သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၁၁ ရက်နေ့၊ နံနက်(၁၁) နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌ကျင်းပကြောင်းသိရသည် ။

အခမ်းအနားတွင် တံတားဦးခရိုင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကားပြောကြားရာတွင် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပြည်သူများအတွက် အလွန်ပင်စိတ်မကောင်းဖြစ်မိပါကြောင်း ၊ ထို့အပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အချိန်မီဆောင်ရွက်ပေးနိုင်သကဲ့သို့ ကူညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ၊ ရှင်းလင်းဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ၊ ထိုနည်းအတူ ပြည်သူများအတွက် နေထိုင်ရေး ၊ အစားအသောက် ၊ လူသုံးကုန်ပစ္စည်းများ ရရှိရေးတို့ကိုလည်း အချိန်မီဆောင်ရွက်ပေးခဲ့ပါကြောင်း ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးကိုလည်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည် ။

ဆက်လက်၍ တံတားဦးခရိုင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်တာဝန်ရှိသူများ၊  တံတားဦးမြို့နယ် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို နှင့်တာဝန်ရှိသူများ ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ‌ ထောက်ပံ့ပေးအပ်ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် လုံးဝပျက်စီးသည့်အိမ် (၈၁၆) အိမ် ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်အိမ် (၁၀၄၅) အိမ် ရှိပါကြောင်း ပျက်စီးဆုံးရှုံးသည့်အိမ်များအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ဦးရဲတင့် ( ပြန်/ဆက်)

နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် ၂၅၄၄၅ ကီလိုဂရမ် တင်ဆောင်လာသော A-330 အမျိုးအစားလေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ရောက်ရှိကြသည်။

အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire က လွှဲပြောင်းပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိဏ်းနှင့် တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

Source: www.moi.gov.mm

 

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတွင် ဧပြီ ၁၀ ရက်အထိ သေဆုံးသူ ၃၆၀၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၄၁ ဦး ရှိသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၂၄ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၉ ရက် ညနေပိုင်းမှ ဧပြီ ၁၀ ရက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် နီပေါနိုင်ငံတို့မှ လေယာဉ်စင်းရေသုံးစင်းတို့ဖြင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၉၁ ဒသမ ၂၆ တန် ဆိုက်ရောက်ခဲ့သည်။

ပြည်တွင်းပြည်ပအလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

 

စစ်ကိုင်းပြတ်ရွေ့နှင့် သတိထားရမည့်အရာများ

လွန်ခဲ့သည့် မတ်လ(၂၈)ရက်က အင်အားရစ်ချ်တာစကေး (၇ ဒသမ ၇)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်။ ပိတ်မိသူများကို ကယ်ထုတ်ရေး၊ သေဆုံးသူများကိုဖော်ယူရေး လုပ်ငန်း လုပ်ကိုင်နေကြသော ကူညီ၊ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း မအားလပ်နိုင်အောင် ဖြစ်နေ ကြရပြီဖြစ်သည်။ ထို့ပြင် နောက်ဆက်တွဲ ငလျင်များကလည်း ဆက်လှုပ်နေသေးရာ ပြည်သူများ အနေဖြင့် စိုးရိမ်စိတ်ဖြင့် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်။ ယင်းဖြစ်စဉ်အားလုံး၏ မြစ်ဖျားခံ ရာသည်ကား မြန်မာနိုင်ငံ၏ အလယ်မှဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့၏ သဘာဝ၊ ဆိုးကျိုးများနှင့် သတိထားသင့်သည်များနှင့်ပတ်သက်၍ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကို NP News က ဆက်သွယ်မေးမြန်းကာ ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးမေးချင်တာက အားလုံးလည်း အကြမ်းဖျင်းသိကြတယ်ဆိုပေမယ့် အခြေခံကျတာ ကနေစပြီး မေးချင်ပါတယ်ဆရာ။ အခု ငလျင်ကို ဖြစ်စေခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့အကြောင်း အကျဉ်းချုပ် အရင် ရှင်းပြပေးပါလားခင်ဗျာ။

 ဖြေ - စစ်ကိုင်းပြတ်ရွေ့က (၁၈၃၀) ပြည့်နှစ်လောက်တည်းကိုက ဖြစ်ခဲ့တယ်ရှိတယ်ပေါ့နော်။ သို့သော် အခု နောက်ပိုင်းကာလမှာကတော့ နည်းပညာပိုင်းလည်း တိုးတက်လာတဲ့ အခါကျတော့ (၁၉၃၀၊ ၁၉၄၅) အဲဒီနောက်ပိုင်းမှာတော့ ဒီစစ်ကိုင်းပြတ်ရွေ့ကြီးကို မြေပုံပေါ်မှာလည်း သေချာ ပုံဖော်ပြီး ဆွဲနိုင်တဲ့ အနေအထား ဖြစ်လာတာပေါ့။ ဖြစ်လာတယ်ဆိုတဲ့အခါကျတော့ ဒီစစ်ကိုင်း ပြတ်ရွေ့က အပိုင်းတွေတော့ ခွဲထားတယ်။ သို့သော် အားလုံးကတော့ စစ်ကိုင်းပြတ်ရွေ့ပဲပေါ့။ စစ်ကိုင်းပြတ်ရွေ့ကြီးအပေါ်မှာ လှုပ်တဲ့ငလျင်တွေကတော့ (၁၈၃၀)ကနေ စပြီးတော့ (၁၉၃၀)၊ အခု (၂၀၂၅)စသည်ဖြင့်ပေါ့နော် အကြမ်းဖျင်း နှစ်တစ်ရာတိုင်း၊ နှစ်တစ်ရာတိုင်းမှာ ငလျင်အကြီး ကြီးတွေ လှုပ်တတ်တယ်။ အဲဒီလိုအနေ အထားမျိုးတွေရှိတယ်။သူ့အပြင်ကို (၁၉၁၂)ခုနှစ်တို့၊ (၂၀ဝ၃) ခုနှစ် တောင်တွင်းကြီး ငလျင်တို့၊ ပုဂံငလျင်တို့ နောက်ပြီးတော့မှ ချောက်တို့၊ သပိတ်ကျင်းတို့ အဲဒီ နေရာတွေမှာလည်း အင်အား အလယ်အလတ်အဆင့်၊ အဲဒါထက်ပိုတဲ့ ငလျင်မျိုးတွေလည်း လှုပ်ခဲ့တာတွေ ရှိပါတယ်။ (၆ ဒသမ ၈) အဲဒါမျိုးတွေ လှုပ်ခဲ့တယ်။ အဲဒီတော့ အခုက စစ်ကိုင်းနဲ့ တကောင်းအပိုင်းမှာရှိတဲ့ ပြတ်ရွေ့အပိုင်း သုံးပိုင်းထဲမှာ ပေါ့နော်။ စစ်ကိုင်း - တကောင်း အပိုင်း၊ ပဲခူး-တောင်ငူ အပိုင်း စသည်ဖြင့် အပိုင်းတွေ ခွဲထားတယ်။ ခွဲထားပေမယ့် ဒီအပေါ်မှာပဲ ငလျင်ကြီး တွေ လှုပ်တတ်တယ်။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက် မိုင် (၂၀) ကျော်လောက်ကနေ ဖြတ်ပြီးတော့ သွားတဲ့ဟာက ဟိုးကချင်ပြည်နယ်ထဲ အထိရောက်တာကိုး။ အဲဒီတော့ ဒီစစ်ကိုင်းပြတ်ရွေ့ကြီး ကတော့ နှစ်တော်တော်ကြာတဲ့အထိ ဆက်ပြီးတော့ရှိနေဦးမယ်။ သူ့အပေါ်ကနေ ပြင်းထန်တဲ့ ငလျင်ကြီးတွေလည်း နောက်အချိန်ကာလ အပိုင်းအခြားတွေမှာဆက်ပြီး လှုပ်တာတွေလည်း ရှိနေနိုင်ပါသေးတယ်ဗျ။

