ဖိလစ်ပိုင်လူငယ်များ HIV ကူးစက်နှုန်း အဆမတန်မြင့်တက်လာ၍ အရေးပေါ်အခြေအနေသတ်မှတ်ထား
မနီလာ၊ဇွန် ၃
ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာရန် အကြံပြုထားကြောင်းသိရသည်။
ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက် ၁၅ မှ ၂၅ ကြားလူငယ်များအတွင်း၌ ပိုမိုမြန်ဆန်များပြားနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိကာလအတွင်း နေ့စဉ် HIV ကူးစက်နှုန်းသည် ၅၇ ဦးအထိဖြစ်ခဲ့ပြီး အနောက်ပစိဖိတ်ဒေသတွင် အမြင့်ဆုံးဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ကျန်းမာရေးဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ အသစ်ထပ်မံတွေ့ရှိရသည့် HIV ကူးစက်မှုများသည် ပြီးခဲ့သည့်ဆယ်နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်းသိရပြီး ၂၀၁၄ ခုနှစ်အထိ နေ့စဉ်ရောဂါကူးစက်မှုသည်တစ်ရက်လျှင် ၂၁ ဦးသာရှိခဲ့ရာမှ ၂၀၂၄ တွင် တစ်နေ့လျှင် ၄၈ ဦးအထိကူးစက်မှုမြင့်မားလာသည်ဟုသိရသည်။
“၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ နေ့စဉ်ကူးစက်မှုနှုန်းက ၅၆ ဦးအထိရှိလာပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင်ပင် ၄၄ ရာခိုင်နှုန်းခန့် အထိပိုများလာသည်” ဟုလည်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား- Popular Myanmar