သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများ

ဂရိရှိ Crete ကျွန်းတွင် ၆.၂ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်

မေလ ၂၂ ရက် ဒေသစံတော်ချိန် ၀၆ : ၁၉ အချိန် (မြန်မာစံတော်ချိန် ၀၉:၄၉ အချိန်) တွင် ဂရိနိုင်ငံ၏ Crete ကျွန်း၌ အင်အား  ၆.၂ မဂ္ဂနီကျူ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း  ဥရောပမြေထဲ ပင်လယ် ငလျင်လေ့လာရေးစင်တာ (EMSC) မှ ထုတ်ပြန်ထားပါသည်။

လူဦးရေ ၁၄၀,၀၀၀ ခန့်ရှိသော Heraklion မြို့၏ မြောက်ဘက် ၇၄ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိအချိန်ထိ လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးများ မသိရှိ သေးရကြောင်း နှင့် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရပါသည်။

ကိုးကား- Tass

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

အိန္ဒိယ၏ “ဆီလီကွန်တောင်ကြား” မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်

အိန္ဒိယနိုင်ငံ၏ နည်းပညာမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသော ဘန်ဂါလူရူတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလျှံမှုများဖြစ်ပွားခဲ့သည်။ အဆိုပါမြို့သည် အိန္ဒိယ၏ “ဆီလီကွန်တောင်ကြား” (Silicon Valley) အဖြစ် လူသိများပြီး နိုင်ငံတကာနည်းပညာကုမ္ပဏီကြီး များ၏ ရုံးချုပ်များ တည်ရှိရာနေရာဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့၏အဓိကလမ်းမကြီးများတွင် ရေများလျှံတက်ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများလည်း ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရသည်။ ဒေသခံများက မြို့တော်၏ မိလ္လာနှင့် ရေဆင်းလမ်းကြောင်းစနစ် ညံ့ဖျင်းမှုကို ပြဿနာ၏ အဓိကအကြောင်းရင်းအဖြစ် ဝေဖန်ခဲ့ကြသည်။ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ထိုကဲ့သို့သော မိုးသည်းထန်မှုများ ပိုမို မကြာခဏ ဖြစ်ပွားလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေး ထားသည်။

မိုးလေဝသ အာဏာပိုင်များထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်ပေါ် တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေမှုကြောင့် ဘန်ဂါလူရူမြို့သည် မုတ်သုံ မတိုင်မီ မိုးသည်းထန်စွာရွာသွန်းနိုင်သည့်အတွက် အရေးပေါ်အခြေအနေ ကြေညာထားသည်ဟု သိရှိရသည်။ တနင်္လာနေ့ (မေ ၁၉) တွင် မိုးကြောင့် ဖြစ်ပွားသော မတော်တဆမှုများတွင် အသက် ၁၂ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့သည်။

ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ စုစည်းရာဖြစ်သော ဘန်ဂါလူရူမြို့တွင် လမ်းများရေလွှမ်းမိုးနေမှုကြောင့် ကုမ္ပဏီအများအပြားက ၎င်းတို့၏ ဝန်ထမ်းများအား အိမ်မှအလုပ်လုပ်ရန် ညွှန်ကြားထားသည်။ မြို့၏နေရာ အများအပြားတွင် ၁၀၀ မီလီမီတာ (၄ လက်မ) မိုးရေချိန်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည်။

ဒေသဆိုင်ရာမိုးလေဝသဌာန၏ ဒါရိုက်တာ CS Patil က သတင်းဌာနများအား ဤသည်မှာ ဘန်ဂါလူရူအတွက် ရှားပါးဖြစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့တော်၏ အဓိက အိုင်တီစင်္ကြံတစ်ခုတွင် ဆော့ဖ်ဝဲ ကုမ္ပဏီ i-Zed ၏ တံတိုင်းပြိုကျခဲ့ပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။

သွားလာသူများ ဒူးအထိရေများဖြတ်သန်းနေရသည့် အခြေအနေများနှင့် ရေလျှံနေသောလမ်းများပေါ်တွင် ကားများရပ်နားထားသည့် ဗီဒီယိုများလည်း တွေ့ရှိရသည်။ မြို့၏အချို့နေရာများတွင် အိမ်များအတွင်းသို့ လည်း ရေဝင်ရောက်ခဲ့သည်။

မြို့တော်အာဏာပိုင်များက ရေလျှံနိုင်ခြေရှိသော နေရာ ၂၁၀ ကို ဖော်ထုတ် ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ရန် ၂၄ နာရီ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ “ဘန်ဂါလူရူမြို့သူမြို့သားများ စိုးရိမ်စရာမလိုပါ” ဟု ကန်နာတာကပြည်နယ် ဒုတိယဝန်ကြီးချုပ် DK Shivakumar က သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြေငလျင်သတင်း  (မြန်မာစံတော်ချိန် ၀၂း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၄၅)မိနစ်၊ (၂၆)စက္ကန့် အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် (၉၀)ခန့် ကွာဝေးသော မြန်မာ့ ပင်လယ်ပြင် (ကျောက်ဖြူမြို့၏ တောင်ဘက် (၂၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၀၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၈) ဒီဂရီ၊ အနက် (၂၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအတင့်အသင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