 မေး - ဆရာခင်ဗျာ အခုငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေဟာ နောက်ဆက်တွဲငလျင်တွေကို ကြောက်နေကြတယ်။ ဒါကို ကာလဘယ်လောက်အထိ ကြုံရနိုင်ပါသလဲ ဆရာ။ 

ဖြေ - အခု ပြီးခဲ့တဲ့ နောက်ဆက်တွဲငလျင်တွေအနေနဲ့ ဘယ်လောက်အထိများခဲ့ပြီးပြီလဲဆိုတဲ့ အနေအထားမှာ (၂၃၅)ကြိမ်လောက်အထိတော့ လှုပ်ပြီးသွားပြီ။ သူ့အရင်က ကျွန်တော်တို့နိုင်ငံ ထဲမှာတော့ မဟုတ်ဘူး။ အိန္ဒိယ တက်တိုးနစ်ပလိတ်နဲ့ ဒီဘက်က တက်တိုးနစ်နဲ့ အတူတူတွဲပြီးလှုပ်တဲ့ နေရာတွေမှာ ဥပမာ - နီပေါငလျင် ဆိုပါတော့။ နီပေါ ငလျင်ဆိုရင် (၇ ဒသမ ၆) လှုပ်တယ်။ သူက လူကိုးထောင်လောက် အသေအပျောက်ဖြစ်တယ်။ ပြီးတော့ နောက်ဆက်တွဲ ငလျင်က အကြိမ် (၃၀၀) လောက်အထိ လှုပ်ပါတယ်။အခုကျွန်တော်တို့က အဲဒီအကြိမ် (၃၀၀)ကိုတော့ မမီသေးဘူးပေါ့။ အဲဒီလို လှုပ်နိုင်ခြေကတော့ရှိနေသေးတယ်။

မေး - တချို့ပြည်ပပညာရှင်တွေက နှစ်လလောက်အထိ လှုပ်နိုင်တယ်လို့လည်း ပြောကြပါတယ်။ နောက်ဆက်တွဲ ငလျင်တွေဟာ အင်အား ရစ်ချ်တာ စကေး ဘယ်လောက်အထိ ရောက်လေ့ရှိပါသလဲ ခင်ဗျာ။ 

ဖြေ - ဟုတ်ပါတယ် အဲဒါလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေက အများကြီးရှိတာပေါ့။ တစ်လ၊ နှစ်လ အဲဒီလောက် အထိက လှုပ်နိုင်ခြေရှိတယ်။ ကျဲတော့ ကျဲသွားမယ်ပေါ့။ ဥပမာ -ဒီနေ့ (ဧပြီလ ၁ ရက်) ဆိုရင် ငလျင်လှုပ်လိုက်တဲ့ အနေအထားမှာ ထိုင်း ငလျင်ဌာနကရတဲ့ ဒေတာတွေကိုပဲ (၁၉၇၀) လောက်ကစပြီးတော့ ရတဲ့ဒေတာတွေကို အသေးစိတ် ပြန်ကြည့်တာပေါ့။ ကြည့်တော့ ပြီးခဲ့တဲ့ငလျင် လှုပ်လိုက်တဲ့အနေအထားတွေမှာ ဒီနေ့ဆိုရင် တော်တော်လေး အကြိမ်ရေများများ လှုပ်တယ်လေ။ ထပ်ပြီးတော့ လှုပ်နိုင်ခြေလည်းရှိသေးတယ်။ဒါပေမဲ့ အကြီးကြီးတွေတော့မရှိတော့ဘူး။အကြီးကြီးတွေဆိုတာက အများဆုံး (၄ ဒဿမ ၁၊ ၂) က ဒါ အကြီးဆုံးပေါ့။ပြီးတော့တော့ (၂ ဒဿမ ၁) တို့လို သေးသေး လေးတွေပဲရှိတယ်။ အဲဒီတော့ ပဲခူးနားမှာဆိုလည်း ပဲခူး၊ တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းတို့ ဆိုလည်း အဲဒီပတ်ဝန်းကျင်းမှာ ဒီနေ့လှုပ်တာများတယ်။ဒါပေမဲ့ သူလည်းသေးသေးပေါ့။ငလျင်လှုပ်တဲ့ အင်အားက သေးလာတယ်။ လှုပ်တဲ့ အကြိမ်ရေက ကျဲလာတယ်ပေါ့။ တဖြည်းဖြည်းနဲ့ ပျောက်သွားနိုင်တယ်။ လျော့လာပြီးတော့ တဖြည်းဖြည်းနဲ့ ပျောက်ပြီး ပြီးသွားတဲ့အနေအထားကို ရောက်သွားနိုင်တယ်။ သို့သော် ဒီအချိန်သည်၊ နောက်ဆက်တွဲ ငလျင်လှုပ်နေတဲ့ အနေအထားသည် ခုနကပြောသလို တစ်လလောက်လည်း ကြာရင်ကြာမယ်။ တစ်လထက် ပိုချင်လည်း ပိုသွားနိုင်ပါတယ်။ 

