သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

မြန်မာငလျင်ဘေးနှင့်ပတ်သက်ပြီး ယွမ် ၁ဘီလျံ ကူညီထောက်ပံ့ ပေးမည်ဟု တရုတ်အစိုးရ ကတိပြု

တရုတ်အစိုးရက မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသုံး ယွမ် ၁ ဘီလျံကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း အနည်းဆုံး ၃၆၄၅ ဦးသေဆုံးခဲ့သလို အဆောက်အဦးပေါင်းများစွာ ပျက်စီးခဲ့ကြောင်းသိရ သည်။ဧပြီလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming ကယခုအခါ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။မြန်မာနိုင်ငံအစိုးရ၏ တောင်းဆို ချက်အရ တရုတ်အစိုးရသည် ယွမ်ငွေ ၁ ဘီလီယံ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးအကူအညီကို ထပ်မံပံ့ပိုးပေး မည်ဖြစ်ပြီး၊ အဆိုပါငွေဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီး လိုအပ်သော ပစ္စည်းများပါဝင်ပြီး ကျန်းမာရေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ် မည်ဖြစ်ကာ ဘေးအန္တရာယ် အကဲဖြတ်ရေးအဖွဲ့ စေလွှတ်၍ ငလျင်ဒဏ် ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး မြန်မာနိုင်ငံ ဘေးဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အဦဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများ၊ အဆောက်အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှု စမ်းသပ် ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်သော ပြင်းထန်ငလျင်ကြီး (မန္တလေးငလျင်ကြီး) ဖြစ်ပွားချိန်မှစ၍ တရုတ်အစိုးရသည် ပထမဆုံးသော နိုင်ငံအဖြစ် ယွမ်ငွေ သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရန် ကြေညာခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ကာ ကယ်ဆယ်ရေး ပစ္စည်းများပို့ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အပြည့်အဝ ပူးပေါင်းကူညီ၍ လူ့အသက်များကို ကယ်တင်ပေးခဲ့သည်။ တရုတ်နိုင်ငံ သည် ပထမဆုံး အကူအညီပေးရန်ကြေညာသော၊ ပထမဆုံးကယ်ဆယ်ရေး အဖွဲ့စေလွှတ်သော၊ ပထမဆုံး ငလျင်ဘေးဒဏ်သင့် အသက်ရှင်ကျန်ရစ် သူများကိုကယ်တင်နိုင်သော နိုင်ငံဖြစ်သည့်အပြင် ကယ်ဆယ်ရေးအဖွဲ့ နှင့်လူအင်အား အများဆုံးစေလွှတ်သော နိုင်ငံလည်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သော တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၊တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့တို့သည် ၎င်းတို့၏ တာဝန်များကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင် ခဲ့ပြီး ဧပြီလ ၉ ရက်နေ့တွင် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရောက်ရှိစဉ်ကာလအတွင်း တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေး အဖွဲ့များသည် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကိုယ်ဝန် ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် အသက်ရှင်သူ ၉ ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကာ သေဆုံးသူ ၅၉ ဦး၏ သက်မဲ့ခန္ဓာများကို ရှာဖွေတွေ့ ရှိခဲ့သည်။ထို့အပြင် အိမ်ခြေနှင့် အရေးပါသော အခြေခံအဆောက် အအုံများ ၂၈၇၀၀၀ စတုရန်းမီတာ ဧရိယာကို စစ်ဆေးခဲ့၍ ဘေးဒဏ်သင့် ပြည်သူပေါင်း ၂၀၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ဘေးဒဏ်သင့် ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းရန် တရုတ်နိုင်ငံ အတွင်းမှ ရွက်ဖျင်တဲ အလုံး ၄၀၀၀၊ စောင် အထည် ၁၀၀၀၀၊ အရေးပေါ် ဆေးအိတ်များ ၅၅၀၀၀ ကျော်၊ ခြင်ထောင် အလုံး ၄၀၀၀၀၊ တာပေါ်လင်စ အချပ် ၁၈၀၀၀၊ အိပ်အိတ် အလုံး ၄၀၀၀၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် အလုံး ၁၀၀၀၀၊ ချက်ပြုတ်ရေးပစ္စည်းများ ၂၀၀၀ စုံ၊ ကျန်းမာရေး ဆေးအိတ်များ ၃၈၈၀၀ ကျော်၊ ခေါက်ဆွဲခြောက် အဖာ ၂၀၀၀ စသည့် ပစ္စည်းများကို အမြန်ဆုံးဝယ်ယူပြီး အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်။ ဘေးဒုက္ခရောက်မှ မိတ်ဆွေစစ်ကိုတွေ့ရှိနိုင်ပြီးမေတ္တာအစစ်အမှန်သည် နယ်နိမိတ်အပိုင်းအခြားမရှိပေ။ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ရိုးသားစွာဆက်ဆံခြင်း၊အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းစသည့် အိမ်နီးချင်းနိုင်ငံများကြားထားရှိသည့် သံတမန် ဆက်ဆံရေးအယူအဆကို ကိုင်စွဲကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို မြှင့်တင်ပြီး လက်တွေ့ကျသောဆောင်ရွက်မှုဖြင့် တရုတ်- မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက် သွားမည်ဖြစ်သည်။

