မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်
မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ် ယာယီအဆောက်အဦးဖြင့်စီစဉ်နေမှု၊ ကစားကွင်းသစ်များနှင့် လေ့ကျင့်ရေးစင်တာများ အတူတကွဖော်ထုတ်ခြင်း၊ FIFA Football For Schools အစီအစဉ် အကောင်အထည်ဖော်ခြင်း၊ ဆီးဂိမ်းအပါအဝင် နိုင်ငံတကာပွဲများအား ရုပ်သံထုတ်လွှင့်ခြင်း၊ နိုင်ငံဒေသနေရာများအလိုက် ဘောလုံးလေ့ကျင့်ရေးစင်တာများဖွင့်လှစ်ရေး၊ ယူ-၁၅ လိဂ်နှင့် လူငယ်ပြိုင်ပွဲများပိုမိုအဆင့်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ကိုးကား : Popular Myanmar