မေး - ဒုတိယတစ်ခု ဆက်စပ်မေးချင်တာက မှတ်သားရဖူးတာ ရှိပါတယ်။ စစ်ကိုင်းပြတ်ရွေ့ဟာ မလှုပ်ပဲ အချိန်ကြာလေလေ ပြင်းအားများနိုင်လေလေဆိုတာပါဆရာ။ ငလျင်ပညာရှင်တွေ စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ အခုတော့ (၇ ဒသမ ၇) ပြင်းအားနဲ့ လှုပ်ခဲ့ပြီပေါ့လေ။ နောက်ထပ်ဘယ်လောက်ကြာရင် စပြီးတော့ စိုးရိမ်ရတော့မလဲ ဆရာ။ 

ဖြေ - (နောက်တစ်ကြိမ်က) အနည်းဆုံး နှစ်ပေါင်း ၅၀၊ ၆၀ လောက်ကတော့ အကြမ်းဖျင်း ခန့်မှန်းထား တာပေါ့။ ဒီအချိန် Circle ပေါ့။ အဲဒီလောက်မှာတော့ ပြန်ပြီးလှုပ်နိုင်တယ်။ တစ်ခုရှိတာက ပြင်းအား ရစ်ချ်တာစကေး (၇)ကျော်တဲ့ ငလျင် အကြီးကြီးတွေပေါ့။ (၇)အကျော် (၈)နီးပါးလောက်ရှိတဲ့ ငလျင် အကြီးကြီးတွေထက် ကာလနှစ်သုံးဆယ်၊ လေးဆယ်၊ ငါးဆယ် ကာလ ပတ်ဝန်းကျင်တွေမှာ လှုပ်နိုင် တာက အင်အား (၆ ဒသမ ၈) ပတ်ဝန်းကျင်၊ (၆) ပတ်ဝန်းကျင် အဲဒီလောက်ပဲ လှုပ်နိုင်တော့တယ်။ (အဲဒီလောက်နှစ်တွေအတွင်းမှာ အကြမ်းဖျင်းအားဖြင့်)ငလျင်အကြီးကြီးတော့ မလာဘူးပေါ့။ 

မေး - ရန်ကုန်က စစ်ကိုင်းပြတ်ရွေ့နဲ့ နီးတော့ ရန်ကုန်အနားမှာ ဗဟိုပြုတဲ့ ငလျင်က ဖြစ်လာနိုင်ဖွယ်ရာ ရှိပါသလားဆရာ။ငလျင်ကို ကြိုပြီးမခန့်မှန်းနိုင်ပေမယ့်ပေါ့။ 

ဖြေ - ငလျင်အကြီးကတော့ ရန်ကုန်ရဲ့ အရှေ့ဘက်ကနေသွားတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ အောက်ဆုံး အပိုင်းပေါ့။အောက်ဆုံးအပိုင်းကနေ လှုပ်တဲ့အနေ အထားကတော့ (၁၉၃၀) မှာ (၇ ဒသမ ၄) လှုပ်တာ ပြီးသွားတဲ့ နောက်ပိုင်းတော့ မရှိသလောက်ပဲပေါ့။ရန်ကုန်မှာလှုပ်တတ်တာက ဒေးဒရဲပြတ်ရွေ့ ကြီးကြောင့်လှုပ်တတ်တယ်။ဒါပေမဲ့ အကြီးကြီးတော့မဟုတ်ဘူး။ ငါး၊ခြောက် ပတ်ဝန်းကျင်လောက် အထိတော့ လှုပ်တတ်ပါတယ်ခင်ဗျာ။ 

မေး - အခုလှုပ်ခဲ့တဲ့ငလျင်ဟာ ဇောက်တိမ်တယ်လို့ ပြောကြပါတယ်။ ငလျင် ဇောက်တိမ်တယ်၊နက်တယ် ဆိုတာက ဘာနဲ့ဆိုင်ပါသလဲဆရာ။ဘာကို ကြည့်ပြီးပြောကြတာပါလဲ။ 