ကိုးကား-NP News

မြန်မာနိုင်ငံ ငလျင်ဘေးတွင် အိန္ဒိယတပ်မတော်က စက်ရုပ်မြင်းများနှင့် နာနိုဒရုန်းများအသုံးပြုဆောင်ရွက်နေ

အိန္ဒိယတပ်မတော်သည် မြန်မာနိုင်ငံ ငလျင်ဘေးနှင့်ပတ်သက်၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် စက်ရုပ်မြင်းများ၊နာနိုဒရုန်းများ ကိုပထမဆုံးအကြိမ်အသုံးပြုလာခဲ့ကြောင်း သိရပါသည်။အိန္ဒိယတပ်မတော်မှ ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် robot mule များကို ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်အပျက်စီးများအကြား၌ စက်ရုပ်မြင်းများ၊နာနိုဒရုန်းများ အသုံးပြုနေသော မှတ်တမ်းများအရ သိရပါသည်။အဆိုပါ စက်ရုပ်များသည် မြန်မာငလျင်ဘေးနှင့်ပတ်သက်ပြီး အိန္ဒိယရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် အဓိကအရေးပါသည့် အစိတ်အပိုင်းအဖြစ်ပါဝင်နေကြောင်းသိရပါသည်။မြန်မာနိုင်ငံ၌ လူပေါင်းထောင်ချီသေဆုံးစေခဲ့သည့် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆက်သွယ် ဆွေးနွေးခဲ့ပြီးလူသားချင်းဆိုင်ရာစာနာမှုအကူညီများနှင့် ရှာဖွေကယ်ဆယ် ရေးအဖွဲ့များကိုစေလွှတ်ခဲ့ပါသည်။အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယ သည် အိမ်နီးချင်းနိုင်ငံများ၌ အရေးပေါ်အခြေအနေ ဖြစ်နေချိန်အတွင်း ကူညီပေးမှုများလုပ်ဆောင်မည်ဟု ကတိပြုကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရသည် အဖွဲ့ဝင် ၈၀ ဦးပါသည့် ကယ်ဆယ်ရေးအဖွဲ့များ ကိုစေလွှတ်ခဲ့ပြီး အဖွဲ့ဝင် ၁၁၈ ဦးပါဝင်သည့် ကျန်းမာရေးအဖွဲ့များကိုလည်း စေလွှတ်ခဲ့ပါသည်။ထို့အပြင် လူသားချင်းဆိုင်ရာစာနာမှုအကူညီများအားသင်္ဘောများ၊ လေယာဉ်များဖြင့် ပေးပို့ခြင်းများရှိခဲ့ကြောင်းလည်းသိရပါသည်။ မြန်မာနိုင်ငံ၌အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရုရှား၊တရုတ်နှင့် အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက လူသားချင်းဆိုင်ရာ စာနာမှုအကူညီများပေးပို့ကူညီခဲ့သကဲ့သို့ ရှာဖွေကယ်ဆယ်ရေးသမားများ စေလွှတ်ခဲ့ကြောင်းသိရှိရပါသည်။

ကိုးကား-NP News

မြန်မာနိုင်ငံတွင် လူအသေအပျောက်များစေသည့် ငလျင်ကြီးက ကမ္ဘာ့ ဘေးအန္တရာယ်တုံ့ပြန်ရေးတွင် အမေရိကန်၏ ပျောက်ဆုံးနေသောကဏ္ဍ ကို ထင်ဟပ်စေခဲ့သည်

မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး ငလျင် တစ်ခုသည် နိုင်ငံတကာ ဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများတွင် အမေရိကန်ပြည်ထောင်စု၏ လိုအပ်နေသော ဦးဆောင်မှုကို ထင်ဟပ် စေခဲ့သည်။ ယခင်က ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များတွင်အမေရိကန်သည် အဓိက အရေးပေါ်အကူအညီများနှင့် နည်းပညာဆိုင်ရာပံ့ပိုးမှုများကို ဦးဆောင်ပေးလေ့ရှိသော်လည်း၊ ယခုအခါတွင် ထိုကဲ့သို့သော နိုင်ငံတကာ တုံ့ပြန်မှုများ၌ ၎င်း၏အခန်းကဏ္ဍ သိသိသာသာ လျော့နည်း လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ ငလျင်ဘေးသင့်ဒေသများတွင် အကူအညီများ လျင်မြန်စွာ ရောက်ရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားနည်းနေခြင်း သည် ကမ္ဘာ့အဆင့်ဘေးအန္တရာယ် စီမံခန့်ခွဲမှုစနစ်တွင် အရေးကြီးသော ကွက်လပ်တစ်ခုကို ဖော်ပြနေသည်။ အထူးသဖြင့် နိုင်ငံရေး အခြေအနေ များ ရှုပ်ထွေးနေသောနိုင်ငံများတွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်နေပါသည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ရီချက်စတာစကေး ၇.၇ အားရှိသော ငလျင်ကြီးသည် လူထောင်ချီသေဆုံးခဲ့ရပြီး အမေရိကန်၏ အဓိက လူသားချင်းစာနာမှုအကူအညီအဖွဲ့ USAID ၏ ဘတ်ဂျက်ဘီလီယံချီ ဖြတ်တောက်ခံရမှုများနောက်ပိုင်း မြန်မာကြုံတွေ့ရသည့် ပထမဆုံးသော ကြီးမားသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည်။

ပြည်တွင်းစစ်ဒဏ်ခံနေရသည့် မြန်မာနိုင်ငံသည် ငလျင်ဘေးဆိုးကြောင့် နာလန်ထူရခက်ခဲစဉ် အမေရိကန်၏ ကမ္ဘာ့ဦးဆောင်မှု လစ်ဟာမှုကို ဝေဖန်မှုများ မြင့်တက်နေသည်။

အဆိုပါဖြစ်ရပ်သည် အမေရိကန်၏ ကမ္ဘာ့ဘေးအန္တရာယ်တုံ့ပြန်ရေးတွင် ဦးဆောင်မှုလျော့နည်းလာပြီး ၎င်း၏ပြိုင်ဘက်နိုင်ငံများအား နေရာလွတ် ပေးလိုက်သည့် အခြေအနေကို ထင်ဟပ်စေသည်။ မြန်မာကဲ့သို့ ပဋိပက္ခ ဒဏ်ခံနိုင်ငံများတွင် အရေးပေါ်အကူအညီများ လိုအပ်နေချိန်တွင် ထို ကဲ့သို့သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းသည် ပိုမို ကြီးမားသော လူမှုရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ဖြစ်ပေါ်စေ နိုင်သည်။

မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပိုမိုထိရောက်သော ပူးပေါင်းပါဝင်မှုများ အရေးတကြီးလိုအပ်နေပါသည်။

အဆိုပါဖြစ်ရပ်သည် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့် လူမှုအကျပ်အတည်းများကို တုံ့ပြန်ရာတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရန်၊ အထူးသဖြင့် အမေရိကန်ကဲ့သို့သော အင်အားကြီး နိုင်ငံ များ၏ ဦးဆောင်မှုကို ပြန်လည်အသက်သွင်းရန် အရေးတကြီး လိုအပ် ကြောင်း သတိပေးနေပါသည်။ မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပိုမို ထိရောက်သော ပူးပေါင်းပါဝင်မှုများ လိုအပ်နေပါသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဗိုလ်ချုပ်ကြီးမိုးအောင် ဝန်ထမ်းများနှင့် မိသားစုများအား ထောက်ပံ့ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံးဝန်ကြီးဌာ(၁)၊ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မတ် ၂၈ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် အိမ်ထောင်စုဝင်မိသားစုများအား ထောက်ပံ့ရေးပစ္စည်းများ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၁၁-၄-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားလျော့သွားပြီ ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

