တိုက်ဖွိုက်ရောဂါ ဗက်တီးရီးယားများက ပဋိဇီဝဆေးဒဏ်ခံနိုင်သော မျိုးဗီဇပြောင်းလဲလာ
နယူးယောက် ဇူလိုင် ၂၀
အူရောင်ငန်းဖျားရောဂါ(တိုက်ဖွိုက်)ဖြစ်ပွားစေသည့် Salmonella Enterica Serovar Typhi (S. Typhi) ခေါ် ဗက်တီးရီးယားများက အသုံးများသည့် ပဋိဇီဝဆေးဒဏ်ခံနိုင်ရည်ရှိသော ဗက်တီးရီးယားအဖြစ် ပြောင်းလဲလာကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင်၁၉ ရက်တွင်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်မှ သုတေသနပညာရှင်များသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံတို့မှ တိုက်ဖွိုက်လူနာများထံမှရယူထားသည့် S.Typhi ဗက်တီးရီးယား နမူနာ ၇၆၀ဝ ကျော်၏ မျိုးဗီဇများ ကို လေ့လာခဲ့ကြသည်။
လေ့လာချက်မှပေါ်ထွက်လာသည့်ရလဒ်များအရ S.Typhi ဗက်တီးရီးယားများမှာ ပဋိဇီဝဆေးဒဏ်ခံနိုင်ရည်ရှိလာသော ဗက်တီးရီးယားများအဖြစ် မျိုးဗီဇပြောင်းလာသည် ကိုတွေ့ရကြောင်း သုတေသနပညာရှင်များကပြောကြားခဲ့သည်။ ထို့ပြင် S.Typhi ဗက်တီးရီးယား၏ ခေတ်သစ်ပဋိဇီဝဆေးများ လိုက်မမီနိုင်လောက်အောင် မြန်ဆန်နေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။
တိုက်ဖွိုက်ရောဂါကို တစ်ကမ္ဘာလုံး အတိုင်းအတာအရ လူပေါင်း ၁၁ သန်းထိ နှစ်စဉ်ခံစားနေရပြီး သေဆုံးမှုနှုန်းမှာလည်း နှစ်စဉ် ၁၀၀၀၀၀ ခန့်ထိရှိသည်။
သို့ရာတွင် S.Typhi ဗက်တီးရီးယားများ မျိုးဗီဇပြောင်းလဲလာမှုကြောင့် တိုက်ဖွိုက်ရောဂါကို ကုသရာတွင်အသုံးပြုနေသည့် ပဋိဇီဝဆေးများ ထိရောက်မှုမှာ ကျဆင်းသွားနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့ကြောင်း သိရသည်။
ရတနာပုံသတင်းစာ