ဖြေ - သူက ဇောက်တိမ်တယ် ဆိုပေမယ့် အောက်က (၁၀)ကီလိုမီတာ ရှိတယ်ဗျ။ (၁၀)ကီလိုမီတာ ဆိုတာလည်း နည်းတော့မနည်းဘူးပေါ့နော်။တချို့နေရာတွေမှာ (၁)ကီလိုမီတာအနက်နဲ့ လှုပ်သွားတဲ့ (နောက်ဆက်တွဲ) ငလျင်တွေလည်း ရှိတယ်။(၁၀) ကီလိုမီတာနဲ့လှုပ်တယ်ဆိုတာက အိန္ဒိယ တက် တိုးနစ်ပလိတ်နဲ့ ယူရိုအေးရှားနဲ့ နှစ်ခုကြားပလိတ် နှစ်ခု သွားနေတဲ့အနေအထားကနေလှုပ်တဲ့ ဥစ္စာ ကတော့ ပုံမှန်အားဖြင့် အဲဒီလောက်ပဲ လှုပ်နေတာတော့များတယ်။(၁၀)ကီလိုမီတာနဲ့ပဲ ပုံမှန်သွား နေတယ်ပေါ့နော်။ပင်လယ်ပေါ့။ကပ္ပလီပင်လယ်မြောက်ပိုင်းမှာရှိတဲ့ ဘားမား မြေထု ချပ်ဆိုတာရှိ တယ်။ ဘားမား တက်တိုးနစ် ပလိတ်ပေါ့။ စစ်ကိုင်း ပြတ်ရွေ့ဆိုတာက အဲဒီကနေ စတာပေါ့။ အဲဒီမှာက ပင်လယ်ထဲမှာ ဆိုတော့ (၂၅)ကီလိုမီတာ လောက်ကနေ လှုပ်တာများတယ်။ အဲဒီတော့ ကျွန်တော် ပြောချင်တာက ဒေသတစ်နေရာ၊ တစ်နေရာမှာ ဇောက်အနက်က ပုံမှန်လောက်ကို ဖြစ်နေတာပေါ့နော်။ မြန်မာပြည်မှာ လှုပ်တာတွေ ဆိုရင် (၁၀)ကီလိုမီတာ အနက်လောက်နဲ့ လှုပ်တယ်။ရှမ်းပြည်ဘက်က ကျောက်ကြမ်းပြတ်ရွေ့တို့ဘာတို့ဆိုရင်လည်း အဲဒီလောက်ပဲ။ (၁၀) ကီလိုမီတာ၊ (၂၀)ကီလိုမီတာ အဲဒီလောက်ပတ်ဝန်းကျင်မှာ လှုပ်နေတာလေ။ အဲဒီလောက်ကများပါတယ်။ 

မေး - မြန်မာ့မြေပေါ်မှာ ကျွန်တော်တို့ သတိထားရမယ့် ပြတ်ရွေ့က စစ်ကိုင်းပြတ်ရွေ့တစ်ခုပဲရှိတာလား ဆရာ။ တခြား ဘယ်ပြတ်ရွေ့ကို သတိထားရမလဲ ခင်ဗျာ။ 

ဖြေ - တော်တော်များပါတယ်။ဥပမာ ဆိုပါတော့ ကဘော်ပြတ်ရွေ့ရှိတယ်။ အဲဒါဆိုရင်လည်း ကဘော် ချိုင့်ဝှမ်းဘက်မှာ ခဏခဏလှုပ်နေတဲ့အရာပေါ့။ ပြီးတော့ ဒေးဒရဲပြတ်ရွေ့ဆိုရင်လည်း မအူပင်တို့၊ ကျိုက်လတ်တို့ အဲဒီလောက် နေရာတွေမှာ တောက်လျှောက် လှုပ်နေတာရှိတယ်။နောက်ပြီး တာချီလိတ် ဘက်မှာလည်း ရှိတယ်။အဲဒါက ရှမ်းပြည်နယ်ဘက်က သေးသေးလေးတွေက အခုလည်းလှုပ်နေတယ်။ သူကတော့ သေးသေးနဲ့များများလှုပ်တယ်။ ဇောက်ကလည်း အဲဒီလောက်ပါပဲ တိမ်တိမ်ပဲ။ သို့သော် အားမပြင်းဘူး။သို့သော် စစ်ကိုင်းပြတ်ရွေ့ကြီးကတော့ အားပြင်းတယ်။ စစ်ကိုင်းပြတ်ရွေ့ကြီးက ဖြစ်နေတဲ့ အနေအထားကြီးကတော့ ကြီးလည်းကြီးတယ်။ စစ်ကိုင်းပြတ်ရွေ့ကြီးက အပေါ်ဆုံးအပိုင်း ပေါ့။ အပေါ်ဆုံးအပိုင်းက ဘယ်လိုပြောရမလဲဆိုတော့ စစ်ကိုင်းတိုင်းရဲ့ အထက်ပိုင်းအပေါ်ဆုံးပြတ်ရွေ့ အပိုင်းကလည်း (၁၉၄၆)ခုနှစ်မှာ (၇ ဒသမ ၁)လှုပ်ခဲ့ဖူးတာရှိတယ်။ (၁၉၉၁)ခုနှစ်မှာ (၆ ဒသမ ၉) လှုပ်ဖူးတာ ရှိတယ်။ များသောအားဖြင့်ကတော့ (၆ ဒသမ ၉) ၊ (၇) အထက်တွေ လှုပ်တဲ့ဟာတွေ အကုန်လုံးကတော့ စစ်ကိုင်းပြတ်ရွေ့ အပေါ်မှာပဲလှုပ်တယ်။ကျန်တဲ့ ပြတ်ရွေ့တွေကတော့ အများ ကြီးပဲ။ရခိုင်ပြည်နယ်ဘက်မှာလည်းရှိတယ်။ ဧရာဝတီတိုင်းထဲမှာလည်း ရှိတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွေမှာလည်းရှိတယ်။အဲဒါတွေကတော့သေးတယ်။လှုပ်တဲ့အနေအထားကလည်း သေးတယ်။ 

မေး - အခု စစ်ကိုင်းပြတ်ရွေ့က လှုပ်တဲ့ ငလျင်တွေထဲ အခု နောက်ဆုံးလှုပ်တဲ့ငလျင်က တခြားလှုပ်ပြီး ငလျင်တွေနဲ့ မတူဘဲ ထူးခြားတာတွေ့ရလားဆရာ။