Source: www.moezala.gov.mm

 

အမေရိကန်ပြည်ထောင်စုတွင် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံး

လွန်ခဲ့သည့်သီတင်းပတ် စနေ (မေ ၁၇) နှင့် တနင်္ဂနွေနေ့ (မေ ၁၈) များတွင် အမေရိကန်၏ပြည်နယ်များစွာ၌ တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းများကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံးကာ အမြောက်အမြား ဒဏ်ရာရရှိခဲ့သည်။

ဒေသအာဏာပိုင်များ၏ထုတ်ပြန်ချက်အရ သောကြာနေ့ (မေ ၁၆) မှ စတင်၍ Midwest နှင့် Mid-Atlantic ဒေသများကို တိုက်ခတ်ခဲ့သော ကြီးမားသည့်မုန်တိုင်းကြောင့် Kentucky၊ Missouri၊ Virginia နှင့် Indiana ပြည်နယ်များတွင် အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူအများအပြား ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

Kentucky ပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear က တနင်္ဂနွေနေ့ (မေ ၁၈) တွင် X (Twitter) ၌ "Russell County မှ အမျိုးသမီးကြီး ၁ ဦး ထပ်မံသေဆုံးမှုဖြင့် ပြင်းထန်သောရာသီဥတုကြောင့် သေဆုံးသူ အရေအတွက် ၁၉ ဦးအထိ တိုးလာခဲ့ပြီ" ဟု ရေးသားခဲ့သည်။ ၎င်းက မုန်တိုင်းကြောင့် ဒဏ်ရာရသူအနည်းဆုံး ၃ ဦးသည် အရေးပေါ် အခြေ အနေတွင် ရှိနေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဗီယက်နမ်မြောက်ပိုင်း၌ ရေကြီးပြီး မြေပြိုမှုများကြောင့် လူလေးဦးသေဆုံး

ဟနွိုင်း၊ သဘာဝဘေး

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ ဘက်ကန်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ရေကြီးမှုများနှင့်မြေပြိုမှုများဖြစ်ပွားခြင်းကြောင့်လူလေးဦးသေဆုံးကာသုံးဦးဒဏ်ရာရရှိထားကြောင်း  ဗီယက်နမ် သတင်းဌာနတစ်ခုက မေလ ၁၈ ရက်တွင် ဖော်ပြထားသည်။

သေဆုံးသူလေးဦးအနက် နှစ်ဦးသည်ရုတ်တရက်ရေကြီးမှုတွင်လည်းကောင်း၊ ကျန်နှစ်ဦးသည် မြေပြိုမှုများကြောင့်မြေကြီးအောက်တွင်ပိ၍ကြောင့်လည်းကောင်း သေဆုံးသွားခြင်းဖြစ်သည်ဟု တာဝန်ရှိသူ များကပြောသည်။

ထို့ပြင် အဆိုပါသဘာဝဘေးကြောင့် ကောက်ပဲသီးနှံဟက်တာရာပေါင်းများစွာပျက်စီးရသည့်အပြင် ဒေသတွင်းရှိအခြေခံ အဆောက်အဦများစွာမှာလည်း ဖျက်ဆီးခံလိုက်ရကြောင်း    တာဝန်ရှိသူများက ဆက်ပြောသည်။

မေလ ၁၈ ရက်ညနေပိုင်းအထိ နိုင်ငံမြောက်ပိုင်းရှိ တောင်ပေါ်ဒေသ၌ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းလျက်ရှိရာ မြစ်များ၊ ချောင်းများတွင်ရေကြီးမှုများဖြစ်ပွားနိုင်ကြောင်းနှင့်လူနေအိမ်များအပေါ် မြေပြိုကျမှုများဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူများကသတိပေးထားသည်။

Ref: Xinhua

Source: https://myawady.net.mm/

 

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိ

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၆ ရက်အထိ သေဆုံးသူ ၃၇၂၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၂ ဦးရှိသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများ ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၂ ဦး ရှာဖွေပေးနိုင်ခဲ့သည်။

ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင် များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့‌လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၅ ရက် ညနေ ၅ နာရီမှ မေ ၁၆ ရက် ညနေ ၅ နာရီအတွင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှတစ်ဆင့် စင်ကာပူနိုင်ငံရှိ Lotus Light Charity Society မှ လှူဒါန်းသည့် အသင့်စားခေါက်ဆွဲခြောက် (အလေးချိန် ၀.၁၆၅ တန်) ရောက်ရှိခဲ့ပြီး အဆိုပါထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်အမြန်ဆုံး ခွဲဝေထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ကိုးကား- MHT

မြေငလျင်သတင်း

၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၀)မိနစ်၊ (၀၉)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၅၁) မိုင်ခန့် ကွာဝေးသော (Myanmar-China Border Region)၊ မြောက်လတ္တီတွဒ် (၂၅.၁၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၁၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ 

ကိုးကား- မိုးဇလ