသတင်းများ - ပြည်တွင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နေပြည်တော် ဇွန် ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘယ်လာရုစ်သမ္မတနိုင်ငံမှတဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးမကဲ H.E.Mr. Alexey Sambuevich Tsydenov ၏ ဖိတ်ကြားချက်အရ ဘူရားတီးရားပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာသွားမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စစ်ဘက်၊ နယ်ဘက်မှအဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI

အိန္ဒိယနိုင်ငံ၌ကျင်းပမည့် နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ခေါ်

ရန်ကုန် ဇွန် ၂၃

အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ် ပြည်နယ်၌  စက်တင်ဘာလ အတွင်းကျင်းပမည့် တတိယအကြိမ်မြောက် ဥတ္တာပရာဒေ့ရှ် ပြည်နယ် နိုင်ငံတကာကုန်စည်ပြုပွဲ(3rd  Edition UP International Trade Show)တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

အဆိုပါနိုင်ငံတကာကုန်စည်ပြပွဲကို အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ် ပြည်နယ်အစိုးရမှ ကြီးမှူးပြီး စက်တင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ဥတ္တာပရာဒေ့ရှ်ပြည်နယ် Greater Noida မြို့ရှိအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲစင်တာ၌ ကျင်းပမည်ဖြစ်သည်။

ယင်းပြပွဲတွင်မော်တော်ယာဉ်များနှင့် ယာဉ်အစိတ်အပိုင်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ အိုင်တီနည်းပညာနှင့် ဆော့ဖ်ဝဲလ် များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာနည်းပညာများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ သားရေထွက်ကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများ၊ ဆေးဝါးများနှင့် နှင့် ဆေးရုံသုံးပစ္စည်းများ၊ အားကစားပစ္စည်းများ၊ သစ်သီးဝလံ၊ ပန်းမန်များနှင့် တိုင်းရင်းဆေးဝါးများ စသော ကုန်ပစ္စည်းမျိုးစုံကို ပြသမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲသို့လာရောက်မည့် ကုန်သည်၊ ဝယ်လက်များအတွက် ကုမ္ပဏီတစ်ခုလျှင် လူတစ်ဦးစာအတွက် လေယာဉ်စရိတ်၊ ဟိုတယ်တည်းခိုနေထိုင်စရိတ်၊ လေဆိပ်နှင့် ဟိုတယ်ကြား ပို့ဆောင်ပေးခြင်းနှင့် လုပ်ငန်းရှင်များကြား တွေ့ဆုံဆွေးနွေးခြင်းတို့ကို ပြပွဲကျင်းပသူက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။

ပြပွဲတွင်ပါဝင်ပြသလိုသော မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း-၀၆၇-၄၀၈၆၂၃ နှင့် E-mail event.td.myantrade@gmail.com  တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ဆောင်းဦး

MWD Daily Newspaper

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ သတ္တမမြောက် Airbus လေယာဉ်အသစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

ရန်ကုန်   ဇွန်   ၂၃

အပြည်ပြည်ဆိုင်ရာ  မြန်မာလေကြောင်း(MAI)မှ သတ္တမမြောက် Airbus လေယာဉ်အသစ်သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ   လေဆိပ်သို့ရောက်ရှိချိန်တွင် အစဉ်အလာအရ  ရေသန့်စင်ပက်ဖျန်းမှု ပြုလုပ်ပြီး ကြိုဆိုခြင်း အခမ်းအနားပြုလုပ်ခဲ့ကြသည်။

ယခုရောက်ရှိလာသည့် Airbus A319 လေယာဉ်အပါအဝင် MAI ၏လေယာဉ်အင်အားစုသည် စုစုပေါင်း ၁၁ စီး ရှိလာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ဦး‌ဆောင်လေကြောင်းလိုင်း ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုတွင် အခြေစိုက်၍ မြို့ပေါင်း ၄၁ မြို့ဆီသို့ ဆက်သွယ်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Myawady Webportal

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၉ ဦးတွေ့ရှိ

(၂၃-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၅-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၁၉၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၃၂)ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လ နှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

နေရာကွက်၍မိုးကြီးနိုင်

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယား - ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

(မိုး/ဇလ)

Photo - Spectrum News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းအီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံ၊ ရွှေကသာကုမ္ပဏီလီမိတက်၊ ဆိုလာပြားစက်ရုံသို့ ရောက်ရှိကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/71335

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်ပေးသည့်ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

ဘားအံမြို့နေ အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မေ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်ဖဝါး ပြတ်တောက်သွားရာ ပြည်သူ့ဆေးရုံကြီး-ဘားအံမြို့၌ အရေးပေါ်ကုသမှုပေးကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး လက်ဖဝါးအား ပြန်ဆက်ပေးသည့်ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါလူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာန၌ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်သည့်ခွဲစိတ်ကုသမှု(Replantation Surgery)ကို ည ၁၀ နာရီခွဲမှ စတင်၍ ဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက် နံနက် ၅ နာရီခွဲတွင် အောင်မြင်စွာဆောင်ရွက် ပြီးစီးခဲ့သည်။