 ဖြေ - ကျွန်တော်တို့က အရင် (၁၈၃၀)၊ (၁၉၃၀) တုန်းက ကျွန်တော်တို့ မမီလိုက်ဘူးပေါ့။ မှတ်တမ်း ရေးထားတာတွေပဲရှိတာပေါ့။အခု (၂၀၂၅)မှာ လှုပ်တာကတော့ တကယ့်ကို နဖူးတွေ့၊ ဒူးတွေ့ကိုယ်တိုင် ကြုံကြရတယ်။ငလျင်ရဲ့ ကြီးမားတဲ့အနေအထားက နာဂစ်ကြီးကို စတွေ့လိုက်ရသလိုပဲပေါ့။နာဂစ်က သေးသေးလေးပါ ဘာမှမဖြစ်ပါဘူးဆိုပြီးပေါ့နေတဲ့ အနေအထားကနေ ဝုန်းဒိုင်းကြဲပြီး တီးသွားတော့ အဲဒီကျမှ ဒီသဘာဝဘေးကြီးက ကြီးမှန်းသိတာ။ အခုလည်း အဲဒီလိုပဲ စစ်ကိုင်းပြတ်ရွေ့ကြီးပေါ်မှာ လှုပ်မယ်၊ လှုပ်မယ်ဆိုတာက ပြောသာ ပြောနေကြတာ လူတွေက ကျွန်တော်တို့ နဖူးတွေ့၊ ဒူးတွေ့ မကြုံခဲ့ဖူးဘူး။ မကြုံဖူးတော့ ငလျင်ပညာရှင်တွေ၊ ကော်မတီဝင်တွေက ပြောတာပေါ့။ နှစ်တစ်ရာမှာ ပြန်ပြီးတော့လှုပ်မယ် ပြန်လှုပ်မယ်ပေါ့။ ကျွန်တော်တို့က (၆ ဒသမ ၈)တို့ ဘာတို့က လှုပ်ဖူးခဲ့တာ တွေရှိတယ်။ရှိခဲ့ဖူးတယ်ဆိုတော့ စိတ်ထဲမှာပေါ့ပေါ့ပဲပေါ့။ကျွန်တော်ပြောရမယ်ဆိုရင် ဆောက်လုပ်ရေး လုပ်တဲ့သူတွေကလည်း အထပ်မြင့်တွေ တဖြည်းဖြည်းနဲ့ ဆောက်ကြတယ်။ ဆောက်တဲ့တိုက်တာ အဆောက်အအုံတွေ၊ အထပ်မြင့်တွေကလည်း စိပ်လာတယ်။စိပ်လာတဲ့အခါကျတော့ အရင်တုန်းက အဲဒီလောက်မဆိုးပေမယ့် အခု နဖူးတွေ့၊ ဒူးတွေ ကြုံလာတော့ တိုက်တွေဘာတွေ ပြိုတာလည်း များသွားတယ်။ လူထိခိုက်သေဆုံးတာတွေလည်း များသွားတယ်။ ဒါကျွန်တော်တို့ မခန့်မှန်းထား နိုင်တဲ့ သဘာဝဘေးတစ်ခုက ဝုန်းဒိုင်းကြဲပြီး ရောက်လာတာကို ပြောရမယ်ဆိုရင် မကြုံဖူးဘူး ပေါ့ဗျာ။ မကြုံဖူးတော့ အဲဒီလိုခံရတယ်ပေါ့။

မေး - ငလျင်လှုပ်ပြီးတော့ မြေကြီးကနေရေတွေပန်းထွက်တာတို့ဖြစ်တယ်ဆိုတဲ့ Video တွေ တွေ့ရတယ် ဆရာ။ အဲဒါက စိုးရိမ်ရလား ခင်ဗျာ။

 ဖြေ - စိုးရိမ်စရာရှိလားဆိုတော့ မြေအောက်ရေကိုစုထားပြီးဖြစ်လာတဲ့အနေအထားပေါ့။ ကြောက်ဖို့ ကောင်းတယ်။ရေဝလာတဲ့အခါကျတော့ ဒီဟာတွေကဒုက္ခပေးလာတာပေါ့။မြေက ပုံမှန်မြေသားထဲ မှာကိုပျော့လာတယ်။ပျော့လာပြီးတော့ မြန်မာလိုအခေါ်ဆိုရင်တော့ မြေအောင်းရေတိုးလာတယ်လို့ ခေါ်ပါတယ်။မြေပျော်တဲ့အနေအထားပေါ့။အတွင်းထဲမှာ မြေကပျော်သွားတဲ့အနေအထား။ပျော်သွားရင် မြေကပျော့သွားတယ်။ခုခံနိုင်တဲ့စွမ်းအား လျော့သွားတယ်။ကြောက်ရတာက အခုဒီမောဆိုးဘက်မှာ ဆိုရင်လည်း မြေတွင်းပေါက်အကြီးကြီး ပေါ်လာတယ်။များသောအားဖြင့် ထုံးကျောက်မြေများတဲ့ နေရာတွေမှာ ပေါ်တတ်တယ်။သို့သော် အထက်ပိုင်းကသဲမြေများတဲ့ နေရာတွေမှာလည်း အဲဒီလိုမျိုး ပေါ်နိုင်တဲ့ အနေအထားတွေရှိတယ်။မြေအောင်းရေတိုးတဲ့အနေအထားဖြစ်လာရင် သဲတွေပန်းထွက်တဲ့ အနေအထားရှိတယ်။အပေါ်ယံမြေလွှာကိုလည်း စဉ်းစားဖို့လိုတယ်။အပေါ်ယံမြေလွှာဘက်က ဖိထားတဲ့ ဖိအားတွေ။ဖိထားတယ်ဆိုတာက ဆောက်ထားတဲ့အဆောက်အအုံတွေပေါ့နော်။ အဲဒီဟာတွေ ကတော့ အင်ဂျင်နီယာတွေ အသေးစိတ်တွက်ရမယ့်အနေအထားပါခင်ဗျာ။ 

မေး - ဒီဖြစ်စဉ် အပါအဝင်ပေါ့။ ငလျင်ကြီးအပြီးမှာ ဘူမိဆိုင်ရာအန္တရာယ်က ဘယ်လိုဟာမျိုးလာနိုင် သေးလဲခင်ဗျာ။ 

