Pfizer ၏ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကြောင့် မျက်လုံးထိခိုက်ပျက်စီးနိုင်ခြေ မြင့်တက်လာနိုင်

News Image

  • Pfizer ၏ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကြောင့် မျက်လုံးထိခိုက်ပျက်စီးနိုင်ခြေ မြင့်တက်လာနိုင်

အင်ကာရာ ဇူလိုင် ၂၁

Pfizer ကုမ္ပဏီ၏ ကိုရိုနာ ဗိုင်းရပ်ကာကွယ်ဆေးကြောင့် မျက်လုံးထိခိုက်ပျက်စီးနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၂၀ ရက်သတင်း များအရ သိရသည်။

တူကီယဲနိုင်ငံမှ သုတေသနပညာရှင်များသည် Pfizer ကိုရိုနာ ဗိုင်းရပ်ကာကွယ်ဆေး ပထမ အလုံး မထိုးနှံမီနှင့် ဒုတိယအလုံး ထိုးနှံပြီး နှစ်လအကြာတို့၌ မျက်လုံးမျက်ကြည်လွှာ၏ အတွင်း ဘက်ပိုင်းအလွှာဖြစ်သော Endothelium အလွှာ၏ ပြောင်းလဲမှုများကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှပေါ်ထွက်လာသည့် ရလဒ်များအရ Pfizer ကာကွယ်ဆေးကို နှစ်လုံးအပြည့် ထိုးနှံပြီးချိန်တွင် မျက်ကြည်လွှာ ထူထဲလာပြီး Endothelium အလွှာကို ဖွဲ့စည်းပေးထားသည့် ဆဲလ်များအရေအတွက် ကျဆင်းလာသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အထက်ပါအပြောင်းအလဲများကို ထောက်ရှုပါက Pfizer ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးထိုးနှံ ထားသူများ၌ မျက်လုံး၏ Endothelium အလွှာ ယာယီအားဖြင့် အားနည်းသွားနိုင်သည်ကို တွေ့ရ ကြောင်း သုတေသနပညာရှင်များ က ပြောကြားသည်။

မျက်ကြည်လွှာ ထူထဲလာမှုနှင့် Endothelium ဆဲလ်များ လျော့နည်းလာမှုတို့ကြောင့် Corneal Edema၊ Bullous Keratopathy ကဲ့သို့သော မျက်လုံးရောဂါများ ဖြစ်ပွားနိုင်သည်ဟု တူကီယဲ သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ရတနာပုံသတင်းစာ