အဆိုပါလူနာသည် ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ကုသထားသည့် လက်၏သွေးလည်ပတ်မှုကောင်းမွန်သဖြင့် ဇွန် ၁၁ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး ဇွန် ၁၆ ရက် ရက်ချိန်းပြန်လည်ပြသရာ၌လည်း လက်အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့ (ဒုတိယနှစ်) သင်တန်းသား အထူးကုဆရာဝန်များဖြစ်သော ဒေါက်တာရဲနိုင်ဦးနှင့် ဒေါက်တာအောင်လှိုင်ဖုန်း၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ပါရဂူဘွဲ့(တတိယနှစ်) သင်တန်းသူ ဒေါက်တာခိုင်မေဦး၊ လက်ထောက် ဆရာဝန်(အရိုး) ဒေါက်တာရာဇာအောင်စောဝင်း၊ ဆေးပညာမဟာ သိပ္ပံ(ဒုတိယနှစ်) ဘွဲ့လွန်သင်တန်းသား ဒေါက်တာ စိုင်းသီဟတို့ပါဝင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဆရာဝန်များအဖွဲ့၊ လက်ထောက်ဆရာဝန် (မေ့ဆေး) ဒေါက်တာဒေလီယာစိုးဝင်းနှင့် မေ့ဆေးဆရာဝန်များအဖွဲ့၊ သူနာပြုဆရာမကြီး ဒေါ်မို့မို့အောင် ဦးဆောင်သည့် သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများဖြစ်သည့် ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက်သည့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် လက်မပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက် ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးတို့ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုသို့ လက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွား သောလက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်ကို ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့်ဆေးပြီး အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze)ဖြင့်ပတ်၍ သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း၊ အကြောဆေးရည် ထည့်ထားသော သန့်ရှင်းသည့် ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်းပေးပို့နိုင်ကြောင်း သိရသည်။

MOI

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးမည်

နေပြည်တော် ဇွန် ၁၉

ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ်တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ဇွန်၂၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ ထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁ဝ ပေ မှ ၁၂ ပေခန့်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့်   ဆည်မြောင်း တာတမံများအနေ​ဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် သတိပေးနှိုးဆော်အပ်ပါသည်။

(မိုး/ဇလ)

မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းထွက်ကုန်များ ကူဝိတ်သို့ တင်ပို့နိုင်ရေး ဆွေးနွေး

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးနှင့် ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတာဝန်ခံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ambassador Sameeh Essa Johar Hayat တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းထွက်ကုန်များ ကူဝိတ် သို့ တင်ပို့နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတာဝန်ခံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ambassador Sameeh Essa Johar Hayat ထံသို့ ဇွန်လ ၁၆ ရက်နေ့တွင် ၎င်း၏ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဥ် သံအမတ်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု ကိစ္စရပ်များ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်ကိစ္စရပ်များနှင့် အာဆီယံ-GCC ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

ကိုးကား - MHT 

ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်သည့်တံဆိပ်​ခေါင်းဘလောက်အုပ်စုသစ်ထွက်​တော့မည်

တံဆိပ်​ခေါင်းဘလောက်အုပ်စုတစ်ခုသည် လေးခု သို့မဟုတ် ထို့ထက်ပိုသော တွဲရက်တံဆိပ်ခေါင်းများအုပ်စုဖြစ်သည်။ ဘလောက်များသည် တစ်ခုချင်းတံဆိပ်ခေါင်းများထက် ရှားပါးပြီးသမိုင်း အချက်အလက်များပါဝင်​လေသည်။

ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အထိမ်းအမှတ် Block of Stamp အထူးထုတ် (၂,၄ဝဝ) ကျပ်တန် စာပို့တံ ဆိပ်ခေါင်းသစ် (၁) မျိုးအား ဇွန်လ (၂ဝ) ရက်မှ စတင်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံဆိပ်ခေါင်းသစ်ကို နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား မှတ်သားနိုင်စေရန် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစုတစည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ ရောင်းချပေးခြင်း ဖြစ်သည်။

တံဆိပ်ခေါင်းများကို အဖိုးတန်ပစ္စည်းများအဖြစ် ယူဆသော  ရှေးဟောင်းသုတေသီဆန်သူများဖြစ်သည့်တံဆိပ်ခေါင်းစုသူများ အထူးနှစ်သက်ကြပြီး စုဆောင်း​လ့ရှိကြသည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇွန် (၂၀) ရက် (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည့် အထူးအစီအစဉ်လည်းပါဝင်သည်။

Source: Popular Myanmar