ဖြေ - အရေးကြီးတာတော့ အောက်က မြေကြော၊ ရေကြောတွေ ပြောင်းသွားတယ်ပေါ့။ကျွန်တော်တို့ နိုင်ငံက ရှင်နေတဲ့မီးတောင်ရှိကိုမရှိတာပေါ့နော်။ မရှိတော့ မီးတောင်အနေနဲ့ ပူစရာတော့မရှိဘူး။ သို့သော် မြေကြောရေကြော ပြောင်းသွားတော့ မြေအောက်ရေကြော ပြောင်းသွားနိုင်တယ်။ မြေအောက်မှာရှိတဲ့ ကျောက်လွှာတွေပြတ်သွားတာမျိုး ဖြစ်နိုင်တယ်။အဓိကဖြစ်နိုင်တာတော့ မြေကျွံ တာပဲ။ မြေကျွံတာက ပေ (၁၀ဝ၊ ၂၀ဝဝ) လောက်ကို ကျွံချင်လည်း ကျွံမယ်။ အပေါ်တင် ပေ (၅၀၊ ၆၀)လောက် ကျွံချင်လည်းကျွံမယ်။ အဘွားတစ်ယောက်က ဝါးလုံးကြီးထည့်ပြီး တိုင်းပြနေတဲ့ Video လည်း တက်လာတာတွေ့တယ်။ အဲဒီလိုမျိုး ပက်ကြားအက်ကြီးတွေရဲ့ အောက်ဘက်မှာကောဘယ်လောက် အတိုင်းအတာအထိ မာသလဲပေါ့နော်။ အပေါ်ယံမြေကကော ဘယ်လောက် အခြေအနေ ရှိသလဲ။ဥပမာ-မြစ်ကမ်းနားနီးတဲ့ သဲသောင်ယံလို၊သဲနုမြေများတဲ့နေရာမျိုး အဲဒီလိုနေရာမျိုးဆိုရင်တော့ မြေကျွံသွားတဲ့ အနေအထားမျိုးတွေဖြစ်နိုင်တယ်။ 

မေး - အဲဒီလို သတိထားရမယ့်အပိုင်းက ငလျင်ဗဟိုချက်ရဲ့ ဘယ်လောက်ပမာဏအတွင်း သတိထား ရမလဲခင်ဗျာ။

 ဖြေ - စစ်ကိုင်းပြတ်ရွေ့ကြီးရှိတဲ့ တစ်လျှောက်ကတော့ ဟိုးကချင်ပြည်နယ်ကနေ စတာပေါ့။ စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်ကနေစပြီးတော့ ကာမိုင်းတို့ ဘာတို့ကစတာပေါ့။ အဲဒီကနေ ရန်ကုန်အရှေ့ ပဲခူး၊ ခရမ်း၊ သုံးခွကနေ စပြီးတော့ ပင်လယ်ထဲ ဆင်းတဲ့အထိ စစ်ကိုင်း ပြတ်ရွေ့ကရှိတာကိုး။ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ကတော့ အထူးသတိထားဖို့လိုတယ်။ခက်တာက မြို့ကြီးတော်တော်များများက စစ်ကိုင်းပြတ်ရွေ့မှာဖြစ်နေတယ်။အဲဒီဟာကတော့ အရင်တုန်းကလည်း ပြောဖူးပါတယ်။ မြို့ကြီးတွေအကုန်လုံးကတော့ သတိထားရမယ့် အနေအထား ဖြစ်တာပေါ့နော်။ မေး - ဘူမိဗေဒက စီးပွားရေးအပေါ် သက်ရောက်မှုပေါ့နော်။ မြန်မာ့စီးပွားရေး တိုးတက်မှုအပေါ် ငလျင်ကလည်း ခြိမ်းခြောက်မှုရှိနေတယ်လို့ ပြောလို့ရမလား။ 

ဖြေ - သူက မေ့နေပြီးတော့မှ တစ်ခေါက်တစ်ခေါက် ထလာတဲ့သရဲကြီးလိုပဲ စစ်ကိုင်းပြတ်ရွေ့ ဆိုတာကြီးက၊ကျွန်တော်တို့က စီးပွားရေးတွေကောင်းပြီး သယံဇာတတွေ ထွက်တယ်။ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်မှုဆိုင်ရာတွေ တိုးတက်လာတယ်ဆိုပြီးဖြစ်နေတဲ့ အချိန်မှာ ဒါကြီးကဝုန်းဆို ရိုက်ချ လိုက်တဲ့ပုံစံမျိုးဖြစ်တာ။လက်ရှိနိုင်ငံရေး အခြေအနေကတော့ နိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေ ဖြစ်နေတဲ့အခါကျတော့ အခက်အခဲတွေအများကြီးဖြစ်တာပေါ့။ပိုပြီးဖြစ်တာပေါ့။တကယ်လို့တိုင်းပြည်က ငြိမ်နေပြီး စီးပွားရေးကောင်းနေတုန်းဖြစ်ရင်လည်း တစ်ခါတည်း ဂုတ်ချိုးချလိုက်သလို ဖြစ်တတ် တာပေါ့။ထိုင်းနိုင်ငံတို့ ဘာတို့ကျတော့ အခုလိုစစ်ကိုင်း ပြတ်ရွေ့မရှိပြန်ဘူး။ ဂျပန်ဆိုရင်လည်း မီးတောင်ဆိုတဲ့အကြောင်းအရင်းကြောင့် ငလျင်လှုပ်တာများတယ်။အခုလို စစ်ကိုင်းပြတ်ရွေ့ဆိုတဲ့ ဟာမျိုးကြီး မြေကြီးထဲ ငုပ်နေပြီးတော့ တစ်ချိန်တစ်ချိန်ကျမှ ထိုးထွက်လာတတ်တဲ့ ကြောက်စရာ ကောင်းတဲ့ဟာမျိုးကြီးမရှိဘူး။ မြန်မာပြည်ကတော့ အဲဒါကြီးရှိနေတဲ့အတွက် နောက်စီးပွားရေး အတွက် အဆောက်အအုံတွေဆောက်တာ၊ မြို့တွေတည်တာ လုပ်ကြပြီ ဆိုရင် စစ်ကိုင်းပြတ်ရွေ့နဲ့ ဝေးရာမှာတည်တာ အကောင်းဆုံးပဲ။ 

