သက်လတ်ပိုင်းတွင် ကော်ဖီပုံမှန်သောက်သူ အမျိုးသမီးများ အသက်ရလာချိန်တွင် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်
နယူးယောက် ဇွန် ၄
သက်လတ်ပိုင်းတွင် ကော်ဖီကို ပုံမှန်သောက်သုံးပါက အသက်ရလာချိန်တွင် အမျိုးသမီးများ၏ ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်ကြောင်း ဇွန် ၃ ရက်သတင်းများအရ သိရသည်။
အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် တီအိတ်ချန် ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသနပညာရှင်များသည် အမျိုးသမီးပေါင်း ၄၇၀၀၀ ကျော်တို့၏ ကျန်းမာရေး အချက်အလက်များကို လေ့လာခဲ့ကြသည်။
လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ သက်လတ်ပိုင်းအရွယ်၌ ကော်ဖီကို ပုံမှန်သောက်သုံးသူ အမျိုးသမီးများသည် အသက်ရလာချိန်ကို ကျန်းမာစွာဖြင့် ကျော်ဖြတ်ရနိုင်ခြေ ပုံမှန်ထက်ပိုများသည်ကို တွေ့ရကြောင်း သိရသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်အရ သက်လတ်ပိုင်းအရွယ်တွင် ကော်ဖီကို ပုံမှန်သောက်သူအမျိုးသမီးများအနေဖြင့် အသက်ရလာချိန်တွင် စိတ်ကျန်းမာရေး ဆက်လက်ထက်မြက် အားကောင်းနေခြင်းကဲ့သို့သော ကျန်းမာရေးအကျိုးကျေးဇူးများရယူနိုင်သည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
သို့ရာတွင် လက်ဖက်ရည်နှင့် ကိုလာကဲ့သို့ အခြားစားသောက်ဖွယ်များကို ပုံမှန်သောက်သုံးသူ အမျိုးသမီးများတွင်မူ အထက်ပါကျန်းမာရေးအကျိုးကျေးဇူးများ မတွေ့ရကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