၁၁-၄-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားလျော့သွားပြီ ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်ရှိ ထူပါရုံစေတီ၊ တကောင်းရပ်ကွက်ရှိ မဟာစေတီ၊ ပန်းဘဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ မင်းလမ်းရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)နှင့် ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေမှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ) တံတားကြီး၏ ချဉ်းကပ်လမ်းများ အက်ကွဲသွားသဖြင့် ကြံ့ခိုင်မှုစစ်ဆေးနေစဉ် အဆိုပါတံတားပေါ်၌ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ ဥမင်ကိုးဆယ်စေတီတော်ကြီးနှင့် ဟံသာဂီရိဘုန်းတော်ကြီးကျောင်း သာသနိကအဆောက်အအုံများ ပြိုကျပျက်စီးနေမှုအခြေအနေများကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရှိ ဝန်ထမ်းအိမ်ရာ၊ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနရုံး၊ စာသင်ကျောင်းများ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲနှင့် သောက်သုံးရေအဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်ဖြန့်ဝေရေး မော်တော်ယာဉ်တို့မှ ဧရာဝတီမြစ်ရေကို သန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် Sky Villa နေရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ မန္တလေးမြို့ စန္ဒာမုနိဘုရား၊ အရိပ်မထွက်ဘုရား၊ စကုကျောင်းတိုက်၊ စူဠာမဏိစေတီတော်နှင့် မဟာမုနိဘုရားကြီးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော မန္တလေးမြို့ တိမ်ဖြူဟိုတယ်၊ ကျူးလစ်ဟိုတယ်၊ ဝင်းစတားဟိုတယ်၊ မန်းမြန်မာပလာဇာ၊ Ayawaddy River View ဟိုတယ်နေရာများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများကလည်းကောင်းသွားရောက်၍ အပျက်အစီးများ ရှင်းလင်းဖယ်ရှားရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် မြင်းခြံ-မြစ်သား ရေဝန်းလမ်းပေါ်ရှိ ငလျင်ဒဏ်သင့်၍ ကွဲအက်နိမ့်ကျပျက်စီးသွားသော မိုင်တိုင် ၄၆/၄ မှ ၄၇/၀ ထိ သုံးဖာလုံနေရာ၊ စမုံတံတားအနီးရှိ ပျက်စီးသွားသော လမ်းပိုင်းနေရာ၊ မြစ်သားမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပြိုကျပျက်စီးအဆောက်အအုံများ၊ မြစ်သားမြို့ ရွှေမုဋ္ဌောစေတီနေရာ၊ ကူမဲမြို့ ယုဇနတံတားပျက်စီးမှုနေရာနှင့် ကူမဲမြို့ ရန်ကုန်-မန္တလေး လမ်းပေါ်ရှိ ပြိုကျပျက်စီးသွားသော အဆောက်အအုံများကို သွားရောက်ကြည့်ရှု၍ အပျက်အစီးရှင်းလင်းဖယ်ရှားအမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် ကင်းတားဘက်စုံရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားပြီး ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် စေတနာရှင်၊ အလှူရှင်များက လှူဒါန်းသော လှူဖွယ်ပစ္စည်းများ လက်ခံခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်မှုထမ်းဟောင်းအိမ်ရာများနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဒဏ်ရာရရှိကြသည့် ဒေသခံပြည်သူများအား ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြပြီး ယာယီဆေးရုံရှိ ဆေးရုံတက်လူနာများအား စားသောက်ဖွယ်ရာများနှင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

 

ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော် ဧပြီ ၁၀

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Aerostan လေကြောင်း လိုင်းမှ လေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့် ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း ၆၅ ထုပ်၊ ၂၄၈၆၀ kgကို တင်ဆောင်၍ ရောက်ရှိလာသည်။

ဆက်လက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ယူအေအီးနိုင်ငံ UAE Air Force မှ Cargo Flight (ကယ်ဆယ်ရေးပစ္စည်း) တင်ဆောင်လာသည့် လေယာဉ်သည် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့် ဒေသများအတွက် လှူဒါန်းသည့် အစားအစာများနှင့် ယာယီတဲများ စုစုပေါင်း ၃၆ ထုပ်၊ ၃၃၅၈၂ kg တင်ဆောင်၍ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို လိုက်လံကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ယူအေအီးနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့အား တွေ့ဆုံနှုတ်ဆက်၍ ကူညီမှုများအပေါ် ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယင်းသို့ ရောက်ရှိလာသည့် ပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။