မေး - ဒီငလျင်ကြောင့် လူတွေရဲ့ငလျင်နဲ့ ပတ်သက်လို့ သတိပိုထားသွားမယ်ထင်လားဆရာ။ 

ဖြေ - ကျွန်တော်တို့လူမျိုးက ခေါင်းမာတယ်ဗျ။ စီးပွားရေးအချက်အချာကျတဲ့နေရာက တော်ရုံတန်ရုံ မခွာချင်ဘူး။ ထိခါမှသာထိရော။ အခုပဲကြည့် မန္တလေးဆိုရင် Sky Villa လို ဟာမျိုး ကွန်ဒိုကြီးတွေ ဆောက်တယ်။ နောက်အထပ်မြင့်အဆောက်အအုံတွေ ဆောက်တယ်။ လုပ်မှာပဲ လုပ်နေကြမှာပဲ။ အဲဒီနေရာက စီးပွားရေး အချက်အချာကျတာကိုး။ နောက် နှစ်ငါးဆယ်၊ နှစ်တစ်ရာ အဲဒီလောက်မှာ ဖြစ်ကာမှဖြစ်ရော ဒီနေရာတွေမှာ စီးပွားရေးလုပ်မယ့် အပိုင်းတွေ၊ တည်ဆောက်ရေးလုပ်မယ့်အပိုင်းတွေ ကတော့ လုပ်နေမယ်လို့ပဲမြင်တယ်။ 

မေး - နောက်ဆုံး မေးခွန်းပါ ဆရာ။ ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ မြို့တွေက ဘာတွေကို သတိထားဖို့လိုပါမလဲ ဆရာ။ အစိုးရဘက်ကကော ဘာတွေလုပ်ဖို့လိုမယ် ထင်ပါသလဲ ဆရာ။ 

ဖြေ - မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ စသည်ဖြင့် ပေါ့နော်။ဒီမြို့ကြီးတွေမှာ အရင်ဆုံး နံပါတ်တစ်ဖြစ်သွားတာက စိုးရိမ်ကြောင့်ကြစိတ်ကြီးသွားတယ်။ စိတ်ပိုင်းဆိုင်ရာ မြင့်တက်လာအောင် ကျန်းမာရေးအခြေအနေ ပြန်လုပ်ပေးဖို့လိုတယ်။စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့လိုတယ်။ပြန်လည်ထူထောင်ရေး အပိုင်းမှာတော့ အစိုးရကနေပြီးတော့ နိုင်သလောက် လုပ်ပေးရမှာပေါ့။နိုင်ငံတကာ အကူအညီခေါ်ရင်လည်း ခေါ်မယ်ပေါ့။အဲဒီလို ပြန်လည်ထူထောင်ရေးနဲ့ စိတ်ကျန်းမာရေး နှစ်ပိုင်းပဲရှိပါတယ်။ 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 

(သုတကျော် NP News မေးမြန်းသည်)

 

ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးရေးအတွက် နိုင်ငံခြားရေးဝန်ကြီး နှင့် ကုလသမဂ္ဂအထူးသံတမန်တို့ဆွေးနွေး

ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးနှင့် ကုလသမဂ္ဂအထူး သံတမန်တို့ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ဧပြီလ ၉ ရက်နေ့က ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop တို့ နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ငလျင်ဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးနိုင်ရေး နှင့်တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ အပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းပါကြောင်းနှင့် စာနာထောက်ထားမိကြောင်း ပြောကြားခဲ့သည် ဟု သိရသည်။

ကိုးကား-NP News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် CITIC Group (Myanmar) ကုမ္ပဏီက စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

CITIC Group (Myanmar) ကုမ္ပဏီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီး ဌာန (၂) မှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများအတွက် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို နေပြည်တော်၊ ရုံးအမှတ် (၄၁) တွင် ဧပြီ ၉ ရက်နေ့က ကျင်းပသည်။

အခမ်းအနားတွင် CITIC Group (Myanmar) ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် Mr. Piao Bo၊ Mr. Ma Chuanfu နှင့် Mr. Zhang Yue တို့က ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် စားသောက်ကုန်နှင့် အသုံး အဆောင်ပစ္စည်းများကို လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

ထိုသို့လှူဒါန်းရာတွင် ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများအတွက် ဆန် (၁၂ ကီလို) အိတ် ၂၂၀ အိတ်၊ ဆီ (၁ လီတာ) ၂၃၀ ဗူး၊ ရေသန့် (၁ လီတာ) ၃၆၀၀ ဗူး၊ ခြင်ထောင် ၃၀ လုံး၊ ယာယီတဲ ၁၀ လုံး တို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုးကား- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဌာန (၂)

ငလျင်ကြောင့် ပြိုကျခဲ့သော မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၏ စိန်ဖူးတော်နှင့် ဌာပနာပစ္စည်းများကို ရှာတွေ့သည့် လုပ်အားပေးဝန်ထမ်းများက တာဝန်ရှိသူများထံ အပ်နှံ

မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျခဲ့သော မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဂန္ဓကုဋိတိုက်၏ စိန်ဖူးတော်နှင့် ဌာပနာပစ္စည်းများအား ရှာတွေ့သည့် လုပ်အားပေးဝန်ထမ်းများက တာဝန်ရှိသူများထံ ပြန်လည် အပ်နှံခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက် အရ သိရသည်။

မန္တလေးငလျင်ကြီးကြောင့် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မကိုဋ်တော်စောင်းသွားခြင်း၊ ရွှေသားထီးတော်ကြီး၏ အနောက်ဘက် စောင်းသွားခြင်း၊ စိန်ဖူးတော်မြေခခြင်းများအပြင် မဟာမုနိဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး ကိန်းဝပ် စံပါယ်တော်မူသော ဂန္ဓကုဋိတိုက်၏ အရပ်လေး မျက်နှာရှိ စမြင်များ၊ တန်ဆောင်းနေရာများနှင့် နေရာအချို့တွင်လည်း ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြိုကျပျက်စီးသွားမှုများကြောင့် မဟာမြတ်မုနိဘုရားကြီး၏ ရင်ပြင်တော် ၌ တပ်မတော်သားများက ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိများနှင့် ပူးပေါင်း၍ စက်ယန္တရားများ၏ အကူအညီရယူကာ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ကျောင်းတော်ကြီး၏ အနောက်ဘက် ရင်ပြင်တော်ရှိ အဆောက်အဦ အပျက်အစီးများကြားမှ ရတနာပစ္စည်း ၁၅၂ မျိုး (၃၈ ကျပ်သား၊ ၄ ပဲ၊ ၄ ရွေး) နှင့် (အတွင်း) စိန်ဖူးတော်ကို လည်းကောင်း၊ ဧပြီလ ၂ ရက်တွင် ရတနာပစ္စည်း ၁၅၂ မျိုး(၂၇ ကျပ်သား၊ ၄ ပဲ၊ ၇ ရွေး)နှင့် (အပြင်)စိန်ဖူးတော် (အောက်ခြမ်း) ကိုလည်းကောင်း၊ ဧပြီ ၃ ရက်တွင် ရတနာပစ္စည်း ၈၃ မျိုး (၁၀ ကျပ်သား၊ ၁၁ ပဲ၊ ၄ ရွေး) ကိုလည်းကောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၄ ရက်တွင်လည်း ရတနာပစ္စည်း ၂၉၅ မျိုး (၄၂ ကျပ်သား၊ ၉ ပဲ၊ ၆ ရွေး)နှင့် အပြင်စိန်ဖူးတော်(အပေါ်ခြမ်း)(စိန် ၇ ရတီ ပါ) ကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် ရတနာပစ္စည်း ၂၆၄ မျိုး(၄၇ ကျပ်သား၊ ၁၅ ပဲ၊ ၅ ရွေး) ကိုလည်းကောင်း၊ ဧပြီ ၆ ရက်တွင် ရတနာပစ္စည်း ၈၄ မျိုး (၁၄ ကျပ်သား၊ ၂ ပဲ၊ ၃ ရွေး) ကိုလည်းကောင်း၊ ဧပြီ ၇ ရက် တွင် ရတနာပစ္စည်း ၁၂၄ မျိုး (၁၈ ကျပ်သား၊ ၁၄ ပဲ၊ ၂ ရွေး)ကိုလည်းကောင်း၊ ဧပြီ ၈ ရက် တွင် ရတနာ ပစ္စည်း ၆၄ မျိုး (၇ ကျပ်သား၊ ၅ ပဲ) တို့ကိုလည်းကောင်း ထပ်မံ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ငလျင်လှုပ်ခတ်ပြီး (၁၂ ရက်အကြာတွင် စုစုပေါင်း ရတနာ ပစ္စည်းမျိုးစုံ ၁၂၅၀ မျိုး၊ (၂၀၇ ကျပ်သား၊ ၃ ပဲ၊ ၇ ရွေး) တို့ တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများက ဘုရားကြီးဂေါပကထံသို့ စနစ်တကျလွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် မဟာမြတ်မုနိဘုရားကြီး၏ မကိုဋ်တော်၊ စိန်ဖူးတော်နှင့် ရွှေသားထီးတော်ကြီး တည့်မတ်ရေး လုပ်ငန်းများ၊ မဟာမြတ်မုနိကျောင်းတော်ကြီးပြုပြင်ရေးလုပ်ငန်းများအားအမြန်ဆုံးဆောင်ရွက်နိုင်ရေးအပြင် သာသနိကအဆောက်အဦများ ပြုပြင်ရေး လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုးကား-NP News

Russian doctors treat over 300 people injured in Myanmar quake

မကြာသေးမီက လှုပ်ခတ်ခဲ့သော မြန်မာ့ငလျင်ကြောင့် ဒဏ်ရာရရှိသူများ အနက် လူပေါင်း ၃၀၀ ကျော်ကို ရုရှားနိုင်ငံ အရေးပေါ်ဆိုင်ရာဝန်ကြီး ဌာန၏ ရွေ့လျားဆေးရုံအဖွဲ့က ကုသပေးခဲ့ကြောင်း ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

အကြီးစား ခွဲစိတ်ကုသမှု ၄ ခုအပါအဝင် ခွဲစိတ်မှုပေါင်း ၆၃ ခု ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော်ကို ဆေးကုသပေးခဲ့ကြောင်း၊ ပြိုကျပျက်စီးနေသော အဆောက်အအုံ ၈၂ လုံး၏ ၁၂၆,၀၀၀ စတုရန်းမီတာကျော်ကို ရှာဖွေ ကယ်ဆယ်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများက ဒရုန်းများ၊ လေ့ကျင့် ထားသော ခွေးများအသုံးပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါသည်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံ၌ လှုပ်ခတ်သည့်ငလျင်ကို ထိုင်း မိုးလေဝသ ဌာနက အင်အား ၈.၂ ရစ်ချက်စကေးအဆင့် ရှိကြောင်း ဖော်ပြထားကြ ပါသည်။ ထိုငလျင်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူဦးရေမှာ လူပေါင်း ၃၆၀၀ ကျော်လာ ပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရုရှားသမ္မတဗလာဒီမာ ပူတင်က မြန်မာနိုင်ငံ ဝန်ကြီးချုပ်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ ပြီးနောက် ရုရှားအရေးပေါ်ဆိုင်ရာဝန်ကြီးဌာနမှ ကယ်ဆယ်သမားများ၊ ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို မြန်မာနိုင်ငံသို့ စေလွှတ်ပေးခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် လူပေါင်း ၅,၀၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၁၆၀ ဦး ပျောက်ဆုံးနေ၊ သေဆုံးသူ ၃,၆၀၀ ဦးအထိရှိလာ

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃,၆၀၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ် ပြန်ရေး အဖွဲ့က ဧပြီ ၇ ရက် ညပိုင်းက ထုတ်ပြန်သော သတင်းအရ သိရသည်။ ငလျင်ကြောင့် လူပေါင်း ၅,၀၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၁၆၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ 

ကိုးကား-Xinhua

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၇

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးမိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  ယခုကဲ့သို့  မိမိတို့နိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နယ်ပယ်ကဏ္ဍများအလိုက်  အမြင်ချင်းဖလှယ် ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့်   အိန္ဒိယနိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

Source: https://myawady.net.mm/stories